အခန်း (၂၇၆)
Vol. 19 Ch. 276
လှပသော မျက်နှာ ၊ S ပုံစံကောက်ကြောင်းဖြင့် ခရမ်းရောင်၀တ် အမျိုးသမီးတစ်ဦး ရှေ့တိုးလာခဲ့သည်။ သူမက ဗဟိုသူတော်စင်အကယ်ဒမီ ဌာနမှူးရှေ့၌ ရွှမ်ယီနှင့် တွေ့လိုကြောင်း တိုက်ရိုက်ပြောကြားလိုက်၏။ ထိုသို့ပြောနေစဉ် နောက်တွင် အတူပါလာသည့်လူအား ကြည့်ကာပြုံးပြလိုက်သေးသည်။
သူမ အနောက်တွင် သန်မာတောင့်တင်းသော ခန္ဓာကိုယ်ဖြင့် ပတ်၀န်းကျင်မှ လူများအား အသက်ရှုကြပ်သွားစေနိုင်သည့် အရှိန်အဝါများ ဖြာထွက်နေသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးရှိနေခဲ့သည်။ သူ့ မျက်၀န်းများက အားမာန်အပြည့်ဖြင့် တောက်ပနေ၏။
ထိုလူက အလယ်ပိုင်းသူတော်စင် အကယ်ဒမီမှ ဌာနမှူး ထန်ပုကျန်းဖြစ်သည်။
ထိုအချိန်တွင် ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူးမျက်နှာ အလွန်ပျက်ယွင်းနေပြီး ဆန္ဒမရှိသည့်တိုင် ထို(၂)ယောက်အား ၀င်ခွင့်ပြုလိုက်၏။
ထို(၂)ယောက်တွင် တစ်ယောက်က ဌာနမှူးဖြစ်ပြီး နောက်တစ်ယောက်က လက်ထောက်ဌာနမှူးဖြစ်သည်။ ၎င်းတို့ အဆင့်အတန်းက ပေါ့သေးသေးမဟုတ်ချေ။ ထို့အပြင် လူအများရှေ့၌ ရွှမ်ယီနှင့် တွေ့ဆုံရန် ခွင့်တောင်းခဲ့ခြင်းဖြစ်၏။
သူတို့တွင် မည်သည့် အကြံအစည်များရှိနေသနည်း…?
ဌာနမှူးအနေဖြင့် ၎င်းတို့ရည်ရွယ်ချက်အား ရှင်းလင်းစွာမြင်နိုင်ပေသည်။
ဤအတောအတွင်း ရွှမ်ယီ၏ ဂုဏ်သတင်းက တောင်းပိုင်းတိုက်ကြီးတစ်ခွင် အလွန်ပျံ့နှံ့နေခဲ့သည်။
အသက်(၂၅)နှစ်၀န်းကျင် မူလဘုရင်အဆင့်ဇယား နံပါတ်(၁)။ ထို့အပြင် မြောက်ပိုင်းတိုက်ကြီးမှ ရောက်လာသော လှံနတ်ဘုရားဆိုသူအား အနိုင်ယူကာ တောင်ပိုင်းတိုက်ကြီး၏ ဂုဏ်သိက္ခာကို ကယ်တင်ပေးခဲ့သည်။
ရွှမ်ယီ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းက မသေးငယ်လှချေ။
ဤအတိုင်းဆက်သွားပြီး မည်သည့် မတော်တဆမှဖြစ်မလာလျှင် အနာဂါတ်၌ ရွှမ်ယီက တောင်ပိုင်းတိုက်ကြီး၏ အထွတ်အထိပ်၌ ရပ်တည်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ဤမျှ လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး အလားအလာကောင်းသူတစ်ဦးကို အလယ်ပိုင်းသူတော်စင်အကယ်ဒမီက မဆွဲဆောင်မှသာ ထူးဆန်းနေပေလိမ့်မည်။
ထို့အပြင် အလယ်ပိုင်းသူတော်စင် အကယ်ဒမီက တောင်ပိုင်းတိုက်ကြီး၌ နံပါတ်(၁)ဖြစ်၏။ ၎င်းတိုထံတွင် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ(၂)ဦးရှိပေသည်။ အကယ်ဒမီ (၅)ခုအကြား ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ(၂)ဦး ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော အကယ်ဒမီကြီးဖြစ်၏။
တစ်ယောက်က ယခင် ဌာနမှူးအဟောင်းဖြစ်ပြီး ၊ နောက်တစ်ယောက်က သူ၏ လက်ထောက်ဌာနမှူးဖြစ်သည်။
ဗဟိုသူတော်စင် အကယ်ဒမီမှ ဌာနမှူး၏ နှလုံးသားထဲတွင် မလိုလားမှုများနှင့် စိုးရိမ်မှုများ ပြည့်နှက်လာ၏။
‘ ရွှမ်ယီ… မင်း သူတို့နောက်တော့ လိုက်မသွားဘူးမို့လား…’
ဌာနမှူးက သူတို့အား လေးစားမှုပြခဲ့သည်ဖြစ်ရာ လှပသော အမျိုးသမီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ပြန်လည်လေးစားမှုပြသည့်အနေဖြင့် အနည်းငယ်ဦးညွှတ်လိုက်၏။ ထန်ပုကျန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူတို့(၂)ယောက် ရွှမ်ယီ အခန်းရှေ့သွားကာ တံခါးခေါက်လိုက်၏။
“ ၀င်ခဲ့ပါ…”
အတွင်းမှ သာမန်ဆန်သော စကားသံတစ်ခုထွက်ပေါ်လာ၏။
ထန်ပုကျန်းက ခေါင်းညိတ်ပြလိုက်ရာ လှပသော အမျိုးသမီးက တံခါးတွန်းဖွင့်လိုက်လေသည်။
“ မင်းက မူလဘုရင်အဆင့်ဇယား နံပါတ်(၁) ရွှမ်ယီဖြစ်မယ်.. ဒါက အလယ်ပိုင်းသူတော်စင် အကယ်ဒမီက ဌာနမှူး ထန်ပုကျန်းပါ… ငါကတော့ လက်ထောက် ဌာနမှူးပေါ့…”
လှပသောအမျိုးသမီးက ရွှမ်ယီအားတွေ့သည်နှင့် အလှပဆုံးပြုံးပြီး မိတ်ဆက်လိုက်သည်။ သူမက နူးညံ့အိစက်သော ခရမ်းရောင်၀တ်စုံအား၀တ်ဆင်ထားပြီး သူမခန္ဓာကိုယ်တစ်ဝိုက်တွင် သင်းပျံ့သောအမွှေးရနံ့တစ်ခု ပျံ့လွင့်နေ၏။
သူမ ခြေလှမ်းအနည်းငယ်ဖြင့် ရွှမ်ယီနှင့်အလွန်နီးကပ်သော နေရာသို့ရောက်သွားသည်။
ရွှပ်…
ရွှမ်ယီ မျက်လုံးဖွင့်လိုက်လျှင် စူးရှထက်မြက်သော ဓားရည်ရွယ်ချက် စွမ်းအားရုတ်ချည်းထွက်ပေါ်လာပြီး လှပသော အမျိုးသမီး နှလုံးသားအတွင်း စူးနစ်၀င်ရောက်သွားကာ သူမ ခြေလှမ်းများအား ရပ်တန့်သွားစေ၏။
“ မူလဘုရင်အဆင့် နံပါတ်(၁)ကတော့ မျှော်လင့်ထားသလိုပါဘဲလား….”
လှပသောအမျိုးသမီး အနည်းငယ်ထိတ်လန့်သွားပြီး စိတ်ဝိညာဉ်စွမ်းအားထုတ်ဖော်လိုက်ကာ ရွှမ်ယီ၏ ဓားရည်ရွယ်ချက်စွမ်းအားကို ပျက်ပြယ်သွားစေလိုက်သည်။
တစ်ချိန်တည်းတွင် သူမနှင့် ထန်းပုကျန်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး မျက်၀န်းများ တောက်ပလာ၏။
အဓိပ္ပါယ်ကရှင်းပေသည်။ ရွှမ်ယီ၏ အကြည့်မှတစ်ဆင့် အစောပိုင်းလူသားဘုရင်အဆင့်ထက် ကျော်လွန်နေသော စွမ်းအားကို ခံစားမိလိုက်ကြ၏။
“ ကျုပ်ဆီလာတာ ဘာကိစ္စရှိလို့များလဲ…”
ရွှမ်ယီက ထိုနှစ်ယောက်အား စိုက်ကြည့်လိုက်၏။ တစ်စုံတစ်ရာ အကြောင်းအရင်းမရှိဘဲ သူ့ဆီလာရန် မဖြစ်နိုင်ချေ။
အကြောင်းပြချက်တစ်ခုတော့ ရှိရမည်။
“ ဟီးဟီး… အရမ်းကောင်းတယ်…”
ထန်ပုကျန်းက ရှေ့တစ်လှမ်းတိုးလိုက်ပြီး ရွှမ်ယီအားစိုက်ကြည့်ကာ
“ မင်းကို အလယ်ပိုင်းသူတော်စင်အကယ်ဒမီက နည်းပြဆရာအဖြစ် ဖိတ်ခေါ်ချင်တယ်… ငါကြားသလောက် မင်းမှာ ဗဟိုသူတော်စင် အကယ်ဒမီမှာ တပည့်နည်းနည်းပဲရှိတယ်ဆို… စိတ်မပူပါနဲ့.. အလယ်ပိုင်းသူတော်စင် အကယ်ဒမီကိုရောက်လာရင် အဲ့တာမျိုး မဖြစ်စေရဘူး…”
“ ဟုတ်တယ်…”
လှပသောအမျိုးသမီးက ၀င်ရောက်ထောက်ခံလိုက်၏။ ထို့နောက် သူမက ဆက်လက်ပြီး
“ ပြောရမယ်ဆိုရင် ဗဟိုသူတော်စင်အကယ်ဒမီက အဲ့လောက်မဟုတ်ဘူး… အဲ့မှာရှိနေတာ နင့်ရဲ့ အရည်အချင်းကို စော်ကားနေသလိုဘဲ… ဗဟိုသူတော်စင်အကယ်ဒမီက ငါတို့ အလယ်ပိုင်းသူတော်စင်အကယ်ဒမီနဲ့ လုံး၀ ယှဉ်လို့မရဘူး…”
“ ငါတို့ အကယ်ဒမီက တောင်ပိုင်းတိုက်ကြီးမှာ နံပါတ်(၁)ဘဲ… လက်ထောက် ဌာနမှူး(၈)ယောက်ရှိတယ်… ပြီးတော့ အားလုံးက အထွတ်အထိပ် လူသားဘုရင်အဆင့် ကျင့်ကြံသူတွေချည်းဘဲ… ဒါပေမယ့် ဗဟိုသူတော်စင်အကယ်ဒမီက ဌာနမှူးတွေကတော့ နှောင်းပိုင်းလူသားဘုရင်အဆင့်မှာဘဲရှိတယ်… ပြောရမယ်ဆိုရင် ငါတို့ အကယ်မီက တချို့နည်းပြဆရာတွေလောက်တောင် မသန်မာဘူး…”
ရွှမ်ယီ၏ မျက်၀န်းများ အေးစက်လာပြီး လှပသော အမျိုးသမီးအား စိတ်မရှည်တော့ဟန်ဖြင့် ကြည့်လိုက်သည်။
သူ့အတွက် နှောင်းပိုင်း လူသားဘုရင်အဆင့်ဖြစ်စေ ၊ အထွတ်အထိပ် လူသားဘုရင်အဆင့်ဖြစ်စေ ခြားနားမှုမရှိချေ။ အတူတူသာဖြစ်၏။
ခြားနားမှုအနေဖြင့် အမည်သာဖြစ်ပေလိမ့်မည်။
သူက ဗဟိုသူတော်စင်အကယ်ဒမီ၌ လက်ထောက် ဌာနမှူးဖြစ်သည်။ ယခုတွင် အလယ်ပိုင်းသူတော်စင် အကယ်ဒမီ၏ ကမ်းလှမ်းမှုက မည်သို့နည်း…?
နည်းပြဆရာလား…?
ဒါကို စိတ်ရင်းဟု ခေါ်ဆိုနိုင်သလော…?
ထို့အပြင် အလယ်ပိုင်းသူတော်စင်အကယ်ဒမီ၏ သန်မာ အားကောင်းမှုက သူနှင့် ဘာဆိုင်သနည်း…?
ရွှမ်ယီအနေဖြင့် ၎င်းကိုဂရုမစိုက်ပေ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိ၏။
လက်ရှိ ဗဟိုသူတော်စင် အကယ်ဒမီက အကယ်ဒမီကြီး(၅)ခုအနက် အောက်ဆုံးတွင်ရှိနေသည့်တိုင် သူနှင့်အတူဆိုပါက အနာဂါတ်တွင် ကျန်အကယ်ဒမီ(၄)ခုအား ကျော်တက်ပြီး ထိပ်ဆုံးသို့ရောက်ရန် ယုံကြည်ချက်ရှိသည်။
တစ်ဖက်တွင် ထန်ပုကျန်းနှင့် လှပသောအမျိုးသမီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ အရာအားလုံး မိမိတို့လက်ထဲတွင်ရှိနေသည်ဟူသော အပြုံးမျိုးဖြစ်၏။
“ ရွှမ်ယီ… မင်းက မူလဘုရင်အဆင့် နံပါတ်(၁)ဆိုတော့ အထွတ်အထိပ် မူလဘုရင်အဆင့်ကိုရောက်နေလောက်ပြီပေါ့.. ဟုတ်တယ်မလား..? လူသားဘုရင်အဆင့်ကို ချိုးဖျက်ဖို့ သိပ်မဝေးတော့ဘူးဆိုပေမယ့်.. အဲ့တာက ထင်သလောက်မလွယ်ဘူး… ဟိုတလောက ငါတို့အလယ်ပိုင်းသူတော်စင် အကယ်ဒမီက ရတနာတစ်ခု ရခဲ့တယ်… မင်းသာ အလယ်ပိုင်းသူတော်စင်အကယ်ဒမီကိုလာဖို့ သဘောတူနေသ၍ အဲ့ရတနာက မင်းအပိုင်ဘဲ… ဒါဆို မကြာခင် လူသားဘုရင်အဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်….”
ထန်ပုကျန်းက ဝှက်ဖဲအား ထုတ်ပြလိုက်ပြီး ရွှမ်ယီအား လေးနက်စွာ စိုက်ကြည့်လိုက်၏။
လက်ရှိအခြေအနေအရ ရွှမ်ယီ ငြင်းပယ်လိမ့်မည်ဟု သူမယုံကြည်ပေ။
သူက မူလဘုရင်အဆင့်နံပါတ်(၁)ဖြစ်နေလျှင်တောင် လူသားဘုရင်အဆင့်သို့ချိုးဖျက်ရခြင်းမှာ လွယ်ကူသည့်ကိစ္စမဟုတ်ချေ။
စစ်ပွဲနတ်ဘုရားဟု လူသိများသော ဝူ၀မ်တျန်လည်း ပါရမီရှင်တစ်ဦးပင်။ သို့သော် လူသားဘုရင်အဆင့်သို့ မချိုးဖျက်နိုင်သေးဘဲ မူလဘုရင်အထွတ်အထိပ်အဆင့်၌ ပိတ်မိနေသည်မှာ ကြာချေပြီ။
ရွှမ်ယီက သူတို့စကားများအား ၀မ်းနည်း၀မ်းသာ မည်သည့်ခံစားချက်မှမရှိဘဲ တိတ်တဆိတ်နားထောင်နေခဲ့သည်။
၎င်းတို့နှင်စကားပြောရန်ပင် ပျင်းရိနေချေပြီ။
ဘာရတနာလဲ…?
၎င်းအား ဘာလုပ်ရမည်နည်း…?
သူက လွန်ခဲ့သော လအနည်းငယ်ကတည်းက လူသားဘုရင်အဆင့်သို့ ရောက်ရှိပြီးဖြစ်၏။
“ ရွှမ်ယီ… ဒါ ငါတို့ဘက်က စိတ်ရင်းကို ဖော်ပြတာဘဲ…”
ရွှမ်ယီ အနည်းငယ်ပြုံးလိုက်သည်။
စိတ်ရင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့ချေ။
သူက မည်သည့်ရတနာမှ အသုံးမပြုဘဲ လူသားရင်အဆင့်သို့ ချိုးဖျက်ခဲ့ပြီးဖြစ်၏။ ယခုတွင် အစောပိုင်းလူသားဘုရင်အဆင့်၌ပင် အခြေခိုင်နေချေပြီ။
ထို့အပြင် ၎င်းတို့က စိတ်ရင်းဟုဆိုနေသော်လည်း ဗဟိုသူတော်စင်အကယ်ဒမီမှ လက်ထောက်ဌာနမှူး တစ်ယောက်အား နည်းပြဆရာ ရာထူးဖြင့် လာ ကမ်းလှမ်းနေကြသည်။ ၎င်းတို့စကားများကလည်း အနည်းငယ်အထက်စီးဆန်နေခဲ့၏။