← Chapters

အခန်း (၂၇၁)

Vol. 19 Ch. 271

အခန်း (၂၇၁)

Vol. 19 Ch. 271

ဗဟိုသူတော်စင်အကယ်ဒမီအနေဖြင့် မိမိတို့အကယ်ဒမီအား ဂုဏ်ရှိအောင် စွမ်းဆောင်ပေးနိုင်သော ပါရမီရှင်တစ်ဦးအား အဘယ်သို့ လက်လွှတ်နိုင်လိမ့်မည်နည်း။

ဒီ မိသားစုတွင် အင်ပါယာအဆင့် ပညာရပ်များ ၊ အလွန်များပြားသည့် အရင်းအမြစ်များ ရှိပြီး ဒီဝူဖန်အား ကောင်းကင်ဘုရင်ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့သည်။

ဒီ မိသားစုအတွက် ဆိုလျှင် ဗဟိုသူတော်စင်အကယ်ဒမီက ထိုမျှ ဆွဲဆောင်မှု မရှိချေ။

သူတို့ ဒီဝူဖန်အား ‌ဗဟိုသူတော်စင်အကယ်ဒမီသို့ ပညာသင်ကြားရန် စေလွှတ်ခဲ့ရခြင်းမှာ အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး တောင်ပိုင်းတိုက်ကြီး၌ ဒီဝူဖန် နာမည်ကျော်ကြားကာ ဒီ မိသားစုအနေဖြင့် ကောင်းချီးများ ရယူလိုသောကြောင့်ဖြစ်သည်။

ကျောင်းသားသစ်ပြိုင်ပွဲက ပဏာမ ပွဲလေးတစ်ခုမျှသာဖြစ်၏။ ဒီ မိသားစုဖြစ်စေ ၊ ဒီဝူဖန်၏ ဆရာဖြစ်စေ ဒီဝူဖန် ပထမဖြစ်မည်ဟု ယုံကြည်ထားကြသည်။

ဒီဝူဖန် ကိုယ်တိုင်လဲ ထိုကဲ့သို့ ယုံကြည်ထား၏။

မကြာသေးမီက ဖြစ်ခဲ့သည့်ကိစ္စများအရ ရှောင်ဟောင်၏ ခွန်အားက အားနည်းဟန်မရပဲ ရွှမ်ယီ၏ တပည့်များအားလုံး အလွန် လျှို့ဝှက်ဆန်းကျယ်ပြီး အစွမ်းထက်သည့်ပုံ ပေါက်နေသည့်တိုင်အောင် သူက ပြိုင်ဘက်ကင်းသိုင်းပညာနှလုံးသားကို တည်ဆောက်ထားခဲ့သည့်အတွက် ပြိုင်ပွဲ၌ ပထမနေရာအား သေချာပေါက်အရယူနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

မကြာခင် တိုက်ပွဲစင်မြင့်မှ ပွဲကြည့်စင်တွင် စီနီယာကျောင်းသားများအားလုံး စုံလုနည်းပါးဖြစ်သွားချေပြီ။

ရွှစ်…

လူအုပ်ကြီး အထက်တွင် ရွှေရောင်နှင့် အဖြူရောင်အား အချိုးကျ ရောစပ်ထားသည့် ဝတ်စုံအား ဝတ်ဆင်ထားသော ဌာနမှူးက တောက်ပသည့်မျက်၀န်းများဖြင့် ပေါ်လာသည်။

သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခုအား ဆင်မြန်းထားပြီး ပတ်လည်မှ ရွှမ်ယီ အပါအဝင် အခြားဌာနမှူးများအား ကြည့်ပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ ပြိုင်ပွဲတရားဝင်စတင်ပြီဖြစ်ကြောင်း ကြေငြာလိုက်သည်။

ဘုန်း…

သူ၏ ပြိုင်ဘက်အား ရွေးချယ်လိုက်ပြီးနောက် ဒီဝူဖန်က ဓါးကို ထူးမခြားနားဟန်ဖြင့် ဆွဲထုတ်လိုက်ရာ မီတာ (၁၀၀) ကျော်ရှည်လျားသည့် ဓါးအလင်းတန်းတစ်ခု ပြေးထွက်သွားလေသည်။ ပြိုင်ဘက်အနေဖြင့် အနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိပဲ စင်မြင့်ပေါ်မှ တိုက်ရိုက်ထုတ်ပယ်ခံလိုက်ရသည်။

တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အနိုင်ရခဲ့သည်။

“ဆရာရွှမ်… ဒီလိုပါရမီရှိတဲ့သူက မင်းမျက်လုံးထဲ မဝင်နိုင်ဘူးလား…”

လက်ထောက်ဌာနမှူး စုကျင်းက ရွှမ်ယီ၏ အနားသို့ ခေါင်းအနည်းငယ်ကပ်ပြီး ဒီဝူဖန်အား ညွှန်ပြကာ ပြောလိုက်၏။

သူက သိုင်းပညာနှင့် ပတ်သက်ပြီး ရွှမ်ယီ၏ ထိုးထွင်းသိမြင်မှုများကို အလွန်သဘောကျသည်။ သူ့အမြင်တွင် ထို ဒီဝူဖန်က ကျောင်းသားသစ်များသာမက ကျောင်းသားဟောင်းများနှင့်ယှဉ်လျှင်ပင် အလွန်သန်မာနေပြီဖြစ်ပြီး ရွှမ်ယီက သူ့အပေါ် ဘယ်လိုမြင်ကြောင်း သိချင်သည်။

ရွှမ်ယီက ကောင်းကင်ထက်တွင် ရပ်နေခြင်းဖြစ်ပြီး နံဘေးမှ စုကျင်း၏စကားအားကြားလျှင် ဒီဝူဖန်အား ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“သူလား… မဆိုးပါဘူး…”

“အိုး…”

စုကျင်း၏ မျက်လုံးအရောင်လက်သွားပြီး

“ဒါဆိုရင်သူက မင်းရဲ့တပည့်တွေကို အနိုင်ယူပြီး ပထမနေရာကို ရနိုင်မယ်ထင်လား…”

ရွှမ်ယီက အလွန်စူးစမ်းလိုဟန်ရနေသည့် စုကျင်းအား လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး ခေါင်းအားညင်သာစွာ ယမ်းလိုက်၏။

“သူက ထိပ်တန်း (၁၀) ယောက်ထဲပါဝင်မှာတော့ သေချာတယ်… ဒါပေမယ့် ကျုပ်တပည့်တွေကို အနိုင်ယူမယ်ဆိုရင်တော့…”

ရွှမ်ယီက စုကျင်းအား အပြုံးမပျက် စိုက်ကြည့်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“သူ့အနေနဲ့ နောက်ထပ်အများကြီး လေ့ကျင့်ရမှာ စိုးမိတယ်…”

….

ထိုအချိန်တွင် မိုးကုတ်စက်ဝိုင်းအလွန်မှနေ၍ ရယ်မောသံများထွက်ပေါ်လာပြီး ဘုရင်အဆင့်ကျွမ်းကျင်သူများ၏ အရှိန်အဝါများ ထွက်ပေါ်လာသည်။

လူများ မော့ကြည့်လိုက်လျှင် လေဟာနယ် အက်ကွဲသွားသည်ကို မြင်လိုက်ရပြီး ရွှင်မြူးနေသော မျက်နှာများဖြင့် ထွက်လာသော လူ (၄) (၅) ယောက်ကို တွေ့လိုက်ရသည်။

ထိုလူစုအား ခေါင်းဆောင်လာသူ၏ ရင်ဘတ်တွင် ဒီ မိသားစု၏ အမှတ်သင်္ကေတ ပါနေသည်အား တွေ့လိုက်ရသည်။

ထိုခေါင်းဆောင်လာသည့် လူ၏ အရှိန်အဝါက အလွန်နက်ရှိုင်းပြီး အစွမ်းထက်ပုံရကာ အဆင့်မြင့် ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။ ၎င်း၏ ဩဇာရှိသော ပုံစံအရ မိသားစုခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားနေသည်။

သူတော်စင်ဒေသ ဒီ မိသားစုမှ မိသားစုခေါင်းဆောင် ဤနေရာသို့ ရောက်လာချေပြီ။

“ဟား..ဟား..ဟား… ဒီအဘိုးကြီးက မင်းတို့ကို ပြိုင်ဘက်ကင်း စစ်နတ်ဘုရားခန္ဓာကိုယ်ရဲ့စွမ်းအား ဘာလဲဆိုတာ ဒီနေ့ပြပေးမယ်…”

ထိုလူစုက ဌာနမှူးနှင့် နည်းပြဆရာများအား ကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြသည်။ ၎င်းတို့က နှုတ်ဆက်ပြီးနောက် ပွဲကြည့်စင်တွင် ဝင်ထိုင်လိုက်ကြသည်။ ထိုအချိန်တွင် ဒီမိသားစုခေါင်းဆောင်ဘေးရှိ သက်လတ်ပိုင်း အမျိုးသားများက ပြုံးလိုက်ပြီး

“ခင်များကိုယ်တိုင် ဒီကိုရောက်လာမှတော့ ကျုပ်တူ ဒီဝူဖန်က သူ့ရဲ့အကောင်းဆုံးပုံစံကို ပြနိုင်ပါလိမ့်မယ်…”

“ဒါက ပြောနေစရာတောင်မလိုဘူး… ပထမက သူပဲဖြစ်လိမ့်မယ်…”

ဒီ မိသားစုခေါင်းဆောင်နှင့် အတူလိုက်ပါလာသူများက ၎င်း၏ သူငယ်ချင်းများဖြစ်ပေသည်။

ဒီ မိသားစုခေါင်းဆောင်က သူ၏မုတ်ဆိတ်မွှေးများအား ပွတ်သပ်ရင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ စိတ်ထဲတွင် အလွန်ဂုဏ်ယူနေမိ၏။

စစ်နတ်ဘုရား ခန္ဓာကိုယ်နှင့် မွေးဖွားလာသည့် ဒီဝူဖန်က သူ့အတွက် အလွန်ဂုဏ်ယူစရာ တည်ရှိမှုဖြစ်သည်။

သူတော်စင်ဒေသ၌ အဆင့်တူတွင် ဒီ မိသားစုမှ စစ်နတ်ဘုရား ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

…

ရွှမ်ယီတို့ဘက်တွင်မူ

ရွှမ်ယီ၏ လေသံက ယုံကြည်မှု အပြည့်နှင့် ဖြစ်သည်။ ဒီဝူဖန်က သူ အသေချာ ဂရုစိုက်ပြီး လေ့ကျင့်ပေးထားသည့် တပည့်များထက် ပိုပြီး သန်မာမည်မဟုတ်ဟု ရွှမ်ယီ ယုံကြည်ထား၏။

စုကျင်းနှင့် ဌာနမှူးတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။

“ရွှမ်ယီ… သိပ်ပြီး ယုံကြည်မှု ပြင်းမနေနဲ့…”

စုကျင်းက ဒီဝူဖန်အား ညွှန်ပြလိုက်ပြီး လေးနက်သော လေသံဖြင့်

“သူ့ဆီမှာ ကောင်းကင်ဘုရင်တစ်ယောက်ရဲ့ ညွှန်ပြမှု ၊ စစ်နတ်ဘုရားခန္ဓာကိုယ်နဲ့ အင်ပါယာအဆင့် ပညာရပ်တွေ ရှိတယ်…”

“သူ့ ခွန်အားကို လုံးဝလျော့မတွက်သင့်ဘူး…”

ရွှမ်ယီ အနည်းငယ်ပြုံးလိုက်၏။

အစွမ်းထက် ကောင်းကင်ဘုရင်တစ်ယောက်ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပတ်သက်၍ မည်သို့နည်း။

ကောင်းကင်ဘုရင်တစ်ယောက် ဖြစ်သည့်တိုင်အောင် သူနားလည်ထားသည့် ဓါးရည်ရွယ်ချက်နှင့် ပိုင်ဆိုင်ထားသည့် နယ်မြေများကဲ့သို့ ရှိမည်မဟုတ်ပေ။

ဓါးအပေါ် နားလည်မှုနှင့် ပတ်သက်၍မူ ရွှမ်ယီ ကြွားဝါနေခြင်း မဟုတ်ပေ။ ထိုနယ်ပယ်တွင် သူက တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်း၌ ရပ်တည်နေမည်မှာ သေချာသည်။

ရွှမ်ယီ၏ ဂရုတစိုက်လေ့ကျင့်သင်ကြားပေးမှုအောက်တွင် တပည့် (၆) ယောက်က တောင်ပိုင်းတိုက်ကြီး၏ ပုံမှန်စွမ်းရည်များ ၊ နားလည်မှုများကို ကျော်လွန်ပြီး နောက်တစ်ဆင့်ကို ရောက်နေချေပြီ။

အင်ပါယာအဆင့် နည်းပညာအတွက်မူ…

ရွှမ်ယီ ပြုံးလိုက်၏။ သူ့တပည့်များအား အင်ပါယာအဆင့်ကျင့်စဉ် သင်ကြားပေးထားပြီးသားဖြစ်သည်။ ထိုအင်ပါယာအဆင့်ကျင့်စဉ်တွင် အပ်စိုက်မှတ်ပေါင်း (၄၈၀၀၀) ၌ စိတ်ဝိညာဉ်စွမ်းအားများကို သိုလှောင်ထားနိုင်ပြီး ၎င်း၏ စွမ်းအားမှာ အဆုံးမဲ့လုနီးပါးပင်။

အပ်စိုက်မှတ်များတွင် သို‌လှောင်သိမ်းဆည်းထားသည့် တုန်လှုပ်ဖွယ်စွမ်းအားများအား ၎င်းတို့၏ ဓါးရည်ရွယ်ချက်ဖြင့် တွဲစပ် အသုံးပြုလိုက်ပါက အခြေတည်ဝိညာဉ်အဆင့် (၉) တွင် ရှိသော်ငြား အစောပိုင်း မူလဘုရင်အဆင့် ကျင့်ကြံသူကို ခြိမ်းချောက်ရန် လုံလောက်သည်။

ဘုရင်တစ်ဝက်အဆင့်အား သတ်ဖြတ်ခဲ့သည့် မှတ်တမ်းက သူ၏ တပည့်များ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ယှဉ်ပါက ကောင်းကင်နှင့် မြေကြီးတမျှ ကွာခြားသည်ဟုဆိုလျှင် လွန်မည်မဟုတ်ပေ။

အစောပိုင်းမူလဘုရင်အဆင့် ကျင့်ကြံသူကိုပင် မတိုက်နိုင်ပဲ သူ၏တပည့်များအား အနိုင်ယူနိုင်သည်ဟု အဘယ်ကြောင့် ပြောဝံ့သနည်း။

ရွှမ်ယီအနေဖြင့် တပည့်များအပေါ် အလွန်ယုံကြည်ထား၏။

စုကျင်းနှင့် ဌာနမှူးအား ရှင်းပြရန် ရွှမ်ယီ အလွန်ပျင်းရိလှ၏။

စုကျင်းနှင့် ဌာနမှူးတို့၏အမြင်တွင် ရွှမ်ယီ၏တပည့် (၆) ယောက်အပါအဝင် ဒီဝူဖန်တို့က ထိပ်တန်း (၁၀) ယောက်အတွင်း ဝင်ရောက်နိုင်မည်မှာ သေချာပေသည်။ သို့သော် မည်သူက ပထမဖြစ်မည်ကို သိရရန်အတွက် တိုက်ပွဲဝင်ရဦးမည်ဖြစ်၏။

ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တစ်ယောက်ပြီးတစ်ယောက် ထုတ်ပယ်ခံလိုက်ရကာ နေရာလွတ်များ တဖြည်းဖြည်းများပြားလာခဲ့သည်။

ဤသို့ဖြင့် ပထမပွဲစဉ် ယှဉ်ပြိုင်မှု ပြီးသွားချေပြီ။ တစ်ခဏ အနားယူလိုက်ပြီးနောက် ဒုတိယ ပွဲစဉ် ပြန်လည်စတင်ခဲ့၏။

ဤပွဲစဉ်တွင် ကျောင်းသားများ ကြားမှ စွမ်းအားကွာခြားချက်များကို အသေချာမြင်တွေ့နိုင်သည်။

ဒီဝူဖန်က လူတိုင်းမျှော်လင့်ထားသည့် အတိုင်းပင်ဖြစ်၏။ သူနှင့် တွေ့ဆုံသူတိုင်းကို ပြိုင်ပွဲမှ ထွက်သွားစေခဲ့သည်။

“တူလေး ဝူဖန်က အရမ်းသန်မာတယ်…”

“အဆင့်တူမှာ သူနဲ့ယှဉ်ပြိုင်နိုင်တဲ့လူ မရှိဘူး…”

ပွဲကြည့်စင်တွင် ဒီ မိသားစုခေါင်းဆောင်နှင့် အတူလိုက်ပါလာသည့် လူများက အော်ဟစ် အားပေးလိုက်ကြ၏။

ဒီ မိသားစုခေါင်းဆောင်ကမူ ၎င်း၏ မုတ်ဆိတ်မွှေးများအား ပွတ်သပ်နေပြီး မျက်ဝန်းများထဲ၌ ကျေနပ်ဂုဏ်ယူမှုများ ပြည့်နှက်နေခဲ့ကာ ပြုံးနေလေသည်။

သူ မျှော်လင့်ထားသည့် အတိုင်းပင် သူ၏ သားဖြစ်သူက စစ်နတ်ဘုရားခန္ဓာကိုယ်နှင့်အတူ ဗဟိုသူတော်စင်အကယ်ဒမီမှ ကျောင်းသားများပင် ၎င်း၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

All Chapters