အခန်း (၂၈၁)
Vol. 19 Ch. 281
ကြီးကြပ်ရေးမှူးက ရှေးဟောင်းမောင်းအား တီးခတ်လိုက်ပြီး တိုက်ပွဲရလဒ်ကိုကြေငြာလိုက်၏။
ထို့နောက် အကြွင်းမဲ့စိတ်ဝိညာဥ်သေတ္တာအား ထုတ်ပြီး နောက်ပွဲစဉ်အတွက် ပြိုင်ဘက်ရွေးချယ်လိုက်သည်။
ရွှစ်…
“ နောက်တစ်ပွဲကတော့ ဗဟိုသူတော်စင်အကယ်ဒမီ အဆင့်(၆) ရှောင်ဖန် နဲ့ ပိုင်ချန်အကယ်ဒမီအဆင့်(၃) ချန်ရှင်းဖန်….”
အသံက ကျယ်လောင်စွာ ပျံ့နှံ့သွား၏။
ပရိတ်သတ်များအားလုံး ဤမတိုင်ခင်က အလွန်တုန်လှုပ်နေခဲ့ကြပြီး ယခုမှ ပြန်လည်တုံ့ပြန်ကြလေသည်။ ရှောင်ဟောင်အားကြည့်ပြီး အပြင်းအထန် ဆွေးနွေး ငြင်းခုန်ကြတော့၏။
“ ဒါက ကြီးမားတဲ့ အပြောင်းအလဲကြီးဘဲ.. ဗဟိုသူတော်စင် အကယ်ဒမီ နိုင်သွားခဲ့တယ်…”
“ ဟုတ်တယ်.. ဒါက ကျုပ်မျှော်လင့်ချက်ထက် ကျော်လွန်နေတယ် ပြောရမယ်… ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်ရင် ဒီရလဒ်က လက်မခံနိုင်စရာတော့မရှိဘူး… အဆင့်(၁၀) နဲ့ အဆင့်(၅) ပြိုင်ရတာပဲကို…”
ထိုစကားအားကြားလျှင် လူတော်တော်များများ ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။
သိုင်းတစ်ကွက်ဖြင့် အနိုင်ရခဲ့သော်လည်း မြောင်တန်အန်က သူ့အကယ်ဒမီ၌ အဆင့်(၁၀)နေရာတွင်သာရှိသည်။ သူက အားမနည်းဘဲ ကျောင်းသားများစွာထက် သန်မာနေသည့်တိုင် သူ့အား အလွယ်တကူ အနိုင်ယူနိုင်သူ များစွာရှိသေး၏။
ဗဟိုသူတော်စင် အကယ်ဒမီက တောင်ပိုင်းတိုက်ကြီးမှ ထိပ်တန်းအကယ်ဒမီကြီး (၅)ခုထဲမှ တစ်ခုဖြစ်နေဆဲဖြစ်ကာ ၎င်းတို့ထံတွင် ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိနေသေးသည်။
ယခုလာမည့်တိုက်ပွဲက ပိုင်ချန်အကယ်ဒမီမှ အဆင့်(၃) နှင့် ဗဟိုသူတော်စင် အကယ်ဒမီမှ အဆင့်(၆) ။
၎င်းတို့အနက် တစ်ခုက ဆက်တိုက်ကျဆင်းလာနေသည့် အကယ်ဒမီဖြစ်ပြီး နောက်တစ်ခုက ဤနှစ်များအတွင်း အထက်သို့ ထိုးတက်လာနေသည့် ပိုင်ချန်အကယ်ဒမီဖြစ်၏။ ပိုင်ချန်အကယ်ဒမီက နံပါတ်(၂) အနောက်ကြယ်အကယ်ဒမီနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်းရှိသည်။
လူတိုင်းအမြင်တွင် အနိုင် အရှုံးက ကွဲပြားနေချေပြီ။
ထိုအချိန်တွင် ပိုင်ချန်အကယ်ဒမီဘက်၌ ချန်ရှင်းဖန်က ရှောင်ဟောင်၏ တိုက်ပွဲအား မြင်ပြီးနောက် တုန်လှုပ်နေဆဲဖြစ်၏။
သူက ကြယ်ဒေသ၌ ရှောင်ဟောင်နှင့် တွေ့ဆုံခဲ့ဖူးသည်။
ချန်ရှင်းဖန်က လှည့်ထွက်သွားသော ရှောင်ဟောင်၏ နောက်ကျောအား လေးနက်စွာ စိုက်ကြည့်နေ၏။
သူ့စိတ်ထဲတွင် မြောင်တန်အန်အား တိုက်ခိုက်ခဲ့သည့် ဓားချက် နှင့် ကန်ချက်အား အပြန်ပြန်အလှန်လှန် တွေးတောနေမိသည်။
သူနှင့် အပေါင်းအဖော်များက ကြယ်ဒေသ၌ မဟာပြိုင်ပွဲကြီးတွင် အနိုင်ရပြီး ဆုလာဘ်ရရယူလိုခဲ့သည်။ ထိုအချိန်က ယုံကြည်ချက်လည်း အလွန်ရှိနေခဲ့၏။
သို့သော် နောက်ဆုံးတွင် ရှုံးနိမ့်ပြီး လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။
သူက ရှောင်ဖန်နှင့် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး သူမအား (၆)ယောက်ထဲတွင် မည်သည့်အဆင့်ဖြစ်ကြောင်း မေးခဲ့ဖူး၏။ ထိုအခါ ရှောင်ဖန်က သူမ အညံ့ဆုံးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သူက ပိုင်ချန် အကယ်ဒမီ၌ အဆင့်(၃) ဖြစ်ကာ အဆင့်(၂) နှင့် အနည်းငယ်လေးမျှသာ ကွာခြား၏။
ပိုင်ချန်အကယ်ဒမီတစ်ခုလုံး၌ပင် သူ့အား အဆင့်တူတွင် အနိုင်ယူနိုင်သူမှာ (၂) ယောက်လောက်မျှသာ ရှိပေသည်။
သို့သော် ထိုကဲ့ကို့ မွန်းစတားပါရမီရှင် (၆)ယောက် ကြယ်ဒေသ၌ မည်သို့ တစ်ပြိုင်တည်း ထွက်ပေါ်လာကြောင်း ထိုအချိန်က သံသယဖြစ်ခဲ့မိ၏။
ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် နားလည်ရန် ခက်ခဲသည့် ဓားရည်ရွယ်ချက်အား သူတို့(၆)ယောက်လုံး နားလည်ထားခဲ့သည်။
ဘယ်လို မွန်းစတားမျိုးတွေလဲ…?
ချန်ရှင်းဖန်၏ မျက်၀န်းများထဲ၌ မနာလိုမှုများယှက်သန်းလာ၏။
ကျန်သူများက မြောင်တန်အန်အား ရှောင်ဟောင် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခြင်းမှာ မြောင်တန်အန် အားနည်းသောကြောင့်ဟု ထင်မြင်နေကြသော်လည်း သူက ထိုသို့မထင်ပေ။ ၎င်းတို့ အဖွဲ့ အမှန်တကယ် အစွမ်းထက်ကြောင်း သူနားလည်ထား၏။
ယခင် တိုက်ပွဲတုန်းက ရှောင်ဟောင် စင်မြင့်ထက်သို့ ရောက်လာစဉ် ချန်ရှင်းဖန် ထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် နောက်တစ်ကြိမ် သေချာစိုက်ကြည့်လိုက်သည်။
သူက ပိုင်ချန် အကယ်ဒမီ၌ အဆင့်(၃) ဖြစ်သော်လည်း ထိုအဖွဲ့ထဲမှ ရှောင်ဖန်နဲ့ တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် ရှောင်ဖန်၏ ဓားချက်အား အနောက်ကြယ်အကယ်ဒမီမှ ထိပ်တန်း(၅)ယောက်ထဲမှ လူများပင် ကာကွယ်နိုင်စွမ်းမရှိကြောင်း နားလည်ထား၏။
“ သူတို့အဖွဲ့က ဗဟိုသူတော်စင်အကယ်ဒမီကဖြစ်လိမ့်မယ်လို့ လုံး၀ မျှော်လင့်မထားဘူး….”
ချန်ရှင်းဖန်၏ မျက်၀န်းများက ရှောင်ဟောင်၏ နောက်သို့လိုက်ပါသွားပြီး ဗဟိုသူတော်စင် အကယ်ဒမီဘက်သို့ရောက်သွားလေသည်။ ထိုနေရာတွင် လူ(၁၀)ယောက်ရှိနေသော်လည်း (၄)ယောက်အား လျစ်လျူရှုလိုက်ကာ ကျန်(၆)ယောက်အား စိုက်ကြည့်လိုက်၏။ သူ့မျက်၀န်းများထဲ၌ အလွန်ထိတ်လန့်ဟန်များ ဖြစ်ပေါ်လာသည်။
‘ ဒီ(၆)ယောက်… အကယ်ဒမီကြီး(၅)ခု ပြိုင်ပွဲကို ရောက်လာတာလား…’
‘ သူတို့ ရောက်နေမှတော့ ပြိုင်ပွဲက သနားစရာကောင်း ကုန်တော့မှာဘဲ…’
ဤပြိုင်ပွဲ၌ နောက်ဆုံးတွင် လူ(၁၀)ဦးသာ ရွေးချယ်မည်ဖြစ်၏။ ထို (၆)ယောက်ထဲမှ နောက်ဆုံး အဆင့်သို့ လူမည်မျှ ရောက်နိုင်မည်နည်း။ နောက်ဆုံး(၁၀) ယောက်စာရင်း၏ ထက်၀က်အား သိမ်းပိုက်လိုက်ခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်၏။ ချန်ရှင်းဖန်စိတ်ထဲတွင် မကြာမီ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး တုန်ခါသွားတော့မည်ဟု ခံစားမိလိုက်သည်။
အဓိက အချက်က…
“ ငါ.. ရှောင်ဖန်နဲ့ တိုက်ရတော့မှာလား…?”
ချန်ရှင်းဖန် အသံတိတ် ငိုကြွေးလိုက်မိ၏။
ကြယ်မြို့တွင် သူမထံ အနိုင်ကျင့်ခံခဲ့ရသော်လည်း ယင်းက ပြသနာမရှိပေ။ အဆင်ပြေသေး၏။ ထိုအချိန်တုန်းက ကြယ်မြို့မှ လူအများစုက သူတို့ မည်သူ ဖြစ်ကြောင်း မသိကြချေ။ ပိုင်ချန်အကယ်ဒမီမဖြစ်ကြောင်း အကြမ်းဖျင်းသာသိကြပြီး တစ်ယောက်ချင်းစီအား အသေးစိတ်မသိကြပေ။
သို့သော် ယခုတွင် ၀ူအန်မြို့၌ ရှိနေပြီး တောင်ပိုင်းတိုက်ကြီး နေရာအနှံ့မှ လူတော်တော်များများလည်း ဤနေရာသို့ ရောက်ရှိနေ၏။
သူက ပိုင်ချန် အကယ်ဒမီတွင် အဆင့်(၃) ဖြစ်ပြီး ဂုဏ်သိက္ခာရှိသူဖြစ်ပေသည်။ ယခုတွင် စင်မြင့်ထက်၌ တစ်စုံတစ်ယောက်ထံ ရိုက်နှက်ခံရတော့မည်လော။
‘ ငါ မျက်နှာ ပျက်တော့မှာဘဲ…’
ချန်ရှင်းဖန် ဇက်ကို ပုလိုက်ပြီး ထူးမခြားနားဟန်ဖြင့် သက်တောင့်သက်သာ ရပ်နေသည့် လူ(၆)ယောက်အား တစ်ချက် ခိုးကြည့်လိုက်၏။ ရုတ်တရက် သူ့စိတ်ထဲတွင် ထိုအချိန်က တိုက်ခိုက်ခဲ့သည့် ရှောင်ဖန်၏ စွမ်းအားကို ပြန်တွေးမိသွားလေသည်။
ဤနေရာသို့ မလာခင် ပြိုင်ပွဲ၌ တောက်ပနိုင်ရန် ရည်ရွယ်ထားခဲ့သည်။ ထို(၆)ယောက်နှင့် ပြန်တွေ့မည်ဟု လူံ၀ မမျှော်လင့်ထားခဲ့ပေ။
ရှောင်ဖန်နှင့် တိုက်ခိုက်ရမည်လော…?
လုံး၀ အနိုင်မရနိုင်ကြောင်း ချန်ရှင်းဖန် နားလည်ထား၏။
ချန်ရှင်းဖန်၏ နှလုံးသားထဲတွင် နတ်ဘုရားတစ်ပါးနှင့် စစ်ခင်းနေရသော လူသားတစ်ဦးကဲ့သို့ ခံစားနေရသော်လည်း ပတ်၀န်းကျင်မှ လူများကမူ နဂိုအတိုင်း အားတက်သရော်ဆွေးနွေးနေကြဆဲပင်။
“ နောက်ထပ် လာပြန်ပြီ.. ဗဟိုသူတော်စင်အကယ်ဒမီ ဘယ်လောက်ကြာကြာ ဆက်ပြီး ရပ်တည်နိုင်မလဲ ကြည့်ကြတာပေါ့…”
“ ပိုင်ချန် အကယ်ဒမီက အဆင့်(၃).. နောက်ဆုံးတော့ အကောင်ကြီးတစ်ကောင်နဲ့ဆုံပြီ… သူက ဘယ်လို စွမ်းအားတွေပြဦးမလဲ… ဟဟ အခုကတည်းက ရင်ခုန်နေပြီ….”
တောင်ပိုင်းတိုက်ကြီး၏ နံပါတ်(၃) ပိုင်ချန်အကယ်ဒမီ နှင့်ပတ်သက်၍ လူတိုင်း ၎င်းတို့ဘက်မှ မျှော်လင့်နေကြ၏။
၎င်းတို့က နံပါတ်(၃) နေရာတွင်ရှိသော်ငြား လွန်ခဲ့သော နှစ်များတစ်လျှောက် တစ်ဟုန်ထိုးမြင့်တက်လာကာ နံပါတ်(၂) အနောက်ကြယ် အကယ်ဒမီနှင့်ပင် ယှဉ်နိုင်စွမ်းရှိနေချေပြီ။
ပိုင်ချန်အကယ်ဒမီ၌ အဆင့်(၃) နေရာအား ပိုင်ဆိုင်ထားသော ချန်ရှင်းဖန် အနေဖြင့်လည်း ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားမည်မှာ မြေကြီးလက်ခတ် မလွဲပေ။
“ ဗဟိုသူတော်စင် အကယ်ဒမီက တော်တော်လေး ကံမကောင်းတာပဲ.. အခုလေးတင် တစ်ပွဲနိုင်ထားတာ ထပ်ပြီး ရှုံးပြန်တော့မယ်… ဒီပွဲရှုံးပြီးရင် သူတို့ဘက်မှာ လူ(၇)ယောက်ပဲကျန်တော့မယ်… သူတို့ အရင်ဆုံး ထုတ်ပယ်ခံရဖို့ သေချာသလောက်ရှိနေပြီ….”
“ ဟားဟား… နံပါတ်(၅)ရေ မင်း ဘယ်ပြေးမလဲကွ…”
လူတိုင်း ရယ်မောလိုက်ကြ၏။ ဗဟိုသူတော်စင် အကယ်ဒမီနှင့်ပတ်သက်ပြီး မျှော်လင့်ချက် လုံး၀ မထားကြချေ။
သူတို့အမြင်တွင် ကျန်အကယ်ဒမီများမှ နောက်ဆုံး လူများကို အနိုင်ယူခြင်းက အကန့်အသတ်ဖြစ်နေချေပြီ။
ပြိုင်ပွဲ၏ အဆုံးသတ်ကိုပင် ကြိုမြင်နေကြပြီဖြစ်၏။
“ အားလုံးပဲ.. ချန်ရှင်းဖန်က ဘယ်လို စွမ်းအားတွေ ပြဦးမလဲ ကြည့်ကြစို့…”
လူတိုင်း နှလုံးသားထဲ၌ မျှော်လင့်တောင့်တမှုများဖြင့် စင်မြင့်ထက်သို့ အာရုံစိုက်လိုက်ကြသည်။