အခန်း (၂၈၅)
Vol. 19 Ch. 285
ကြီးကြပ်ရေးမှူးက မောင်းတီးလိုက်ပြီး နောက်တစ်ပွဲစတင်ရန် ကြေငြာလိုက်သည်။
ဤသို့ဖြင့် တိုက်ပွဲအနည်းငယ် ဆက်လက်ဖြစ်ပွားပြီးနောက်
“ အလယ်ပိုင်းသူတော်စင်အကယ်ဒမီ အဆင့်(၃) နဲ့ ဗဟိုသူတော်စင်အကယ်ဒမီ အဆင့်(၄)…”
ဝိုး…
ပွဲကြည့်ပရိတ်သတ်များအားလုံး စင်မြင့်ထက်သို့ စိတ်အားထက်သန်စွာ ကြည့်လိုက်ကြ၏။
ဤတိုက်ပွဲတွင် မည်သူအနိုင်ရမည်နည်း...?
“ သေချာတယ်.. အလယ်ပိုင်းသူတော်စင် အကယ်ဒမီပဲ အနိုင်ရလိမ့်မယ်….”
ဒီဝူဖန်၏ အနိုင်ရရှိမှုက လူတိုင်းမျှော်လင့်ချက်ထက် ကျော်လွန်နေသည့်တိုင် လက်ရှိ ယှဉ်ပြိုင်ရမည့်လူက အလယ်ပိုင်းသူတော်စင် အကယ်ဒမီမှ အဆင့်(၃) ဖြစ်ပေသည်။
အကြောင်းအရင်းကမူ ရိုးရှင်း၏။ ဒီဝူဖန်၏ တိုက်ပွဲတွင် ချက်ချင်းပွဲသိမ်းနိုင်ခဲ့ခြင်းမဟုတ်ဘဲ သိုင်းကွက်များစွာ ယှဉ်ပြိုင်ခဲ့ရသည်။
ပွဲကြည့်ရန် ရောက်နေသည့် ပရိတ်သတ်အများစု ကျင့်ကြံဆင့်က သိပ်မမြင့်ပေ။ သူတို့အမြင်တွင် ဒီဝူဖန်အနေဖြင့် ပို၍ ကြာကြာတိုက်ရလေ သိပ်ပြီး မသန်မာလေဖြစ်သည်။
ဒီဝူဖန်က ကျန်အကယ်ဒမီများ၌ဆိုပါက ထိပ်ဆုံး(၃)ယောက်အတွင်းသို့ ၀င်နိုင်ကြောင်း လူတိုင်း နားလည်ကြ၏။
သို့သော် ကျဆင်းဆုတ်ယုတ်နေပြီဖြစ်သော ဗဟိုသူတော်စင် အကယ်ဒမီ၌ အဘယ်ကြောင့် အဆင့်(၇) ဖြစ်နေရသနည်း…?
ဖန်ရှုယီနှင့် ရန်ဝေတို့၏ စွမ်းအားကိုသာ မမြင်ခဲ့ရဘူးဆိုလျှင် သူတို့အနေဖြင့် ဗဟိုသူတော်စင် အကယ်ဒမီ တိုးတက်လာပြီဟု ယုံကြည်မိကြပေလိမ့်မည်။
သို့သော် ထိုနှစ်ယောက်က သိပ်မဖြစ်ထွန်းရာ ဗဟိုသူတော်စင် အကယ်ဒမီ တိုးတက်လာပြီဟု ယုံကြည်ရန် ခက်ခဲနေကြ၏။
၎င်းတို့၏ အဆင့်(၇)က အနောက်ကြယ်အကယ်ဒမီမှ အဆင့်(၃)အား အနိုင်ယူခဲ့သည်။
“ ဗဟိုသူတော်စင် အကယ်ဒမီက ဒီမှာ လာပြီး ကစားနေတာလား….?”
အနောက်ကြယ် အကယ်ဒမီမှ လက်ထောက် ဌာနမှူးတစ်ယောက်က ဗဟိုသူတော်စင် အကယ်ဒမီဘက်သို့ ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
တစ်နေကုန် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် အဆင့်အနိမ့်ဆုံး အကယ်ဒမီက သူတို့အား လွှမ်းမိုးထား၏။ မည်သူ သည်းခံနိုင်မည်နည်း…?
“ ဗဟိုသူတော်စင် အကယ်ဒမီက အဆင့်(၁)ကို အဆင့်(၇) နေရာပြောင်းထားပြီး ငါတို့အပေါ် လွှမ်းမိုးပြီး နာမည်ကောင်းလိုချင်နေတာလား…? ဗဟိုသူတော်စင် အကယ်ဒမီ.. ဟမ့် ကောင်းပြီလေ.. မင်းတို့ နည်းဗျူဟာ အရမ်းကောင်းကြောင်း ၀န်ခံပါတယ်…”
အနောက်ကြယ်အကယ်ဒမီ လက်ထောက်ဌာနမှူးထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်စွာ အော်ဟစ်လိုက်၏။
သူက လက်ထောက်ဌာနမှူးတစ်ဦးမျှသာဖြစ်သော်လည်း သက်ရှိရုပ်ကြွင်းတစ်ဦးဖြစ်ရာ ဗဟိုသူတော်စင် အကယ်ဒမီ၏ ကျဆင်းမှုအား အစအဆုံးမြင်တွေ့ခဲ့ရသည်။
“ ဟိုးဟိုး.. ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့…”
ဗဟိုသူတော်စင် အကယ်ဒမီ ဌာနမှူးက ဒေါသမထွက်မိစေရန် ထိန်းသိမ်းလိုက်ပြီး လှောင်ပြုံးကာ ပြန်လည် တုံ့ပြန်လိုက်၏။
ဤကိစ္စများအား အပြင်လူများအနေဖြင့် နားလည်မည်မဟုတ်ပေ။
ကစားနေခြင်းလော..? သူတို့အား အဘယ်ကြောင့် လှည့်စားရမည်နည်း…?
သူ့အနေဖြင့် ဘာဆိုဘာမှ မလုပ်ထားခဲ့ချေ။
မကြာခင် ကိုင်လင်အား၏ ပြိုင်ဘက် ဒုက္ခရောက်တော့မည်။
သူမက ရွှမ်ယီပျိုးထောင်ထားသည့် နတ်ဆိုးလေးများကြား အဆင့်(၄)ဖြစ်၏။
“ တိုက်ပွဲစင်မြင့်ကို သွားတော့…”
လုံလောက်သော အချိန်ပမာဏတစ်ခုကြာပြီးနောက် အလယ်ပိုင်းသူတော်စင် အကယ်ဒမီမှ အဆင့်(၃) စင်မြင့်ထက်သို့ ရောက်လာ၏။
၎င်းက ရင်ဘတ်နေရာတွင် ရွှေနီရောင် အကယ်ဒမီ တံဆိပ်ပါ၀င်သော အဖြူရောင်၀တ်ရုံအား ၀တ်ဆင်ထားသည်။ သူ့ မျက်၀န်းများက ကိုင်လင်းအာကို စိတ်၀င်တစား စိုက်ကြည့်နေလေသည်။
“ အိုး… တကယ် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပါလား… မင်းက ဗဟိုသူတော်စင် အကယ်ဒမီမှာ အဆင့်(၄)ပေါ့… ဟဲဟဲ.. ဘယ်လောက် အစွမ်းထက်လဲ ကြည့်ကြတာပေါ့….”
ဖန်ပင်ဇီက ထူးဆန်းစွာပြုံးပြီး ကိုင်လင်းအာအား စကားဆိုလိုက်သည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသော်လည်း ၎င်းအောက်တွင် ကွယ်ဝှက်ထားသော ရက်စက်မှုများရှိနေသည်။
“ နင့်ကို ရိုက်ဖို့တော့လုံလောက်တယ်…”
ကိုင်လင်းအားက အေးစက်စွာ ပြန်လည်တုံ့ပြန်လိုက်ပြီး ကိုင်မိသားစု၏ အဓိကနည်းစနစ်ကို အသုံးပြုလိုက်ရာ သူမ ခန္ဓာကိုယ်မှ ကိုးရောင်ချယ်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ကိုင်မိသားစု အဓိကနည်းစနစ်၏ မူလပုံစံအရဆိုလျှင် ထို ကိုးရောင်ချယ် အလင်းတန်းများက မြင်ရသူတိုင်းအား မှင်သက်သွားစေနိုင်သော်လည်း ရွှမ်ယီထံမှ ရရှိသော အင်ပါယာအဆင့် ကျင့်စဉ်အား လေ့ကျင့်လိုက်သောအခါ အလင်းများအား ၎င်းက စုပ်ယူသွားပြီး ကိုးရောင်ချယ်အလင်းတန်းများ မှိန်ဖျော့သွားတော့၏။
“ ဟားဟား…”
ဖန်ပင်ဇီ ရယ်မောလိုက်သည်။ အစပိုင်းတွင် သူက သတိကြီးကြီးထားနေခဲ့သော်လည်း ကိုင်လင်းအာ၏ မှိန်ဖျော့သော အလင်းတန်းများအား မြင်လိုက်လျှင် တင်းကြပ်နေသော အားရုံကြောများ ပြေလျော့သွားတော့၏။
ဗဟိုသူတော်စင် အကယ်ဒမီ၌ အစွမ်းထက်သူများစွာ မရှိလောက်ဟု သူထင်ထားတာ မှန်ပေသည်။
နံပါတ်(၂) အကယ်ဒမီမှ အဆင့်(၃)က ၎င်းတို့၏ အဆင့်(၇)အား ရှုံးနိမ့်ခဲ့သည်။ သူတို့ အဆင့်များသာ ထိုအတိုင်း အမှန်တကယ်ဖြစ်ပါက ကျန်အကယ်ဒမီများ မည်သို့ ယှဉ်ပြိုင်ရတော့မည်နည်း…?
ဒါပေမယ့် ယခုကဲ့သို့ သန်မာမှုနှင့်ဆိုလျှင် ဟဟ…!
“ ငါ မင်းကို အမှန်တရားတစ်ခုပြောပြမယ်….”
ကိုင်လင်းအာကို ခွန်အားအပေါ် အကြမ်းဖျင်းတွက်ချက်ခဲ့ပြီးနောက် ဖန်ပင်ဇီ စိတ်သက်သာရရသွားခဲ့ပြီး မျက်၀န်းထဲ၌ ထီမထင်ဟန်များပင် ဖြစ်ပေါ်လာ၏။
“ ပြိုင်ပွဲမစခင် ဌာနမှူးက ငါတို့ကို ခေါ်ပြီး ဗဟိုသူတော်စင် အကယ်ဒမီက လူတွေနဲ့ ပြိုင်ပွဲမှာဆုံရင် နာနာလေး သင်္ခန်းစာပေးဖို့ မှာလိုက်တယ်…”
ဖန်ပင်ဇီက သူ့ စိတ်ဝိညာဉ်လက်နက်အား ထုတ်ကာ လက်ထဲ၌ သေချာဆုပ်ကိုင်လိုက်ပြီး မျက်၀န်းများက ဖုံးကွယ်မထားတော့ဘဲ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာ၏။
“ သေ အောင် ရိုက် ပေး လိုက် တဲ့…”
၎င်းအား တစ်လုံးချင်း ပြင်းထန်စွာပြောလိုက်သည်။
ဘုန်း…
ပတ်၀န်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွား၏။
ဖန်ပင်ဇီ ဘာပြောလိုက်တာလဲ…?
ဒါက ဗဟိုသူတော်စင် အကယ်ဒမီရဲ့ ဂုဏ်သိက္ခာကို လူတိုင်းရှေ့မှာ ရိုက်ချိုးတော့မယ်လို့ ပြောလိုက်တာမဟုတ်လား…?
မကြာခင် အလွန်ကြီးကျယ်သောကိစ္စများ ဖြစ်လာတော့မည်။
လူတိုင်း မျက်လုံးကျယ်ကျယ်ဖွင့်ကာ စိုက်ကြည့်လိုက်ကြ၏။ မျက်၀န်းများက အလွန်သိချင်စိတ်များဖြင့် တောက်ပနေပေသည်။
တောင်ပိုင်းတိုက်ကြီး၏ နံပါတ်(၁) အကယ်ဒမီက ဗဟိုသူတော်စင် အကယ်ဒမီအား စစ်ကြေငြာလိုက်ချေပြီ။
စင်မြင့်ထက်တွင် ကိုင်လင်းအာ တစ်ခဏမျှ အံအားသင့်သွားပြီးနောက် သူမ အမူအရာက ချက်ချင်း အေးစက်သွားလေသည်။
“ သေအောင် ရိုက်မယ်ပေါ့….?”
ရွှစ်…
ကိုင်လင်းအာက အေးစက်စွာ မေးခွန်းထုတ်လိုက်ပြီး အင်ပါယာအဆင့်ကျင့်စဉ်အား အဆုံးအစွန်ထိ အသက်သွင်းလိုက်၏။
သူမ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်ပေါင်း(၄၈၀၀၀)မှ အဆုံးမဲ့ စိတ်ဝိညာဉ်စွမ်းအင်များထွက်ပေါ်လာကာ သူမ ခွန်အားက အထွတ်အထိပ်သို့ရောက်ရှိသွားသည်။
ဝုန်း…
လေပြင်းများတိုက်ခတ်လာပြီး စင်မြင့်တစ်ခုလုံး တုန်ခါသွားဟန်ရသည်။
ဖန်ပင်ဇီ မျက်မှောင်ကြုတ်လိုက်မိ၏။
ကိုင်လင်းအာ နောက်ဘက်မှ မှေးမှိန်နေသော မီးအိမ်တစ်ခုကဲ့သို့ အလင်းရောင်များထဲတွင် အလွန်အားကောင်းသော စွမ်းအားများပြည့်နှက်နေကြောင်း ခံစားမိလိုက်သည်။
ဘန်း…
ကိုင်လင်းအာ စတင်တိုက်ခိုက်လိုက်၏။
ဓားရည်ရွယ်ချက်စွမ်းအားအတွင်းသို့ ကိုးရောင်ချယ်အလင်းများ စိမ့်၀င်သွားသောအခါ အဆက်မပြတ်တောက်ပသွားပြီး ၎င်းတို့က အလွန်ထက်ရှသော ဓားကိုးစင်းအသွင်ပြောင်းသွားလေသည်။
ဝှစ်ရှ်…
ဖန်ပင်ဇီ၏ မျက်၀န်းများအေးစက်သွားပြီး ရှေ့သို့ပြေး၀င်ကာ တိုက်ခိုက်လိုက်၏။
သူ၏ လက်တွင်းမှ စိတ်ဝိညာဉ်လက်နက်က ဟာရီကိန်းမုန်တိုင်းတစ်ခုအလား ကိုင်လင်းအာထံသို့ တိုး၀င်သွားပြီး လေဟာနယ်ပင် တစ်ဝုန်းဝုန်းမြည်ဟီးသွားသည်။
ဘုန်း…
တိုက်ခိုက်မှုနှစ်ခု တွေ့ဆုံရာတွင် ကိုင်လင်းအာ၏ ရောင်စုံဓားကိုးချောင်းက ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်သွားလေသည်။
“ ဟဟ.. မင်းက ထင်သလောက်လဲ မဟုတ်ပါလား…”
ဖန်ပင်ဇီ လှောင်ရယ်လိုက်သော်လည်း ကိုင်လင်းအာနှင့် မျက်လုံးချင်းဆုံသွားရာ နှလုံသားတစ်ခုလုံး တုန်ခါသွားခဲ့၏။
“ မကောင်းတော့ဘူး…”
ဘုန်း..
ကိုင်လင်းအာ၏ ခန္ဓာကိုယ်လေး အနည်းငယ်တုန်ခါသွားပြီး ရောင်စုံဓားကိုးချောင်းက ရွှေရောင်ဓားတစ်ချောင်းတည်းအဖြစ်သို့ ပေါင်းစည်းသွားလေသည်။
ဖန်ပင်ဇီ၏ အမြင်တွင် ထို ရွှေဓားက ဓား(၁)သောင်းပေါင်းစပ်ထားသည့်အလား ကြောက်စရာကောင်းလွန်းလှ၏။
ဘန်း…
ပတ်၀န်းကျင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး လေဟာနယ်က ဖန်ခွက်တစ်လုံးအလား အပိုင်းပိုင်းအစစ ကွဲထွက်သွားကာ ရွှေဓားက ရုတ်တရက် ပျောက်ကွယ်သွားပြီး ဖန်ပင်ဇီ၏ ရင်ဘတ်ရှေ့၌ ပြန်ပေါ်လာသည်။
“ ဒါက ဓားရည်ရွယ်ချက်စွမ်းအားဘဲ.. ဒါပေမယ့် အဲ့အထဲမှာ ဘာလို့ ဓားအော်ရာတွေ ဒီလောက်အများကြီး ပေါင်းစပ်ပါ၀င်နေတာလဲ…”
[ အော်ရာ- အရှိန်အဝါ ]
ဖန်ပင်ဇီ အလွန်ထိတ်လန့်သွားပြီး မသိစိတ်အရ နောက်သို့ ဆုတ်လိုက်မိသည်။
သို့သော် ကိုင်လင်းအာ၏ ရွှေဓားထဲတွင် ယခင် ဓားကိုးချောင်းမှ စွမ်းအားများအားလုံး ပါ၀င်နေသည်။ အချိန်ကြာမြင့်စွာ စုစည်းထားသည့် စွမ်းအားများ တစ်စုတစ်စည်းတည်း တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်ဖြစ်ရာ အစောပိုင်း မူလဘုရင်အဆင့်ကျင့်ကြံသူပင် ၎င်းအား အသည်းအသန်ကာကွယ်ရပေလိမ့်မည်။
ဖန်ပင်ဇီက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူမျှသာဖြစ်သေးပြီး ဘုရင်တစ်၀က်အဆင့်အား တိုက်ခိုက်နိုင်သည် ဆိုသောငြား လက်ရှိတိုက်ပွဲ၌ အနိုင်ရရန် ယုံကြည်ချက်မရှိတော့ချေ။
သူမ တိုက်ခိုက်နိုင်စွမ်းက ဘုရင်အဆင့်ကို ရောက်နေပြီလား…?
ဘုန်း…
နောက်ဆုတ်လိုက်သော်လည်း နောက်ကျသွားပြီးဖြစ်ရာ ဓားဖြင့်အထိုးခံလိုက်ရတော့၏။
ကိုင်လင်းအာ၏ မျက်နှာက အလွန်တည်ငြိမ်ကာ အေးစက်နေသော်လည်း ပြိုင်ပွဲ၌ လူသတ်၍ မရကြောင်း မမေ့သေးပေ။ ထို့ကြောင့် ဓားအား ဘေးသို့ အနည်းငယ် သွေဖယ်စေလိုက်ပြီး ဖန်ပင်ဇီ၏ ညာဘက်ရင်ဘတ်အား ခုတ်ချလိုက်ရာ သွေးများ ဖြာထွက်သွားလေသည်။