မာဖီးယားကမ္ဘာ
Vol. 12 Ch. 25
တစ္ဆေဖြူဆိုတဲ့လူငယ်က အံ့မခန်းမြန်နှုန်းနဲ့ ဝါ့ဇ်တို့နားကနေ ဖြတ်ပြေးတယ်။ သူက သူ့ကိုဓားကိုင်ပြီး အသင့်စောင့်နေတဲ့ အိုက်ဇာဝါဆီပြေးမဝင်ခင် ဝါ့ဇ်တို့ကို ပြောခဲ့သေးတယ်။
“ဒီနေရာကနေ ပြေးတော့...”
ထန်း... ထန်း... ထန်း...
ဓားချင်းထိခတ်သံတွေက မှောင်မိုက်နေတဲ့ လမ်းမပေါ်မှာ ထွက်ပေါ်လာပြီး သတ္တုချင်းထိခတ်မိရာကနေ မီးပွားတွေ အဆက်မပြတ်ထွက်ပေါ်လာနေတယ်။ တစ္ဆေဖြူက ဓားနှစ်လက်ကိုင်ထားပြီး အပေါ်စီးကနေ အိုက်ဇာဝါကို လျင်မြန်တဲ့ဓားချက်တွေနဲ့ ခုတ်ပိုင်းနေပေမဲ့ အိုက်ဇာဝါရဲ့ ဓားသိုင်းကလည်း ပညာသားပါပါနဲ့ ရိုးရှင်းပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ တန်ပြန်တိုက်ကွက်တွေကို ပြုလုပ်နိုင်စွမ်းရှိတယ်။
ပထမပိုင်းမှာတော့ နှစ်ယောက်လုံးက ဖြည်းဖြည်းမှန်မှန် တိုက်ခိုက်နေကြတာဖြစ်ပြီးတော့ တဖြည်းဖြည်းနဲ့ပိုပြီး လျင်မြန်လာတယ်။ မကြာခင်မှာပဲ သူတို့တိုက်ကွက်တွေက အသံမြန်နှုန်းကို ချိုးဖောက်သွားပြီး အနားမှာ လေဝဲတစ်ခု ဖြစ်ပေါ်လာတယ်။ နှစ်ယောက်လုံးရဲ့ဓားတွေကလည်း အပူရှိန်ကြောင့် အနီရောင်ပြောင်းလဲသွားခဲ့ပါပြီ။
ထန်း...
အိုင်ဇာဝါရဲ့ဓားက နှစ်ခြမ်းပြတ်ထွက်သွားပြီး အိုက်ဇာဝါရဲ့ လက်မောင်းတစ်ဖက်ကို တစ္ဆေဖြူရဲ့ဓားက ပိုင်းမိတယ်။ သွေးတွေ ဖြာခနဲပန်းထွက်လာပြီး အခြေအနေမဟန်တဲ့ အတွက်ကြောင့် တစ္ဆေဖြူရဲ့ရင်ဘတ်ကို အိုက်ဇာဝါက ကန်ထုတ်ပြီး နှစ်ယောက်ကြားက အကွာအဝေးကို တိုးမြှင့် လိုက်ပါတယ်။
“တိုက်ပွဲက ပြီးသွားပြီ။ မင်းနဲ့ မင်းလူတွေက ငါ့ကို မယှဥ်နိုင်ဘူး။ အသားနာမခံဘဲ တရားဥပဒေထံ လက်နက်ချလိုက်တော့။”
တစ္ဆေဖြူဆီက တိုက်တွန်းချက်ကြောင့် အိုက်ဇာဝါက ခေါင်းကိုမော့ပြီးတော့ ရယ်မောလိုက်တယ်။ ပြီးတဲ့နောက် “နယူးယောက်ဆိုတဲ့ အမှောင်မြို့ကြီးမှာ တရားမျှတမှုဆိုတာ ရှိသေးလို့လား။ မင်းတို့ရဲ့မျှော်လင့်ချက်ဆိုတဲ့ မိန်းမပျိုလေးလဲ ငါ့လက်အောက်မှာပဲ ဆန့်ငင်ဆန့်ငင်နဲ့ အသက်ထွက်သွားရတာ။”
တစ္ဆေဖြူရဲ့မျက်လုံးအကြည့်တွေ ပြောင်းလဲသွားတယ်။ “မင်း.... လင်ဒါကို သတ်ခဲ့တာလား။”
“ငါကိုယ်တိုင်တော့ မဟုတ်ပါဘူး။ ငါက သတ်နိုင်တဲ့သူကို ငွေပေးခဲ့တာလေ။”
အိုက်ဇာဝါက လက်ခုတ်တီးလိုက်တယ်။ ရုတ်တရက် တိုက်အမြင့်တစ်ခုပေါ်ကနေ လူတစ်ယောက်ခုန်ဆင်းလာပြီး ဧရာမဓားနက်ကြီးနဲ့ တစ္ဆေဖြူကို ခုတ်ချလိုက်တယ်။
ဘုန်း...
တစ္ဆေဖြူက အလျင်အမြန်ပဲ ဓားကိုရှောင်လိုက်နိုင်ပေမဲ့ ဓားရဲ့အလေးချိန်က ကြောက်ခမန်းလိလိမြင့်မားပြီးတော့ မီတာနှစ်ရာလောက်ရှည်တဲ့ ကတ္တရာလမ်းပိုင်းတစ်ခုလုံးကို အက်ကွဲသွားစေပါတယ်။
“အာဖရိကစစ်မြေပြင်မှာ ပြိုင်ဖက်ကင်းခဲ့တဲ့ ထိပ်တန်း ဓားသမား ဓားနတ်ဆိုးလေ။ ပထမတန်းအထွတ်အထိပ်က မင်းလိုလူမျိုးတောင်မှ သူ့ကို ခုခံနိုင်မှာမဟုတ်ဘူး။”
ဝါ့ဇ်က အသစ်ပေါ်လာတဲ့သူကို ကြည့်လိုက်တယ်။ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကြွက်သားတွေနဲ့ ပြည့်နှက်နေတဲ့ လူဖြစ်ပြီး မျက်စိကို အနက်ရောင်ပဝါနဲ့ဖုံးထားတယ်။ နက်ပြောင်နေတဲ့ အသားအရေပေါ်မှာ များစွာသော အမာရွတ်တွေရှိနေပြီး သူကိုယ်တိုင်ရဲ့တည်ရှိမှုကတင် လမ်းမပေါ်က လေထုကို အများကြီး တင်းကျပ်သွားစေတယ်။
“ဓားနတ်ဆိုး၊ တစ္ဆေဖြူကို မင်းသတ်နိုင်ရင် ဒေါ်လာ သန်းငါးဆယ်ပေးမယ်။ မင်းသမီးလေးဖို့ ဆေးဖိုး လုံလောက်တယ်မဟုတ်လား။”
“ကောင်းပြီ...” ဓားနတ်ဆိုးက ချက်ချင်းသဘောတူပြီး တစ္ဆေဖြူကို စတိုက်တယ်။ တစ္ဆေဖြူက ဓားနတ်ဆိုးရဲ့ ဒေါင်လိုက်ပိုင်းချက်ကို ဓားနှစ်လက်နဲ့စီးပြီး ခုခံလိုက်ပေမဲ့ ခွန်အားကွာခြားချက်ခြင်းက ကြီးမားလွန်းတဲ့အတွက် ဒူးထောက်ကျသွားတယ်။ ဓားနတ်ဆိုးက တစ္ဆေဖြူကို ဆက်လက်ဖိအားပေးထားတဲ့အတွက် ရှောင်ထွက်လို့ မရဘူးဖြစ်နေတယ်။ နောက်တော့ ဓားနက်ကြီးရဲ့အသွားက တစ္ဆေဖြူရဲ့ပခုံးကို ထိလောက်တဲ့အထိ နိမ့်ကျလာပြီး သွေးစတချို့ သူ့ပခုံးကနေ စီးကျလာတယ်။
“ဘာတွေဖြစ်နေလဲ နားမလည်ပေမဲ့ မျက်နှာဖုံးနဲ့လူက လူဆိုးတော့ မဟုတ်လောက်ဘူးမလား။ သူ့ကို ကူရအောင်။”
ဝါ့ဇ်က မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။ ရေခဲချွန်တွေက ဓားနတ်ဆိုးရဲ့လည်ချောင်းတည့်တည့်ကို ပြေးဝင်လာတယ်။ ဓားနတ်ဆိုးက အသာအယာရှောင်လိုက်ပေမဲ့ အာရုံပြန့်ပြီး ဓားချက်က ဖိအားအနည်းငယ်လျော့သွားတာကြောင့် တစ္ဆေဖြူက ရှောင်ထွက်လိုက်နိုင်တယ်။
“ငါမင်းကို ထွက်သွားဖို့ ပြောခဲ့တယ်နော်။” တစ္ဆေဖြူက ဒဏ်ရာရထားတဲ့ ပခုံးကို အဝတ်စတစ်စနဲ့ချည်လိုက်ရင်း ပြောတယ်။ ဝါ့ဇ်ကတော့...
“ငါ့ရှေ့မှာ လူကောင်းတစ်ယောက်ကို သေခွင့်မပေးနိုင်ဘူး။ ငါကလည်း မင်းလိုပဲ တရားမျှတမှုအတွက် ရပ်တည်နေတဲ့ လူတစ်ယောက်မလို့လေ။”
အိုက်ဇာဝါကတော့ မျက်မှောင်ကြုတ်လိုက်ပြီး သူ့လူတွေကို အမိန့်ပေးလိုက်တယ်။ “ဝင်ရှုပ်တဲ့ ကောင်တွေကို သတ်။”
အဲဒီနောက် သူကိုယ်တိုင်လည်း ပြေးလာတယ်။ ဝါ့ဇ်နဲ့ တစ္ဆေဖြူတို့က တိုက်ခိုက်ဖို့အတွက် အသင့်ပြင်လိုက်ကြပြီး တစ္ဆေဖြူက ဓားနတ်ဆိုးထံ တန်ပြန်ပြေးဝင်သွားတယ်။ ဝါ့ဇ်က အိုက်ဇာဝါနဲ့လူအုပ်ကို ဖရာလီတာကိုကာကွယ်ရင်း တိုက်ခိုက်ဖို့ ဖြစ်လာတယ်။
“ဖရာလီတာ၊ ငါ့နောက်မှာပဲနေ။” ဝါ့ဇ်က ဖရာလီတာကို လက်တစ်ဖက်နဲ့ဆွဲထားရင်း သူ့ရဲ့လက်ရှိ အဆင့်ငါး မှော်စွမ်းအားလေးနဲ့ ဖန်တီးနိုင်သမျှ မှော်ဂါထာတွေကို ထုတ်သုံးနေတယ်။ ဖရာလီတာကတော့ ကြောက်ရွံနေတဲ့ မျက်နှာနဲ့ ဝါ့ဇ်ရဲ့ခါးကို ဖက်ထားလေရဲ့။
“အဆင့် သုံး၊ မိုးကြိုးလျှပ်စီး။”
“အဆင့်း သုံး၊ မီးတောက်ဘောလုံး။”
“အဆင့် သုံး၊ အကာအရံတံတိုင်း”
အဆင့်နိမ့်မှော်ဆရာတစ်ယောက်ဖြစ်ပေမဲ့ ဝါ့ဇ်ရဲ့မှော်ဂါထာ ရွတ်ဆိုနိုင်စွမ်းက သိပ်ကိုမြန်တယ်။ လူတစ်ဒါဇင်လောက် သူတို့ဆီကို ဝင်လာနေပေမဲ့ တစ်ယောက်မှ ဝါ့ဇ်ခံစစ်ကို ကျော်ပြီးတော့ အနားကိုကပ်မလာနိုင်ဘူး။ ဒါပေမဲ့ အိုက်ဇာဝါကတော့ သူတို့အနားကို ရောက်လာပြီ။
“မင်း ဘာနည်းလမ်းတွေ သုံးနေမှန်းမသိပေမဲ့ အထင်တော့ ကြီးစရာပဲ။ ဒါပေမဲ့ သေလိုက်တော့။”
တောင်ဖြိုဓားသိုင်း၊ သုံးဆင့်ပိုင်းဖြတ်ခြင်း။
ရွှမ်း...
အိုက်ဇာဝါရဲ့ဓားချက်သုံးချက်က တစ်ချက်တည်းအဖြစ် ပေါင်းစည်းသွားပြီး ဝါ့ဇ်ဆီကို ဝင်လာတယ်။ ဝါ့ဇ်က ခုခံဖို့ ကြိုးစားတဲ့အနေနဲ့ ရေခဲဒိုင်းတစ်ချပ်ကို ဖန်တီးလိုက်တယ်။ ဒါပေမဲ့ အဲဒီရေခဲဒိုင်းက သူသုံးနေကျ သလင်းကျောက်ဒိုင်းထက် အများကြီးအားနည်းနေတယ်။
ခလွမ်း...
ရေခဲဒိုင်းက ကျိုးပဲ့သွားပြီး ဓားချက်က သူ့ကိုခုတ်မိလု နီးနီးအခြေအနေမှာ ဝါ့ဇ်က သူ့ကိုယ်သူသေပြီလို့ ထင်လိုက်တယ်။ ဒါပေမဲ့ အဖြူရောင်လူရိပ်တစ်ခုက သူနဲ့ ဓားချက်ကြားမှာ ဝင်ခံပေးလိုက်တယ်။
ရွှတ်...
ဓားသွားက အသားကိုလှီးဖြတ်မိသွားတဲ့ အသံနဲ့အတူ သွေးတချို့က ဝါ့ဇ်နဲ့ဖရာလီတာရဲ့မျက်နှာကို လာစင်တယ်။ သူတို့နှစ်ယောက်ရှေ့မှာ တစ္ဆေဖြူရှိနေပြီး ကာနာတာက သူ့ခါးတစ်ဝက်လောက်အထိ ထိုးဖြတ်ဝင်ရောက်ထားတယ်။
“တရားမျှတမှု ဘက်တော်သားတဲ့လား။ အဲဒီစကားကို ငါကြိုက်တယ်။”
ရွှတ်...
တစ္ဆေဖြူကလည်း သူ့ကိုယ်ပိုင်ဓားချက်ကို ထုတ်ဖော်လိုက်တယ်။ အိုက်ဇာဝါရဲ့လက်နှစ်ဖက်က တိခနဲ ပြတ်ကျသွားတယ်။ နောက်တော့ သွေးတွေပန်းထွက်လာပြီး အိုက်ဇာဝါရဲ့ငယ်သံပါအောင် အော်သံကြီး ထွက်လာတော့တာပဲ။
“ဒီကနေ ဆုတ်ရအောင်” ဝါ့ဇ်က ရန်သူ့ဖက်မှာ ပိုပြီးတော့ အားကောင်းတဲ့ ဓားနတ်ဆိုးရှိနေတာကို သတိထားမိတာမလို့ ဒဏ်ရာရနေတဲ့ တစ္ဆေဖြူကို နောက်ကနေ ထိန်းပေးလိုက်ပြီး မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။
“အဆင့်နှစ်မှော်ပညာ၊ မြူနှင်းများ။” ရုတ်တရက် ထူထဲတဲ့ မြူခိုးမြူငွေ့တွေက သူတို့သုံးယောက်ကို ဖုံးလွှမ်းသွားတယ်။ ဝါ့ဇ်က တစ္ဆေဖြူကို ကျောပိုးလိုက်ပြီး ဖရာလီတာရဲ့လက်ကို ဆွဲကာ စပြေးတယ်။ သူ့ကိုယ်သူအရှိန်မြှင့်တဲ့ မှော်ပညာ သုံးဖို့လဲ မမေ့ခဲ့ဘူး။
...
မှောင်မိုက်ပြီး ပိုချောင်ကျတဲ့ တစ်နေရာကို ရောက်တဲ့ အခါမှာတော့ ဝါ့ဇ်က တစ္ဆေဖြူကို နံရံတစ်ခုကိုမှီကာ အသာအယာချပေးလိုက်တယ်။
“အဆင့် ငါး၊ ရေကုသမှော်ပညာ။” နောက်တော့ ကုသရေး မှော်ပညာကို သုံးကြည့်ပေမဲ့ သွေးထွက်မတိတ်တာကို သူသတိထားမိလိုက်တယ်။
“ဝါ့ဇ်... သူ့ဒဏ်ရာက ကြီးတယ်။ နင့်ရဲ့ပိစိညှောက်တောက် ကုသရေးမှော်လောက်နဲ့ ကုပေးလို့မရဘူး။”
ဖရာလီတာက သွေးသံရဲရဲမြင်ကွင်းကို မြင်ခဲ့ရတဲ့အတွက် တစ်ကိုယ်လုံးတုန်ယင်နေပေမဲ့ အခုလိုပြောလိုက်တယ်။ ဝါ့ဇ်လည်း အဖြစ်မှန်ကိုသိပါတယ်။ ဒါပေမဲ့ သူ့မှာ တခြားရွေးစရာမရှိဘူးလေ။
“မိတ်ဆွေ၊ မင်းငါ့ကို ကူညီချင်တယ်ဆိုရင် အိုင်းမွန်းစစ်စတာဂိုဏ်းကိုခေါ်သွားပေးပါ။”
တစ္ဆေဖြူက ဝါ့ဇ်ရဲ့ပခုံးကို ဆုပ်ကိုင်လိုက်ရင်း လိပ်စာတစ်ခုကို ပြောလိုက်တယ်။ သူ့လက်တွေမှာ သွေးတွေနဲ့ပေကျံနေတာမလို့ ဝါ့ဇ်ရဲ့ ကျောင်းသားယူနီဖောင်းလည်း သွေးတွေနဲ့ ချင်းချင်းနီကုန်လေရဲ့။ တစ်ပြိုင်နက်တည်းမှာပဲ တစ္ဆေဖြူရဲ့ မျက်နှာဖုံးက ကျွတ်ကျသွားတယ်။ အဲဒီနောက်တော့ ဝါ့ဇ်နဲ့ ရုပ်ချင်းဆင်တူတဲ့ ယောကျ်ားလေးတစ်ယောက်ရဲ့မျက်နှာကို သူမြင်လိုက်ရတော့တာပဲ။
“ဘုရားရေ၊ သူက ငါ့ရဲ့မူကွဲလား။”
...
မြို့အစွန်က ဆင်းရဲသားတွေနေတဲ့ ရပ်ကွက်တစ်ခုဆီကို ဝါ့ဇ်တို့အုပ်စုရောက်လာတယ်။ ဒီနေရာမှာ အမေရိကန် အာဖရိကန် အောက်ခြေလူတန်းစတချို့ သွားလာလှုပ်ရှားနေတာကို မြင်နိုင်တယ်။ သူတို့တွေက သွေးသံရဲရဲနဲ့ဝါ့ဇ်တို့အုပ်စုကိုမြင်တော့ ထိတ်လန့်ကုန်ကြတယ်။ ကံကောင်းတာက လူကောင် ကြီးကြီးနဲ့ အရာရောက်ပုံပေါ်တဲ့ လူတစ်ယောက်က ရှေ့ကို ထွက်လာပြီး တစ္ဆေဖြူကိုသေချာလာကြည့်တယ်...
“ဘုရားရေ... ကျေးဇူးရှင်လေးပါလား။ မဖြစ်ဘူး မဖြစ်ဘူး။ ကျုပ်တို့ဘော့စ်ကို အမြန်ဆုံးအကြောင်းကြားမှ ဖြစ်မယ်။”
ခဏနေတော့ လူမိုက်ပုံစံပေါက်နေတဲ့ လူမည်းတချို့က သူတို့ကိုဝန်းရံပြီးတော့ နည်းနည်းသားသားနားနား ရှိတဲ့ပုံပေါ်တဲ့ အိမ်တစ်လုံးဆီ ခေါ်သွားပေးပါတယ်။ အဲဒီနောက်တော့ ဆရာဝန်ဖြစ်ပုံပေါ်တဲ့ လူတချို့ရောက်လာပြီး တစ္ဆေဖြူကို တရားမဝင်ဖွင့်ထားပုံပေါ်တဲ့ ဆေးခန်းဆီကို ခေါ်သွားတယ်။
“ငါတို့ ဘော့စ်က နင်တို့ကို တွေ့ချင်နေတယ်။” ခဏနေတော့ ဝါ့ဇ်တို့ကို အနက်ရောင်သားရေကိုယ်ကျပ်ဝတ်စုံဝတ်ထားတဲ့ ခပ်လန်းလန်း အာဖရိကန်အမျိုးသမီးတစ်ယောက်က သူတို့ကို လာခေါ်တယ်။
“ကျွန်မနောက်ကနေ လိုက်ခဲ့။” အဲဒီအမျိုးသမီးက အပိုစကားမပြောဘဲ သူတို့ရှေ့ကနေ ဦးဆောင်ပြီးတော့ လျှောက်ပါတယ်။ ဝါ့ဇ်နဲ့ဖရာလီတာတို့က နောက်ကနေ လိုက်လာရင်း ဝါ့ဇ်က ပိုပိုပြီးတော့ စိတ်ပူလာပါတယ်။
“ဒီနေရာကလည်း လူမိုက်ဂိုဏ်းတစ်ခုရဲ့ပိုင်နက် ဖြစ်ပုံပဲ။ ဖရာလီတာ... အခြေအနေမကောင်းရင် ပြေးဖို့ပြင်ထား။ ငါနင့်ကို ကာကွယ်ပေးမယ်။”
ဖရာလီတာကတော့ သူ့ကိုအခုထိ လက်ကိုင်ထားတဲ့ ဝါ့ဇ်ကို အပြစ်မပြောသေးဘဲ သူ့ခြေထောက်လေးတွေကိုသာ ငုံကြည့်နေရင်း လျှောက်နေတာကို ရပ်လိုက်တယ်။
“ဝါ့ဇ်... ငါ့မှာ နင့်ကို ပြောစရာရှိတယ်။”
“ဘာဖြစ်လို့လဲ။” ဝါ့ဇ်က ဖရာလီတာကို ကြည့်လိုက်တော့။
“ခုနက နင်တအားမိုက်တာပဲ။ အရင်က နင့်ကို သူရဲဘောကြောင်တယ်လို့ ပြောခဲ့မိလို့ တောင်းပန်ပါတယ်။”
ဝါ့ဇ် အသက်ရှုမှားသွားတယ်။ ဖရာလီတာမှာ အခုလိုမျိုး ချစ်စရာကောင်းတဲ့ ဘက်ခြမ်းလည်း ရှိနေသေးတာလား။
မကြာခင်မှာပဲ သူတို့တွေ ခန်းမကျယ်ကြီးထဲကို ရောက်လာ ပါတော့တယ်။ ခန်းမထဲမှာ လူကောင်ကြီးတဲ လူမည်းလူမိုက် ဂိုဏ်းသား အယောက်ငါးဆယ်ခြောက်ဆယ်လောက် စုစည်းနေကြပြီး အမျိုးသမီးတချို့ကိုလည်း မြင်ရတယ်။ ထိပ်ဆုံးက ခုံအမြင့်မှာတော့ ဆံပင်ကိုကျစ်ဆံမြီးကျစ်ပြီး နောက်မှာစုစည်းထားတဲ့ အမေရိကန်အာဖရိကန် မိန်းမလှ တစ်ယောက်ရှိနေတယ်။ လက်ထဲမှာတော့ ငွေဖြူရောင် ကျိုင်းတုတ်ကိုကိုင်ထားပြီး သူထိုင်နေတဲ့ခုံက စိန်ပုံစံပါတဲ့ ပလ္လင်လိုခုံကြီးပါ။
“မင်းတို့က တစ္ဆေဖြူကို ကာကွယ်ပေးခဲ့တယ်လို့ ငါ့တပည့်တွေကပြောတယ်။ အဲဒီအတွက် ဒိုင်းမွန်း စစ်စတာဂိုဏ်းက ကျေးဇူးမမေ့ပါဘူး။ အားလုံးကိုယ်စား ငါ ဖလောအာက ကျေးဇူးတင်ပါတယ်။”
ဝါ့ဇ်ကတော့ ဖလောအာကို မော့ကြည့်လိုက်တယ်။ “မင်းကလည်း လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက် မဟုတ်လား။ ဆိုလိုတာက ငါတို့ကိုတိုက်ခိုက်ခဲ့တဲ့ အိုက်ဇာဝါ ဆိုတဲ့သူနဲ့ သိပ်မကွာခြားဘူးဆိုတာပဲ။ မင်းလိုလူမျိုးက ဘယ်လိုလုပ်ပြီး တရားမျှတမှုရဲ့သူရဲကောင်းလို့ သူ့ကိုယ်သူ ပြောနေတဲ့ တစ္ဆေဖြူနဲ့ ပတ်သက်နေရတာလဲ။”
ခန်းမထဲက လူမိုက်တွေက ဝါ့ဇ်ကို ဝိုင်းပြီးတော့ စိုက်ကြည့် လိုက်ကြတယ်။ သူတို့ခေါင်းဆောင်ဆီကနေ အမိန့်ရပြီ ဆိုတာနဲ့ ဝိုင်းပြီးတော့ အမဲဖျက်တော့မယ့် ပုံစံမျိုးပါပဲ။ ဒါပေမဲ့ ဖလောအာက လက်ကာပြလိုက်တယ်။
“အမှန်ပဲ၊ ငါတို့က လူမည်းမာဖီးယားဂိုဏ်းပဲ။ ဒါပေမဲ့ ငါတို့က အဲဒီယာကူဇာတွေလိုမျိုး စီးပွားရေးအရ ဖွဲ့လိုက်ရတာ မဟုတ်ဘူး။ ဒီအတိုင်း လူမှုဝန်းကျင်မှာ အနှိမ်ခံနေရတဲ့ ငါတို့လူမည်းမောင်နှမတွေကိုကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာ အရက်ဆိုင်ဖွင့်၊ ကာကွယ်ကြေးကောက်၊ ဒါလောက်ပဲ ငါတို့လုပ်ကြတာ။ ဒီမြို့က မူးယစ်ဆေးဖြန့်တဲ့ ဂိုဏ်းတွေထဲ ငါတို့မပါဘူး။”
“သူတော်ကောင်းယောင်ယောင် ဂိုဏ်းပေါ့လေ။” ဝါ့ဇ်က ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။ ခန်းမထဲက လူတိုင်းက ဝါ့ဇ်ကို သတ်ချင်နေကြပေမဲ့ ဖလောအာက ဆက်ထိန်းထားတုန်းပဲ။
“မင်းပြောတာ မှန်ပါတယ်။ တို့က လူမိုက်တွေဆိုတဲ့ အချက်ကတော့ ပြောင်းလဲမသွားပါဘူး။ ငါတို့နှစ်ယောက် ပူးပေါင်းဖြစ်သွားတာကလည်း ဘုံရန်သူရှိနေလို့ပါ။”
အဲဒီနောက်တော့ ဖလောအာက သူတို့ရောက်နေတဲ့ မြို့ကြီးရဲ့ အခြေအနေကို ရှင်းပြပါတယ်။
“နယူးယောက်မြို့ကြီးက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဖြစ်ခဲ့တဲ့ ရောဂါကပ်ဘေးတစ်ခုနောက်ပိုင်းမှာ စီးပွားရေးကျဆင်းပြီး လူမိုက်ဂိုဏ်းတွေအများကြီး ပေါ်ထွက်လာခဲ့တယ်။ ရဲတပ်ဖွဲ့နဲ့ တရားမျှတမှုဘက်တော်သားတွေက ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ကြဘူး။ နှစ်တိုင်း ရဲမှူးတစ်ယောက် အသတ်ခံရတာက ပုံမှန်လိုဖြစ်နေပြီ။ ဒီနှစ်အတွက်တော့ လင်ဒါပေါ့။ သနားစရာကောင်မလေးက တစ္ဆေဖြူနဲ့သာပူးပေါင်းမယ်ဆိုရင် ဒီမြို့ကိုအုပ်ချုပ်နေတဲ့ ဆိုက်ဘာခရိုးကို ဖြိုခွင်းနိုင်မယ်လို့ ထင်နေတာ။”
“ဆိုက်ဘာခရိုး၊ ဒီတော့ အိုက်ဇာဝါက ခေါင်းဆောင်ကြီး မဟုတ်သေးဘူးလား။”
အိုက်ဇာဝါနဲ့ဓားနတ်ဆိုးက ဒီကမ္ဘာကြီးမှာအတော်လေး အားကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေမှန်း ဝါ့ဇ် သတိထားမိတယ်။ ဒါကြောင့်မေးလိုက်တယ်။ ဖလောအာက ခေါင်းခါပြတယ်။
“အိုက်ဇာဝါက ဆိုက်ဘာခရိုးဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်း အသင်းချုပ်ကြီးထဲက အဖွဲ့ဝင်ဂိုဏ်း တစ်ခုရဲ့ခေါင်းဆောင်ပဲ။ အသင်းချုပ်က ဂိုဏ်းတွေရဲ့ နယ်နိမိတ်၊ စီးပွားရေးနဲ့ အခြားကိစ္စရပ်တော်တော်များများကို ထိန်းချုပ်ထားတယ်။ အဲဒီအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တာက ဒီမြို့မှာဘုရင်ဖြစ်သွားတာနဲ့ အတူတူပဲ။ ငါတို့ဂိုဏ်းကလည်း အဖွဲ့ဝင်ပဲလေ။ ဒါပေမဲ့ ငါတို့က အဲဒီမင်းဆိုးမင်းညစ်ဆန်တဲ့ ဆိုက်ဘာခရိုးကို ဖြုတ်ချ ချင်နေတာ။ ငါကတော့ ဥက္ကဋ္ဌဖြစ်ဖို့၊ တစ္ဆေဖြူကတော့ သူ့မိဘတွေကို သတ်သွားတဲ့သူကို လက်စားချေဖို့ပေါ့။”
“ခင်ဗျားဥက္ကဋ္ဌဖြစ်သွားရင်ရော ဆိုက်ဘာခရိုးထက် ပိုကောင်းပါမယ်လို့ အာမခံချက်ရှိလို့လား။”
ဝါ့ဇ်ရဲ့စကားကြောင့် ခန်းမထဲက အခြေအနေက ထပ်ပြီး တင်းမာသွားပြန်တယ်။ အဲဒီအချိန်မှာပဲ အပြင်ကနေပြီး ဆက်သားတစ်ယောက်က အထဲကိုဝင်လာတယ်။
“ဘော့စ်၊ မကောင်းတော့ဘူး။ ဆိုက်ဘာခရိုးဆီကနေ စာရောက်လာတယ်။ ကျွန်တော်တို့ အစောင့်တွေကိုသတ်ပြီး သတင်းထောက် မာဂရပ်ကို သူတို့ ဖမ်းထားပြီတဲ့။ သူ့ကိုကယ်ချင်ရင် တစ္ဆေဖြူကို တစ်ယောက်တည်း လွှတ်ရင်လွှတ်၊ ဒါမှမဟုတ် ဘော့စ် အနေနဲ့ ဥက္ကဋ္ဌနေရာကို တစ်သက်လုံးဝင်အရွေးမခံတော့ပါဘူးလို့ ကျမ်းကျိန်ရမယ်တဲ့။”
ဖလောအာက မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်တယ်။ “ရန်သူက ငါတို့ထင်ထားတာထက် ခြေလှမ်းစိပ်စိပ်နဲ့ လှုပ်ရှားနေတာပဲ။”