← Chapters

အခန်း (၂၈၀)

Vol. 19 Ch. 280

အခန်း (၂၈၀)

Vol. 19 Ch. 280

ကြီးကြပ်သူက အဓိကကျွန်းပေါ်၌ မတ်တပ်ရပ်နေပြီး ရလဒ်အာ တည်ငြိမ်စွာ ကြေငြာလိုက်ပြီးလျှင် အကြွင်းမဲ့စိတ်ဝိညာဉ်သေတ္တာအား လှုပ်ယမ်း၍ နောက်ထပ် ပြိုင်ပွဲ၀င်များအား ရွေးချယ်ကာ တိုက်ပွဲ၀င်စေလိုက်သည်။

တိုက်ပွဲများစွာဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် ဗဟိုသူတော်စင် အကယ်ဒမီအလှည့် ပြန်ရောက်လာချေပြီ။

အနောက်ကြယ်အကယ်ဒမီမှ အဆင့်(၁၀) မြောင်တန်အန် နှင့် ဗဟိုသူတော်စင် အကယ်ဒမီ အဆင့်(၅) ရှောင်ဟောင်…

“ ဒါက သေချာပေါက် နိုင်ပွဲပဲမဟုတ်လား…”

မြောင်တန်အန်က ယုံကြည်မှုရှိစွာပြောလိုက်ပြီး ခန္ဓာကိုယ်အား တစ်ချက်လှုပ်ကာ တိုက်ပွဲစင်မြင့်ထက်သို့ ထက်ရှသော ဓားတစ်လက်အလား ပြေးသွားလိုက်၏။

သူက အဆင့်(၁၀) ဆိုသော်ငြား လျှော့တွက်၍ မရချေ။ နံပါတ်(၂) အနောက်ကြယ် အကယ်ဒမီမှဖြစ်၏။

သူက ၎င်းတွင် အညံ့ဆုံးဖြစ်နေလျှင်တောင် ကျန်အကယ်ဒမီမှ ကျောင်းသားများစွာတို့ထက်သန်မာသေးသည်။

“ ကံကောင်းတာဘဲ…”

မြောင်တန်အန်က စင်မြင့်ထက်၌ အပြုံးတစ်ခုဖြင့် ရေရွတ်လိုက်၏။

သူက အနောက်ကြယ်အကယ်ဒမီ၌ အဆင့်(၁၀) ဖြစ်သော်လည်း အနောက်ကြယ်အကယ်ဒမီက အကယ်ဒမီကြီး (၅)ခုအကြား အဆင့်(၂)ဖြစ်ပေသည်။ အလယ်ပိုင်းသူတော်စင် အကယ်ဒမီမှ ကျောင်းသားများနှင့် မယှဉ်နိုင်သည့်တိုင် သူ့ခွန်းအားက နိမ့်ကျသည့်အထဲ မပါ၀င်ပေ။

အကယ်ဒမီတစ်ခု၏ အလုံးစုံခွန်အားက ကျောင်းသားများအပေါ်လည်း သက်ရောက်မှုရှိသည်။ သူက အဆင့်(၁၀) ဆိုသည့်တိုင်အောင် အဆင့်နိမ့်အကယ်ဒမီမှ ကျောင်းသားများနှင့် ယှဉ်လျှင် အားကောင်းသည့်အထဲပါ၀င်၏။

အထူးသဖြင့် အဆက်မပြတ်နိမ့်ကျလာနေသော ဗဟိုသူတော်စင် အကယ်မီအတွက် ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ယခုတွင် သူ့ပြိုင်ဘက်က ဗဟိုသူတော်စင် အကယ်ဒမီမှဖြစ်၏။

ယခုနှစ် တိုက်ပွဲရလဒ်များအရ ဗဟိုသူတော်စင် အကယ်ဒမီက ယခင်ပြိုင်ပွဲများလောက်ပင် မစွမ်းဆောင်နိုင်တော့ချေ။ ယခင်ကလိုဆိုပါက အဆင့်(၅)ဖြင့် ယှဉ်ပြိုင်ရပါက သူ့အနေဖြင့် သတိထားရန်လိုအပ်သေး၏။

ယခုတွင်မူ…

ဗဟိုသူတော်စင် အကယ်ဒမီ၏ ယခင်တိုက်ပွဲ(၂)ခု ရလဒ်များအရ

၎င်းတို့ မည်မျှ ကျဆင်းနေပြီးဖြစ်ကြောင်း မြင်နိုင်သည်။

မြောင်တန်အန်ထံက စိတ်ဝိညာဉ်စွမ်းအင်များဖျာထွက်နေသည့် ကျန်းမာဒေါင်အား ဆုပ်ကိုင်ထားပြီး စင်မြင့်ထက်၌ ရပ်နေ၏။

[ Note. ကျန်းမာဒေါင် - ဟန်မင်းဆက်မှ ဓားတစ်မျိုး - အရှည် 200cm ၊ ဓားသွား အရှည် 150cm ၊ တစ်ဖက်သွားဓား ၊ အလယ်ပိုင်းက ဖြောင့်ပြီး အဖျားမှာ နည်းနည်းကော့သွားသည် ၊ လက်နှစ်ဖက်ကိုင်ပြီး အသုံးပြုရသော ဓားတစ်မျိုး ၊ မြင်းစီတပ်သားတွေ သုံးတယ်လို့တော့ရေးထားတယ် Googleက ရှာပြီး ရှင်းပြပေးတာပါ ၊ အမှားပါသွားရင် ခွင့်လွှတ်ပါခင်ဗျ ]

ထို့နောက် ဗဟိုသူတော်စင် အကယ်ဒမီရှိရာဘက်သို့ လက်ထဲမှ ဓားဖြင့် ညွှန်ပြလိုက်ပြီး ပွဲကြည့်ပရိန်သတ်များအား ဝေ့ကြည့်လိုက်ကာ

“ လာခဲ့… ဒီနေ့ ငါ့အတွက် လပ်ကီးဒေးလေးဘဲ… ရှောင်ဟောင်.. မင်းရဲ့ ကံဆိုးမှုအပေါ် ကြိတ်ပြီး အပြစ်တင်မနေပါနဲ့… ဘာလို့ဆို မင်းက ဘယ်သူနဲ့ပဲ တိုက်တိုက် ရလဒ်က အတူတူပဲဖြစ်မှာမို့…”

မြောင်တန်အန်က အလွန်မောက်မာနေခဲ့ပြီး ဗဟိုသူတော်စင် အကယ်ဒမီအား လူများစွာရှေ့တွင် တိုက်ရိုက် နှိမ့်ချစကားဆိုလိုက်၏။

မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့က နံပါတ်(၄) နေရာမှ အကယ်ဒမီဖြစ်သည်။ ၎င်းတို့က ပထမဆုံးတိုက်ပွဲ၌ပင် နန်ကျန်း အကယ်ဒမီအား ရှုံးနိမ့်ခဲ့၏။

နှစ်ပွဲတိုက် နှစ်ပွဲရှုံးဖြစ်ပေသည်။ ထိုကဲ့သို့ မှတ်တမ်းရှိနေရာ အဘယ်ကြောင့် မနှိမ့်ချဘဲ နေရမည်နည်း။

“ ဟဟ…”

မြောက်တန်အန်၏ စကားအားကြားလျှင် ဗဟိုသူတော်စင် အကယ်ဒမီမှ ဌာနမှူး ခပ်တိုးတိုးလှောင်ရယ်လိုက်၏။

သူက ပတ်လည်အား လှမ်းကြည့်လိုက်လျှင် ပရိတ်သတ်တချို့က မြောင်တန်အန်၏ စကားကို သဘောတူစွာ ခေါင်းညိတ်နေသည်ကို တွေ့လိုက်ရ၏။ စိတ်ထဲ အနည်းငယ်ကြိတ် လှောင်ကာ ပြုံးလိုက်မိသည်။

ထိုလူများမြင်သည်မှာ ဗဟိုသူတော်စင်အကယ်ဒမီ၏ (၂)ပွဲဆက် ရှုံးနိမ့်မှုသာဖြစ်၏။ ဗဟိုသူတော်စင် အကယ်ဒမီမှ ထိပ်တန်း(၇)ယောက်စွမ်းအားကို မည်သူမှ နားမလည်ကြချေ။

အထူးသဖြင့် ယခုတိုက်ပွဲ…

ရှောင်ဟောင်က လင်းယုန်ဒေသ ဟီမိသားစုမှ အမွေဆက်ခံသူအား သတ်ခဲ့သည့်အပြင် သူတော်စင် ဒေသနံပါတ်(၁)ဟု လူသိများသော ဒီဝူဖန်ထက်လည်း ကျော်လွန်နေ၏။

ဗဟိုသူတော်စင် အကယ်ဒမီ၌ အလွန်နာမည်ကြီးနေသူဖြစ်ပေသည်။

အနောက်ကြယ်အကယ်ဒမီက အဆင့်(၂)နေရာတွင် ရှိနေသည့်တိုင်အောင် ၎င်းတို့အနေဖြင့် ရွှမ်ယီကိုယ်တိုင် ပျိုးထောင်ထားသည့် နတ်ဆိုးလေးများအား အနိုင်ယူနိုင်မည်ဟု ဌာနမှူး လုံး၀မထင်ပေ။

အထူးသဖြင့် ထိုသကောင့်သားက အလွန်မောက်မာစွာဖြင့် စော်ကားနေသေးသည်။

ရှောင်ဟောင်က တည်ငြိမ်စွာဖြင့် တိုက်ပွဲစင်မြင့်ထက်သို့ ခုန်တက်သွား၏။

“ လာ… အချိန်ဖြုန်းမနေနဲ့တော့…”

“ ဟဟ.. မင်းကို ရိုက်နှက်ပြီးတာနဲ့ ငါ နောက်တစ်ဆင့်ကိုရောက်တော့မယ်… တော်တော်ကံကောင်းတဲ့ ငါပါလား…”

မြောင်တန်အန်က ကျန်းမာဒေါင်အား လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ရှေ့သို့ဆန့်ထုတ်လိုက်ကာ အကန်အသတ်မဲ့ အရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်သည်။

ထို့နောက် ရှောင်ဟောင်ထံ ပြေး၀င်သွား၏။

“ ကောင်းတယ်… မဆိုးဘူး…”

“ ‌သူက အနောက်ကြယ်အကယ်ဒမီ ကျောင်းသား တကယ်ဖြစ်ထိုက်တယ်… သူက အဆင့်(၁၀) နေရာမှ ရှိနေတာတောင် တခြားအကယ်ဒမီက ကျောင်းသားတွေထက် တော်တော်လေး အစွမ်းထက်နေပြီ…”

မြောင်တန်အန် ပြေး၀င်တိုက်ခိုက်လိုက်သည်အားမြင်လျှင် ပရိတ်သတ်များ တခဲနက် အော်ဟစ် အားပေးလိုက်ကြ၏။

ဤတစ်ကြိမ်တွင် လူတိုင်းနီးပါး အနောက်ကြယ်အကယ်ဒမီ အနိုင်ရမည်ဟု ယုံကြည်ထားကြသည်။

သူတို့မျှော်လင့်ထားသည့် တစ်ခုတည်းသောအရာမှာ ဗဟိုသူတော်စင် အကယ်ဒမီမှကျောင်းသား အချိန်အတန်ကြာ ခုခံတိုက်လိုက်နိုင်ရန်ဖြစ်၏။ သို့မှသာ သူတို့အနေဖြင့် ကြည့်ရကျိုးနပ်ပေလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ ၎င်းက ဗဟိုသူတော်စင်အကယ်ဒမီ၌ အဆင့်(၅)နေရာတွင်ရှိနေသည်။ သိုင်းကွက်အနည်းငယ်ဖြင့် ရှုံးနိမ့်သွားပါက တော်တော်လေး စိတ်မကောင်းစရာဖြစ်ပေလိမ့်မည်။

“ ရော့.. ဒါ ယူလိုက်…”

မြောင်တန်အန် ပြေး၀င်လာသည်အားမြင်လျှင် ရှောင်ဟောင်က ဓားရိုးထက်၌ လက်တင်ပြီး ပြုံးပြလိုက်သည်။

ထို့နောက် ဓားအော်သံကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။

အုန်း…

ဓားတစ်ချောင်း ဓားအိမ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ကျယ်လောင်သော ဓားအော်သံနှင့်အတူ ဓားရည်ရွယ်ချက်စွမ်းအား ထွက်ပေါ်လာပြီး တိုက်ပွဲစင်မြင့်အား လွှမ်းခြုံသွား၏။

ဓားအလင်းက မီတာရာဂဏန်း အနည်းငယ်ထိ ရှည်လျားပြီး အရိုးထဲထိ စူး၀င်သွားလောက်အောင် ထက်ရှသည်။

မြောင်တန်အန်၏ အမြင်တွင် ၎င်းက ကောင်းကင်ထက်မှ ကျဆင်းလာသည့် နတ်ဓားကြီးတစ်ချောင်း သူ့လည်ပင်းထံသို့ ပြေး၀င်လာသည့်အလားပင်။

အန္တရာယ်….!

မြောင်တန်အန် တစ်ကိုယ်လုံး ကြက်သီးများထသွားပြီး အလွန်ထိတ်လန့်သွားလေသည်။

စက္ကန့်၀က်မျှလောက် မှင်သက်သွားမှုကြောင့် ရှောင်ရန် နောက်ကျသွားချေပြီ။ သတိပြန်၀င်လာချိန် ဓားအလင်းက သူ့ထံသို့ ရောက်နေပြီဖြစ်၏။

ရွှစ်…

မြောင်တန်အန် မရှောင်နိုင်တော့ကြောင်း နားလည်သွားသဖြင့် လက်ထဲမှ ဓားရှည်အား တင်းကြပ်စွာဆုပ်ကိုင်ပြီး ရှေ့သို့ ဆန့်ထုတ်ကာ စိတ်ဝိညာဉ်စွမ်းအင်များအား အရူးအမူးစီး၀င်စေလိုက်သည်။

ကျန်းမာဒေါင်က စိတ်ဝိညာဉ်စွမ်းအင်များဖြင့် အလွန်တောက်ပလာပြီး ၀င်ရောက်လာသော ဓားချက်အား တားဆီးလိုက်၏။

သို့သော် လျှပ်တပြတ်အတွင်း လျှင်မြန်စွာ စွမ်းအား စုစည်းလိုက်ရသည့် ကျန်းမာဒေါင်က ရှောင်ဟောင်၏ ဓားချက်ကို တားဆီးနိုင်စွမ်းမရှိပေ။ အနည်းဆုံး အဆင့်(၄) နှင့်အထက်ဖြစ်နိုင်သော ကျန်းမာဒေါင်က တစ်စစီပျက်စီးသွားတော့၏။

ဘုန်း…

တိုက်ပွဲစင်မြင့်တစ်ခုလုံး ဖုန်များ ကျောက်ခဲများ ဖုံးလွှမ်းသွား၏။ ပွဲကြည့်ပရိတ်သတ်များကမူ အလွန်စိတ်၀င်စားနေပြီး စင်မြင့်ထက်သို့ တောက်ပသော မျက်၀န်းများဖြင့် ငေးကြည့်နေကြသည်။

စင်မြင်ထက်တွင် မြောင်တန်အန် အလွန်ထိတ်လန့်သွားခဲ့၏။ ထိုဓားစွမ်းအားက သူ့အသက်ကို နှုတ်ယူလုနီးပါး ဖြစ်သွားခဲ့သည်။

ထို့နောက် ဖုန်မှုန့်များအကြား ချွေးများချွဲနေသော ခန္ဓာကိုယ်ဖြင့် ဆက်လက်တိုက်ပွဲ၀င်ရန် ပြင်လိုက်သော်လည်း ရှောင်ဟောင်က ရုတ်တရက် ရှေ့ရောက်လာပြီး ခြေထောက်ဖြင့် သိမ်းကန်ချလိုက်၏။

အုန်း…

မြောက်တန်အန် တုံ့ပြန်ချိန်ပင်မရလိုက်ချေ။ သွေးများစီးကျလျှက် ရင်ဘတ်အားဆုပ်ကိုင်ကာ လွင့်စင်သွား၏။

အပြင်းအထန် ဖိနှိပ်ခံရခြင်း…!

သူက အနိုင်ရရန် ယုံကြည်ချက်ရှိနေခဲ့သော်လည်း လက်တွေ့တွင် ပြန်လည် တုံ့ပြန်နိုင်စွမ်းပင်မရှိချေ။

အကယ်၍ ရှောင်ဟောင်သာ ခြေထောက်အစား ဓားကိုအသုံးပြုခဲ့ပါက သူ အသက်မရှိလောက်တော့ပေ။

ဝေါ့…

ပရိတ်သတ်များ၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် မြောင်တန်အန် သွေးတစ်ပွက် အန်ချလိုက်ရ၏။ စင်မြင့်ထက်၌ သူ လွင့်စင်သွားရာ လမ်းတစ်လျှောက် သွေးစီးကြောင်းတစ်ခု ကျန်ခဲ့လေသည်။ အလွန်အရှက်ရသွားပြီး စင်မြင့်ထက်မှ ချက်ချင်း ပြေးဆင်းသွားတော့၏။

တစ်ကွက်တည်း ဖြင့် ရှုံးနိမ့်သွားခြင်း…!

မြောက်တန်အန် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး စင်မြင့်ထက်မှ ရှောင်ဟောင်အား စိုက်ကြည့်နေခဲ့သည်။

ရှောင်ဟောင်က ဓားပြန်သိမ်းလိုက်ပြီး မြောင်တန်အန်အား လှောင်ပြောင်လိုဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး

“ ကံကောင်းတာလား…? ငါ့အတွက်တော့ အဲ့တာမျိုး မလိုဘူး…”

ဘုန်း…

မြောင်တန်အန် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။

ရှောင်ဟောင်၏ အသံက အလွန်ကျယ်လောင်ခြင်းမရှိသည့်တိုင် သံတူကြီးတစ်ချောင်းဖြင့် သူ့ရင်ဘတ်အား အရိုက်ခံလိုက်ရသည့်အလားပင်။

မြောင်တန်အန်၏ မျက်နှာ စိမ်းပြာသွားကာ ခန္ဓာကိုယ်က တုန်ခါလာပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

ရှောင်ဟောင်၏ စကားက အရှိုက်ကိုထိသွားသည့် အလားပင်။

တိုက်ပွဲမစခင် ယုံကြည်မှုအပြည့်ဖြင့် အလွန်မောက်မာနေခဲ့သောလည်း တကယ်တမ်း တိုက်ခိုက်သောအခါ တစ်ကွက်ပင် မခံနိုင်ခဲ့ချေ။

ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ…?

All Chapters