အခန်း (၉၃၈)
Vol. 63 Ch. 938
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရင်ဟွေ့တောင်ဟုခေါ်သောတောင်သည် အလွန်တရာအရေးကြီးသော တောင် တစ်ခု အဖြစ် သတ်မှတ်ခြင်းကို ခံထားရသည်။ ဤတောင်ပေါ်တွင် စိတ်ဝိညာဉ်ချီများ ပေါများစွာမရှိချေ။ ရှုခင်းကလည်းသာမန်သာဖြစ်၏။
သို့ပေမဲ့ လောကကြီးတစ်ခုလုံးသည် ဤတောင်ကို လာ၍ ရှိခိုးဦးခိုက်ကြသည်။ နှစ်စဉ်နှစ်တိုင်း ရေတွက်၍ မရ အောင်များပြားသော ကျင့်ကြံသူများသည် ဤနေရာသို့ လာရောက်လည်ပတ်လေ့ရှိကြသည်။
အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် နတ်ဆိုးသတ်ဖြတ်ခြင်းအမိန့်ကို ဤနေရာတွင် ထုတ်ပြန်ခဲ့သော ကြောင့်ပင်ဖြစ်တော့၏။
ထိုစဉ်အခါက ကျော်ကြားလှသော လမ်းမှန်ဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းများအားလုံးသည် သေဆုံးသည်အထိ တိုက်ခိုက် ခဲ့ကြသည်။ ဤနေရာတွင် များပြားလှသော တိုက်ခိုက်ပွဲများဖြစ်တည်ခဲ့ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ဂုဏ်ယူလောက် စရာ တည်နေရာကြီးတစ်ခုဖြစ်၍ ကျန်ခဲ့သည်။
ယနေ့ နှစ်ပေါင်းတစ်ထောင်ကျော်ကြာပြီးသည့်နောက်မှာတော့ များပြားလှသော ပထမအဆင့်ဂိုဏ်းများ၏ ဦးဆောင်မှုနှင့်အတူ ဂိုဏ်းများအားလုံး၏ အထက်ဂိုဏ်းအကြီးအကဲများအားလုံးသည် ရင်ဟွေ့တောင်ဆီသို့ ထပ်မံ ရောက်ရှိလာခဲ့ကြ၏။
ဟုတ်ပေသည်။ ရန်သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ဖြစ်သည် ဆိုသော်လည်း အစစ်အမှန် နတ်ဆိုးအင်ပါယာဂိုဏ်းနှင့်တော့ နှိုင်းယှဉ်၍ ရနိုင်လိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ဤတစ်ကြိမ် တည်ရှိနေကြသော လမ်းမှန်ဂိုဏ်းသားများ၏ အရည်အချင်းကလည်း ဟိုးအရင်ကထက် အဆပေါင်းများစွာ အားနည်းသွားခဲ့ပြီဖြစ်သည်။
“ဂိုဏ်းချုပ်ဟယ်”
“ဂိုဏ်းချုပ်ကုန်း”
ရင်ဟွေ့တောင်၏ တောင်ခြေမှာတော့ ဂိုဏ်း၏အကြီးအကဲနှစ်ယောက်တို့သည် တွေ့ဆုံခဲ့ကြ၏။ ၎င်းတို့သည် ရင်းနှီး ပျူငှာသော အမူအရာ၊ စကားလုံးများနှင့်နှုတ်ဆက်နေကြသည်။
ပြီးသည့်နောက်မှာတော့ သမိုင်းဝင်ကျောက်လှေကားများအတိုင်း လျှောက်လှမ်းပြီး အပေါ်သို့ တက်လိုက်ကြ သည်။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ အလွန်တရာအံ့အားသင့်သော အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဘိုးဘေးများသည် ဤတောင်ပေါ်တွင် နတ်ဆိုးအင်ပါယာဂိုဏ်းနှင့် မည်သို့ တိုက်ခိုက်နိုင်ရမည် ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးခြင်းများကို ပြုမူခဲ့ကြ၏။
ပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် နှစ်ပေါင်းတစ်ထောင်ကျော်တွင် ငြိမ်းငြိမ်း ချမ်းချမ်းနှင့် နေထိုင်နိုင်ခဲ့တော့၏။ ဤအရာမှာ ထိုဘိုးဘေးများ၏ စွမ်းပကားကြောင့်ပင် ဖြစ်တော့သည်။ အနာဂတ်မျိုးဆက်သစ်များအနေနှင့် ထိုကျေးဇူးတရားကို နှလုံးသားထဲတွင် ကမ္ဗည်းထိုးထားသလို မှတ်သားထားရမည် ဖြစ်သည်။
ယနေ့မှာတော့ ပထမအဆင့်ဂိုဏ်းများ၏ ဦးဆောင်မှုနှင့်အတူ ဂိုဏ်းပေါင်းများစွာတို့သည် နတ်ဆိုးအင်ပါယာဂိုဏ်း အား မည်ကဲ့သို အနိုင်ယူမည်ဆိုသည့်အကြောင်းကို လာရောက်ဆွေးနွေးကြခြင်းပင်ဖြစ်၏။ သူတို့အနေနှင့် အလွန်ကြီးမားသော တာဝန်ကြီးတစ်ခု ပခုံးပေါ်သို့ ရောက်ရှိနေသည်ဟု ခံစားရကြ၏။
နောက်မှရောက် လာခဲ့ကြသော ဂိုဏ်း၏ အကြီးအကဲများအားလုံးသည် တောင်ခြေရင်းတွင် မတ်တပ်ရပ်ပြီးသည့်နောက်မှာတော့ တောင်ကြီးသည် အလွန်ပင် မြင့်မြတ်လှသည့် တည်နေရာတစ်ခုအဖြစ် ခံစားမိကာ ဖြည်းဖြည်းချင်းလျှောက်၍ တက်လျက်ရှိကြတော့သည်။ ၎င်းတို့သည် ဘိုးဘေးများအား လေးစားမှုကို ပြသရန်အတွက် ပျံသန်း၍ သွားလာခြင်းကိုပင် မပြုလုပ်ကြပေ။ တောင်ပေါ်သို့ ခြေလျင်နှင့်လျှောက်ကာ တက်လျက်ရှိနေကြသည်။
“ဂိုဏ်းချုပ်”
တောင်ခြေတွင် မတ်တပ်ရပ်နေသော တပည့်တစ်ယောက်သည် အလွန်တရာချီးကျူးစွာဖြင့် ပြောလိုက်မိ၏။ “ဒီရင်ဟွေ့တောင်က ကြည့်ရတာ သာမန်ပဲ ဆိုပေမဲ့ တပည့်အနေနဲ့ အရမ်းကို ရင်းနှီးတဲ့အော်ရာမျိုးကို ရရှိနေတယ်။”
ပန်းပုံစံများရေးထိုးထားသော အဝတ်ကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ယောက်သည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာဖြင့် ဂုဏ်ယူကာပြောလိုက်မိ၏။ “အရင်တုန်းက နတ်ဆိုးအင်ပါယာဂိုဏ်းကို အနိုင်ယူတိုက်ခိုက်တဲ့အချိန်တုန်းက ငါတို့ စိတ်ဝိညာဉ်ဂိုဏ်းက လူတွေကို စေလွှတ်ခဲ့တယ်လေ။”
“ကျွန်တော်သိပြီ။”
တပည့်သည် နားလည်သဘောပေါက်စွာဖြင့် ပြောလိုက်မိ၏။ “ဒါကြောင့် ရင်းနှီးသလို ခံစားနေရတာကိုး။”
“ဒီမှာ ဘိုးဘေးတွေရဲ့ အော်ရာတွေ ကျန်ရှိနေသေးတာပဲ ဖြစ်ရမယ်။”
“သွားကြစို့”
ဂိုဏ်းချုပ်က ပြောလိုက်သည်။ “အပေါ်ကို တက်ကြမယ်။”
“ကောင်းပါပြီ။”
တပည့်တစ်ဒါဇင်ကျော်တို့သည် ၎င်း၏နောက်မှအသာလိုက်၍ လှေကားအတိုင်း လျှောက်၍ တက်ခဲ့ကြတော့သည်။ ၎င်းတို့၏ နှလုံးသားထဲတွင်တော့ အံ့ဩမှုများနှင့်ပြည့်နှက်လျက်ရှိနေကြတော့သည်။
များပြားလှသော ဂိုဏ်းထဲမှ သိုင်းကျင့်ကြံသူများအားလုံးသည် လောကကြီးအနှံ့ဆီမှ ရောက်ရှိလာခဲ့ပြီးသည့်နောက် မှာတော့ ရှည်လျားလှသည့်တောင်တန်းများအတိုင်း ဖြည်းဖြည်းချင်း ခြေလျင်လျှောက်ကာ တက်နေကြ၏။
သို့ပေမဲ့ အလင်းတန်းတစ်ခုသည် တောင်၏ထိပ်ဆီသို့ ချက်ချင်းပဲပျံသန်းကာသွားသည်ကို သူတို့ မြင်လိုက်ရ၏။ ဤအပြုအမူသည် အားလုံးသော သူများကို ဒေါသထွက်စေခဲ့တော့၏။
“ဘယ်သူက ရင်ဟွေ့တောင်ပေါ်မှာ ပျံသန်းရဲတာလဲ။”
ချက်ချင်းပဲ ရေတွက်၍ မရအောင် များပြားလှသော စိတ်ဝိညာဉ်အာရုံဖြန့်ကျက်များ ဖြစ်တည်လာပြီးသည့်နောက်မှာ တော့ ပျံသန်းနေသည့်သူကို တွေ့မြင်လိုက်ကြတော့သည်။
တစ်ဖက်လူ၏ အသွင်အပြင်ကို မြင်ပြီးသည့်နောက်မှာတော့ သူတို့သည် သံပြိုင်ပင်ထ၍ အော်လိုက်ကြတော့သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါလား။”
ဘာလို့သူဒီကို ရောက်နေတာလဲ။ ပထမအဆင့်ဂိုဏ်းကလည်း ဒီလို အရှက်မဲ့တဲ့ ရောင်းရင်းကို ဖိတ်စာပို့တာပဲလား။”
ရုတ်တရက်ပျံသန်းလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏ဆံပင်များသည် ရှုပ်ပွမှုမျိုးလုံးဝမရှိချေ။ ညီညာသေသပ်စွာဖြင့် ဖြီးလိမ်းထားသလို ခန့်ညားနေသည်။ သူသည် တောင်တစ်ဝက်သို့ ရောက်နေသော ဂိုဏ်းချုပ်တစ်ယောက်အား လက်ညှိုးညွှန်ကာ လှမ်းပြောလိုက်၏။ “ခင်ဗျားပေါက်တက်ကရတွေ ဆက်ပြောမယ်ဆိုရင် ကျုပ်ကတရားစွဲရလိမ့်မယ်။”
စနစ်က ပြောလိုက်သည်။ “သူပြောတာမှန်တယ်လို့ထင်တာပဲ။”
ကျွင်းချောင်ရှောင်းသည် စနစ်ကို လစ်လျူရှုထား၏။ ပြီးသည့်နောက်မှာတော့ တောင်ပေါ်သို့ ပျံသန်းကာ တက်သွား၏။
ဒေါသထွက်နေသည့် များပြားလှသော ဂိုဏ်းများမှအဖွဲ့ဝင်များအားလုံးသည် လှေကားထစ်ပေါ်တွင် အမျက် ချောင်းချောင်းထွက်ကာ ကျန်ရစ်ခဲ့တော့သည်။
“ချီးတဲ့မှ”
“ဒီကျွင်းချောင်ရှောင်းက အရမ်းကို မောက်မာလွန်းတယ်။”
ဂိုဏ်းအကြီးအကဲများထဲမှ တစ်ယောက်က ဒေါသတကြီးဖြင့် ပြောလိုက်တော့၏။
“ပြိုင်စံရှားဂိုဏ်းအကြောင်းကို လက်တလောမှာ မကြားရတာကြာနေပြီ။ သူတို့က ပုံပန်းသွင်ပြင်တွေပြောင်းလဲသွားပြီး သိုသိုသိပ်သိပ် နေနေပြီလို့ ကျုပ်ထင်ခဲ့တာ။ တကယ်တော့ သူက ရင်ဟွေ့တောင်ကို မောက်မောက်မာမာ နဲ့ ရောက်လာခဲ့တာပဲ။”
တစ်စုံတစ်ယောက်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။
ပြောနေစရာမလိုပေ။ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ ပြီးဆုံးပြီး ကတည်းက ပြိုင်စံရှားဂိုဏ်းသည် လူရှေ့သူရှေ့သို့ ထွက်ပေါ်လာသည့်အချိန်မျိုးမရှိခဲ့ချေ။ ထို့ကြောင့် အားလုံးသောသူ များသည် သူတို့အကြောင်းကို ပြောဆိုရန်ပင် မေ့လျော့နေခဲ့ကြသည်။
အဓိကအားဖြင့် ဂြိုဟ်တိုက်ပွဲတည်နေရာဂိတ်တံခါးကြီး ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ တခြားသူများကို ဒုက္ခပေးရန် အစီအစဉ်မရှိတော့ချေ။သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲတည်နေရာဆီသို့သာ အလုံးစုံအာရုံစိုက်ထားခဲ့၏။
၎င်း၏ တပည့်အရင်းအချာများအားလုံးသည်လည်း ဆော့စရာနေရာအသစ်ကြီး ရရှိသွားပြီဖြစ်သောကြောင့် အပြင်ဘက်သို့ မထွက်ခွာတော့ချေ။ အထဲတွင်ပင် ပျော်ပျော်ကြီး နေထိုင်လျက်ရှိနေကြသည်။
…
ရွှီ
ကျွင်းချောင်ရှောင်းသည် တောင်၏ထိပ်ပေါ်သို့ ဆင်းသက်လိုက်တော့၏။
တောင်ပေါ်သို့ ဆင်းသက်ပြီးသည့်နောက် မှာတော့ များပြားလှသော ဂိုဏ်းများ စီနီယာအဖွဲ့ဝင်များအားလုံးသည် ၎င်းတို့၏ ဦးခေါင်းကို မော့ကာဖြင့် ကြည့်ရှု လိုက်ကြ၏။ မျက်နှာပေါ်ကိုမြင်တော့ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
“ဒီလူဘာလို့ရောက်လာတာလဲ။”
ပြီးတော့ တစ်ချက်ကြည့်လိုက်သည်နှင့် တိုက်ရိုက်ပျံသန်းရောက်ရှိလာခြင်း ဖြစ်ပုံပေါ်သည်။ သက်လတ်ပိုင်းလူ တစ်ယောက်သည် ကျွင်းချောင်ရှောင်းကို မြင်လိုက်သည့်အချိန်မှာတော့ ဒေါသထွက်သွားမိ၏။
ထိုသူသည် လောကပုန်ကန်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် အောင်းဟိုင်ယု ပင် ဖြစ်တော့သည်။ သူ၏သား အောင်းဝူရှန် သည် နဂါးကြားတိုက်ပွဲတွင် ရီရှင်းချန်၏ ရိုက်နှက်မှုကို ခံရပြီးသည့်နောက် အိပ်ရာထဲတွင် လဲလျက်ရှိနေသေးသည်။
ကျွတ် ကျွတ်
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီမှာလူတွေနည်းနည်းများတာပဲ။”
ဤနေရာတွင် စုဝေးရောက်ရှိနေကြသည့်သူများမှာ အနည်းဆုံး လေးရာ မှ ငါးရာ နီးပါးခန့်ပင် ရှိလို့နေ၏။ ထိုသူများထဲတွင် ဒုတိယအဆင့်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်များလည်း ပါဝင်နေသလို ဒုတိယအဆင့်နှင့် တတိယအဆင့် ဂိုဏ်းများ၏ အကြီးအကဲများလည်း တည်ရှိနေသေးသည်။
ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်းနှင့်ရန်ငြိုးရှိသော ဂိုဏ်းတော်တော်များများသည် ဤနေရာတွင် ရောက်ရှိလို့နေ၏။ ဥပမာအားဖြင့် လောကပုန်ကန်နတ်ဂိုဏ်း၊ တောက်ပအလင်းနတ်ဂိုဏ်း စသောဂိုဏ်းများအားလုံးသည် ဤနေရာတွင် ရှိနေကြ၏။
ဟွာတောင်ထိပ်တွင် သိုင်းပညာဆွေးနွေးပွဲပြုလုပ်သည့်အခါတိုင်းတွင် ဂိုဏ်းပေါင်းစုံတို့သည် လာရောက်၍ ဆွေးနွေး ကြသည်ဆိုသော်လည်း အဓိကအားဖြင့် တတိယအဆင့်နှင့် စတုတ္ထအဆင့်ဂိုဏ်းများသည်သာ လာရောက်ကြခြင်းဖြစ်သည်။ ယနေ့ ရင်ဟွေ့တောင်တွင် စုဝေးရောက်ရှိနေကြသည့် ဂိုဏ်းများမှာ ပထမအဆင့်ဂိုဏ်းနှင့် ဒုတိယအဆင့် ဂိုဏ်းများပင် ပါဝင်လျက်ရှိနေသည်။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာပြောလိုက်၏။ “နားလည်မှုမလွဲပါနဲ့။ ကျုပ်က ဒီကို ပွဲလာကြည့်ရုံ သက်သက်ပါ။”
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများ၏ မျက်နှာများသည် မဲမှောင်သွားခဲ့ကြတော့၏။ ကြယ်ကြွေကုန်းမြေ တိုက်သည် များပြားလှသော ဂိုဏ်းများအနေဖြင့် ဤနေရာတွင် စုဝေးနေကြသည်မှာ ရုတ်တရက် ပေါ်ပေါက် လာခဲ့သော နတ်ဆိုးအင်ပါယာဂိုဏ်းအား မည်ကဲ့သို့ သုတ်သင်ဖြေရှင်းရမည်ဆိုသည်ကို ဆွေးနွေးရန်ပင်ဖြစ်၏။ အလွန်အရေးကြီးသောကိစ္စကို ပြုလုပ်မည့်အစီအစဉ်တွင် တစ်ဖက်လူသည် လာရောက်၍ ပွဲကြည့်လျက်ရှိနေ၏။ ဤအရာသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဟာသလာလုပ်ခြင်းနှင့် တူညီမနေပေဘူးလား။
“ဂိုဏ်းချုပ်ကျွင်း”
အောင်းဟိုင်ယုသည် အေးစက်စက်မျက်နှာဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက မပါဝင်ဘူးဆိုရင် ကျေးဇူးပြုပြီး ပြန် သွားပါတော့။”
“ဘာမှားနေလို့လဲ။”
ကျွင်းချောင်ရှောင်းသည် ကြီးမားလှသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် အသာထိုင်ပြီးသည့်နောက်မှာတော့ ပေစောင်းစောင်းဖြင့် ကြည့်လိုက်၏။ “ဒီရင်ဟွေ့တောင်က ခင်ဗျားရဲ့အိမ်လား။ ဒီကို ဘယ်သူမှ တက်လာခွင့်မရှိဘူးလား။”
၎င်း၏ မောက်မာလှသော အသွင်အပြင်ကို မြင်ရပြီးသည့်နောက်မှာတော့ များပြားလှသော ဂိုဏ်းများမှ အကြီးအကဲ များသည် လျှောက်ထွက်လာပြီး ၎င်း၏ မျက်နှာနှင့် မြေပြင်ကို ပွတ်တိုက်ချင်စိတ်ပင် ပေါက်မိနေကြ၏။
ကျွင်းချောင်ရှောင်း၏ စကားသည် အောင်းဟိုင်ယုအား အကြီးအကျယ် ဆွံ့အသွားစေခဲ့၏။
“ဂိုဏ်းချုပ်ကျွင်း”
ကြင်နာတတ်သည့် မျက်နှာသွင်ပြင်နှင့် အဘိုးအိုသည် အသာလျှောက်ထွက်လာပြီးသည့်နောက် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ရုတ်တရက်ပေါ်ပေါက်လာတယ်ဆိုတာ သေးငယ်တဲ့ကိစ္စတစ်ခုမဟုတ်ဘူး။ ကျုပ်တို့က လမ်းမှန်ဂိုဏ်းတွေဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ….. ”
“တောင်းပန်ပါတယ်။”
ကျွင်းချောင်ရှောင်းသည် စကားကို ဖြတ်ကာပြောလိုက်၏။
“ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက ကိုယ့်ကိုယ်ကိုယ် လမ်းမှန်ဂိုဏ်းလို့ ဘယ်တုန်းကမှ မသတ်မှတ်ဖူးပါဘူး။”
ခင်ဗျားက ကျုပ်ကို ချီးတွင်းထဲ ခေါ်ချချင်နေတာလား။ လုံးဝမဖြစ်နိုင်ဘူး။
သို့ပေမဲ့ ဤစကားသည် များပြားလှသောဂိုဏ်းများကို အထိနာစေခဲ့၏။ ထို့အပြင် တစ်ချို့သောသူများသည် လမ်းမှန်ဂိုဏ်းဟု သုံးသပ်ပြီး မကောင်းသည့်ကိစ္စရပ်များကို ပြုလုပ်တတ်နေကြသည်မဟုတ်လား။ ထို့ကြောင့်ပင် အနာကို ဆားပက်သလို ဆက်ဆက်ခါနာနေကြခြင်းပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှာ သိုင်းနယ်မြေကျင့်ကြံသူတွေ တော်တော်များများရှိတယ်။ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းရဲ့ အားအင်အဆင့်က အကန့်အသတ်ရှိတယ်။ ဒီတော့ ခင်ဗျားတို့နဲ့အတူ သွားပြီးတိုက်ခိုက်မယ်ဆိုရင်လည်း အကူအညီ ဖြစ်စေမှာမဟုတ်ဘူး။”
ဤနေရာမှာ စကားပြောစွမ်းရည်သည် အဓိကပင် ကျနေတော့၏။ ဂိုဏ်းချုပ်ကျွင်းသည် ၎င်း၏ စကားပြောစွမ်းရည် အား အလုံးစုံထုတ်ဖော်ကာ ပြသလျက်ရှိနေ၏။
သို့ပေမဲ့ များပြားလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများအားလုံးသည် ၎င်းအား အမှုန့် ကြိတ်ချင်စိတ်များ တဖွားဖွားနှင့် ဖြစ်ပေါ်လျက် ရှိနေကြသည်။
“ဂိုဏ်းချုပ်ကျွင်း”
အောင်းဟိုင်ယုသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ခင်ဗျားဒီကို တိုက်ခိုက်ဖို့ လိုက်လာတာလို့ ကျုပ်ထင်ခဲ့တာ။”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “မဟုတ်ပါဘူး။ ပွဲလာကြည့်တာပါဆိုနေမှ။”
“……..”
များပြားလှသော ဂိုဏ်းများမှ ဂိုဏ်းချုပ်များအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြ၏။ အခြေအနေ သည်ပိုမို၍ လေးနက်သွားခဲ့တော့၏။
ခန်းမသခင်လီ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ ကုန်းရှန့်၏ အမူအကျင့်အရ သူသွားသည့်နေရာတိုင်းတွင် ပြဿနာသည် ဆီးကြိုလျက်ရှိနေသည်။
“ဂိုဏ်းချုပ်ကျွင်း”
ထိုအချိန်မှာပဲ ပေါ့ပေါ့ပါးပါးအသံတစ်ခုသည် အနောက်ဘက်ဆီမှ ပေါ်ပေါက်လာခဲ့၏။ “ရှင်ဒီကိုလာတာလား။”
ရှစ်ကျွမ်းရွမ်သည် ရှေ့သို့ ထွက်လျှောက်လာခဲ့၏။ သူမ၏ မျက်နှာပေါ်တွင်တော့ ပျော်ရွှင်မှုများ နှင့် ပြည့်နှက်လျက်ရှိသည်။
ကျန်းစွန်းဖန်းဟွာနှင့်လန့်ရှင်းရွဲ့တို့သည်လည်း နောက်မှလိုက်ပါလာခဲ့ကြသည်။ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ နောက်ဆုံးမှာတော့ ခန်းမသခင်သည် အဘယ့်ကြောင့် ရင်ဟွေ့တောင်တန်းဆီသို့ လာရသည်ဆိုသည့်အကြောင်းကို နားလည်သွားခဲ့ကြပြီဖြစ်သည်။ ခန်းမသခင်သည် ဤကောင်လေးကို မြင်ချင်သောကြောင့် ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်တော့၏။
ဘာလို့ တစ်ခြားဂိုဏ်းရဲ့ အကြီးအကဲတွေအားလုံးရဲ့ မျက်နှာတွေက ပျက်နေတာလဲ။ ပြီးတော့ ကျွင်းချောင်ရှောင်း ကိုမနှစ်မြို့သလို ကြည့်နေကြတာဘာလို့လဲ။
ဤကောင်လေးသည် ထုံးစံအတိုင်း တစ်ခြားသောသူများကို ရန်စွာခဲ့ပြန်လေသည်လား။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ကိစ္စကို သူတို့နဲ့ပဲ လွှဲပြီးထားခဲ့လိုက်ရအောင်။ အဆင့် ၄ နှင့် အဆင့် ၅ ဂိုဏ်းတွေအနေနဲ့ ကျုပ်တို့ မျက်ကန်းတောတိုးပုံစံမျိုး သွားပြီးတော့ ပါဝင်ပတ်သက်လို့မဖြစ်ဘူးလေ။”
များပြားလှသော ဂိုဏ်းမှ ကျင့်ကြံသူများအားလုံးသည် ထိုအချင်းအရာကို ကြားရသည့်နောက်မှာတော့ ပိုမို၍ ဒေါသ ထွက်သွားခဲ့သည်။
ပြိုင်စံရှားဂိုဏ်းအနေနှင့် ပါဝင်မှုကို မပြုလုပ်စေချင်လျှင် အဆင်ပြေနေသေး၏။ သို့ပေမဲ့ တစ်ခြားသော ဂိုဏ်းများကို မပါဝင်ရန်ပင် ဆွဲဆောင်လျက်ရှိနေသေး၏။ ၎င်းသည် တကယ့်ကို အရှုပ်ထုပ်ကောင်ပင်ဖြစ်တော့၏။
ရှစ်ကျန်းရွမ်သည် ပြုံးကာပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း …. ကျွန်မရင်ဟွေ့တောင်ကို လာတာက ရှုခင်းလာကြည့်တာလေ။”
“ကျုပ်သိတာပေါ့။ ကျုပ်လည်း တူတူပဲလေ”
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးကြီးပေါ်မှ အသာခုန်ချလိုက်ပြီးသည့်နောက်မှာတော့ အဝေးတစ်နေရာဆီမှ တိမ်ပင်လယ်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။ ပြီးနောက်ပြောလိုက်တော့သည်။ “လာ။ အဲ့ဒီရှုခင်းတွေ သွားကြည့်ကြရအောင်။ ဒီမှာ ဂိုဏ်းအသီးသီးကခေါင်းဆောင်တွေ ဆွေးနွေးနေတာကို ကျုပ်တို့ မနှောင့်ယှက်ရဘူး။ သူတို့က အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးကြမှာလေ။”
ရှစ်ကျန်းရွမ်သည် ကြောင်သွား၏။ ပြီးသည့်နောက်မှာတော့ နီရဲနေသည့်မျက်နှာနှင့် သူ့နောက်မှလိုက်ပါလာခဲ့သည်။
ကျန်းစွန်းဖန်းဟွာနှင့်လန့်ရှင်းရွဲ့တို့သည်လည်း နားလည်မှုရှိရှိနှင့် နောက်မှလိုက်ပါမသွားခဲ့ကြပေ။ အထူးသဖြင့် ၎င်းတို့သည် ခန်းမသခင်နှင့် ကျွင်းချောင်ရှောင်းတို့၏ နောက်ကျောဘက်ကို ကြည့်ပြီးသည့်နောက်မှာတော့ ကောင်းကင်မှသတ်မှတ်ပေးထားသော စုံတွဲများအဖြစ်သို့ပင် ခံစားနေမိကြတော့၏။
ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များအားလုံးသည် ၎င်းတို့၏ ဒေါသများကို အတင်းဖိနှိပ်ထားပြီးသည့်နောက် တစ်ခြား သောဂိုဏ်းများရောက်ရှိလာမည်ကို ဆက်လက်ကာ စောင့်စားနေကြ၏။
သို့ပေမဲ့၎င်းတို့သည် ရံဖန်ရံခါဆိုသလို လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ရှစ်ကျွမ်းရွမ်တို့ သည် အဝေးတစ်နေရာတွင် စကားပြော၍ ရယ်မောနေသည်ကို မြင်လိုက်ကြသည်။ ၎င်းတို့သည် မည်သို့မျှမနေနိုင်ဘဲ ဒေါသများ အလိပ်လိပ်ထွက်လာခဲ့သည်။ ဤကဲ့သို့ အရေးကြီးလှသော နေရာတွင် တစ်ဖက်လူသည် ရောက်ရှိလာပြီးသည့်နောက် သူတို့အား ဘာတစ်ခုမှ ကူညီခြင်းမပြုဘဲ ပွင့်ပွင့်လင်းလင်းဖြင့် ဖွန်ကြောင်လျက်ရှိနေသည် မဟုတ်ပါလား။