← Chapters

အခန်း (၂၇၂)

Vol. 19 Ch. 272

အခန်း (၂၇၂)

Vol. 19 Ch. 272

ရွှမ်ယီ၏ တပည့်(၆)ယောက်လည်း ပြိုင်ဘက်များအား သိုင်းတစ်ကွက်တည်းဖြင့်သာ အနိုင်ယူခဲ့ကြပြီး ဒုတိယတစ်ကွက်ပင် ထုတ်သုံးစရာမလိုသည်ကို မေ့ထား၍မရပေ။

ထိုမြင်ကွင်းက လူတိုင်း၏ အာရုံကို အလွန်ဖမ်းစားထား၏။

စီနီယာကျောင်းသားများအားလုံး ဒီဝူဖန်နှင့် ရွှမ်ယီ၏ တပည့်(၆)ယောက်အား တောက်ပသော မျက်၀န်းများဖြင့်ကြည့်နေကြသည်။ ၎င်းတို့နှလုံးသားထဲတွင် မည်သူက ပိုသန်မာကြောင်း တွေးတောနေကြ၏။

ပြိုင်ပွဲကွင်းပြင်မှ လူများ ၎င်းတို့စိတ်ထဲမှ အတွေးများအား ကြားသွားဟန်ရသည်။ လာမည့်တိုက်ပွဲက ရှောင်ဟောင်နှင့် ဒီဝူဖန်တို့ဖြစ်၏။

“ တိုက်.. တိုက်.. တိုက်…”

လက်များလေထဲမြှောက်ကာ အားပေးလိုက်ကြသည်။ ဒီဝူဖန်နှင့် ရှောင်ဟောင်တို့အား တောက်ပသော မျက်၀န်းများဖြင့် စိတ်၀င်တစားကြည့်နေကြ၏။

ယခုချိန် မတွေ့လျှင်တောင် မကြာမီ သူတို့နှစ်ဦး တိုက်ပွဲရောက်လာမည်သာ။ စော၍ ‌တွေ့သွားခြင်းသာရှိ၏။ ပြိုင်ပွဲစသည်နှင့် ကံကြမ္မာက သူတို့(၂)ဦး တိုက်ခိုက်ရန် ဖန်တီးလိုက်ပြီးဖြစ်သည်။

ပွဲကြည့်စင်မှလူများ၏ မျှော်လင့်ချက်များပြည့်သွားပြီဖြစ်ရာ အားရပါးရ အော်ဟစ် အားပေးလိုက်ကြ၏။

“ ဒီဝူဖန်.. ဒီမိသားစု…”

ဒီဝူဖန်က တိုက်ခိုက်လိုစိတ်အပြည့်နှင့် ရှောင်ဟောင်အား စူးရှသော မျက်၀န်းများဖြင့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး မိတ်ဆက်လိုက်သည်။

ရှောင်ဟောင်က ဟီဖေးထန်ကဲ့သို့ ပါရမီရှင်တစ်ဦးအား အနိုင်ယူခဲ့ပြီး စွမ်းအားတချို့ရှိကြောင်း သူသိထားသော်လည်း ထိုအဆင့်များအား ချန်ထားခဲ့သည်မှာ ကြာချေပြီ။ သူက ဘုရင်တစ်၀က်အဆင့်ထက်ပင် သာလွန်သူဖြစ်၏။ တိုက်ခိုက်ရေးစွမ်းအားအရာတွင် ဗဟိုသူတော်စင်အကယ်ဒမီမှ ကျောင်းသားများထက် ကျော်လွန်နေချေပြီ။

ဒီတိုက်ပွဲတွင် အနိုင်ရသူက သူသာဖြစ်ရမည်။

“ ရှောင်ဟောင်.. ဆရာရွှမ်ရဲ့ တပည့်…”

ရှောင်ဟောင်က ဓားကို တင်းကြပ်စွာကိုင်လိုက်ပြီး သူ၏ အရှိန်အဝါများ တဖြည်းဖြည်းမြင့်တက်လာသည်။

သို့သော် ဟီဖေးထန်အား တိုက်ခိုက်ခဲ့စဉ်နှင့်မတူဘဲ စစချင်း စွမ်းအားကုန်အသုံးပြုရန် စိတ်ကူးမရှိချေ။

လင်းယုန်ဒေသမှ အဖြစ်အပျက်များကြောင့် သူ တော်တော်လေး သင်ခန်းစာရခဲ့ပြီးဖြစ်သည်။ သူက ထိုပါရမီရှင်ဆိုသည့်လူများအပေါ် ယခင်လောက် အထင်ကြီးမှုမရှိတော့ချေ။ စွမ်းအားကုန်သုံးလိုက်သည်နှင့် သေသွားမှာစိုးရ၏။

ထို့ကြောင့် အလွန်သတိထားနေခဲ့သည်။

ရှောင်ဟောင်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါအား အာရုံခံမိလိုက်ပြီးနောက် ဒီဝူဖန်၏ နှုတ်ခမ်းထောင့်စွန်း အနည်းငယ်တွန့်ကွေးသွား၏။ ထိုအရှိန်အဝါအရဆိုလျှင် သူ့အား ခြိမ်းခြောက်နိုင်ချေရှိသော်လည်း အနိုင်ရရန်တော့ မဖြစ်နိုင်ပေ။

“ ခွင့်ပြုပါ…”

ဒီဝူဖန်က စတင်ရန် အချက်ပြလိုက်ပြီးနောက် ဓားအား ဘေးတစ်စောင်း ခုတ်ချလိုက်၏။

ဘုန်း…

ထိုတိုက်ခိုက်မှုအောက်တွင် ကွင်းပြင်တစ်ခုလုံး တုန်ခါသွား၏။

မီတာ ရာနှင့်ချီ ရှည်လျားသည့် ဓားချီအလင်းတန်းကြီးတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ပတ်၀န်းကျင်အား တစ်ဝုန်းဝုန်း လှုပ်ခတ်သွားစေသည်။

ဒီမိသားစုခေါင်းဆောင်မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာ၏။ ထိုတိုက်ခိုက်မှုအောက်တွင် တိုက်ပွဲကွင်းပြင်တစ်ခုလုံး အေးခဲသွားဟန်ရပြီး ဘုရင်တစ်၀က်အဆင့်အောက်မှ မည်သူမျှ ကာကွယ်နိုင်မည်မဟုတ်ပေ။

“ ကောင်းတယ်…”

ရှောင်ဟောင်၏ မျက်၀န်းအရောင်လက်သွားလေသည်။ ထိုလူက ဟီဖေးထန်ထက် များစွာ အစွမ်းထက်လှ၏။

ရွှစ်…

ရှောင်ဟောင်က ဓားကို ကန့်လန့်ဖြတ်ကိုင်ထားပြီး သူ၏ အပ်စိုက်မှတ်များ ရုတ်ချည်းကျယ်ပြန့်သွားကာ ဓားရည်ရွယ်ချက် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ အပ်စိုက်မှတ်များအတွင်း သိုလှောင်သိမ်းဆည်းထားသည့် အဆုံးမဲ့စိတ်ဝိညာဉ်စွမ်းအားများက လက်ထဲမှ ဓားအတွင်းသို့ ကြောက်မက်ဖွယ်ကောင်းစွာ စီးဆင်းသွားသည်။

သူ၏ ခွန်အားက တစ်ခဏအတွင်း အထွတ်အထိပ်သို့ မြင့်တက်သွား၏။

ဓားတစ်လက်၏စွမ်းအားက လူတိုင်းကို ထိတ်လန့်သွားစေသည်။

အလွန်တောက်ပလွန်းသည့် ဓားအလင်းများအောက်တွင် ကျင့်ကြံဆင့်နိမ့်သည့်ကျောင်းသားများ တိုက်ပွဲအခြေအနေကိုပင်မမြင်ရတော့ပေ။ ဓားချင်းထိခတ်သံများနှင့် လေတိုးသံများကိုသာ ကြားနေရ၏။

ဘုန်း…

ဒီဝူဖန် မယုံကြည်နိုင်သော မျက်၀န်းများဖြင့် ကျွမ်းပြန်ကာ လွင့်စင်သွားလေသည်။

ဒီမိသားစုခေါင်းဆောင် မျက်နှာအရောင်ပြောင်းသွားပြီး လက်သီးဆုပ်ကာ ထိတ်လန့်တကြားဖြင့် ဝုန်းကနဲ ထရပ်လိုက်၏။

သူနှင့်အတူလိုက်ပါလာသည့် သူငယ်ချင်းများလည်း အလွန်အံ့ဩသွားပြီး မယုံကြည်နိုင်စွာဖြင့် ဒီဝူဖန်နှင့် ဒီမိသားစုခေါင်းဆောင်တို့အား တစ်လှည့်စီကြည့်လိုက်ကြသည်။

သူတို့အမြင်တွင် ဒီဝူဖန်က အားနည်းနေခြင်းမဟုတ်ဘဲ ပြိုင်ဘက် ဓားသမားက အစွမ်းထက်လွန်းနေခြင်းသာ။

ယခုတိုက်ပွဲတွင် သိုင်းကွက်အနည်းငယ်ဖလှယ်ပြီးနောက် ဒီဝူဖန် ရှုံးနိမ့်ပြီး လွင့်စင်ထွက်သွားလေသည်။ ဒီဝူဖန်က ဘုရင်တစ်၀က်အဆင့်ကိုပင် အနိုင်ယူနိုင်သူဖြစ်၏။

အခု ဘာတွေဖြစ်သွားတာလဲ…?

မည့်သို့ဖြစ်နိုင်မည်နည်း…?

“ သူက ဘယ်သူလဲ…”

ဒီမိသားစုခေါင်းဆောင် အမူအရာပြောင်းသွားပြီး အကယ်ဒမီမှ နည်းပြဆရာများရှိရာဘက်သို့ လှည့်ပြီး မေးလိုက်သည်။

သူ အလွန်နားမလည်နိုင်ဖြစ်နေ၏။ ဗဟိုသူတော်စင်အကယ်ဒမီ၌ ထိုကဲ့သို့လူမျိုး ဘယ်တုန်းက ပေါ်လာသနည်း။

“ အဲ့တာ.. ဆရာရွှမ်ရဲ့ တပည့်ပါ…”

နည်းပြဆရာများလည်း အခုချိန်တွင် ဒီမိသားစုခေါင်းဆောင်နည်းတူ အလွန်အံ့ဩနေကြ၏။ ထိုအထဲမှ နည်းပြဆရာတစ်ယောက်က ရှုပ်ထွေးနေသောမျက်၀န်းများဖြင့် ခေါင်းယမ်းရင်း ဖြည်းညှင်းစွာ ဖြေကြားလိုက်သည်။

ဆရာရွှမ်၏ တပည့်များက သူတို့မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေပေသည်။

ဒီမိသားစု ခေါင်းဆောင်က ရွှမ်ယီနှင့် ရှောင်ဟောင်တို့အား ခေတ္တမျှ တိတ်တဆိတ်ကြည့်ရှုလိုက်ပြီး နေရာ၌ ပြန်ထိုင်ကာ မျက်လုံးမှိတ်ထားလိုက်တော့၏။

ရှောင်ဟောင်ကဲ့သို့ အစွမ်းထက်သူရှိနေသည့်အတွက် ဗဟိုသူတော်စင် အကယ်ဒမီ၏ အဆင့်သတ်မှတ်ချက် ဤတစ်ကြိမ်တွင်ပြန်လည် မြင့်တက်လာတော့မည်။

ဒါက သူသိထားသည့် ဗဟိုသူတော်စင်အကယ်ဒမီလော…?

ဇဝေဇဝါဖြင့် တွေးလိုက်မိ၏။

ဒီဝူဖန်က ခြေထောက်နှင့် ကြမ်းပြင် ထိတွေ့သွားချိန် ပြန်လည်သတိ၀င်လာပြီး ရှေ့သို့ကြည့်လိုက်လျှင် ဓားရာစွပ်ကြောင်းကြီးအားတွေ့လိုက်ရ၏။ အလွန်တုန်လှုပ်သွားပြီး ရှောင်ဟောင်အား ခေါင်းမော့ကြည့်လိုက်သည်။

“ ငါ.. ရှုံးသွားပြီ…”

ဝိုး..

ထိုစကားထွက်ပေါ်လာသည်နှင့် ပွဲကြည့်စင်တစ်ခုလုံး ပွတ်လောရိုက်သွား၏။

အင်ပါယာအဆင့် ကျင့်စဉ်ကျင့်ကြံထားသည့် စစ်ပွဲနတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင် ၊ သူတော်စင်ဒေသမှ နံပါတ်(၁) ပါရမီရှင်… ဒီဝူဖန် ရှုံးနိမ့်သွားချေပြီ။

ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူပင် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ဘူး မဟုတ်လား…?

ယခုတွင် ရှောင်ဟောင်ထံ ရှုံးနိမ့်သွားခဲ့သည်ဖြစ်ရာ ရှောင်ဟောင်၏ စွမ်းအားက ဘုရင်တစ်၀က်အဆင့်ထက် ကျော်လွန်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပေလော။

လီလင်းအပါအ၀င် ပြိုင်ပွဲကွင်းပြင်၌ ကျန်နေသူများ ဓားရှည်ကိုင်ဆောင်ထားသည့် လူငယ်လေးအား ငေးကြည့်နေမိပြီး ၎င်းတို့ နှလုံးသားများ အလွန်ရှုပ်ထွေးနေ၏။

ယခုအချိန်တွင် သူတို့က ထိုလူ၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ သူတို့အနေဖြင့် သူတော်စင်ဒေသ နံပါတ်(၁) ပါရမီရှင် ဒီဝူဖန်ထံ ရှုံးနိမ့်ရမည်ဆိုလျှင် အံ့ဩစရာမရှိချေ။

သို့သော် ရှောင်ဟောင်ကမူ….

ကျောင်းသားသစ်လက်ခံသည့်အချိန်တွင် အောက်ဆုံးမှ ကျောင်းသားဖြစ်ခဲ့၏။

“ ခဏ…”

ရှောင်ဟောင် လှည့်ထွက်သွား‌ရန်ပြင်လိုက်စဉ် ဒီဝူဖန်က ကျယ်လောင်စွာ လှမ်းတားလိုက်၏။

“ နပေါဦး…”

“ မင်းက (၆)ယောက်ထဲမှာ အဆင့် ဘယ်လောက်လဲ… သိလို့ရမလား…”

ထိုမေးခွန်းထွက်ပေါ်လာသည့်နှင့် ပွဲကြည့်စဉ်က ကျောင်းသားများသာမက နည်းပြဆရာများပင် နားစွင့်ထားလိုက်ကြ၏။

ထိုမေးခွန်းက ယခုအချိန်တွင် လူတိုင်း အသိချင်ဆုံး မေးခွန်းဖြစ်ပေသည်။

ရှောင်ဟောင်က မချိပြုံးပြုံးလိုက်၏။

ယခင် တစ်ကြိမ်တုံးက အလားတူ မေးခွန်းမျိုး သူ့အစ်မ မေးခံခဲ့ရပြီး ယခုတွင် သူ့အလှည့် ရောက်လာချေပြီ။ သူ၏ ခွန်အားက မဆိုးပေ။ သို့သော် ဆရာရွှမ်၏ တပည့်များကြားတွင် နံပါတ်(၅) နေရာ၌သာ ရှိနေ၏။

“ အဲ့တာက မမြင့်ဘူး.. (၅)ယောက်မြောက်နေရာမှာဘဲရှိတယ်….”

စကားဆုံးသည်နှင့် ပတ်၀န်းကျင်တစ်ခုလုံး ခေတ္တငြိမ်သက်သွားသည်။

(၅)ယောက်မြောက်လား…?

နံပါတ်(၅) နေရာမှလူက သူတော်စင်ဒေသ နံပါတ်(၁)ပါရမီရှင်အား အနိုင်ယူနိုင်ခဲ့သည်။

လက်ထောက်ဌာနမှူး စုကျင်းက ရွှမ်ယီအား စူးစမ်းလိုဟန်ဖြင့် လှည့်ကြည့်လိုက်သည်။

ရွှမ်ယီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

တပည့်များအချင်းချင်း ယှဉ်ပြိုင်ရာတွင် ရှောင်ဟောင်က ရှောင်ဖန်မှလွဲပြီး အားလုံးကို ရှုံးနိမ့်ခဲ့သည်။ (၅)ယောက်မြောက်ဆိုသော စကားက အမှန်ပင်။

စုကျင်း အံ့အားသင့်သွားပြီး သူ၏ အကြည့်အား ပြန်ရုတ်သိမ်းကာ ဌာနမှူးအားကြည့်လိုက်လျှင် အလွန်ပျော်ရွှင်နေဟန်ဖြင့် နားရွက်တက်ချိတ်မတတ်ပြုံးနေသည်ကို မြင်လိုက်ရ၏။

ယခင်က ရွှမ်ယီယုံကြည်ချက်ရှိနေသည်မှာ မထူးဆန်းပေ။ ဒီဝူဖန်က ပြိုင်ပွဲ၌ ပထမနေရာအားထားဘိ ၊ ထိပ်ဆုံး(၅)ယောက်အတွင်းပင် ရောက်နိုင်စွမ်းမရှိချေ။

ရွှမ်ယီက ကိုယ်တိုင် မွန်းစတားတစ်ဦးဖြစ်ရုံမျှမက တပည့်များကိုပါ အလွန်အစွမ်းထက်အောင် ပျိုးထောင်ပေးနိုင်စွမ်းရှိနေ၏။ သူက ဗဟိုသူတော်စင်အကယ်ဒမီအတွက် အမှန်တကယ်ကို ရတနာတစ်ပါးပင်။

တခြားလူများနှင့် မတူညီစွာ ဒီမိသားစုခေါင်းဆောင်နှင့် ဒီဝူဖန်တို့ နှလုံးသားထဲတွင် သံသယများရှိနေခဲ့၏။

ဒီမိသားစု ခေါင်းဆောင်က သားဖြစ်သူ၏ ခွန်အားကို ကောင်းစွာနားလည်ထားသည်။ သူ့တွင် စစ်ပွဲနတ်ဘုရားခန္ဓာကိုယ်ပိုင်ဆိုင်ထားကာ ၊ အင်ပါယာအဆင့်ကျင့်စဉ်အား ကျင့်ကြံထားပြီး သဘာ၀အတိုင်း တိုက်ခိုက်ရန် မွေးဖွားလာသူတစ်ဦးဖြစ်သည့် အားလျော်စွာ တိုက်ခိုက်ရေးစွမ်းအားက အလွန်ကြီးမားသောအဆင့်သို့ ရောက်နေပြီဖြစ်၏။

All Chapters