အခန်း (၂၇၇)
Vol. 19 Ch. 277
“အဓိပ္ပါယ်မရှိတာတွေပြောမနေတော့နဲ့…”
ရွှမ်ယီ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုရှိနေခဲ့ပြီး လှပသော အမျိုးသမီး၏ စကားအား ဖြတ်ပြောလိုက်သည်။
“ကျုပ်ကို ခင်ဗျားတို့ အကယ်ဒမီက လိုချင်တာလား… မဖြစ်နိုင်ဘူး…”
ရွှမ်ယီ၏ မျက်ဝန်းများက စူးရှတောက်ပနေပြီး ဓါးရှည်အား ကိုင်ဆောင်ကာ မတ်တပ်ရပ်လိုက်၏။
“ဒါပေမယ့်… ခင်ဗျား ကျုပ်ဆီက ဓါးတစ်ချက်ကို ခုခံနိုင်ရင် ခင်ဗျားတို့ဆန္ဒကို လိုက်လျောပေးမယ်…”
ဝုန်း…
ရွှမ်ယီထံမှ ဓါးရည်ရွယ်ချက်စွမ်းအားများ အခန်းတစ်ခုလုံးသို့ ဖြာထွက်သွားလေသည်။
အခန်းတွင်းရှိ လေထုက ချက်ချင်းအေးခဲသွား၏။
“အိုး…”
လှပသော အမျိုးသမီး၏ မျက်လုံးအကြည့်များ ပြောင်းလဲသွားပြီး ဒေါသ အငွေ့အသက်များ ထွက်ပေါ်လာသည်။
‘ငါ့ကို လျော့တွက်နေတာပဲ…’
သူမက တောင်ပိုင်းတိုက်ကြီးမှ နံပါတ် (၁) အကယ်ဒမီကြီးဖြစ်သော အလယ်ပိုင်းသူတော်စင်အကယ်ဒမီမှ လက်ထောက်ဌာနမှူးဖြစ်သည်။ သူမ အဆင့်အတန်းက သာမန်ထက် ထူးခြား၏။ တခြားလူများ သူမနှင့် ဆုံတွေ့လျှင် နွေးထွေးစွာ ပြုံးပြပြီး အကောင်းဆုံး ဆက်ဆံလေ့ရှိကြသည်။ ဘယ်သူကမှ ဤမျှ ရိုင်းစိုင်းစွာ ဆက်ဆံခဲ့ခြင်းမရှိချေ။
ထို ရွှမ်ယီက သူမ၏ ခွန်အားကို အလွန်နှိမ့်ချနေဟန်ရ၏။
သူက မူလဘုရင်အဆင့်ဇယားတွင် နံပါတ် (၁) ဖြစ်သော်လည်း နောက်ဆုံးတွင် မူလဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သေးသည်။
မူလဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးက လူသားဘုရင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူအား ဓါးတစ်ချက် ခုခံစေလိုသလော။
ထိုလှပသော အမျိုးသမီးအတွက်မူ ဤကိစ္စမှာ ရှက်စရာပင်ဖြစ်၏။
ရွှမ်ယီက ဟီ မိသားစုခေါင်းဆောင်နှင့် ယှဉ်လျှင်ပင် သန်မာကြောင်း သူမသိထားသော်လည်း ဟီ မိသားစုခေါင်းဆောင်က နှောင်းပိုင်းလူသားဘုရင်အဆင့်ကျင့်ကြံသူသာ ဖြစ်သေးပြီး သူမက အထွတ်အထိပ်လူသားဘုရင်အဆင့် ကျင့်ကြံမှု အခြေခံရှိသည်။
“ကောင်းပြီလေ…”
လှပသော အမျိုးသမီးက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း သူမ၏ မျက်ဝန်းများက အေးစက်သွားလေသည်။
“နင် တိုက်ခိုက်နိုင်တယ်…”
ထိုသို့ ပြောပြီးနောက် ဓါးဆွဲထုတ်ရန်ပြင်နေသည့် ရွှမ်ယီအား ယုံကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
လူသားဘုရင်အထွတ်အထိပ်အဆင့် ကျင့်ကြံမှုအခြေခံဖြင့် မူလဘုရင်အဆင့် ကျင့်ကြံသူထံမှ ဓါးတစ်ချက်အား မခုခံနိုင်ဟု သူမမယုံပေ။
ထန်ပုကျန်းလဲ နောက်ဆုတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေ၏။
ရွှစ်…
သူက ရွှမ်ယီနှင့် လှပသောအမျိုးသမီးကြားမှ တိုက်ပွဲရလဒ်များ ပျံ့နှံ့မသွားစေရန်အတွက် အခန်းအား စိတ်ဝိညာဉ်စွမ်းအားဖြင့် အတားအဆီးတစ်ခု ပြုလုပ်လိုက်၏။
ပါရမီ ထက်မြက်သောသူများ အားလုံးနီးပါး မာနကြီးလေ့ရှိပြီး သူ့အမြင်တွင် ရွှမ်ယီက ထိုအထဲမှ တစ်ယောက်သာဖြစ်သည်။
လှပသော အမျိုးသမီး၏ စိတ်ကိုလည်း သူ နားလည်ထားသည်။ တိုက်ခိုက်မှုပြီးလျှင် လှပသော အမျိုးသမီးက ရွှမ်ယီအား သင်ခန်းစာအနည်းငယ်ပေးနိုင်မည်ဟု မျှော်လင့်နေ၏။
“ဒါဆို ကျုပ်တိုက်ပြီ…”
ရွှမ်ယီက အလွန်ယုံကြည်မှုရှိနေသည့် လူနှစ်ယောက်အား ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး ဓါးအား ဆွဲထုတ်လိုက်သည်။
ရွှစ်…
အလွန်စူးရှတောက်ပသည့် အဖြူရောင် ဓါးအလင်းတန်းများ ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးအား လင်းထိန်သွားစေခဲ့သည်။
အလင်းရောင်က ချက်ချင်းထွက်ပေါ်လာပြီး ချက်ချင်းပြန်လည်ပျောက်ကွယ်သွား၏။
တစ်ခဏအတွင်း ဓါးရှည်က အပြင်သို့ထွက်လာပြီး ချက်ချင်း ဓါးအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
အုန်း…
လှပသော အမျိုးသမီး ဝါဂွမ်းတစ်ခုအလား လွင့်စင်သွားပြီး ထန်ပုကျန်း ကာရံထားသည့် စိတ်ဝိညာဉ် အတားအဆီးနှင့် ဝင်တိုက်မိသွားလေသည်။ သူမ၏ မျက်ဝန်းများ ပြူးကျယ်နေခဲ့ပြီး မျက်နှာက ဖြူဖျော့နေကာ နှုတ်ခမ်းထောင့်စွန်းမှနေ၍ သွေးများ စီးကျလာ၏။
“နင်..…! မဖြစ်နိုင်ဘူး…”
ထန်ပုကျန်း၏ မျက်နှာလည်း အရောင်ပြောင်းသွားခဲ့သည်။
သူက လှပသော အမျိုးသမီးထံသို့ ပြေးသွားပြီး ဆွဲထူလိုက်ရာ သူမ ခန္ဓာကိုယ်မှတစ်ဆင့် ထွက်ပေါ်လာသည့် ဓါးစွမ်းအားများက သူ့ လက်ဖဝါးကိုပင် စူး၀င်သွားသလို ခံစားလိုက်ရ၏။
လူသားဘုရင်အဆင့်၌ အလွန်သန်မာသည့် အလယ်ပိုင်း သူတော်စင်အကယ်ဒမီမှ လက်ထောက်ဌာနမှူးပင် ရွှမ်ယီ၏ ဓါးတစ်ချက်ကို မခုခံနိုင်ခဲ့ပေ။
ရွှမ်ယီက နှစ်ယောက်လုံးအား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။
“ ခင်ဗျား ကျုပ်ဆီက ဓါးတစ်ချက်ကိုတောင် ခုမခံနိုင်ပဲနဲ့ ကျုပ်ကို ဖိတ်ခေါ်နေတာလား…”
ရွှမ်ယီက ခေါင်းအနည်းငယ် ယမ်းလိုက်ပြီး တံခါးဆီသို့ လျောက်သွားလိုက်သည်။
“ကျုပ်အခွင့်အရေးပေးခဲ့ပါသေးတယ်… ဒါပေမယ့် ခင်ဗျား အသုံးမချနိုင်ခဲ့ဘူး…”
“ကျေးဇူးပြုပြီး ပြန်လို့ရပါပြီ…”
ရွှမ်ယီက ယဉ်ကျေးမနေတော့ပဲ အလယ်ပိုင်း သူတော်စင် အကယ်ဒမီမှ ဌာနမှူးနှင့် လက်ထောက် ဌာနမှူးတို့အား တိုက်ရိုက် နှင်ထုတ်လိုက်သည်။
ထိုနှစ်ယောက် ပြောသော အကျိုးအမြတ်များက သူ့အတွက် အမှန်တကယ်စဉ်းစားထားကြောင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့က သူ့အား လူသားဘုရင်အဆင့် ကျော်ဖြတ်နိုင်ရန် အသုံးဝင်သည့် ရတနာတစ်ခုနှင့် နည်းပြဆရာ ရာထူးအား ပေးအပ်ခဲ့သည်။
အဓိကအချက်မှာ အလယ်ပိုင်း သူတော်စင်အကယ်ဒမီက တောင်ပိုင်းတိုက်ကြီးရှိ အကယ်ဒမီများ အားလုံးထဲ၌ ထိပ်ဆုံးနေရာတွင် ရှိနေသည်။
အလယ်ပိုင်း သူတော်စင် အကယ်ဒမီတွင် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ နှစ်ယောက်ပင် ရှိသေး၏။ ထို့အပြင် အကယ်ဒမီမှ လက်ထောက်ဌာနမှူးများကလည်း အထွတ်အထိပ်လူသား ဘုရင်အဆင့် ကျင့်ကြံမှုများ ရှိကြသည်။ အလယ်ပိုင်း သူတော်စင် အကယ်ဒမီ၏ အလုံးစုံစွမ်းအားက အဘက်ဘက်တွင် ဗဟို သူတော်စင်အကယ်ဒီထက် မြင့်မားပေသည်။
သို့သော် ရွှမ်ယီက ဗဟိုသူတော်စင် အကယ်ဒမီ၌ လက်ထောက်ဌာနမှူး တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ဌာနမှူးကလည်း သူ့အား အလွန် ဂရုစိုက်ခဲ့သည်။ သူ လူသားဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ခြင်းမှာလည်း ဌာနမှူး၏ ကျေးဇူးမကင်းပေ။
ရွှမ်ယီအနေဖြင့် အကျိုးအမြတ်နှင့် ခင်မင်ရင်းနှီးမှုကြား ရွေးချယ်စရာ ဖြစ်လာလျှင် ခင်မင်ရင်းနှီးမှုကိုသာ ရွေးချယ်ပေလိမ့်မည်။
ထို့ပြင် တစ်ဖက်လူက သူ၏ ဓါးတစ်ချက်ကိုပင် မခံနိုင်သည်ဖြစ်ရာ သူ့အားခေါ်ယူရန် မည်သို့ အရည်အချင်းရှိမည်နည်း။
ရွှမ်ယီ၏နောက်တွင် ကောင်းကင်ဘုရင်အဆင့် ပင်းယုရှိနေကြောင်း မေ့မထားသင့်ပေ။ အဆင့်အတန်းနှင့် ပတ်သက်လျှင် သူ့အနေဖြင့် နိမ့်ကျခြင်းအလျင်းမရှိချေ။
ထန်ပုကျန်း၏ မျက်နှာ မဲမှောင်သွားပြီး လှပသောအမျိုးသမီးအား ဆုတ်ကိုင်ထားကာ ရွှမ်ယီအား လေးနက်စွာစိုက်ကြည့်နေခဲ့၏။
သူက အလယ်ပိုင်း သူတော်စင် အကယ်ဒမီမှ ဌာနမှူးဖြစ်သည်။ တစ်ခြားသူများက သူနှင့် သဘောတူညီမှု မရရှိလျှင်တောင် အမြဲတစေ ယဉ်ကျေးကြသည်။ ဘယ်တုန်းကမှ ယခုကဲ့သို့ ဆက်ဆံခြင်းမခံရဘူးချေ။ သူတို့အနေဖြင့် ဤနေရာမှ ထွက်သွားတော့မည်ဖြစ်သော်လည်း ရွှမ်ယီက သူတို့မျက်နှာကို မထောက်ပဲ တိုက်ရိုက် နှင်လွှတ်ခဲ့သည်။
သူက ရွှမ်ယီ၏ ခွန်အားကြောင့်လည်း အနည်းငယ် ထိတ်လန့်သွားခဲ့မိ၏။
ထို့နောက် လေးနက်သော လေသံဖြင့်
“ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တစ်ချိန်မှာ မင်းနောင်တမရဖို့မျှော်လင့်တယ်…”
စကားဆုံးသည်နှင့် လှပသော အမျိုးသမီးအား သယ်ဆောင်ကာ လေဟာနယ်အား ဖြတ်သန်း၍ ချက်ချင်းပျောက်ကွယ်သွားတော့၏။
ရွှမ်ယီက အလယ်ပိုင်း သူတော်စင်အကယ်ဒမီမှ ဌာနမှူး ထန်ပုကျန်း၏ စကားကို ဂရုမစိုက်ပဲ ထီမထင်ဟန်ဖြင့် ပြုံးလိုက်သည်။
နောင်တလား…?
သူက လူသားဘုရင်အစောပိုင်းအဆင့်တွင်ပင် အထွတ်အထိပ်လူသားဘုရင်အဆင့်များကို အနိုင်ယူနေနိုင်ပြီဖြစ်၏။ သူသာ အထွတ်အထိပ်လူသားဘုရင်အဆင့်သို့ ရောက်သွားပါက ၎င်းတို့မှာ ဘာမှမဟုတ်တော့ချေ။
ဤကမ္ဘာကြီးတွင် သန်မာသူများသာ လေးစားခြင်း ခံရပေလိမ့်မည်။
နောင်တရရမည်လော…?
ဘယ်သူနောင်တရမယ်ဆိုတာ အရှင်းမသိရသေးပါဘူး…!
ထိုအချိန်တွင် ရွှမ်ယီ၏ အခန်းအပြင်ဘက်၌ ဗဟိုသူတော်စင် အကယ်ဒမီမှ ဌာနမှူး မီးခဲကိုင်မိသည့်အလား လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။ သူ့အနေဖြင့် အခန်းတွင်းမှ လှုပ်ရှားမှုများအား သတိပြုမိခဲ့သည်။ သို့သော် တံခါးအားဖွင့်ရန် တွန့်ဆုတ်နေခဲ့၏။
ရွှမ်ယီက တံခါးဖွင့်ပြီး ဌာနမှူးအား ပြုံးပြလိုက်သည်။
“ရွှမ်ယီ မင်းသဘောတူလိုက်သေးလား…”
ဌာနမှူး အလွန်အမင်း ရင်ခုန်နေခဲ့သည်။ အတန်ကြာတုန့်ဆိုင်းနေခဲ့ပြီးနောက် ထိန်းမထားနိုင်တော့ပဲ ရွှမ်ယီအား မေးလိုက်ခြင်းဖြစ်၏။