အခန်း (၂၇၅)
Vol. 19 Ch. 275
ရွှမ်ယီ၏ လမ်းညွှန်ပြသမှုအောက်တွင် ကုယီယီနှင့် ကျန်လူများအားလုံး စွမ်းအားများ တိုးတက်လာခဲ့ကြသည်။ နှစ်၀က်အတွင်း ကုယီယီက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ ရောက်ခဲ့ပြီး နောက်ထပ်နှစ်၀က်ကြာပြီးနောက် အင်ပါယာအဆင့်ကျင့်စဉ်အကူအညီဖြင့် အခြေတည်ဝိညာဉ်အဆင့်သို့ ချဉ်းကပ်လာခဲ့သည်။ ယခုတွင် သူမစိတ်ဝိညာဉ်ခန္ဓာကိုယ်က အများကြီးတိုးတက်လာပြီး အခြေတည်ဝိညာဉ်အဆင့်သို့လည်း ချိုးဖျက်နိုင်ခဲ့ချေပြီ။
အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ပြီးနောက် နက်နဲဓားဂိုဏ်းဖြစ်စေ ၊ အဇူရာဒေသဖြစ်စေ သူမအား အလျင်အမြန်တိုးတက်စေရန် မထောက်ပံ့ပေးနိုင်တော့ဟု ခံစားမိလာ၏။
သူမအား ကူညီနိုင်သော တစ်ခုတည်းအရာမှာ အခြေတည်ဝိညာဉ် အဆင့်မြင့်ကျင့်ကြံသူ သို့မဟုတ် ဘုရင်အဆင့် ကျင့်ကြံသူများဖြစ်သည်။
နက်နဲဓားဂိုဏ်းတွင် ဘုရင်အဆင့်ကျင့်ကြံသူ (၂)ဦးရှိသော်လည်း ကုယီယီအနေဖြင့် ခဏခဏသွားနှောက်ယှက်ရန် ဆန္ဒမရှိပေ။ သူမအနေဖြင့် ရွယ်တူများအကြား ပြိုင်ဘက်ရှာတွေ့ရန် အလွန်ခက်ခဲနေ၏။ အဓိကအကြောင်းအရာအနေဖြင့် သူမ ယခုကဲ့သို့အပြင်းအထန်ကြိုးစားနေရခြင်းမှာ ရွှမ်ယီ၏ ခြေရာကို လိုက်နင်းလိုသောကြောင့်ဖြစ်သည်။
ယခင်တုံးက သူမကျင့်ကြံမှုက နိမ့်ပါးသည်ဖြစ်ရာ ဘာမှမတတ်နိုင်ခဲ့ချေ။ ယခုတွင် သူမက အခြေတည်ဝိညာဉ်အဆင့်သို့ရောက်သွားပြီဖြစ်ရာ အဇူရာဒေသမှထွက်ခွာပြီး ရွှမ်ယီနောက်သို့ လိုက်နိုင်တော့မည်။
“ ဗဟိုသူတော်စင် အကယ်ဒမီကို သွားကြည့်တာပေါ့…”
ကုယီယီ နှုတ်ခမ်းထောင့်စွန်းတွန့်ကွေးသွားပြီး မျက်၀န်းများထဲ၌ ကျေနပ်မှုများ ပြည့်နှက်နေ၏။ သူမ ရွှမ်ယီအား ရှာဖွေရန် ဗဟိုသူတော်စင် အကယ်ဒမီသို့လိုက်သွားတော့မည်။
မှန်ပေသည်။ ထိုသို့မသွားခင် မိသားစုထံသို့ အရင်ပြန်လိုက်၏။
ယခင်တုန်းက ကုမိသားစုတွင်ဖြစ်ပွားခဲ့သည့် အကြပ်အတည်းအား သူမမမေ့သေးပေ။ ရွှမ်ယီသာ သူမအား တပည့်အဖြစ်လက်ခံခဲ့ခြင်းမရှိလျှင် ကုမိသားစုပျက်စီးသွားသည်မှာကြာပြီဖြစ်ပြီး ယနေ့ ကုယီယီဆိုတာလည်း ရှိလာတော့မည်မဟုတ်ချေ။
အဇူရာဒေသမှထွက်မခွာမီ ကုမိသားစု၌ ပြသနာများ ဖြစ်ပွားမလာရန် ကြိုတင်တားဆီးရမည်။
ဆရာဖြစ်သူ၏ နာမည်က ဒေသတစ်ခုလုံးအပျံ့နှံ့နေသော်လည်း အဇူရာဒေသသို့ပြန်မလာသည်မှာကြာချေပြီ။ အခွင့်ကောင်းကို အလစ်အငိုက်ချောင်းနေသူများ မရှိဟုမပြောနိုင်ပေ။
ကုမိသားစုအား ပြသနာမရှာစေရန် အတားအဆီးတစ်ခုအနေဖြင့် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ အကာအကွယ်လိုအပ်၏။
ကောင်းကင်လေနိုင်ငံ ၊ လခြမ်းမြို ၊ ကုမိသားစု…
ကုယီယီ တိမ်များကြားမှ ထွက်ပေါ်လာ၏။
ဝုန်း..
သူမ ကုမိသားစုထံသို့မဆင်းသက်မီ အခြေတည်ဝိညာဉ်အဆင့် အရှိန်အဝါအား လခြမ်းမြို့တစ်ခုလုံးသို့ လွှမ်းခြုံစေလိုက်၏။
လခြမ်းမြို့မှလူတိုင်း အလွန်ထိတ်လန့်သွားကြပြီး ခေါင်းမော့ကြည့်လိုက်ကြ၏။
ထိုအရှိန်အဝါက ပင်လယ်ကြီးတစ်စင်းမျှ ကျယ်ပြန့်လှပြီး အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူသာ ပိုင်ဆိုင်နိုင်သည်။
ကုမိသားစုကို အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ ရောက်လာသည်…!
“ ယီယီလား…”
ကုမိသားစုခေါင်းဆောင်က ကောင်းကင်ထက်မှ အတက်အကျများကို ခံစားမိလိုက်ပြီး အပြင်ထွက်ကြည့်လိုက်ရာ ကုယီယီအား တွေ့လိုက်ရ၏။
သူ့မျက်၀န်းများထဲ၌ အံ့ဩမှုနှင့် ၀မ်းသာပီတိဖြစ်မှုများ ရောယှက်ထွက်ပေါ်လာသည်။
“ အဲ့တာ သခင်မလေးဘဲ…”
“ သခင်မလေး ယီယီ အခြေတည်ဝိညာဉ်အဆင့်ကိုရောက်သွားပြီ… နောက်ဆုံးတော့ ငါတို့ ကုမိသားစုမှာ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူရှိသွားပြီကွ…”
မိသားစုမှ အကြီးအကဲများလည်း ၀မ်းသားအားရ အော်ဟစ်လိုက်ကြ၏။
လေထဲတွင် ပျံသန်းခြင်းမှာ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ၏ ဝိသေသဖြစ်ပေသည်။
ကုမိသားစု စတင်ဖြစ်တည်လာသည့်အချိန်ကတည်းစပြီး အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ခါမှ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ။
ယခင်တုန်းက သခင်မလေး ယီယီ၏ ကျင့်ကြံဆင့်က နိမ့်ကျသောကြောင့် လေထဲ၌ သွားလာလိုလျှင် မီးတောက်စာကလေးအား အသုံးပြုခဲ့ရသည်။ သို့သော် တစ်နှစ်ကျော်ကြာပြီးနောက် သူမဖာသာ ပျံသန်းလာခဲ့၏။ သူမ အခြေတည်ဝိညာဉ်အဆင့်သို့ရောက်သွားပြီဟု ဆိုလိုခြင်းမဟုတ်ပေလော။
မိသားစုခေါင်းဆောင်က ကုမိသားစုတွင် အစွမ်းထက်ဆုံးဖြစ်သော်လည်း စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၌သာ ရှိသေးပြီး ကုယီယီနှင့် ဝေးကွာလွန်းသေး၏။
“ ကောင်းတယ်…. အရမ်းကောင်းတယ်…”
ကုထျန်းချန်၏ မျက်၀န်းများ အလွန်တောက်ပနေပြီး လေသံများပင် တုန်ခါနေလေသည်။
ဤနှစ်ပိုင်းအတွင်း ကုမိသားစုက ရွှမ်ယီ၏ အရှိန်အဝါအပေါ် မှီခိုပြီး နေထိုင်ခဲ့ရသည်။ သို့သော် ရွှမ်ယီ မည်မျှသန်မာသည်ဖြစ်စေ သူက ကုမိသားစု၀င်မဟုတ်ချေ။
ယခုတွင် တစ်နှစ်ကျော်လေးအတွင်း ရွှမ်ယီ၏ တပည့် သူတို့ ကုမိသားစုမှမျိုးဆက် ကုယီယီက အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်သွားပြီဖြစ်၏။
ကုမိသားစုခေါင်းဆောင်အပါ၀င် ကုမိသားစုမှလူတိုင်း အံ့ဩ၀မ်းသာကာ တုန်လှုပ်သွားကြသည်။
ကုယီယီ ကုမိသားစုသို့ပြန်လာရာတွင် အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူအား အနှောင်အယှက်ဖြစ်မည်စိုးသဖြင့် လခြမ်းမြို့တစ်ခုလုံး အီးကျယ်ကျယ်ပင် မပေါက်ဝံ့ကြချေ။
အခြေတည်ဝိညာဉ်အဆင့်က အဆင့်မြင့်ဆုံးဖြစ်သော လခြမ်းမြို့၌ ကုယီယီက လက်တစ်ဖက်ယမ်းရုံဖြင့် အရာအားလုံးအား ဖျက်ဆီးနိုင်စွမ်းရှိသည်။
အမှန်တွင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူက ကောင်းကင်လေနိုင်ငံ၌ အကြွင်းမဲ့စွမ်းအားရှင်ဖြစ်ပြီး အဇူရာဒေသတစ်ခုလုံး၌ပင် အဆင့်မြင့်ကျင့်ကြံသူဖြစ်၏။
ဤသို့ကြည့်လိုက်မည်ဆိုလျှင် ကုယီယီ၏ လက်ရှိကျင့်ကြံမှုဖြင့် နက်နဲဓားဂိုဏ်း၌ ဆက်လက်နေထိုင်ပါက တိုးတက်ရန် အမှန်တကယ် ခက်ခဲလှ၏။
ကုယီယီ လခြမ်းမြို့၌ ရက်အနည်းငယ်နေခဲ့ပြီးနောက် အဇူရာဒေသမှထွက်ခွာကာ သူတော်စင်ဒေသသို့ ဦးတည်လိုက်လေသည်။
အဇူရာဒေသကဲ့သို့ ရေကန်ငယ်လေးထဲမှ ထွက်ခွာပြီး ပြင်ပလောကကြီးသို့ ခြေဆန့်ကာ ရွှမ်ယီနောက်မှ အတူလိုက်ပါချင်သည်။
….
ထိုအချိန်တွင် ဗဟိုသူတော်စင်အကယ်ဒမီအဖွဲ့က ဌာနမှူးဦးဆောင်မှုအောက်တွင် အကယ်ဒမီကြီး(၅)ခုပြိုင်ပွဲ ကျင်းပမည့်နေရာသို့ ရောက်လာခဲ့ကြသည်။
သိုင်းဒေသ ၊ ဝူအန်မြို့…
လက်ရှိတွင် အကယ်ဒမီကြီး(၅)ခုအနက် အလယ်ပိုင်းသူတော်စင် အကယ်ဒမီက နံပါတ်(၁)ဖြစ်သည်။
ဝူအန်မြို့က သိုင်းဒေသ၌ အလယ်ပိုင်းမြို့အဖြစ် သတ်မှတ်ခံထားရ၏။ သိုင်းဒေသ၏ ဦးသျှောင်အဖြစ် လူသိများသော ဝူမိသားစုက ဝူအန်မြို့၌ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ခြင်းဖြစ်ပြီး အလယ်ပိုင်းသူတော်စင် အကယ်ဒမီကလည်း ဝူအန်မြို့၌ ပြင်ပအကယ်ဒမီတစ်ခု တည်ထောင်ထားခဲ့သည်။
ယခုတစ်ကြိမ် အကယ်ဒမီကြီး(၅)ခုပြိုင်ပွဲအား အလယ်ပိုင်းသူတော်စင် အကယ်ဒမီက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ဝူအန်မြို့အထက် ကောင်းကင်ပေါ်မှ ကြီးမားသောလေပေါ်ကျွန်း၌ ကျင်းပမည်ဖြစ်သည်။
ဗဟိုသူတော်စင်အကယ်ဒမီမှ လူများရောက်လာပြီးနောက် ပြိုင်ပွဲမစသေးသည်ဖြစ်ရာ ဝူအန်မြို့၌ ခေတ္တတည်းခိုလိုက်ကြ၏။
ရွှမ်ယီက တပည့်များအား ဦးဆောင်ပြီး မြို့ထဲ၌ လျှောက်ပတ်ကာ ရှေးဟောင်းအမွေအနှစ်များ ၊ ထူးခြားသော ဗိသုကာလက်ရာများအား ကြည့်ရှုပြီးနောက် ယာယီတည်းခိုရာနေရာသို့ ပြန်လာခဲ့သည်။
ဤနေရာသို့ မလာခင် (၃)ရက်နားခဲ့စဉ်က တပည့်များအား အနီးကပ်ထပ်မံသင်ကြားပေးခဲ့၏။ အားလုံး ယခင်ထက်များစွာတိုးတက်လာခဲ့ကြသည်။ သို့သော် ပြိုင်ပွဲမစမီ ၎င်းတို့ နှလုံးသားအား တည်ငြိမ်စေပြီး စိတ်အခြေအနေအား အထွတ်အထိပ်သို့ရောက်ရန် ချိန်ညှိဖို့လိုအပ်သေး၏။
ရွှမ်ယီလည်း တိတ်တဆိတ်အနားယူချင်သည့်တိုင် တချို့လူများက သူ့အား ထိုအခွင့်အရေးမပေးခဲ့ချေ။
ဗဟိုသူတော်စင် အကယ်ဒမီမှလူများ ဝူအန်မြို့သို့ရောက်လာသည်နှင့် အိမ်ရှင်ဖြစ်သော အလယ်ပိုင်းသူတော်စင်အကယ်ဒမီက ချက်ချင်းသတင်းရခဲ့၏။
ရွှမ်ယီပါလာကြောင်း သိလိုက်လျှင် အလယ်ပိုင်းသူတော်စင်အကယ်ဒမီမှလူများ စိတ်၀င်စားသွားခဲ့ကြသည်။
ထို့နောက် ရွှမ်ယီလျှောက်လည်ရာမှ ပြန်လာပြီးနောက် နာရီ၀က်ခန့်အကြာတွင် တစ်စုံတစ်ယောက် သူ့တံခါးအား လာခေါက်လေသည်။
“ အလယ်ပိုင်းသူတော်စင်အကယ်ဒမီရဲ့ ဌာနမှူး ထန်ပုကျန်းက ဆရာရွှမ်ယီနဲ့ တွေ့ချင်ပါတယ်….”