အခန်း (၉၃၆)
Vol. 63 Ch. 936
ဘုန်း ဘုန်း
ဂြိုဟ်တိုက်ပွဲတည်နေရာတစ်ခုမှာတော့ သိုင်းအုပ်စိုးသူ အဆင့်ခုနှစ် သို့မဟုတ် အဆင့်ရှစ်နီးပါးလောက် အားကောင်းလှသော အဝါရောင်အဆင့် သိုင်းကျင့်ကြံသူနှစ်ယောက်တို့သည် တိုက်ခိုက်ရေးနည်းစနစ်အစုံကို ထုတ်ဖော်ပြီးသည့်နောက် တိုက်ခိုက်လျက်ရှိနေကြ၏။ ခဏလောက်ကြာပြီးသည့်နောက် ၎င်းတို့နှစ်ယောက်သည် ရပ်တန့်သွားသည်။
“အစ်ကိုကြီး”
အရပ်ပုပုနှင့် သိုင်းကျင့်ကြံသူက ပြောလိုက်သည်။ “ဒီမောက်မာလှတဲ့ကောင်က ဘယ်ကရောက်လာတာာလဲ”
အစ်ကိုကြီးဟု ခေါ်ခံလိုက်ရသော သိုင်းကျင့်ကြံသူက ပြောလိုက်သည်။ “သူအသက်ရှင်ရတာ မကောင်းဘူးလား၊ ဘာလို့ ဒီကိုလာပြီး အရိုက်နှက်ခံရတာလဲ”
၎င်းတို့ ညီအစ်ကိုနှစ်ယောက်သည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင် အမွေအနှစ်များကို ရှာဖွေသည့်လုပ်ငန်းကို ပြုလုပ်နေကြသူဖြစ်သည်။ ရုတ်တရက် တစ်စုံတစ်ယောက်သည် သူတို့ဆီသို့ ရောက်ရှိလာပြီးသည့်နောက်မှာ နည်းလမ်းမျိုးစုံဖြင့် ရန်စခဲ့၏။ ထို့ကြောင့် ၎င်းတို့သည် တိုက်ခိုက်လိုက်ကြသည်။
“ဟေး...”
ရုတ်တရက် ဆိုသလိုပဲ တည်နေရာတစ်ခုဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “စောစောကြီး ပျော်မနေနဲ့အုံး”
ထိုအရာကိုကြားတော့ သိုင်းကျင့်ကြံသူနှစ်ယောက်၏ မျက်နှာပေါ်ရှိ အပြုံးများသည် အေးခဲသွားသည်။
ဝှစ်
လေအေးများ တိုက်ခတ်ပြီးသည့်နောက်မှာတော့ ဖုန်များသည် လွင့်စင်သွားခဲ့တော့၏။ ကျန်းယန်ဝတ်စုံကို ဝတ်ဆင်ထားသော ရှောင်ကျီသည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ မျက်လုံးထဲတွင်တော့ အထင် အမြင်သေးခြင်း အရိပ်အယောင်များ ရှိလို့နေသည်။ ဤသိုင်းကျင့်ကြံသူနှစ်ယောက်တို့သည် အလွန် အားကောင်းလွန်းသည်ဟု သူထင်မှတ်ခဲ့သည်။ သို့ပေမဲ့ တည်နေရာတွင် မတ်မတ်ရပ်ရင်း တစ်ဖက်လူများ၏ ရိုက်နှက်မှုကို ခံယူခဲ့သည့်နောက်မှာတော့ သူ့အတွက် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေမျိုး မရှိခဲ့ပေ။ ထို့ကြောင့် စိတ်ဝိညာဉ်ဒိုင်းကာကိုပင် ထုတ်ဖော်ကာ အသုံးမပြုခဲ့ပေ။
“အစ်ကိုကြီး... သူတကယ် အဆင်ပြေနေတာပဲ”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဘန်း
ရှောင်ကျီသည် ခြေဆောင့်လိုက်၏။ မြေပြင်တစ်ခုလုံးသည် ကွဲအက်သွားခဲ့တော့သည်။
ဝှစ် ဝှစ်
စိတ်ဝိညာဉ်ချပ်ဝတ်သည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ တောရိုင်း ခန္ဓာကိုယ်၏ အစွမ်းသက်ရောက်မှုများသည် ဖြစ်တည်လာခဲ့သည့်နောက်မှာတော့ တောင်တစ်ခုကဲ့သို့ လေးလံ လှသော အားအင်နှင့် အော်ရာများသည် ထွက်ပေါ်လာခဲ့၏။
ဘုန်း ဘုန်း
ဘုတ် ဘုတ်
ကြောက်မက်ဖွယ်ရာကောင်းလှသော အော်ရာများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ချီမိုင်ကုန်းမြေတိုက်တွင် ရှိသော သိုင်းကျင့်ကြံသူနှစ်ယောက်တို့သည် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြ၏။ ၎င်းတို့၏ မျက်လုံးများသည် အမြင်အာရုံများပင် ကွယ်ပျောက်လုမတတ် ဖြစ်နေကြသည်။ ရှောင်ကျီသည် လေထဲတွင် မတ်မတ်ရပ်ရင်း အထင်အမြင်သေးစွာဖြင့် ပြောလိုက်မိသည်။ “ငါ ပိုပြီးအဆင့်မြင့်မားတဲ့ သိုင်းကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ လိုက်ရှာ လိုက်အုံးမယ်”
“ဂျူနီယာညီလေးရီ”
သူသည် အဝေးတစ်နေရာဆီသို့ နောက်လှည့်ကြည့်ကာဖြင့် ပြောလိုက်၏။ “သွားကြရအောင်”
ကောင်းကင်တစ်နေရာတွင် လက်ပိုက်ကာ ရပ်နေသော ရီရှင်းချန်သည် အသာပြောလိုက်၏။ “ဒီလို အမှိုက်မျိုးကို တိုက်ကွက်နှစ်ကွက်လောက် ထုတ်ရင် ရနေလောက်ပြီ”
................
ရှောင်ကျီသည် သူ၏ပြိုင်ဘက်ကို မြန်ဆန်စွာဖြင့် တိုက်ခိုက်နိုင်၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် အတွေ့အကြုံကို ရယူချင်သောကြောင့် ပိုမိုအချိန်ကြာမြင့်အောင် တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်တော့၏။
ဝှစ် ဝှစ်
၎င်းတို့နှစ်ယောက်သည် တည်နေရာထဲမှ ထွက်ခွာသွားပြီးသည့်နောက် ပစ်မှတ်များကို ဆက်လက်ကာ ရှာဖွေ တော့သည်။ မကြာခင်မှာပဲ လူငါးယောက်တစ်ဖွဲ့ကို စတင်တွေ့ရှိခဲ့သည်။ ရှောင်ကျီသည် ထိုသူတို့အား ရန်စရန် စဉ်းစားလိုက်သည့်အချိန်မှာပဲ ရီရှင်းချန်၏ လှမ်းပြောလိုက်သံကို ကြားလိုက်ရတော့သည်။ “ဒီကိစ္စကို ကျုပ်ကိစ္စ ထားလိုက်တော့”
“ကောင်းပြီ”
ဆွစ်
ရီရှင်းချန်သည် ပျံသန်းသွားပြီးသည့်နောက်မှာတော့ ထိုငါးယောက်ရှေ့တွင် မတ်မတ်ရပ်လိုက်သည်။ ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်တော့သည်။ “အမှိုက်ကောင်တွေ”
ရှောင်ကျီသာဆိုပါက နည်းလမ်းမျိုးစုံကို အသုံးပြု၍ တစ်ဖက်လူများ ဒေါသထွက်စေရန် ရန်စရမည်ဖြစ်သည်။ သို့ပေမဲ့ မောက်မာပြီးတော့ ဝံ့ကြွားလွန်းလှသော ညအင်ပါယာမှာတော့ စကားလုံးလေးလုံးကို အသုံးပြုကာဖြင့် တစ်ဖက်လူများ၏ စိတ်ကိုဆွနိုင်ပေသည်။
“မင်း သေချင်နေတာပဲ”
“သူ့ကို ခုတ်ကွာ”
ဟူး ဟူး
ချက်ချင်းပဲ တည်နေရာတစ်ခုလုံးတွင် စွမ်းအင်လှိုင်းများနှင့် ပြည့်နှက်သွားခဲ့တော့သည်။ သို့ပေမဲ့ ရီရှင်းချန်သည် ၎င်းတို့နောက်တွင်ပေါ်လာပြီးသည့်နောက် လက်ထဲတွင်ရှိသော ကျန်းယန်ဓားကို အသာလှုပ်ရှားလိုက်၏။ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူငါးယောက်တို့သည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ၎င်းတို့၏ လည်ပင်းပေါ်တွင်တော့ တူညီသည့်အရွယ်အစားနှင့် ဓားရာများ တည်ရှိလို့နေခဲ့တော့သည်။
“ဂျူနီယာညီလေးရီက အားကောင်းလိုက်တာ” ရှောင်ကျီသည် လက်မထောင်ပြလိုက်၏။
ရီရှင်းချန်က ပြောလိုက်သည်။ “ရန်သူကို တစ်ခါတည်းနဲ့ မသတ်ဖြတ်နိုင်ဘူးဆိုရင် သိုင်းပညာတွေကို ဆက်ပြီး လေ့ကျင့်ဖို့အတွက် ဘာအဓိပ္ပာယ် ရှိအုံးမှာလဲ”
ဤစကားသည် သူ၏ မောက်မာပြီး ဝံ့ကြွားတက်သည့် ဟန်အမူ အရာကို ဖော်ပြလျက် ရှိနေတော့သည်။ သို့ပေမဲ့ မိနစ်အနည်းငယ်အတွင်းမှာပဲ သိုင်းကျင့်ကြံသူ သုံးဆယ်ခန့်တို့ သည် သူ၏အနောက်သို့ လိုက်ပါနေသည့်အချိန်မှာတော့ ဖေးအားညိုသည် ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် ပြေးရတော့၏။
ရှောင်ကျီနှင့် ရီရှင်းချန်တို့သည် ဂြိုဟ်တိုက်ပွဲကြီးတွင် အတူတကွ အဖွဲ့ဖွဲ့ကာ သွားခဲ့ကြခြင်းပင် ဖြစ်သည်။ လီချင်းယန်၊ လီဖေးနှင့် တခြားသောသူများမှာတော့ တခြားအဖွဲ့ကို ဖွဲ့စည်းခဲ့၏။ သူတို့သည့် သိုင်းအုပ်စိုးသူ အဆင့်ဆီသို့ ချိုးဖြတ်ဝင်ရောက်ကာစလူများ ဖြစ်သည်ဟု ဆိုသော်လည်း ထိပ်တန်းအဆင့် လက်နက်များကို ကိုင်ဆောင်ထားသည်ဖြစ်သောကြောင့် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် ကြောက်လန့်မှု မရှိကြချေ။
အဆင့်မြင့် ကုန်းမြေတိုက်ကြီးတွင်တော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် သီလအမှတ်များ ရရှိအောင် အသုံးပြု သည့်အရာပင် ဖြစ်နေတော့သည်။ သို့ပေမဲ့ ဤကဲ့သို့ အမွေအနှစ်များ၊ အခွင့်အရေးများကို ရရှိတတ်သည့်နေရာ သည် များပြားလှသောလူများကို သေဆုံးအောင် ပြုလုပ်နိုင်စွမ်းရှိသည့် နေရာဖြစ်ကြောင်းကို လက်ခံထားရမှာ ဖြစ်၏။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များမှာတော့ ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးအား ၎င်းတို့၏ အိမ်ဦးနှင့် ကြမ်းပြင် ကဲ့သို့ပင် လုပ်ချင်တိုင်းလုပ်လျက် ရှိနေကြတော့သည်။ ထို့ပြင် ၎င်းတို့သည် အမွေအနှစ်များကို ရှာဖွေနေစရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဂိုဏ်းချုပ်သည် ၎င်းတို့အား လက်နက်ပစ္စည်းခြောက်မျိုးလောက် ကိုပင် ပေးစွမ်းနိုင်ခဲ့သည် မဟုတ်လား။
.......................
နာရီအနည်းငယ်လောက် ကြာပြီးသည့်နောက် လီချင်းယန်နှင့် တခြားသူများ အားလုံးသည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် တည်နေရာခံတပ်ဆီသို့ ပြန်လာခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ဤတစ်ကြိမ်၌ အစစ်အမှန် တိုက်ခိုက်ခြင်း အတွေ့အကြုံများကို ရယူခဲ့ကြပြီဖြစ်သောကြောင့် တိုက်ခိုက်ရာမှ အကျိုးအမြတ်များကို ရရှိခဲ့သည်ဟု ဆိုရမည်။
“အမ်”
လီဖေးက ပြောလိုက်သည်။ “ဘာလို့ စီနီယာအစ်ကိုရှောင်နဲ့ ဂျူနီယာညီလေးရီတို့ ပြန်မလာသေးတာလဲ”
လီချင်းယန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “သူတို့ ပြဿနာတက်နေပြီနဲ့ တူတယ်”
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ ရှောင်ကျီနှင့် ရီရှင်းချန်တို့သည် အဝေးတစ်နေရာဆီမှ ပျံသန်းရောက်ရှိလာခဲ့၏။ ၎င်းတို့သည် လေထဲတွင် လွင့်မျောလျက်ရှိသော ခံတပ်ဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ အလွန်တရာ ဆိုးရွားသည့် အခြေအနေမျိုးပင် ဖြစ်နေကြ၏။
“ဂျူနီယာညီလေးရှောင်... ဘာဖြစ်လာတာလဲ” လီချင်းယန်က မေးလိုက်သည်။
ရှောင်ကျီသည် အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်၏။ ပြီးသည့်နောက် ပြောလိုက်သည်။ “ဂျူနီယာညီလေးရီက မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူနဲ့ သွားပြီးတိုက်ခိုက်တယ်လေ၊ နောက်ဆုံးမှာတော့ အဲလူဆယ်ယောက် လောက်ရဲ့ နှစ်နာရီလောက် လိုက်ပြီး တိုက်ခိုက်မှုကို ခံခဲ့ရတယ်လေ”
“ဟမ့်”
ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “သူတို့က လူဦးရေအရ သာသွားလို့ပါ၊ မဟုတ်ရင် တစ်ယောက်ချင်းဆီတိုင်းကို အမြစ်ဖြတ်ပစ်လိုက်တယ်”
လီချင်းယန်က ပြောလိုက်သည်။ “ဂျူနီယာညီလေးရီ... ဂိုဏ်းချုပ်က ငါတို့ကို လက်နက်ပစ္စည်းတွေ ပေးထားတယ် ဆိုပေမယ့် ကိုယ့်ရဲ့အားအင်အဆင့်ဆိုတာ အကန့်အသတ်ရှိသေးတယ်၊ ဒီတော့ အပြင်ဘက်ကိုထွက်ပြီး လေ့ကျင့်တဲ့ အချိန်မျိုးမှာ သတိထားသင့်တယ် မဟုတ်လား”
..............
ရီရှင်းချန်သည် မည်သည့်စကားကိုမှ မဆိုချေ။ သူသည် တည်နေရာဂိတ်တံခါးဆီမှ အပြင်ဘက်သို့ လျှောက်ကာ ထွက်သွားတော့သည်။
“သွားကြရအောင်”
လီချင်းယန်က ပြောလိုက်သည်။ “ပြန်ကြစို့”
အားလုံးသည် ဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့ကြတော့သည်။ ပြီးသည့်နောက်မှာတော့ အစစ်အမှန် တိုက်ခိုက်ပွဲများ တွင် ရရှိခဲ့သည့် အတွေ့အကြုံများကို ပြန်လည်ကာ ဆွေးနွေးသုံးသပ်လျက်ရှိနေ၏။
လဝက်အတွင်းမှာပဲ လီချင်းယန်နှင့် တခြားသူများအားလုံးသည် အတူတကွ သွားရောက်လေ့ကျင့်ရင်းမှ တည်နေရာခံတပ်ကြီးကို ပိုမို ကျယ်ပြန့်အောင် ကြိုးစားလျက် ရှိနေတော့သည်။ ၎င်းတို့၏ လက်ထဲတွင် ထိပ်တန်းအဆင့် လက်နက်ပစ္စည်းများ တည်ရှိနေသောကြောင့် ပြေးလွှားရန်တွင် မြန်ဆန်လွန်းလှသလို၊ တိုက်ခိုက်ရာတွင်လည်း မြန်ဆန်လွန်းလှ၏။ ထို့ကြောင့် များပြားလှသော ကုန်းမြေတိုက်များမှ သိုင်းကျင့်ကြံသူများ အတွက် ခေါင်းကိုက်စရာမျိုးပင် ဖြစ်လာခဲ့တော့သည်။
...............
နဂါးဦးခေါင်း တောင်တန်းပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် အတွေ့အကြုံအဆောင်နှစ်ခုကို လက်ထဲတွင်ကိုင်ကာ ပြောလိုက်သည်။ “သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံခြင်း ဆိုတာက အဆင့်ကို မရှိတော့ဘူး၊ ဒါဆို ဒီအရာက အသုံးဝင်ပါအုံးမလား”
ဖြောက်
သူသည် တစ်ခုကို ချိုးချေလိုက်၏။
ဝှစ်
စိတ်ဝိညာဉ်အမြူတေနှစ်ခုဆီမှ ဝိညာဉ်စွမ်းရည်များအားလုံးသည် အသာပင် တိုးတက်ပြောင်းလဲသွား၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “အဆင့်မြင့်တက်လာတာနဲ့အမျှ အတွေ့အကြုံ အဆောင်ရဲ့ အကျိုးသက်ရောက်မှုက တော်တော်နည်းလာတာပဲ”
ပြောပြီးသည့်နောက် သူသည် အတွေ့အကြုံအဆောင် နောက်တစ်ခုအား ထပ်၍ ချိုးချေလိုက်တော့သည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် အနည်းငယ် ပိုမိုအားကောင်းလာသည်ဆိုသော်လည်း ကြီးမားသည့်ပြောင်းလဲမှု မျိုးတော့ ပြောင်းလဲမသွားချေ။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လီလိုရှုသည် အလျင်အမြန်ပဲ ပြောလိုက်တော့သည်။ “ထိုက်ရွမ်အအေးဂိုဏ်းက မီးတောင်တန်းကြီးတစ်ခုကို သွားပြီးတော့ နတ်ဆိုးအကြွင်းအကျန်တွေကို တိုက်ခိုက်တဲ့အချိန်မှာ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ပြီး မျက်နှာဖုံးတပ်ထားတဲ့ လူတော်တော်များများက လာပြီးတော့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြ တယ်တဲ့”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ရုတ်တရက် တည်ငြိမ်သွား၏။ “ဒါဆိုရင် ရှောင်မိုကော အဆင်ပြေရဲ့လား”
“သူက ထိုက်ရွမ်အအေးဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ လမ်းကွဲသွားတယ်ဆိုပေမဲ့ သတင်းရသလောက်ဆိုရင် အဆင်ပြေနေတယ်” လီလိုရှုက ပြောလိုက်သည်။
“ဒါဆိုရင် တော်သေးတာပဲ”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်သည်။ ပြီးနောက် ပြောလိုက်တော့သည်။ “အမဲရောင်ဝတ်စုံနဲ့ မျက်နှာဖုံးစွပ်လူတွေက ငါစုံစမ်းခိုင်းတဲ့ လူတွေနဲ့ တူတူပဲလား”
“ဟုတ်ပါတယ်” လီလိုရှုက ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီးသည့်နောက်မှာတော့ မေးထောက်ကာ ပြောလိုက်မိသည်။ “ထိုက်ရွမ် အအေးဂိုဏ်းက နတ်ဆိုးဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို သွားပြီး ဖြေရှင်းခဲ့တာလေ၊ သူတို့တွေ ရုတ်တရက် ချောင်းပြီး တိုက်ခိုက်ခံရတာက နတ်ဆိုးအင်ပါယာဂိုဏ်းက ခွဲထွက်သွားတဲ့လူတွေနဲ့ သက်ဆိုင်နေလိမ့်မယ် ထင်တယ်”
လီလိုရှုသည် သူ့ဆီသို့ ရောက်ရှိလာသော နောက်ဆုံးသတင်းအချက်အလက်များကို သေသေချာချာ နားထောင် ပြီးသည့်နောက်မှာတော့ ထပ်ကာ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်... အရှေ့ဘက်ဒေသဆီက သတင်းလည်း ရှိသေးတယ်လေ၊ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆိုတာက ပြန်ပြီးပေါ်လာတယ်၊ သူတို့က လမ်းမှန်ဂိုဏ်းတွေကို လိုက်ပြီးတော့ သတ်ဖြတ်နေကြတယ်”
“နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်း ဟုတ်လား” ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။
လီလိုရှုက ထပ်မံကာ ပြောလိုက်တော့သည်။ “ထိုက်ရွမ်အအေးဂိုဏ်းကို ချောင်းပြီးတော့ တိုက်ခိုက်တာ သူတို့ပဲလို့ တရားဝင်ကြေညာထားတယ်လေ”
“သူတို့က လမ်းမှန်ဂိုဏ်းတွေကို တိုက်ခိုက်တဲ့အပြင် ပထမအဆင့်ဂိုဏ်းတွေကို တိုက်ခိုက်ရဲနေပြီလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနတ်ဆိုးအင်ပါယာဂိုဏ်းက တကယ့်ကို ပြဿနာရှာတော့မယ်နဲ့ တူတယ်”
သေချာပေသည်။ နောက်ရက်အနည်းငယ်အတွင်းမှာပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။ အခုမှ ဖြစ်ပေါ်လာသော နတ်ဆိုးအင်ပါယာဂိုဏ်းသည် လမ်းမှန်ဂိုဏ်းများအားလုံးကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်သတ်ဖြတ်လျက်ရှိနေ၏။ အဆင့်ငါးဂိုဏ်း တော်တော်များများသည် တစ်ဂိုဏ်းပြီး တစ်ဂိုဏ်း သတ်ဖြတ်ခြင်းကို ခံနေရ၏။
ကျွင်းချောင်ရှောင်းသည် ရရှိထားသော သတင်းအချက်အလက်များကို နားထောင် ပြီးသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာဂိုဏ်း၏ အကြွင်းအကျန်လက်ချက်များကြောင့် အဓိကဂိုဏ်းတော်တော် များများသည် ပျက်စီးသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
“ဂိုဏ်းချုပ်”
လီလိုရှုက ပြောလိုက်သည်။ “အဆင့်လေး အသူရာရေဂိုဏ်းကလည်း ဖျက်ဆီးခံလိုက်ရတယ်တဲ့၊ သူတို့ရဲ့ အထက်ပိုင်း အကြီးအကဲတွေနဲ့ တပည့်တစ်သောင်းကျော်တို့အားလုံး အသတ်ခံလိုက်ရတယ်”
“လမ်းမှန်ဂိုဏ်းတွေက မလှုပ်ရှားသေးဘူးလား”
“လှုပ်တာပေါ့၊ အဆင့်တစ်ဂိုဏ်းနှစ်ဂိုဏ်းက ဒုတိယအဆင့်နဲ့ တတိယအဆင့် ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီးတော့ အရှေ့ဘက်ဒေသကို ဦးတည်သွားကြတယ်၊ မကြာခင်မှာ ကြီးကျယ်တဲ့ တိုက်ပွဲကြီးတွေ ဖြစ်လာမှာ စိုးရတယ်”
ကျွင်းချောင်ရှောင်းသည် လက်များကို ယှက်ကာဖြင့် မေးထောက်ကာ ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက တကယ့်ကို ဂြိုဟ်တိုက်ပွဲလို ဖြစ်လာတော့မှာပဲ၊ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ဒီအချိန်မှာ ပြဿနာတွေကို ရှာဖွေရတာ စိတ်ဝင်စားတဲ့ဂိုဏ်းတစ်ခု ဖြစ်လာမယ်လို့ထင်တယ်”
“ဂိုဏ်းချုပ်”
လီလိုရှုက ထပ်ကာ ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းက တရားဝင်ကြေညာထားတယ်၊ သူတို့ဂိုဏ်းရဲ့ဂိုဏ်းချုပ်က သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး နတ်ဆိုးအင်ပါယာရဲ့ အမွေအနှစ်တွေကို ရရှိထားတယ်လို့ ပြောတယ်၊ ပြီးတော့ သူတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုး ကျင့်ကြံသူ အားလုံးကို ခေါ်ယူဖို့ နတ်ဆိုးအင်ပါယာအမိန့်ကို ထုတ်ပြန်ထားသေးတယ်”
“သန္ဓေနတ်ဆိုးခန္ဓာကိုယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းက အံ့အားသင့်သွားသည်။ “အဲတာ မုန့်ယဉ် မှာပဲရှိတာ မဟုတ်လား၊ ဒီခန္ဓာကိုယ်က နှစ်ခု မရှိနိုင်တဲ့အရာလေ”