← Chapters

အခန်း (၉၃၉)

Vol. 63 Ch. 939

အခန်း (၉၃၉)

Vol. 63 Ch. 939

တိမ်ပင်လယ်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်တုံးတစ်ခုပေါ်ထိုင်ရင်း ရှစ်ကျန်းရွမ်အား ပုံပြင်တစ်ပုဒ် ပြောပြလျက်ရှိသည်။ ပုံပြင်တွင် ပါဝင်သော အကြောင်းအရာများကို ပြောနေစရာပင် မလိုတော့ချေ။ ထုံးစံအတိုင်း သူ ဖတ်ဖူးသော ဇာတ်လမ်းများပင် ဖြစ်ပေလိမ့်မည်။

၎င်းတို့၏ရှေ့တွင် ကလူ၏ မြူ၏ နှင့် ဖွန်ကြောင်လျက်ရှိသော ဂိုဏ်းချုပ်ကျွင်းကို မြင်ရချိန်မှာတော့ ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် အလွန်အမင်း ဒေါသထွက်လျက် ရှိသည်။ သို့ပေမဲ့ သူတို့သည် မည်သို့မှ မတတ်နိုင်တော့ဘဲ ဒေါသတရားများကို ဖိနှိပ်ကာ တစ်ယောက်နှင့် တစ်ယောက် ပြောဆို ဆက်ဆံနေကြရတော့သည်။

ဤတစ်ကြိမ် ရင်ဟွေ့တောင်ဆီသို့ စုဝေးရောက်ရှိလာကြသည်မှာ ဒေါသဖြစ်ရန် မဟုတ်ပေ။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးချင်သောကြောင့်ပင်ဖြစ်၏။ ကျွင်းချောင်ရှောင်း ….. ဤအရှုပ်ထုပ်ကောင် မပါဝင်ချင်သည် ဆိုလျှင်လည်း ထားလိုက်တော့မည်။

လောကကြီးတွင် များပြားလှသော ဂိုဏ်းများ တည်ရှိနေ၏။ ထို့ကြောင့် တစ်ဂိုဏ်းမပါ၍လည်း ဘာမှထွေထွေထူးထူး ဖြစ်မသွားခဲ့ချေ။

ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟု ဆိုရမည်။ ဤကဲ့သို့ အရှက်မဲ့သောလူကို ရင်ဆိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းသည် သည်းခံလျစ်လျူရှု လိုက်ခြင်းပင် ဖြစ်တော့သည်။ သူ့အား အလုံးစုံ လျစ်လျှူရှုထားလိုက်မှသာ ပိုမို၍ ပြည့်စုံပေလိမ့်မည်။

နာရီဝက်လောက် ကြာပြီးသည့်နောက် လူပေါင်းတစ်ထောင်ကျော်တို့သည် ရင်ဟွေ့တောင်၏ ထိပ်တွင် စုဝေးလျက်ရှိနေကြ၏။ ဤနေရာသို့ အနည်းဆုံး ဂိုဏ်းပေါင်းတစ်ရာကျော်ခန့် ရောက်ရှိနေ၏။ အဆင့်တစ်ဂိုဏ်းငါးဂိုဏ်း၊ အဆင့်နှစ်ဂိုဏ်းနှစ်ဆယ်နှင့် ကျန်သည့်ဂိုဏ်းများ အားလုံးသည် တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် ဂိုဏ်းများ ဖြစ်ကြ၏။ ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များအားလုံးသည် အတူတကွ စုဝေးပြီးသည့်နောက်မှာတော့ သေသေချာချာ ဆွေးနွေးကြတော့၏။

“ခန်းမသခင်ရှစ်”

ကုန်းရှန့်သည် ပြုံးကာပြောလိုက်၏။ “ဒီလူတွေ ဆွေးနွေးတာ ဘယ်လိုဖြစ်မယ်လို့ ထင်လဲ”

ရှစ်ကျန်းရွမ်သည် သူမ၏ မျက်မှန်ကို အသာမြှင့်တင်ကာ ပြောလိုက်၏။ “ဂိုဏ်းတွေအကုန်လုံး စုစည်းပြီးတော့ ကိုယ့်ရဲ့ဂိုဏ်းကလူတွေ စေလွှတ်ပေးရမယ်၊ ပြီးတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို တိုက်ခိုက်ကြမယ်”

ကျွင်းချောင်ရှောင်း ကြောင်သွားမိ၏။ ဤမိန်းကလေး တွေးတောနေသည့် အကြောင်းအရာများသည် သူတွေးတောသည်နှင့် ဆင်တူနေ၏။

ရှစ်ကျန်းရွမ်၏ ခန့်မှန်းချက်သည် မှန်ကန်နေသည်။ သေသေချာချာ ဆွေးနွေးပြီးသည့်နောက်မှာတော့ ဂိုဏ်းများအားလုံးသည် အနှစ်ချုပ်ခဲ့တော့၏။ ၎င်းတို့အနေဖြင့် မဟာမိတ်အဖြစ်ဖွဲ့စည်းခဲ့ပြီးသည့်နောက် မိမိဂိုဏ်းရှိလူများကို စေလွှတ်ကာ နတ်ဆိုးဂိုဏ်းအကြွင်းအကျန်များကို နှိမ်နင်းသုတ်သင်ပစ်ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ဤကဲ့သို့ ဆုံးဖြတ်ချက်ကို အဓိကချသူမှာ ပထမနှင့် ဒုတိယအဆင့်ဂိုဏ်းများသာ ဖြစ်၏။ တတိယ၊ စတုတ္ထနှင့် ပဉ္စမအဆင့် ဂိုဏ်းများသည် တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းညိတ်ရုံသာ တတ်နိုင်ကြတော့သည်။ အချက်အလက် အားဖြင့် ၎င်းတို့သည် ရင်ဟွေ့တောင်ဆီသို့ ရောက်ရှိလာသည်မှာ ၎င်းတို့၏ ခံစားချက်များကို ထုတ်ဖော်ပြောဆိုရန် မဟုတ်ပေ။ ထိုသို့ပြောဆိုရန်လည်း ၎င်းတို့တွင် လုံလောက်သည့် အားအင်များ မရှိကြပေ၊ ပြောရမည်ဆိုလျှင် ၎င်းတို့သည် အဆင့်မြင့်ဂိုဏ်းများအတွက် အသုံးချခံများ ဖြစ်နေကြသည်ကို ကောင်းကောင်း နားလည်မိကြ၏။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ရူးကြောင်ကြောင်နှင့် ဤနေရာတွင် တည်ရှိနေကြသနည်း။ အဘယ်ကြောင့်ဆိုသော် လောကကြီးတွင် တစ်ခုတည်း၊ တစ်ယောက်တည်းဖြင့် ရပ်တည်၍ရသော အရာမဟုတ်ပေ။ ထို့ကြောင့် တခြားသူများနှင့် ပူးပေါင်းပါဝင်မှုကို ပြုလုပ်နေကြခြင်းပင် ဖြစ်သည်။

ဥပမာအားဖြင့် ဖိတ်စာကို ရယူပြီးနောက် တောင်ပြာဂိုဏ်းသည် သွားသင့်၊ မသွားသင့်ကို ဇဝေဇဝါ ဖြစ်မိနေ၏။ ဂိုဏ်းချုပ်ကျွင်း၏ အကြံပြုချက်ကို မရသည်ဆိုပါက ၎င်းတို့သည် ဂိုဏ်းကြီးများ၏ ရန်ဆောင်ခြင်းကို မခံနိုင်သောကြောင့် ကျိန်းသေပေါက် သွားရောက်ရပေလိမ့်မည်။ ကျင့်ကြံခြင်းလောကတွင် အားအင်ကောင်းမွန်သည့်လူများ သည်သာလျှင် ရွေးချယ်ခွင့်ကို ရရှိကြသည်။

ကျွင်းချောင်ရှောင်းမှာတော့ ထိုကဲ့သို့ တခြားသူများ၏ ကြိုးဆွဲခြင်းကို ခံမည့်သူများထဲတွင် မပါဝင်ချေ။ ထို့အပြင် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်သည် ၎င်းတို့ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်လျက်ရှိနေ၏။ ထို့ကြောင့် သူသည် ဖိတ်စာကို ငြင်းပယ်ရဲ၏။ ထို့ပြင် အဓိကဂိုဏ်းများ အားလုံးကိုလည်း ရန်ဆောင်ရဲလျက် ရှိနေသည်။

အရာအားလုံးကို လျစ်လျှူရှု၍ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ချင်သည်ဆိုပါက ၎င်းတို့အနေဖြင့် အရင်ဦးဆုံး လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ထားမှ ဖြစ်ပေလိမ့်မည်။ အဆင့်လေးနှင့် အဆင့်ငါးဂိုဏ်းများသည် ထိုသို့ မပြုလုပ်နိုင်သေးချေ။ ထို့ကြောင့် ဂိုဏ်းကြီးများ၏ အသုံးချခံများ ဖြစ်နေကြခြင်းပင် ဖြစ်တော့၏။

................

မူလအားဖြင့် ကြည်လင်ရှင်းလင်းနေသော မိုးကောင်းကင်တွင် တိမ်မဲများ ဖြစ်တည်လာ၏။ ပြီးသည့်နောက်မှာတော့ မိုးစက်များ ကျဆင်းလာ၏။ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းနည်းစနစ်များကို လှည့်ပတ်ပြီးနောက်မှာတော့ မိုးရေများသည် ၎င်းတို့ကိုယ်ပေါ်သို့ ကျဆင်းလာသည်ဆိုသော်လည်း စိုရွှဲမှုတော့ မဖြစ်စေခဲ့ပေ။ ထို့ကြောင့် လေးလေးနက်နက်နှင့် ဆက်လက်ကာဆွေးနွေးလျက် ရှိနေကြတော့၏။

လက်ရှိ မည်သည့်အရာမျိုးကို ဆွေးနွေးနေကြသနည်းဆိုသော် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား မည်ကဲ့သို့ တိုက်ခိုက်မည်ကို ဆွေးနွေးနေခြင်းပင် ဖြစ်တော့၏။ သိုပေမဲ့ ပိုမို၍ လုံခြုံစေရန် ထိုကဲ့သို့ ဆွေးနွေးသည့်အကြောင်းအရာများကို အသံပို့စနစ်ဖြင့် ဆွေးနွေးနေကြခြင်းဖြစ်၏။ ထိုသူတို့သည် ရံဖန်ရံခါ ဆိုသလို ကျွင်းချောင်ရှောင်းအား လှမ်း၍ကြည့်နေကြ၏။ ကျွင်းချောင်ရှောင်း ခိုး၍ နားထောင်နေမည်ကို သူတို့ စိုးရိမ်နေမိ၏။ သို့ပေမဲ့ ဤအရာသည် စိုးရိမ်ပူပန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ရင်ဟွေ့တောင်ဆီသို့ လာရောက်ရသည့်အကြောင်းသည် ပွဲကြည့်ရန် သက်သက်သာ ဖြစ်တော့၏။ သူ့အနေနှင့် ဤဂိုဏ်းများအနေဖြင့် နတ်ဆိုးအင်ပါယာဂိုဏ်းအား မည်ကဲ့သို့ တိုက်ခိုက်မည် ဆိုသည်ကို စိတ်မဝင်စားချေ။

ကောင်းကင်ပေါ်တွင် တိမ်မဲများ အားလုံးသည် လေနှင့်အတူ အဝေးသို့ လွင့်စင်သွားပြီးနောက် ပျောက်ကွယ်သွားခဲ့တော့၏။ ထို့နောက် သက်တန့်ကြီးတစ်ခုသည် ထွက်ပေါ်လာခဲ့တော့သည်။

“လှလိုက်တာ” ရှစ်ကျန်းရွမ်က ထ၍ အော်လိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မိုးရွာပြီးတဲ့အချိန်မှာ ရေစက်လေးတွေက လေထဲမှာ ရှိနေတယ်လေ၊ အဲဒီအရာတွေကို နေကြီးက ထိုးလိုက်တဲ့အချိန် ဒီလို သဘာဝသက်တန့်ရောင်စဉ်တွေ ဖြစ်လာခဲ့တာပဲ”

“ဂိုဏ်းချုပ်ကျွင်းက တော်တော်သိတာပဲ” ရှစ်ကျန်းရွမ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ကျုပ်က အရာကိစ္စတော်တော်များများကို အတွင်းကျကျ သိတယ်လေ”

“အားလုံးပဲ”

ထိုအချိန်မှာတော့ ကြင်နာတတ်သည့် မျက်နှာသွင်ပြင်နှင့် အဘိုးအိုက ပြောလိုက်၏။ “ဆုံးဖြတ်ပြီးသွားပြီ၊ ကျေးဇူးပြုပြီး ကျုပ်တို့ မပြန်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ကြရအောင်”

ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည် လက်သီးကို ဆုပ်လိုက်မိ၏။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ်ကို ခေါ်၍ သက်တန့်ကြီးကို ပြသလျက်ရှိသည်။

“နှုတ်ဆက်ပါတယ်”

“နှုတ်ဆက်ပါတယ်” ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည် ထွက်ခွာရန် ပြင်ဆင်လိုက်ချိန်မှာတော့ အဝေးတစ်နေရာတွင် တိမ်မဲများ ဖြစ်တည်လာ၏။

ကျွင်းချောင်ရှောင်းသည် တီးတိုးပြောလိုက်၏။ “နတ်ဆိုးကျင့်ကြံသူတွေ”

ဟုတ်ပေသည်။ ဤကဲ့သို့သော အော်ရာမျိုးကို သူကောင်းကောင်း နားလည်၏။ အဘယ်ကြောင့်ဆိုသော် သူ၏တပည့် ရောင်မုန့်ယဉ် သည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။

များပြားလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများသည် ထိုအချင်းအရာကို သတိပြုမိလိုက်ကြသည်။ ၎င်းတို့၏ အမူအရာများသည် ပိုမို၍ လေးနက်လာခဲ့၏။

ဆွစ် ဆွစ်

ချက်ချင်းပဲ များပြားလှသော အမဲရောင်အလင်းတန်းများ ပျံသန်းလာပြီးသည့်နောက် ကောင်းကင်ပေါ်တွင် နတ်ဆိုးအော်ရာများ ဖြစ်တည်လာခဲ့သည်။

ထိုသူတို့သည် စုစုပေါင်း လူငါးယောက်ဖြစ်၏။ လေးယောက်သည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုများ ဖြစ်ပြီး ဘယ်မှညာ အသီးသီး ရပ်လျက်ရှိ၏။ အလယ်တွင်မှာတော့ အလွန်တရာ ချောမောလှသော လူငယ်လေးတစ်ယောက် တည်ရှိနေ၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် မာဘယ်တောင်ကြားထဲတွင် တွေ့ဆုံခဲ့ရသော လူငယ်ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်သည်နှင့် သိရှိမိ၏။ ဤလူသည် ယောက်ျားတစ်ယောက်ဟန်ဆောင်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်မည်ဟု ထင်မှတ်နေမိ၏။ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးကြီးလေးယောက်တို့သည် မတူညီသည့်သွင်ပြင်များရှိ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဆိုးအော်ရာများနှင့် ဖုံးလွှမ်းလျက် ရှိနေသည်။

“သိုင်းနယ်မြေလား”

ကျွင်းချောင်ရှောင်းသည် အမူအရာ တစ်ချက်ကလေးမှ မပြောင်းပဲ အသံပို့လွှတ်လိုက်တော့၏။ “ဂိုဏ်းကို အကြောင်းကြားလိုက်တော့၊ ဟောခန်းသခင်ကျိနဲ့ အဘိုးကြီးတင်းတို့ကို ဖြစ်နိုင်သမျှ အမြန်ဆုံးလာခဲ့ဖို့”

“ကောင်းပါပြီ” တောင်ခြေတွင် ရှိနေသော မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များသည် ဂိုဏ်းချုပ်၏ အမိန့်ကို လက်ခံရရှိပြီးနောက်မှာတော့ အလျင်အမြန်ပဲ သတင်းကို ပို့လွှတ်ကြတော့သည်။ အချိန်အတိုင်းအတာ တစ်ခုအတွင်း ဂိုဏ်းထဲတွင် တည်ရှိနေသော လီလိုရှုသည် သတင်းစကားကို ရရှိခဲ့ပြီးဖြစ်၏။

ဆွစ် ဆွစ်

ထမင်းစားရင်းတန်းလန်းဖြစ်နေသော ခရမ်းရောင်ဘုရင်နှင့် အဘိုးကြီးတင်းတို့သည် စားလက်စများကို ရပ်တန့်ကာ အမြန်ဆုံးနှုန်းဖြင့် ရင်ဟွေ့တောင်သို့ ပျံသန်းကြတော့သည်။

ဤကဲ့သို့သော သတင်းအချက်အလက် စေလွှတ်မှုမျိုးသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် မည်သည့်ဂိုဏ်းကမှ ထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး”

လီလိုရှုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “တစ်စုံတစ်ခုက တကယ့်ကို ဖြစ်လာခဲ့တာပဲ”

ဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူနှစ်ယောက်ကို စေလွှတ်ရန် ပြောဆိုလိုက်သည်ဆိုတော့ အခြေအနေသည် သေးငယ်သည့်ပုံ မပေါ်ချေ။

ရင်ဟွေ့တောင်ပေါ်တွင်တော့ လူငယ်တစ်ယောက်နှင့် သိုင်းနယ်မြေ ကျင့်ကြံသူလေးယောက်တို့သည် ကောင်းကင်ပေါ်တွင် ရပ်တန့်နေကြ၏။ အခြေအနေသည် အလွန်တရာ လေးနက်သည့် အခြေအနေမျိုး ဖြစ်တည်နေခဲ့သည်။

ကြင်နာတတ်သည့် မျက်နှာအသွင်အပြင်နှင့် အဘိုးအိုသည် သေသေချာချာ စဉ်းစားလိုက်၏။ ပြီးသည့်နောက်မှာတော့ လေးလေးနက်နက်နှင့် မေးလိုက်တော့သည်။ “ခင်ဗျားဘယ်သူလဲ”

“ကျုပ်ကိုကျုပ် မိတ်ဆက်ပေးမယ်”

ကျွင်းချောင်ရှောင်းထက် ပိုမိုချောမောသော လူငယ်သည် ရုတ်တရက် ရှေ့ကို ထွက်လာပြီး ကြင်နာစွာ ပြောလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်ရဲ့ မျိုးရိုးနာမည်က ယွမ်၊ ဒီတော့ ကျုပ်ကို ယွမ်သခင်လေးလို့ ခေါ်နိုင်တယ်၊ ဒါမှမဟုတ်ရင်လည်း နတ်ဆိုးအင်ပါယာဂိတ်ရဲ့ ဒုတိယသခင်လေးလို့ ခေါ်လို့ရတယ်”

“နတ်ဆိုးအင်ပါယာဂိတ်ရဲ့ သခင်လေး” ကျွမ်းကျင်သူများအားလုံး၏ မျက်နှာများသည် ပြောင်းလဲသွားသည်။ ထိုအချိန်မှာတော့ ၎င်းတို့အားလုံးသည် ရင်ဟွေ့တောင်ဆီသို့ ရောက်ရှိလာခဲ့ခြင်းမှာ ဤနတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းအား မည်ကဲ့သို့ သုတ်သင်ရှင်းလင်းရမည်ကို ဝိုင်းဝန်းဆွေးနွေးကြခြင်းပင် ဖြစ်တော့သည်။ လက်ရှိအခြေအနေမှာတော့ အဓိက ဇာတ်ကောင်သည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ဒါဆိုရင် ဒီလူက ဒုတိယဂိုဏ်းချုပ်ပေါ့” ကျွင်းချောင်ရှောင်းသည် တီးတိုး ပြောလိုက်မိ၏။

တစ်ဖက်လူသည် လက်ရှိဖြစ်တည်နေသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်၍ အသစ်ပြန်လည် တည်ဆောက်ချင်သည်ဟု ပြောဆိုခဲ့ဖူး၏။ ကြည့်ရသည်မှာ ဤကဲ့သို့ ပြုလုပ်ရန် စွမ်းရည်နှင့် သတ္တိလည်း ရှိနေပုံပေါ်သေးသည်။ ၎င်းသည် ကျော်ကြားလှသော လမ်းမှန်ဂိုဏ်းများနှင့် ရန်သူပြုလုပ်ရန် လက်မနှေးလှသူလည်း ဖြစ်နေသေး၏။

ရှစ်ကျန်းရွမ်က အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း အခြေအနေက မကောင်းတော့ဘူး၊ မြန်မြန် ထွက်ခွာသွားရအောင်”

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ချင်း ဆက်ပြီး စကားပြောလိုက်ကြတော့၊ ကျုပ်တို့အရင် ထွက်သွားပါအုံးမယ်”

သူ့အနေနှင့် ဤကဲ့သို့သော ကိစ္စကြားတွင် ဝင်ရောက်ပါဝင်ရန် စိတ်မဝင်စားချေ။ ထို့ကြောင့် ငြိမ်ငြိမ်သက်သက်နှင့် ပွဲကြည့်ပရိသတ်သာ ပြုလုပ်ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

ယွမ်သခင်လေးက ပြုံးကာ ပြောလိုက်သည်။ “ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲလေ၊ ဒီတော့ ခဏလောက် စကားပြောပြီးမှ ထွက်ခွာသွားတာ မကောင်းဘူးလား။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် အလိုမကျသည့် အရိပ်အယောင်များ ဖြစ်တည်နေ၏။ တစ်ဖက်လူသည် မိတ်ဆွေဟောင်းဟု ပြောဆိုလိုက်သည့်အချိန်တုန်းက ၎င်း၏ လေသံအား ပိုမိုလေးနက်စေရန် အသံကိုမြှင့်ကာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။

သေချာပေသည်။ များပြားလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများသည် ထိုစကားသံကို ကြားရသည့်နောက်မှာတော့ အတွေးများ ရိုင်းကုန်ကြတော့၏။ ပြိုင်စံရှားဂိုဏ်းနှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း တို့သည် မဟာမိတ်များ ဖြစ်သည်ဟုပင် ၎င်းတို့က သံသယဝင်လာကြတော့သည်။

“ယွမ်သခင်လေး”

ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ကျုပ်နဲ့ခင်ဗျားက တစ်ကြိမ်ပဲ တွေ့ခဲ့ဖူးတာလေ၊ ဘယ်လိုဖြစ်ပြီး မိတ်ဆွေဟောင်းတွေ ဖြစ်သွားတာလဲ”

“ကျုပ်တို့က ခရမ်းရောင်ဝါးတောရဲ့ မာဘယ်တောင်ကြားထဲမှာ တွေ့ဆုံခဲ့ဖူးတဲ့အချိန်က တော်တော်ကြီးကို စကားပြောဆိုခဲ့တယ်လေ၊ ဒီတော့ ဘယ်လိုဖြစ်ပြီးတော့ မိတ်ဆွေတွေ မဟုတ်ရမှာလဲ” ယွမ်သခင်လေးသည် ပြုံးကာပြောလိုက်၏။

ချီးတဲ့မှ …. မင်းက ငါ့ကို ချီးတွင်းထဲ ဆွဲသွင်းနေတာပေါ့။

“ဟမ့်”

အောင်းဟိုင်ယု သည် နှာခေါင်းကိုရှုံ့ကာဖြင့် ပြောလိုက်၏။ “ဒီတော့ ဂိုဏ်းချုပ်ကျွင်းနဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ ဒုတိယသခင်လေးတို့က မိတ်ဆွေတွေပေါ့၊ ဒါကြောင့် မဖိတ်ခေါ်ဘဲ ရောက်လာတာ အံ့အားသင့်စရာ မဟုတ်ဘူးပဲ”

များပြားလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများသည် ကျွင်းချောင်ရှောင်းကို လှမ်း၍ ကြည့်ရှုလိုက်ကြ၏။ အစောပိုင်းတွင် တစ်ဖက်လူ၏ မောက်မာမှုသည် ၎င်းတို့အား အလွန်ပင် ဒေါသထွက်စေ၏။ အခုကြည့်ရသည်မှာ နတ်ဆိုးအင်ပါယာဂိတ်နှင့် အတူပူးပေါင်း၍ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဤလူငယ်သည် သူတို့၏ ရန်သူပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သတ်ဖြတ်လိုက်ခြင်းဆန္ဒအပြည့်ဖြင့် ကြည့်ရှုလိုက်ကြ၏။

“ကောင်လေး”

ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေးအား အေးစက်စက်ပင်ကြည့်ကာ ပြောလိုက်၏။ “ကျုပ် ခရမ်းရောင်ဝါးတောမှာတုန်းက ပြောခဲ့ဖူးတယ်၊ ကျုပ်ကို မခြိမ်းခြောက်နဲ့၊ ပြီးတော့ ကျုပ်သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လာလာပြီး မထိပါးနဲ့လို့ ပြောခဲ့တာကို မေ့သွားပုံပဲ”

All Chapters