အခန်း (၂၈၂)
Vol. 19 Ch. 282
တစ်ဖက်တွင် ရှောင်ဖန်၏ လှပသော မျက်နှာလေးထက်၌ အပြုံးတစ်ပွင့်ရှိနေသည်။
သူမအား ယခင်က ရှုံးနိမ့်ခဲ့ဖူးသည့် ချန်ရှင်းဖန်အား မှတ်မိနေသေး၏။
‘ ဒီအတောအတွင်း သူ့ခွန်အားတွေ တိုးတက်လာပြီလား မသိဘူး…’
ရှောင်ဖန်က လက်ထဲ၌ ဓားရှည်အား ဆုပ်ကိုင်ထားပြီး တစ်ဖက်ခြမ်းမှ ပိုင်ချန် အကယ်ဒမီဘက်သို့ လှမ်းကြည့်လိုက်လျှင် ချန်ရှင်းဖန်နှင့် အကြည့်ချင်းဆုံသွား၏။
ချန်ရှင်းဖန်က ရှောင်ဖန်၏ အကြည့်ကိုခံစားမိလိုက်လျှင် နှလုံးသားတစ်ခုလုံး တင်းကြပ်သွားလေသည်။
သူက မည်သည့်စကားမျှ ထုတ်မပြောသည့်တိုင် နှဖူးထက်၌ ချွေးများစီးကျလာပြီး အင်္ကျီလက်အိုးအတွင်း၌ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်၏။
“ သွားတော့.. အဲ့တာက နံပါတ်(၄) အကယ်ဒမီဘဲ… မင်း အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်…”
ပိုင်ချန်အကယ်ဒမီဘက်တွင် အဆင့်(၁) လုချန်ရန်က အားပေးနေသည့် လူအုပ်ကြီးအားကြည့်ကာ အလွန်ဂုဏ်ယူနေဟန်ဖြင့် လက်ယမ်းပြလိုက်ပြီး ချန်ရှင်းဖန်အား စင်မြင့်ထက်သို့ မြန်မြန်သွားရန် တိုက်တွန်းလိုက်သည်။
“ ပိုင်ချန် အကယ်ဒမီကို မျက်နှာမျက်စေနဲ့….”
လုချန်ရန်က ချန်ရှင်းဖန်ကို အားပေးသော မျက်၀န်းများဖြင့် ကြည့်လိုက်သည်။ သူ၏ ကျောင်းနေဖက်က အဆင့်(၃)သာဖြစ်သော်လည်း အလွန်အစွမ်းထက်သေး၏။
ကျဆင်းနေပြီးဖြစ်သော ဗဟိုသူတော်စင် အကယ်ဒမီမှ အဆင့်(၆)နှင့် ယှဉ်ပြိုင်ရန်မှာ အလွန်လွယ်ကူသည် မဟုတ်ပေလော။
ဝှစ်ရှ်…
ချန်ရှင်းဖန် စင်မြင့်ထက်သို့ တိုက်ရိုက်တွန်းပို့ ခံလိုက်ရ၏။
“ တကယ်ပဲ နင်ကိုး…”
ရှောင်ဖန်က ပြုံးလိုက်ပြီး လက်တစ်ဖက်၌ ဓားရှည်အား ကန့်လန့်ဖြတ်ကိုင်ဆောင်ကာ ကျန်လက်တစ်ဖက်ဖြင့် အသင့်ဖြစ်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။
သူမ လက်အား ပြန်ရုတ်သိမ်းလိုက်လျှင် အပ်စိုက်မှတ်ပေါင်း (၄၈၀၀၀)မှ အဆုံးမဲ့ စိတ်ဝိညာဉ်စွမ်းအင်များ ဓားရှည်အတွင်းစီး၀င်သွား၏။
ရှောင်ဖန်က ဓားရှည်အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ချန်ရှင်းဖန်အား မျက်လုံးမှေးကျဉ်းကာ စိုက်ကြည့်လိုက်သည်။
သူမ၏ အခြေအနေအား ထိပ်ဆုံး၌ ရှိရန် ချိန်ညှိနေခဲ့ပြီး ဓားရှည်အတွင်း ထည့်သွင်းထားသော ကြောက်မက်ဖွယ် စွမ်းအားများက ချန်ရှင်းဖန် တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွား၏။
သူမက ချန်ရှင်းဖန် အသင့်ဖြစ်ကြောင်း အချက်ပြသည်ကိုစောင့်နေခဲ့ခြင်းဖြစ်ပြီး ဓားစွမ်းအားများက ချန်ရှင်းဖန်ထံသို့ တစ်ဖျတ်ဖျတ်ရိုက်ခတ်နေပေသည်။
ထိုအချိန်တွင် ချန်ရှင်းဖန် မျက်ခမ်းများ တစ်ဆတ်ဆတ်လှုပ်နေပြီး အနည်းငယ်မျှ မလှုပ်ရှားဘဲ ငြိမ်နေခဲ့၏။
ရှောင်ဖန်၏ အမူအရာအရ သူအသင့်ဖြစ်ကြောင်းပြလိုက်သည်နှင့် ချက်ချင်းတိုက်ခိုက်တော့မည်။
ထို့ကြောင်း အသင့်ဖြစ်ကြောင်း လုံး၀ အချက်မပြရဲချေ။
“ အမ်…”
စင်မြင့်ထက်တွင် ထိုအတိုင်း မလှုက်မယှက်ဘဲ အချိန် အတန်ငယ်ကြာသွား၏။
ရှောင်ဖန် နှာခေါင်းရှုံ့လိုက်ပြီး ချန်ရှင်းဖန်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထိုလူ မတုံ့ပြန်သောကြောင့် သူမ ဓားကိုင်ပြီးမြှောက်ထားသောလက် နာကျင်လာချေပြီ။
ဤသို့ဖြင့် ရှောင်ဖန် ဓားရှည်အား လက်ပြောင်းကိုင်လိုက်ရ၏။
သူမ မျက်၀န်းများက တဖြည်းဖြည်းပို၍ အေးစက်လာပြီး အနှီ ချန်ရှင်းဖန်က နာနာလေးသင်ခန်းပေးရန် ဆုံးဖြတ်လိုက်သည်။
“ ကျုပ်… မတိုက်ချင်ဘူး…”
“ အရှုံးပေးတယ်…”
ရှောင်ဖန်၏ အမူအရာကို မြင်လိုက်လျှင် ချန်ရှင်းဖန်က မျက်ခမ်းများ သိသိသာသာလှုပ်ခါသွားပြီး တိုက်ရိုက် အရှုံးပေးလိုက်ပြီး စင်မြင့်ထက်မှ ဆင်းပြေးသွား၏။
မတိုက်ချင်ဘူး… အရှုံးပေးတယ်…?
ထိုအချိန်တွင် ကြီးကြပ်ရေးမှူးပင် တုန်လှုပ်သွားခဲ့သည်။
ပိုင်ချန်အကယ်ဒမီမှ အဆင့်(၃) က ဗဟိုသူတော်စင် အကယ်ဒမီမှ အဆင့်(၆) နှင့်တိုက်ခိုက်မည့်အစား ချက်ချင်းအရှုံးပေးခဲ့၏။
ဘုန်း…
ရေပေါ်ကျွန်းတစ်ခုလုံး အံ့အားသင့်သွားပြီး အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။
“ ဘာတွေဖြစ်ကုန်တာလဲ…”
“ ချန်ရှင်းဖန် တန်းပြီး အရှုံးပေးလိုက်တာလား…”
လူတိုင်း မှင်သက်နေကြ၏။
ချန်ရှင်းဖန်၏ အရှုံးပေးမှုနှင့် ပတ်သက်ပြီး မည်သူမှ မမျှော်လင့်ခဲ့သောအရာပင်။ ပြူးကျယ်သော မျက်၀န်းများဖြင့် ပိုင်ချန် အကယ်ဒမီဘက်သို့ သံသယဖြစ်စွာ စိုက်ကြည့်လိုက်ကြ၏။
ချန်ရှင်းဖန်က ပိုင်ချန်အကယ်ဒမီမှ အဆင့်(၃) ဖြစ်ပြီး နောက်ဆုံး(၁ဝ)ယောက် နေရာအား ယှဉ်ပြိုင်ရန်ပင် အရည်အချင်းပြည့်မှီသည်။
သို့သော် အနည်းငယ်မျှပင် တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ အဘယ်ကြောင့် အရှုံးပေးခဲ့ရသနည်း။
ကျန်အကယ်ဒမီမှ နည်းပြဆရာများ အားလုံးနီးပါး ပိုင်ချန် အကယ်ဒမီမှ ဌာနမှူးအား သံသယဖြစ်စွာ ကြည့်လိုက်ကြသည်။
ပိုင်ချန်အကယ်ဒမီ၌ အဆင့်(၃)က ၎င်းတို့အတွက် ဝှက်ဖဲတစ်ချပ်ဟု ဆိုနိုင်ပေသည်။
သို့သော် ပိုင်ချန် အကယ်ဒမီက အဘယ်ကြောင့် ၎င်းတို့ ဝှက်ဖဲအား စွန့်လွှတ်လိုက်ရသနည်း…?
ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာများလဲ…?
ကျန်အကယ်ဒမီများမှ လူတိုင်း အံ့အားသင့်သွားကြ၏။
ပိုင်ချန်အကယ်ဒမီမှ ဌာနမှူးနှင့် နည်းပြဆရာများက ဖြူဖျော့နေသော မျက်နှာဖြင့် ပြန်ပြေးလာသည့် ချန်ရှင်းဖန်အား စိုက်ကြည့်လိုက်ကြသည်။
ချန်ရှင်းဖန်၏ အပြုအမူများက သူတို့မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ပေ။
သူတို့စိတ်ထဲတွင် ချန်ရှင်းဖန် ရှုံးနိမ့်မည်ဆိုစေဦးတော့ သိုင်းကွက်ပေါင်းများစွာ ယှဉ်ပြိုင်ပြီး မနိုင်တော့မှ အရှုံးပေးခြင်းက ပိုကောင်းမည်ဟု ခံစားမိနေသည်။
ယခုတွင် တိုက်ရိုက်အရှုံးပေးခဲ့၏။
၎င်းက ပတ်၀န်းကျင်မှ လူများအမြင်တွင် ပိုင်ချန်အကယ်ဒမီက ဗဟိုသူတော်စင် အကယ်ဒမီအား အနိုင်ပေးလိုက်သည့်သဘော သက်ရောက်သွားစေသည်။
“ ဟမ့်…”
ပိုင်ချန်အကယ်ဒမီမှ ဌာနမှူးက အေးစက်စွာ နှာမှုတ်လိုက်ပြီး ဗဟိုသူတော်စင် အကယ်ဒမီဘက်သို့ ကြည့်လိုက်လျှင် တိတ်တဆိတ်ပြုံးနေသော ဗဟိုသူတော်စင် အကယ်ဒမီမှ ဌာနမှူးအား တွေ့လိုက်ရ၏။
သူ၏ မြင့်မားသောကျင့်ကြံမှုအရ ချန်ရှင်းဖန်၏ ပုံစံက ကြောင်နှင့်တွေ့သော ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေကြောင်း မြင်နိုင်ပေသည်။ ဗဟိုသူတော်စင် အကယ်ဒမီမှ မိန်းကလေးအား အလွန်ကြောက်နေဟန်ရ၏။
ဗဟိုသူတော်စင်အကယ်ဒမီ၌ ဤတစ်နှစ်အတွင်း မည်သည့်ကိစ္စများ ဖြစ်သွားခဲ့သနည်း…?
“ မင်း… ဘာလုပ်လိုက်တာလဲကွ…”
လုချန်ရန်က ပြူးကျယ်နေသော မျက်လုံးများဖြင့် ရှေ့တိုးလာပြီး ခေါင်းငုံ့ထားသည့် ချန်ရှင်းဖန်အား လက်ညှိုးထိုးကာ ဝေဖန်လိုက်၏။ သူ့မျက်၀န်းများက ချန်ရှင်းဖန်အား သူလျှိုတစ်ယောက်အလား အပေါ်အောက် စုံဆန်ကြည့်နေလေသည်။
ချန်ရှင်းဖန်မည်သို့ တွေးနေကြောင်း သူ လုံး၀ နားမလည်နိုင်တော့ပေ။
ချန်ရှင်းဖန်အား အချိန်အတန်ကြာအောင် စိုက်ကြည့်ခဲ့ပြီးနောက် လုချန်ရန် မျက်လုံးများ မှိတ်ထားလိုက်တော့၏။
ချန်ရှင်းဖန်အနေဖြင့် ၎င်းတို့အား ဂရုမစိုက်အားပေ။
အရှုံးပေးလိုက်ပါက အကယ်ဒမီမှ လူများထံ အပြစ်ထင်ခံရမည်ထက် ရှောင်ဖန်နှင့် တိုက်ခိုက်ရမည်ကို ပိုကြောက်သည်။
“ ဗဟိုသူတော်စင် အကယ်ဒမီက တဖြည်းဖြည်းကျဆင်းလာနေပြီ.. မကြာခင် နံပါတ်(၅) နေရာကို ရောက်သွားတော့မှာ… အဲ့တာကိုတောင် ဘာလို့ကြောက်နေတာလဲ….”
“ မင်းက ငါတို့ ပိုင်ချန်အကယ်ဒမီကို အရှက်ရစေတာဘဲ….”
လုချန်ရန်၏ စကားများက အေးစက်ကာ ပြင်းထန်လွန်းလှသည်။
ပတ်၀န်းကျင်ရှိ ပိုင်ချန် အကယ်ဒမီမှ ကျန် ကျောင်းသားများလည်း အလွန်အံ့အားသင့်နေကြ၏။
သူတို့အားလုံး ချန်ရှင်းဖန်၏ ခွန်အားအပေါ် နားလည်ထားကြသည်။ ဗဟိုသူတော်စင် အကယ်ဒမီမှ အဆင့်(၆) နှင့်တိုက်ခိုက်ခြင်းက ငှက်ပျော်သီး အခွံနွှာစား သကဲ့သို့ လွယ်ကူမည်ဟု ထင်မှတ်ခဲ့ကြ၏။
ပတ်၀န်းကျင်မှ ထက်မြိသောဓားများကဲ့သို့ အကြည့်များအား ချန်ရှင်းဖန် ခံစားမိနေသည်။
သူက ရှင်းပြရန် ပါးစပ်ဟလိုက်သော်လည်း လုချန်ရန်က အထင်သေးစွာ တစ်ချက်ကြည့်ပြီး တစ်ဖက်သို့ လှည့်သွားချေပြီ။
သို့သော် ခေါင်းလှည့်သွားစဉ် စကားတစ်ခွန်းပြောခဲ့သေး၏။
“ အမှိုက်လိုကောင်…”
ထိုစကားတစ်ခွန်းက ချန်ရှင်းဖန်၏ နှလုံးသားအား စူးနစ်သွားစေပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားကာ လက်သီးအား တင်းနေအောင် ဆုပ်လိုက်မိသည်။
“ ငါက အမှိုက်မဟုတ်ဘူးကွ.. တကယ်တော့ သူမက…..”
ချန်ရှင်းဖန်က ရှင်းပြလိုသော်လည်း လုချန်ရန်က သူ့အား လှည့်ပင်မကြည့်ဘဲ စကားဖြတ်ပြောလိုက်၏။
သူ့ စကားများက အလွန်အေးစက်နေပေသည်။
“ အမှိုက်က အမှိုက်ဘဲ… ဆင်ခြေတွေ ဘာလုပ်ရမှာလဲ… ရှင်းပြမနေနဲ့တော့…”
ဟူး…
ချန်ရှင်းဖန် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားသော်လည်း မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှုထုတ်လိုက်၏။
ထိုအချိန်တွင် ပြိုင်ပွဲ ကြီးကြပ်ရေးမှူးက ရှေးဟောင်းမောင်းကြီးအား တီးခတ်လိုက်ပြီး ပွတ်လောရိုက်နေမှုအား ဖိနှိပ်လိုက်သည်။
သူက ပိုင်ချန် အကယ်ဒမီဘက်သို့ လေးနက်စွာကြည့်လိုက်ပြီးနောက် နောက်ထပ်ပြိုင်ဘက်များ ရွေးချယ်ရန် အကြွင်းမဲ့ စိတ်ဝိညာဉ် သေတ္တာအား လှုပ်ယမ်းလိုက်၏။
ဤသို့ဖြင့် တိုက်ပွဲအနည်းငယ် ဆက်လက်ဖြစ်ပွားခဲ့သည်။
နောက်ဆုံးတွင် ပိုင်ချန် အကယ်ဒမီနှင့် ဗဟိုသူတော်စင် အကယ်ဒမီတို့ ပြိုင်ဘက်အဖြစ် ပြန်လည်ဆုံတွေ့ကြချေပြီ။
“ ပိုင်ချန်အကယ်ဒမီ နံပါတ်(၁) ယုလင်းလုံ နဲ့ ဗဟိုသူတော်စင် အကယ်ဒမီ နံပါတ်(၁) လုချန်ရန်….”
ဘုန်း…