← Chapters

#မိုချီရွှမ်း#

Vol. 57 Ch. 809

#မိုချီရွှမ်း#

Vol. 57 Ch. 809

အမွေအနှစ်မြေတွင်!

ထောက်လှမ်းရေးသတင်းများအရ ဒီနေရာက အမွေအနှစ်က လေကိုနက်ရှိုင်းစွာ နားလည်ထားသည့် ကျွမ်းကျင်သူတစ်ယောက်၏ အမွေအနှစ်ဖြစ်သည်။

အင်အားစုနှစ်ခုက စုစည်းနေကြ၏။

တစ်ဘက်က အက္ခရာလေးလုံးဂိုဏ်း၏ အတောက်ပဆုံးတပည့် ရန်ယင်လုံဖြစ်သည်။ ရန်ယင်လုံ၏ခွန်အားက မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကိုပင် ရောက်နေလေပြီ။ သူကအက္ခရာလေးလုံးဂိုဏ်းချုပ်၏ ဆက်ခံသူဖြစ်သည်။ ထို့ကြောင့် သူ့ကိုစောင့်ကြပ်ကာကွယ်ပေးနေသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ရှိသည်။

ရန်ယင်လုံက သူ့ကို လူအများကြီးနှင့် ကာကွယ်စောင့်ကြပ်ပေးစရာမလိုဟု ပြောခဲ့သည့်တိုင် ထိုသို့လုပ်ခဲ့သည်။ မဟုတ်ပါက ဒါက သူ့စိတ်နေသဘောထားနှင့် ကြီးထွားမှုအပေါ် အနှုတ်သဘော သက်ရောက်မှု ရှိလာပေလိမ့်မည်။

တခြားတစ်ဘက်တွင် လူတစ်ယောက်တည်းသာ ရပ်နေသည်။

ထိုလူ၏မျက်နှာ၌ မည်သည့်အမူအရာမှမရှိ။ သူ့အမူအရာနှင့် မျက်လုံးများက ကန်ရေပြင်အလား တည်ငြိမ်နေသည်။

သူက ချည်ထိုး၀တ်စုံတစ်စုံကို ၀တ်ဆင်ထားပြီး အနည်းငယ် အသက်ကြီးပုံပေါ်သော်လည်း လန်းဆန်းကာ စွမ်းနိုင်သေးပုံရသည်။

သူ့လက်တစ်ဖက်ကို ကျောတွင်ထားပြီး ကျန်တစ်ဖက်က ဓားကိုကိုင်ထားကာ ဓားကိုယ်ထည်က အတော်လေးပါးလွှာပြီး အလွန်အမင်းပေါ့ပါးပုံပေါ်သည်။ ဒါက ဓားပါးတစ်လက်ဖြစ်သည်။

ရန်ယင်လုံ တည်ငြိမ်နေသည့်လူကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သည်။

"ငါတို့အက္ခရာလေးလုံးဂိုဏ်းမှာပဲ ဒီနေရာအကြောင်း သတင်းအချက်အလက်ရှိပြီး တည်နေရာအတိအကျကို သိတာ၊ မင်းဘယ်လို ရှာတွေ့တာလဲ"

ထိုလူကတည်ငြိမ်စွာပြန်ဖြေသည်။ သူ့အသံကပို၍ပင် ခံစားချက်ကင်းမဲ့နေသည်။

"ငါမင်းတို့နောက်က လိုက်လာခဲ့တာ"

ငါတို့နောက်ကလိုက်လာခဲ့တာ!

ရန်ယင်လုံက သူ့ဘေးက ကောင်းကင်အင်မော်တယ်အစောပိုင်းအဆင့် အကြီးအကဲတို့က ကြက်သေသေသွားကြ၏။

ရန်ယင်လုံ သူ့ဘေးက ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် အကြီးအကဲကို ကြည့်ရင်း မပျော်ရွှင်စွာမေးသည်။

"အကြီးအကဲမင်၊ ခင်ဗျားနောက်မှာ အမြီးရှိနေတာကို ခင်ဗျားသတိမထားမိဘူးလား"

ရန်ယင်လုံ၏ မေးမြန်းခြင်းကို ခံလိုက်ရသဖြင့် အကြီးအကဲမင်၏ အမူအရာက အနည်းငယ် ကြည့်ရဆိုးသွား၏။

ဒါက ရန်ယင်လုံ၏အသံကိုမဟုတ်ဘဲ သူ့ကိုယ်သူ တိုက်ရိုက်ဦးတည်နေခြင်းပင်။

တစ်ဘက်လူက မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ဆိုတာ ရှင်းနေပြီး သူကမူ ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။

သို့စေကာမူ ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့်သူက တစ်ဘက်လူ သူတို့နောက်က လိုက်လာတာကို သတိမထားမိခဲ့ပေ။

ဒါဘယ်လိုမျိုးဖြစ်ရတာလဲ!

အကြီးအကဲမင် မေးလိုက်မိသည်။

"မင်းမှာ အော်ရာကို ဖုံးကွယ်နိုင်တဲ့ ရတနာတစ်ခုခုရှိနေတာများလား"

ထိုလူကခေါင်းခါယမ်းသည်။

"ငါသာမင်းတို့ကို မရှာတွေ့စေချင်ဘူးဆိုရင် ဒါကအရမ်းလွယ်ကူပါတယ်၊ ငါရတနာတွေ မလိုဘူး"

ရန်ယင်လုံပြုံးလိုက်သည်။ အနက်ရောင်အလင်းနှင့် လင်း၀င်းနေသည့် လက်အိတ်တစ်စုံက သူ့လက်အစုံကို ဖုံးလွှမ်းသွားလေပြီ။

"မင်းကအတော်လေးမောက်မာတာပဲ၊ ဒါပေမယ့် မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်နဲ့ အကြီးအကဲမင်၏ အသိအာရုံကို ရှောင်ရှားနိုင်ခဲ့တယ်ဆိုတော့ မင်းမှာ မောက်မာခွင့်ရှိပါတယ်"

"မင်းရဲ့တကယ့်တိုက်ပွဲခွန်အားက ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ငါ့ကိုပြပါဦး"

ထို့နောက် ရန်ယင်လုံ ထိုလူထံပြေး၀င်သွား၏။

အကြီးအကဲမင်သူ့ကိုမတားပေ။ သူက ရန်ယင်လုံ၏စရိုက်ကို ကောင်းကောင်းသိသည်။

မောက်မာသည်!

သူက တခြားမည်သူ့ထက်မဆို ပိုမောက်မာသည်။ သို့စေကာမူ သူ့တွင် မောက်မာခွင့် ရှိပါသည်။

သူက မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ခွန်အားဖြင့် မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်ခဲ့ပြီး အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူ တစ်ယောက်ကိုလည်း အတင်းအဓမ္မဆုတ်စေခဲ့သည်။

ယခုလိုတိုက်ပွဲမှတ်တမ်းရှိသူတစ်ယောက်တွင် ဘယ်လိုလုပ် မောက်မာရန် အခွင့်အလမ်း မရှိမည်နည်း။

ရန်ယင်လုံ သူ့ထံပြေး၀င်လာတာကို မြင်ရသောအခါ ထိုလူကမေးသည်။

"မင်းငါ့နာမည်ကို မမေးတော့ဘူးလား"

ရန်ယင်လုံ ရှေ့သို့တိုး၀င်လာရင်း နှာခေါင်းရှုံ့သည်။

"ငါဘာလို့ သေလူတစ်ယောက်ရဲ့နာမည်ကို မေးရမှာလဲ"

ထိုလူကတည်ငြိမ်စွာပင် ခေါင်းညိတ်ရင်း လက်ထဲက ဓားပါးကိုမြှောက်ကာ လေးနက်စွာပြောသည်။

"ဒါပေါ့၊ သေလူတစ်ယောက်ရဲ့နာမည်ကို မေးနေစရာမလိုပါဘူး"

ထို့နောက် သူ့ဓားက ရန်ယင်လုံကို ထိုးဖောက်သွား၏။

ထိုဓားပေါ်၌ မည်သည့်အော်ရာမှမရှိဘဲ သာမန်ဓားချက်တစ်ခုဟုသာ ထင်ရသည်။

ဒါကိုမြင်သောအခါ ရန်ယင်လုံ ပို၍ပင် ကျယ်လောင်စွာ ရယ်မောသည်။

"ငါ့လက်သီးကို ဓားပါးတစ်လက်နဲ့ ရင်ဆိုင်ချင်တာလား"

ထို့နောက် ရန်ယင်လုံ ကျားတစ်ကောင်ပမာ အော်ဟစ်လိုက်သည်။

သူ့နောက်တွင် အဇူရာနဂါး၊ ကျားဖြူနှင့် လိပ်နက်တို့က တစ်ချိန်တည်းတွင် ပေါ်လာပြီး အင်အားစုတစ်ခုအဖြစ်ပြောင်းလဲကာ ရန်ယင်လုံ၏လက်သီး၌ ပေါင်းစည်းသွားကြ၏။

အကြီးအကဲမင် ဒီမြင်ကွင်းကို လေးစားအားကျစွာ ကြည့်နေသည်။

မြေအင်မော်တယ်နယ်ပယ်တွင်ပင် ရန်ယင်လုံက အဇူရာနဂါး၊ ကျားဖြူနှင့် လိပ်နက်တို့၏ ပုံရိပ်များကို အောင်မြင်စွာ သိပ်သည်းနိုင်နေလေပြီ။ တစ်ဘက်လူ၏ ငွေနဂါးဓားက ဘယ်လောက်ပင် အစွမ်းထက်ပါစေ အက္ခရာလေးလုံးဂိုဏ်း၏ အကြီးအကဲက ဒါကိုအခိုင်အမာယုံကြည်သည်။

သို့စေကာမူ နောက်အခိုက်အတန့်၌ အကြီးအကဲမင် ကြက်သေသေသွားသည်။

ထိုလူ၏သာမန်ဆန်ပုံရသည့်ဓားချက်က ရန်ယင်လုံ၏ လက်သီးနှင့် ဆုံပြီးနောက် ရန်ယင်လုံ၏ပုံရိပ်က ထိုနေရာ၌ ရုတ်ချည်းပင် ရပ်သွားရသည်။

သူ့မျက်လုံးများ၌ မယုံနိုင်မှုတစ်ခု ပေါ်လာခဲ့သည်။

သူ့၏လက်သီးအိတ်များပေါ်၌ အပေါက်သေးသေးလေးတစ်ခုစီရှိသည်။

အကယ်၍ ထိုအပေါက်လေးထဲသို့ ကြည့်မည်ဆိုပါက ငွေနဂါးဓားနောက်က မြင်ကွင်းကို မြင်နိုင်ပေလိမ့်မည်။

ဆိုလိုတာက ထိုလူ၏ဓားက ရန်ယင်လုံ၏ကိုယ်ဆီသို့ လက်မောင်းကနေတဆင့် ထိုးဖောက်သွားခြင်းပင်။

မုန်တိုင်းကဲ့သို့ဓားဆန္ဒက သူ့ကိုယ်ထဲတွင် တစ်ချိန်တည်း၌ ထိုးထွက်လာခဲ့သည်။

သူ့မရီဒျန်များ၊ အရိုးများ၊ အသားနှင့် ဒန်တျန်အားလုံးက ရှုံ့တွသွားပြီး ထိုအချိန်တွင်ပင် ဖျက်ဆီးခံရသည်။

အသက်ရှင်သန်ရန်အတွက် အခွင့်အရေးပင်မရှိခဲ့။

ရန်ယင်လုံ စိတ်ရှုပ်ထွေးနေပုံရပြီး တိုက်ရိုက်လဲပြိုကျသွားရသည်။

ထိုလူကခေါင်းငုံ့ရင်း ရန်ယင်လုံ၏ အလောင်းကိုကြည့်ကာ တည်ငြိမ်စွာပြောသည်။

"သေလူတစ်ယောက်က နာမည်ကို သိစရာမလိုဘူးလို့‌ မင်းပြောခဲ့ပေမယ့် ငါမင်းကို ယဉ်ကျေးမှုအရ ပြောပါမယ်"

"မင်းကိုသတ်ခဲ့တဲ့လူနာမည်က မိုချီရွှမ်းပဲ"

အကြီးအကဲမင် နောက်ဆုံးတော့ တုံ့ပြန်လာသည်။ မိုချီရွှမ်း ဒါကိုဘယ်လိုလုပ်ခဲ့သလဲဆိုတာ သူမသိသော်ငြားလည်း ရန်ယင်လုံက သူ့ရှေ့တွင် အမှန်တကယ် အသတ်ခံလိုက်ရသည်။

တစ်ဘက်လူက မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်သာဖြစ်သည်။ ဂိုဏ်းချုပ်ဒါကို တွေ့သွားမည်ဆိုပါက ဘယ်လောက်ပင် ဒေါသထွက်လေမည်နည်း။

အကြီးအကဲမင် ဒေါသတကြီးအော်ဟစ်ရင်း ဘာမှပြောမနေတော့ပါ။

သူ့ကိုယ်ထဲက အော်ရာက ထိုအခိုက်အတန့်၌ ထိုးထွက်လာခဲ့သည်။

ကောင်းကင်အင်မော်တယ်နယ်ပယ်ဖိအားက မြေပေါ်ဆင်းသက်လာပြီး မိုချီရွှမ်းအား ကောင်းကင်ပေါ်က နဂါးငွေ့တန်းပမာ ဖိနှိပ်လာသည်။

မိုချီရွှမ်း တည်ငြိမ်စွာရှိနေသေးသည်။

သို့စေကာမူ သူ့ပတ်လည်၌ လေဆန္ဒနှင့် အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့် ဓားဆန္ဒတို့၀န်းရံနေသည်။

ဒါက အကြီးအကဲမင်၏ ကောင်းကင်အင်မော်တယ်နယ်ပယ် ဖိနှိပ်မှုကို ပါးနပ်စွာပင် ပယ်ဖျက်ကာ အချည်းနှီးဖြစ်စေသည်။

"မင်းသေသင့်တယ်"

အကြီးအကဲမင် အော်ဟစ်ရင်း မိုချီရွှမ်းထံ လက်သီးတစ်ချက် ပစ်ကျွေးလိုက်သည်။

အဇူရာနဂါး၊ ကျားဖြူ၊ လိပ်နက်နှင့် ဗာမီလီယံငှက်တို့၏ စွမ်းအားက ထိုအခိုက်အတန့်၌ ဆန်းသစ်စွာပင် တောက်ပလာခဲ့သည်။

အားလုံးက အကြီးအကဲမင်၏ လက်သီးချက်ပေါ်၌ သိပ်သည်းသွား၏။

ထို့နောက် ပြင်းထန်သောလေလက်သီးတစ်ခုအဖြစ် ပြောင်းလဲကာ မိုချီရွှမ်းထံသို့ တိုက်ခတ်၀င်ရောက်လာသည်။

မိုချီရွှမ်းအနည်းငယ် ခေါင်းညိတ်သည်။

"ဒီလိုဖြစ်သင့်တာ"

ထို့နောက် သူဓားပါးကို မြှောက်လိုက်၏။

ကြီးမားသည့် အင်မော်တယ်ချီများက သူ့ကိုယ်ကနေ စိမ့်ထွက်လာသည်။

ဒါကိုမြင်သောအခါ အကြီးအကဲမင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

အင်မော်တယ်ချီ!

"ဒီလိုများပြားလွန်းတဲ့ အင်မော်တယ်ချီတွေ၊ ကောင်းကင်အင်မော်တယ်တစ်ယောက်မှာတောင် ဒီလောက်အများကြီးမရှိဘူး၊ မင်းကဘယ်သူလဲ"

ရည်မှန်းချက်ဟုခေါ်သည့် အရာတစ်ခုက နောက်ဆုံးတွင် မိုချီရွှမ်း၏ တည်ငြိမ်နေသည့် မျက်လုံးများအတွင်း ပေါ်လာသည်။

"ငါလား၊ ငါ့နာမည်က မိုချီရွှမ်း၊ ငါက အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အုပ်ချုပ်ချင်တဲ့လူတစ်ယောက်ပဲ"

ထို့နောက် မိုချီရွှမ်း ပိုင်းဖြတ်ရင်း လေလက်သီးကို ခုတ်ဖြတ်ပစ်ကာ အကြီးအကဲမင်ထံ ပြေး၀င်သွား၏။

အမွေးတိုင်တစ်၀က်စာခန့်အကြာ၌ မိုချီရွှမ်း လှည့်ပြီး အမွေအနှစ်မြေသို့ လျှောက်သွားလေတော့သည်။

သူ့နောက်တွင် ရန်ယင်လုံနှင့် အကြီးအကဲမင်တို့၏ အလောင်းများကို သေသေသပ်သပ် စီရီထားသည်။

သို့သော် အကြီးအကဲမင်၏အလောင်းကိုယ်ပေါ်၌ ပါးလွှာသည့်အပေါက်များစွာရှိနေသည်။

အပိုင်း(810) coming။

All Chapters