အဆိပ်အမျိုးအစား၂မျိုး
Vol. 009 Ch. 843
“မဖြစ်နိုင်တာတော့မဟုတ်ဘူး” ရှီမာယူလင်း ပြောလိုက်သည် “ဒါပေမဲ့ အဲဒါနဲ့ပတ်သတ်ပြီး လုပ်စရာအများကြီးမရှိဘူး၊ ကန္တာရကအရမ်းကြီးတယ်၊ အကြောင်းအရင်းကိုရှာဖို့က တကယ်ခက်တယ်”
“ကျွန်တော်တို့ စိတ်လိုက်မာန်ပါမလုပ်ရင် အဲအကောင်တွေနဲ့တွေ့နိုင် ချေက မများပါဘူး”
“ဟုတ်တယ် အဲဒါဖြစ်နိုင်ချေရှိတယ်လို့ ခံစားရတယ်” မိုဘင်းပြော လေသည် “ငါတို့ ဂိုဏ်းကို ပြန်ပြီးသတင်းပို့တာက ငါတို့အတွက်ပိုကောင်းမယ် အဲဒါမှ သူတို့လူလွှတ်ပြီး စုံစမ်းလို့ရမှာ”
“ဒါဆိုရင် အဲကျောင်းသားတွေကျဘယ်လိုလုပ်မလဲ”
“အဲဒါကတော့ သူတို့အရည်အချင်းပေါ်မူတည်တာပေါ့”
“ရွှေကင်းမြီးကောက်အဆိပ်က ပိုပြင်းလာတယ် ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းရည်ကလည်း အဲလိုပဲ၊ အစောပိုင်းတိုက်ခိုက်မှုတွေတုန်းက ထူးခြားတာဘာမှမတွေ့ဘူး၊ ကျောင်းသားတွေသာ အကိုက်မခံရဘူးဆိုရင် အန္တရာယ်မများနိုင်ပါဘူး” မိုဘင်း ပြောလိုက်သည် “ငါတို့နောက်မှ တစ်ယောက် ယောက်နဲ့တွေ့တယ်ဆိုရင် သူတို့ကိုအသိပေးလိုက်တာပေါ့”
“အခုလောလောဆယ် ဒါပဲလုပ်နိုင်တယ်”
“ယူယူတို့ အဆိပ်ဖြေဆေးလုပ်နိုင်ပါ့မလားဆိုတာ သိချင်တယ်” ဟော်ဖန်သည် တဲဘက်ကို လှည့်ကြည့်ပြီးပြောလိုက်သည်။
“ကိစ္စမရှိဘူး ယူယူက ရှီမာယူလီကို ကုနိုင်မှာပါ၊ ကုသနည်း ရှာတွေ့ဖို့က အချိန်ပဲလိုတာ” ဖက်တီးကျူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။
“သူက တော်တဲ့သမားတော်ဆိုတာ သိတာမကြာသေးဘူး တကယ်ပဲ အဲလိုထင်တယ်” ထန်ယန် သည် ပြုံးပြီးပြောလေသည်။
“ယူယူက ခင်ဗျားတို့ကြားထားတာထက် အများကြီးအားကောင်းတယ်” ဖက်တီးကျူသည် သူတို့သုံးယောက် သူ့ကိုကြည့်နေပုံကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည် “ဒါပေမဲ့ မပြောပြဘူး”
“အဖျားရှုးရတာကို နေလို့ကောင်းနေတာလား”
“ကောင်းတယ် အဲဒါအရမ်းကောင်းတယ်” ဖက်တီးကျူသည် ပြောပြီးနောက် ခေါင်းကို အပြင်းအထန်ညိမ့်ကာ သူ့ခံစားချက်လည်း ထို အတိုင်းပင်။
“ဒီနားသွားကြည့်ရအောင်” ရှီမာယူလင်းသည် ဖက်တီးကျူကို ပြောလိုက်သည်။
“ကောင်းပြီ” ဖက်တီးကျူ ပြန်ဖြေလိုက်သည်။ သူ့နောက်လိုက်ရာ ရှီမာယူမင်နှင့် တခြားသူများ နောက်ကျကျန်ခဲ့လေသည်။
“ဟူး အဲကောင် ငါတို့ကို သိချင်အောင်လုပ်ပြီး စကားကိုဆုံးအောင် ပြောမသွားဘူး” ဟော်ဖန်သည် ဖက်တီးကျူထွက်သွားသည်နှင့် ကျိန်ဆဲလေသည်။
“သူတမင်လုပ်သွားတာပဲ” ထန်ယန်ပြောလိုက်သည် “ဒါပေမဲ့ သူငါ တို့ကိုမပြောရင်တောင် ငါတို့ အချိန်တန်ရင်သိမှာပဲ”
“အမှန်ပဲ” မိုဘင်း သဘောတူလိုက်သည်။
ဖက်တီးကျူနှင့် တခြားသူများသည် ပတ်ပတ်လည် စစ်ဆေးပြီးနောက် ပြန်လာကြသည်။ အဆုံးမရှိသော ကန္တာရကလွဲပြီး အနားတွင် တခြား ဘာမှမရှိပေ။
ညရောက်သောအခါ ဝေကျိရွှီသည် ဆေးအမှုန့်တချို့နှင့်ထွက်လာပြီး ပတ်ပတ်လည်ပို ဖြူးလိုက်သည်။
“ဒီအမှုန့်ဖြူးထားရင် သာမန်ပိုးကောင်တွေ အနားမလာနိုင်ဘူး” ဖက်တီးကျူ ရှင်းပြလေသည် “ဒါပေမဲ့ ဒီဆေးမှုန့်က ရွှေကင်းမီးကောက် တွေအတွက် အသုံးဝင်ပါ့မလားတော့ မသေချာဘူး၊ အသုံးမဝင်ဘူးဆိုရင် တော့ ညအချိန်ကို အဲအကောင်တွေရောက်လာရင် ပြဿနာတက်မှာပဲ”
“ကံမကောင်းအောင်လို့ လျှောက်မပြောနဲ့” ဝေကျိရွှီသည် သူ့ကိုစိုက် ကြည့်လိုက်သည်။ ဒီကောင်သည် အမြဲတမ်းညည်းညူတတ်သည်။ အခုသူ ပြောနေပုံမှာ မဖြစ်မနေဖြစ်လာမည့် ပုံအတိုင်းပင်။
ညဉ့်နက်ပိုင်းရောက်သောအခါ ရှီမာယူယူ၊ ဘေဂုံထန်နှင့် တခြား သူများသည် ကုသရန်အတွက် အဖြေရှာတွေ့လေသည်။
သူတို့သည် ရှီမာယူလီအား အဆိပ်ဖြေရန် အပ်စိုက်နည်းကိုသုံးကြမည်။ သို့သော် ထိုအဆိပ် ဖြေဆေး အစွမ်းမထက်ပါက ပိုခက်ခဲသွားမည်။
ဖက်တီးကျူနှင့် တခြားသူများသည် လက်ရှိတွင် အပြင်တွင်ထိုင်ပြီး စကားပြောနေကြရာ သူတို့ ထွက်လာသည်ကို မြင်လိုက်ရသည်။ “ပြီးသွား ကြပြီလား”
ရှီမာယူယူနှင့် တခြားသူများသည် ထိုင်လိုက်ကြကာ ပြောလေသည် “ကုသဖို့ကနည်းကိုတော့ တွေ့ပြီးပြီ မနက်ဖြန်ကို နည်းနည်းလောက် ဖော်ဖို့လိုတော့တာ”
“မင်းတို့အဆိပ်ဖြေဆေးက တကယ်ပဲအသုံးဝင်လား” ဟော်ဖန် မေးလေသည်။
“ဒါပေါ့” ရှီမာယူယူ ပြောလိုက်သည် “အသုံးဝင်ရုံတင်မကဘူး ငါတို့ ဆေးနှစ်မျိုးရှာတွေ့ထား တယ်၊ တစ်ခုက ကာကွယ်ဖို့ တစ်ခုက အဆိပ်မိရင် ကုသဖို့၊ ဘယ်လိုလဲ စမ်းကြည့်ချင်လား”
“ကာကွယ်ဆေးတောင်ရပြီလား”
“ဒါပေါ့” ရှီမာယူယူ ပြောလိုက်သည်။ သူမ နေခဲ့သည့်ကမ္ဘာ တွင်ရှိခဲ့စဉ်က ကာကွယ်ဆေးဖော် သည့် ယူဆချက်ကိုအခြေခံခြင်းဖြစ်သည်။ တကယ်ရလာမည်ဟု မထင်ထားခဲ့ပေ။
“မင်းတို့ တစ်ရက်လောက်အချိန်နဲ့ ကုသဖို့ကိုမပြောနဲ့ ကာကွယ်ဖို့် ဆေးတောင် ရှာနိုင်သွားတယ် ဟုတ်လား” ဟော်ဖန်သည် ယုံကြည်ရန် ခက်စွာပြောလေသည်။
“ဟုတ်တယ် ခင်ဗျားတို့လိုချင်လား ကျွန်တော့်ဆေးတွေက အသုံး ဝင်ပါတယ်၊ စားလိုက်တာနဲ့ ရွှေကင်းမြီးကောက်အကိုက်ခံရမှာကို ကြောက်ဖို့ မလိုတော့ဘူး၊ ၃နာရီအတွင်း အဆိပ်ဖြေဆေး စားလိုက်ရုံပဲ” ရှီမာယူယူသည် သူတို့သုံးယောက်ကို ပြုံးပြီးပြောလေသည်။
“အဲဒီ၃နာရီတွင်းကို ဘာအသုံးဝင်မှာလဲ”
“အသုံးဝင်တာပေါ့” ရှီမာယူယူသည် စိတ်လှုပ်ရှားကာ ပြောလေသည် “အဲဒီ၃နာရီက အဆိပ်ဖြေ ဆေးရှိတဲ့လူအတွက်တော့ဘာမှမဟုတ်ဘူး၊ ဒါပေမဲ့ အဆိပ်ဖြေဆေးမရှိလို့ ဝယ်ချင်တဲ့လူအတွက်တော့ အသုံးဝင်တယ် အနည်းဆုံးတော့ ၃နာရီတင်းခံနိုင်သေးတယ်”
“…”
အားလုံး ဆွံ့အသွားကြသည်။ သူမ တကယ်ပဲအဲလိုပြောလိုက်တာလား။
“အဲဒါကိုထူးဆန်းတယ်လို့မထင်နဲ့ အဲလိုလူတွေတကယ်ရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “အစပိုင်းတော့ဘာမှမဟုတ်ပေမယ့် အသက် ဘေးကြုံလာရင် ရွေးချယ်မှုမှားတာတွေအတွက် နောင်တ ရတတ်ကြတယ်၊ ကျွန်တော်က သူတို့ကို နောင်တရဖို့အချိန်ပေးလိုက်တာ၊ ဒါပေမဲ့ ဒီဆေးက သူတို့ နောင်တရတတ်ဖို့အတွက် ကူညီပေးလိုက်တာပဲ”
“မင်းပြောတာ ဟုတ်သလိုလိုပဲ” ထန်ယန် ပြောလိုက်သည်။
“ဟုတ်သလိုလိုပဲဆိုတာ ဘာပြောတာလဲ၊ အစကတည်းက အဓိပ္ပာယ်ရှိ တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီလောက်ပြောနေတာ ဝယ်မှာလား မဝယ်ဘူးလား”
“ဝယ်ရမယ်ဟုတ်လား”
“ဟုတ်တယ်လေ ဝယ်ရမယ် အလကားပေးမယ်ထင်နေလား” ရှီမာယူယူသည် ဟော်ဖန်အား မျက်လုံးလှန်ပြလေသည် “ကျွန်တော်က ဆေးကိုမြေကြီးပေါ်ကကောက်ရတာမဟုတ်သလို ဆေးက မိုးပေါ်ကကျ လာတာလဲမဟုတ်ဘူး၊ တန်ရာတန်ကြေပေးရမှာပေါ့”
“ဟုတ်တယ် ငါတို့ကမေတ္တာနဲ့ လုပ်စားတာမဟုတ်ဘူး” ရှောင်ချီ သဘောတူလေသည် “ငါတို့က အသိအကျွမ်းတွေဆိုတာကိုထောက်ပြီး လျော့ဈေးနဲ့ပေးမယ်၊ ကာကွယ်ဆေးတစ်လုံးကို အလယ်အလတ် ဖန်ကျောက်၁၀၀၊ ဖြေဆေးက အလယ်အလတ်ကျောက် ၁ထောင်”
“အလယ်အလတ်အဆင့်ကျောက်၁ထောင်လား၊ ဈေးကြီးလိုက်တာ ငါတို့ကိုဓားပြတိုက်နေတာ လား” ထန်ယန် အော်လေသည်။
“ဘယ်လိုလုပ်ဈေးကြီးရမှာလဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီဖြေဆေး က ဘယ်လောက် တောင် ရှားပါးပြီး အဖိုးတန်လိုက်လဲ ဒီဆေးနဲ့တန်နေပြီ၊ ဒီဆေးက ခင်ဗျားတို့အသက်ကိုကယ်နိုင်တယ် ခင်ဗျားတို့က အလယ်အလတ် ကျောက် ၁ထောင်နဲ့ နောက်ထပ်အသက်ရှင်ဖို့ အခွင့်အရေးရမှာနော်၊ ဘယ်လောက်တောင် တန်ဖိုးရှိလိုက်လဲ၊ မဟုတ်ရင် ခင်ဗျားတို့အသက်က ဒီလောက်ကျောက်နည်း နည်းလောက်တောင် တန်ဖိုးမရှိဘူးလား”
“အာ…”
သူမပြောသည်မှာ အဓိပ္ပာယ်ရှိသလိုပင်။
သူတို့သည် ဆုံးရှုံးသည်ဟုယူဆနေသေးသည်ကို တွေ့သည်နှင့် ရှီမာယူယူသည် ဆက်ရှင်းပြ လေသည် “အဲဒါကြောင့် ခင်ဗျားတို့အတွက် ကျွန်တော့်ခေါ်တဲ့ဈေးကမများပါဘူး ဘယ်လိုလဲ ဝယ်မှာ လားမဝယ်ဘူးလား”
သူမ၏ စိတ်အားထက်သန်နေသော မျက်လုံးများမှာ အမှန်တကယ်ပင် ဒေါ်လာသင်္ကေတများ ပေါ်လာသလိုပင်။
“ဒါဆိုရင် တကယ်လို့ ငါတို့ကာကွယ်ဆေးကိုဝယ်မယ်ဆိုရင် အလယ် အလတ်ကျောက် ၁၀၀ပဲ သုံးရမှာလား” ဟော်ဖန် မေးလိုက်သည်။
“ဟုတ်တယ် ၁၀၀ပဲသုံးရမှာ ဒါပေမဲ့ အဆိပ်ဖြေဆေးကို ရွှေကင်းမီ်း ကောက်အကိုက်ခံရမှ ဝယ်မယ်ဆိုရင်တော့ ဈေးနှစ်ဆတက်သွားမယ် ဆေးတစ်လုံးကို ၂ထောင်ဖြစ်သွားမယ်”
“ဖူး”
ဟော်ဖန်နှင့် ထန်ယန်တို့သည် ပါးစပ်ထဲမှ လက်ဖက်ရည်များ ထွက်ကျသွားသည်။ လက်ဖက်ရည်များသည် မီးပေါ်ကျသွားသောအခါ အသံထွက်လာသည်။
“ဒါတကယ်ပဲ အမြတ်စားတာပဲ”
“မဟုတ်ဘူး မှားသွားပြီ” ရှီမာယူယူ ပြောလိုက်သည် “ဒါကိုအရောင်း အဝယ်လို့ခေါ်တယ်၊ ဈေး ကလိုတဲ့အချိန်မှာ ပိုတက်သွားမယ်၊ အစပိုင်းတော့ စောစောကဝယ်လို့အကြံပေးတာကို မဝယ်ချင်ကြ ဘူး၊ အသုံးမဝင်ဘူး လို့ထင်ကြတယ်၊ ဒါပေမဲ့ အကိုက်ခံရပြီးရင်တော့ ဆေးလိုတဲ့အတွက် ချက်ချင်း ဈေးတက်သွားတာပဲ အဲဒါကြောင့် ဈေးမတူဘူး”
“ယုတ္တိမရှိလိုက်တာ” ထန်ယန်သည် ကိုယ့်ကိုယ်ကို စကားအပြော ကောင်းသည်ဟု ထင်ခဲ့ သော်လည်း သူမ၏ စကားများကိုတော့ မငြင်းခုန်နိုင်ပေ။
***