အခန်း (၂၆)
Vol. 12 Ch. 26
“ဒီကောင်က ငါ့အတွက် အရေးအကြီးဆုံးအရာ နှစ်ခုထဲက တစ်ခုကို ရွေးခိုင်းနေတာပဲ။” ဖလောအာက အလွန့်အလွန် တည်ကြည်လေးနက်သွားတဲ့ လေသံနဲ့ပြောလိုက်တယ်။
အဲဒီနောက်တော့ “ဒီည ငါတို့မှာရှိသမျှ တပ်အင်အားကို စုထားဖို့ အမိန့်ထုတ်လိုက်။ အဖွဲ့ခွဲခေါင်းဆောင်တွေ အားလုံးကို ဆင့်ခေါ်လိုက်တော့။”
အဲဒီနောက်တော့ အသေးစိတ်ကိစ္စတွေကို ဆွေးနွေးဖို့ သူတို့က အပြင်လူတွေဖြစ်တဲ့ ဝါ့ဇ်နဲ့ဖရာလီတာကို ထွက်ဖို့ အချက်ပြလိုက်တယ်။ ဝါ့ဇ်ကတော့ ဒဏ်ရာရထားတဲ့ မင်းလွင်ကို ပြန်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ဝါ့ဇ်၊ ဒီနေရာက ငါတို့နဲ့ဘာမှမဆိုင်ဘူးမဟုတ်လား။ ဒီရေရာက နင့်ရဲ့မူကွဲကလည်း အားနည်းတယ်။ ငါတို့ ရန်သူက သူ့ကိုရသွားရင်တောင်မှ အကျိုးမထူးဘူးလေ။ မြန်မြန်လေး တခြားသူတွေကို လိုက်ရှာပြီးတော့ ကိုယ့်ကိစ္စကိုယ် လုပ်ရအောင်။”
ဒါပေမဲ့ ဝါ့ဇ်ကတော့ ခေါင်းခါလိုက်တယ်။ “သူက တရားမျှတမှုရဲ့သူရဲကောင်းလို့ ပြောခဲ့တယ် မဟုတ်လား။ ဒီကမ္ဘာကြီးကို သူ့ခွန်အားသက်သက်နဲ့ မကယ်တင်နိုင်တာ ငါသိခဲ့ပြီးပြီ။ ဘာကြောင့် ငါက သူ့ကို မကူညီပေးဘဲနဲ့ နေရမှာလဲ။”
ဖရာလီတာက သူရဲကောင်းကြီးလိုလုပ်နေတဲ့ ဝါ့ဇ်ကို မကြည်သလိုကြည့်လိုက်ပြီး ခြေထောက်ကို ဖိနပ်နဲ့ ဆောင့်နင်းလိုက်တယ်။ ဒါပေမဲ့ အရင်ကနဲ့မတူတာက ကြမ်းကြမ်းတမ်းတမ်းမလုပ်ဘဲ ဖြည်းဖြည်းလေးပဲ နင်းလိုက်တာမျိုးပါ။
“ဝါ့ဇ်၊ နင့်ကိုယ်နင် အဆင့် ၅ ပဲရှိတဲ့ အမှိုက်ကောင်ဆိုတာ မေ့နေပြီလား။”
ဝါ့ဇ်က ခေါင်းခါလိုက်တယ်။ သူက လက်ထဲက မိတ်ကပ် ဘူးလေးကို ထုတ်ပြလိုက်ပြီး...
“ငါက ဆေလာမက်ဒါနာဆိုတာကို နင်ဘယ်တော့မှ ယုံမှာလဲ။”
အချိန်အတော်ကြာ အသုံးမပြဘဲ နေပြီးတဲ့နောက်တော့ ဆေလာမက်ဒါနာအဖြစ် ပုံစံပြောင်းလို့ရတဲ့ မှော်စွမ်းအင် ပမာဏမျိုး သူ့မှာရှိနေပါပြီ။ ဖရာလီတာက ရှက်သွားတဲ့ ပုံစံနဲ့ နောက်ကိုလှည့်သွားရင်း ပြောလိုက်တယ်။
“တကယ်တော့... ငါက နင်ပထမဆုံးအကြိမ် ပြောခဲ့တည်းက နင်အမှန်အတိုင်းပြောနေမှန်း သိပါတယ်။ ဒါပေမဲ့ အဲဒါက တကယ့်ကို လက်ခံရ ခက်ခဲတယ်လေ။ ငါက ဆေလာ မက်ဒါနာကို ငါ့လိုမိန်းကလေးတစ်ယောက်လို့ ထင်ထားတာဟ။”
“ပြီးတော့ နင်က ဆေလာမက်ဒါနာအဖြစ် ပြောင်းမထားတာတောင် တော်တော်မိုက်တယ်လေ။”
ဖရာလီတာရဲ့ချီးကျူးစကားကြောင့် ဝါ့ဇ်လေပေါ်ကနေ ပြန်မကျချင်တော့ဘူး။ အဲဒီနောက်တော့ အူမြူးနေတာနဲ့ ဖရာလီတာရဲ့လက်လေးနှစ်ဖက်ကို သူက ဆုပ်ကိုင်လိုက်မိပြီး
“ဖရာလီတာ... နောက်ဆုံးတော့ နားလည်သွားပြီပေါ့။ ဆုချတဲ့အနေနဲ့ နင်ပြောတဲ့အတိုင်း ငါ့လက်မှတ်ကို နင့်အင်္ကျီပေါ်မှာ ထိုးပေးမယ်လေ။”
ဘုန်း...
ရုတ်တရက် ဖရာလီတာရဲ့ခြေထောက်တစ်ဖက်က မြောက်တက်လာတယ်။ ခြေဖျားက ဝါ့ဇ်ရဲ့ပေါင်ဂွကြားထဲ တည့်တည့်ဝင့်သွားပြီး နာကျင်မှုလှိုင်းလုံးတွေ တလိမ့်လိမ့် တက်လာတာကို ခံစားလိုက်ရပြန်တယ်။
“ရက်... စက်... လိုက်... တာ...” ဝါ့ဇ်တစ်ယောက် ဖွားဖက်တော်လေးကို တယုတယကိုင်ပြီးတော့ ဒူးထောက် ကျသွားတယ်။ ဖရာလီတာကတော့ စိတ်ဆိုးနေတဲ့ ပုံစံနဲ့ လက်ပိုက်ထားလိုက်ပြီး...
“ဘယ်သူက နင့်ကို လက်ကိုင်ခွင့်ပေးထားလို့လဲ သောက်ရူးကောင်ရဲ့။”
...
နာကျင်မှုတွေပျောက်သွားပြီးတဲ့ နောက်မှာတော့ ဝါ့ဇ်တို့က ဆေးခန်းဆီကို ရောက်လာကြတယ်။ ဒါပေမဲ့ ထင်မထားတဲ့ အရာတစ်ခုဖြစ်နေပုံပေါ်ပြီး ဆရာဝန်တွေက စိုးရိမ်နေတဲ့ ပုံစံနဲ့ တစ်စုံတစ်ခုကို လိုက်ရှာနေကြတယ်။
“ဘော့စ်ကို သွားအကြောင်းကြား...” ဆရာဝန်က သူနာပြု တစ်ယောက်ကို မှာလိုက်တယ်။ သူနာပြုက ချက်ချင်းပဲ အစည်းအဝေးခန်းမဆီကို ပြေးသွားတယ်။
“ဘာဖြစ်နေတာလဲ။” ဝါ့ဇ်က မေးလိုက်တော့ ဆရာဝန်က အလန့်တကြားဖြစ်နေဟန်နဲ့
“ဆရာလေးမင်းလွင် ကျုပ်တို့အလစ် ထွက်သွားပြီဗျ။”
...
မှောင်မိုက်နေတဲ့ မြို့ကြီးရဲ့လမ်းမထက်။ ဒီနေရာမှာ လူတွေ ရှိနေပေမဲ့ အားလုံးက လူကောင်းတွေ ဟုတ်ပုံမပေါ်ဘူး။ အလွန်အကျူးလစ်ဖော်ပြသထားတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေက လက်ကြားထဲ စီးကရက် ညှပ်ထားပြီး လမ်းပေါ်က ယောက်ျားမှန်သမျှကို မျက်စပစ် နေကြတယ်။ ရှိတဲ့ယောက်ျားတွေအားလုံးကလည်း လူကောင် ခပ်ကြီးကြီး၊ တက်တူးတွေနဲ့ လူမိုက်ရုပ် ပေါက်နေတဲ့သူတွေပါ။
အဲဒီလိုလမ်းမပေါ်မှာ တခြားသူတွေနဲ့ကွဲထွက်နေတဲ့ လူငယ် တစ်ယောက်က လမ်းလျှောက်နေတယ်။ အရုပ်ဆိုးတဲ့ အဖြူရောင်မျက်နှာဖုံးက သူ့မျက်နှာကို ဖုံးလွှမ်းထားတဲ့ အတွက်ကြောင့် သူ့မျက်နှာကို မမြင်ရဘူး။ အဖြူရောင ် ခြုံလွှာကို တစ်ကိုယ်လုံးမှာခြုံထားပြီး ကျောမှာတော့ အမြွှာ ဓားနှစ်လက်ကို ပိုးထားပါတယ်။
လူတွေက အဲဒီလူငယ်ကိုမြင်တာနဲ့ ချက်ချင်းပဲ လမ်းဖယ် ပေးလိုက်ကြတယ်။
“တစ္ဆေဖြူ...”
“တစ္ဆေဖြူ...”
အဲဒီနာမည်တစ်လုံးက လူထုကြားထဲမှာ ပြန့်ကျဲနေတယ်။ မြေအောက် ဒုစရိုက်လောကသားတွေက အဲဒီဝတ်ရုံဖြူဝတ် လူငယ်နဲ့ မပတ်သက်ချင်ကြတဲ့အလား ဖယ်ကျဥ်လို့။
တစ္ဆေဖြူက လက်တစ်ဖက်နဲ့သူ့ဒဏ်ရာတွေကို ဖိထားရင်း လမ်းအဆုံးကို ကြည့်လိုက်တယ်။ အနည်းဆုံး အထပ်တစ်ရာ မြင့်တဲ့ တာဝါကြီးတစ်ခုက လမ်းအဆုံးမှာရှိနေပြီးတော့ ဆိုက်ဘာတာဝါလို့ နီယွန်ဆိုင်းဘုတ်တွေက ဖော်ပြနေတယ်။
ဂိတ်ရှေ့မှာတော့ အနောက်တိုင်းဝတ်စုံဝတ်ထားပြီး ပစ္စတိုတွေကို ခါးကြားထိုးထားတဲ့ မာဖီးယားအယောက် တစ်ရာလောက်က စောင့်နေတယ်။ တစ္ဆေဖြူက မကြောက် မရွံနဲ့ဘဲ ဓားတွေကိုဆွဲထုတ်လိုက်တယ်။
ဝတ်စုံနဲ့လူတွေကလည်း သေနတ်တွေနဲ့ သူ့ကိုဝိုင်းချိန်ပြီး စပစ်ပါတယ်။ ဒါပေမဲ့ တစ္ဆေဖြူက သူတို့မြင်ကွင်းရှေ့မှာပဲ ပုံရိပ်တစ်ခုလိုပျောက်သွားပြီး မာဖီးယားတွေကို တိုက်ခိုက် လိုက်ပါတယ်။ တစ္ဆေဖြူဟာ အံ့မခန်းမြန်နှုန်းနဲ့ ကျည်ဆန် များစွာကို ရှောင်ရှားလိုက်တယ်။ ကျည်ဆန်တချို့က သူ့ကို ထိမှန်ပေမဲ့ ပုံမှန်မဟုတ်တဲ့ဝတ်စုံက သူ့ကို ကျည်တွေကနေ ကာကွယ်ပေးထားတယ်။ ထိလို့ သက်ရောက်အားကြောင့် နာကျင်သွားတာမျိုးပဲ ရှိပါတယ်။
အဲဒီနောက်တော့ ဓားသမားတစ်ယောက်နဲ့ သေနတ်ကိုင် မာဖီးယားအယောက်တစ်ရာရဲ့တိုက်ပွဲက တစ်ဖက်သတ်လို့ ပြောရတော့မယ့်ပုံစံနဲ့ အပြီးသတ်သွားတယ်။ တစ္ဆေဖြူရဲ့ဓားကနေ သွေးတွေတတောက်တောက် ကျဆင်းနေပြီး မြေပြင်မှာတော့ မာဖီးယားတွေဟာ လဲကျ သေဆုံးနေပါပြီ။
“နောက်တစ်ထပ်...” တစ္ဆေဖြူက ချုပ်ရိုးပြန်ပွင့်သွားပြီး သွေးထွက်နေတဲ့ သူ့ဒဏ်ရာကို ဂရုမစိုက်ဘဲ နောက်ထပ် တစ်ထပ်ကို ခြေလှကားကနေ တက်သွားတယ်။ ဒုတိယ ထပ်မှာကတော့ ဓားကိုင်ထားတဲ့ ယာကူဇာတွေနဲ့ ဘေ့ဘော ဘုတ်ကိုင်ထားတဲ့ ဆိုင်ကယ်စီးလူမိုက်တွေက သူ့ကို စောင့်နေတယ်။ ယာကူဇာတချို့က ဓားရေးကျွမ်းကျင်ပေမဲ့ တစ္ဆေဖြူရဲ့ဓားပညာကို မယှဥ်နိုင်ကြတာကြောင့် အတုံးအရုန်း လုံးကျသေဆုံးကုန်တယ်။
...
တာဝါရဲ့ထိပ်ဆုံးခန်းမှာတော့ ကြီးကျယ်ခမ်းနားလှတဲ့ ရုံးခန်းကြီးတစ်ခုရှိနေပါတယ်။ ရုံးခန်းထဲမှာတော့ နည်းပညာမြင့် သတ္တုကျီးကန်းမျက်နှာဖုံးဆောင်းထားတဲ့ မိန်းကလေးတစ်ယောက်က CCTVမြင်ကွင်းတွေကနေ တစ်ဆင့် တိုက်ပွဲကိုကြည့်နေပါတယ်။
“အံ့ဩဖို့ကောင်းလိုက်တာ.... တကယ့်ကို အံ့ဩစရာပဲ။ ဒီလို မြင်ကွင်းမျိုးကို Kill Beeနဲ့ John Wickလို ဇာတ်ကားတွေမှာပဲ မြင်ရမယ်ထင်ထားတာ။ ဒီလိုပုံစံမျိုးလုပ်နိုင်တဲ့ လူသား တစ်ယောက်နဲ့ ကြုံရလိမ့်မယ်လို့ ငါမထင်ထားဘူး။ ဟားဟားဟား...”
လက်ထောက်တစ်ယောက်ကတော့ ကျီးကန်းမျက်နှာဖုံးနဲ့ မိန်းကလေးကို ဦးညွှတ်ပြလိုက်ပြီး တရိုတသေနဲ့ မေးလိုက် ပါတယ်။
“ဘော့စ်၊ ဓားနတ်ဆိုးကို သူနဲ့ရင်ဆိုင်ဖို့ လွှတ်လိုက်ရတော့ မလား။”
မိန်းကလေးက ခေါင်းခါလိုက်တယ်။ “ငါက အိုက်ဇာဝါလို မဟုတ်ဘဲနဲ့ ဒါလင့်ကို ချက်ချင်း မသေစေချင်ဘူး။ တဖြည်းဖြည်းချင်း သူ့ခွန်အားတွေ ကုန်ခမ်းသွားပြီး သေသွားတာမျိုး လိုချင်တာ။ သူ့အဖေနဲ့အမေကို ငါသတ်ခဲ့သလိုပေါ့။ အားဟားဟား... ဆယ်ထပ်မြောက် ကျရင် ငါတီထွင်ထားတဲ့ ဆိုက်ဘော့က သူ့ကို ရင်ဆိုင်ပါလိမ့်မယ်။”
...
ဘုန်း...
တစ္ဆေဖြူက အရေးပေါ်လှေကားတံခါးကို တွန်းဖွင့်ပြီး ဆယ်ထပ်မြောက်ကို တက်လိုက်တယ်။ ဒီအထပ်မှာတော့ လူတွေရှင်းနေတဲ့အတွက် တစ္ဆေဖြူ မျက်မှောင်ကြုတ်လိုက် ပါတော့တယ်။
“သေစမ်း... အပေါ်မှာ။”
တစ္ဆေဖြူက မြေပြင်ပေါ်ကိုကျောနဲ့ကပ်ပြီး ခန္ဓာကိုယ်ကို လုံးထွေးကာ ကျွမ်းထိုးရှောင်လိုက်တယ်။
ဘုန်း...
သူရပ်နေခဲ့တဲ့နေရာအပေါ်ကို လေးလံတဲ့အရာတစ်ခု ကျရောက်လာပုံပေါ်ပြီး သူပြန်ကြည့်လိုက်ချိန်မှာတော့ ကြမ်းပြင်မှာ အချိုင့်ကြီးဖြစ်နေပါပြီ။
“မဖြစ်နိုင်တာ... အရာရှိ...”
တစ္ဆေဖြူက သူ့ရှေ့မှာ မြင်နေရတဲ့အရာကို မအံ့ဩဘဲ မနေနိုင်တော့ဘူး။ ကြမ်းပြင်မှာ ချိုင့်ကြီးဖြစ်သွားအောင် လုပ်လိုက်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဆံပင်ကို နောက်မှာ မြင်းမြီးသဏ္ဍာန်စုချည်ထားတယ်။ အညိုရောင် ရဲဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ အင်မတန်လှပတဲ့ သူ့ရဲ့ခန္ဓာကိုယ် ကိုယ်လုံးကိုယ်ပေါက်နဲ့ အင်မတန်လိုက်ဖက်တယ်။
“အရာရှိလင်ဒါ၊ ကျုပ်က တစ္ဆေဖြူပါ။”
“ဂါး....” တစ္ဆေဖြူက နှုတ်ဆက်ဖို့ကြိုးစားလိုက်ပေမဲ့ အရာရှိလင်ဒါက လက်သီးကိုဆုပ်လိုက်ပြီး သူ့ကို ပိတ်ထိုးတယ်။ ပါးစပ်ကနေ အသိဉာဏ်မဲ့ မာန်ဖီသံ တချို့ပဲ ထွက်လာတယ်။
ဘုန်း...
လက်သီးက အဆောက်အဦတိုင်တစ်ခုနဲ့ထိမိသွားပြီး အင်္ဂတေတိုင်အထူကြီးကို ဖောက်ထွက်သွားတယ်။
“ခင်ဗျားကို သူတို့ဘာလုပ်လိုက်တာလဲ။” တစ္ဆေဖြူက စိတ်ထိခိုက်နေတဲ့ လေသံနဲ့အော်ဟစ်လိုက်ပါတယ်။ လင်ဒါရဲ့အသားအရေက ပုံမှန်ထက်ဖျော့တော့နေပြီး မျက်လုံးတွေက မျက်တောင်တောင်မခတ်ပါဘူး။ စိတ်ခံစားချက် ရှိပုံလည်းမရဘဲ နာကျင်မှုကိုလည်း ခံစားနိုင်စွမ်း ရှိပုံမပေါ်ပါဘူး။ လှုပ်ရှားလိုက်တိုင်းမှာ ခန္ဓာကိုယ်ထဲကနေ ဂီယာစက်သံတွေ ထွက်ပေါ်နေပါတယ်။
“အရာရှိ... သတိရပါတော့...”
လင်ဒါနဲ့တစ္ဆေဖြူက ဆက်လက်တိုက်ခိုက်နေတယ်။ တစ္ဆေဖြူက လင်ဒါအနာတရမဖြစ်အောင် ဂရုစိုက် နေရတဲ့အတွက်ကြောင့် အောက်စည်းကချည်း ခံနေရတယ်။ တစ်ခါတော့ တန်ပြန်တိုက်လိုက်နိုင်ပြီး အရာရှိလင်ဒါရဲ့ ယူနီဖောင်း ဝမ်းဗိုက်ပိုင်းကို ဖြဲလိုက်နိုင်တယ်။
ဒါပေမဲ့ သူမြင်လိုက်ရတာကတော့ တကယ့်ကို မနှစ်မျို့စရာ ကောင်းတဲ့မြင်ကွင်းပါပဲ။ လင်ဒါရဲ့ဝမ်းဗိုက်အလယ်တည့်တည့်မှာ ချုပ်ရိုးရာကြီး ရှိနေပြီးတော့ အတွင်းမှာလှည့်လည်သွားလာနေတဲ့ စက်ယန္တရားအစိတ်အပိုင်းတွေကို မြင်နေရတယ်။
“အား.... အား.....” တစ္ဆေဖြူက ရူးသွပ်သွားသူ တစ်ယောက်လိုမျိုး အော်ဟစ်ရင်း လင်ဒါကို ဝင်တိုက်တယ်။ သူ့ကိုယ်သူ ခုခံဖို့တောင်မှ သတိမရတော့ဘူး။ သူ့မျက်လုံးထဲက မျက်ရည်တွေစီးကျနေပြီးတော့ တစ်ကိုယ်လုံး တုန်ယင်နေတယ်။
“အရာရှိ... ခင်ဗျားကို ဒီလူယုတ်မာတွေလက်ထဲကနေ လွတ်မြောက်အောင် လုပ်ပေးမယ်။”
နယူးယောက်မြို့ရဲ့သူရဲကောင်းတစ်ယောက်အနေနဲ့ တစ္ဆေဖြူက တစ်ယောက်တည်း လှုပ်ရှားနေခဲ့တာတော့ မဟုတ်ပါဘူး။ မြေအောက်လောကမှာ ဖလောအာရှိနေပြီး တရားဥပဒေအကြောင်းအရ အကာအကွယ်ရော ပူးပေါင်း ဆောင်ရွက်မှုပါပေးမယ့် လင်ဒါလည်းရှိတယ်။ သူသိလာရတဲ့ မြို့တွင်းက ရာဇဝတ်မှုတွေအကြောင်း ပြည်သူတွေသိအောင် သတင်းဖြန့်ပေးမယ့်သူအဖြစ် သတင်းထောက် မာဂရပ်ရှိတယ်။
ဒါပေမဲ့ အခု သတင်းထောက်မာဂရပ် အဖမ်းခံထားရပြီး လင်ဒါကတော့ သေဆုံးပြီးတာတောင်မှ မလေးမစား ပြုမူခံနေရတယ်။ ဒီအဖြစ်ဆိုးကြောင့် တစ္ဆေဖြူတစ်ယောက် ရူးသွပ်သွားသလိုဖြစ်သွားတယ်။
သူက လင်ဒါရဲ့တိုက်ကွက်တွေကို အနီးကပ်ရှောင်ရှားရင်း လင်ဒါနဲ့စက်ယန္တရားတွေရဲ့စက်သွယ်မှုကို ဓားနဲ့ခုတ်ဖြတ် ပစ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့တအားကို အနီးကပ်မိနေပြီ ဖြစ်တဲ့အတွက်ကြောင့် လင်ဒါရဲ့လက်သီးချက်က တစ္ဆေဖြူရဲ့ မျက်နှာတည့်တည့်ကို ထိုးမိသွားတယ်။
ဘုန်း...
တစ္ဆေဖြူ ကြမ်းပြင်ပေါ်ကို ပက်လက်လန်လဲကျသွားပြီး မျက်နှာဖုံးကွဲသွားတယ်။ လက်သီးချက်ကြောင့် ခေါင်းပါ ကွဲသွားပြီး သွေးတွေစီးကျနေပါပြီ။ စက်ရုပ် အလောင်းကောင်အဖြစ် ပြောင်းလဲခံထားရတဲ့ လင်ဒါကတော့ သူ့ကိုအဆုံးသတ်ပေးဖို့အတွက် ဖြည်းဖြည်းချင်း အနားကပ်လာပါတယ်။
“ဒါက ငါ့ရဲ့အဆုံးသတ်လား... အရာရှိလင်ဒါ၊ ခင်ဗျားကို လွတ်မြောက်အောင် လုပ်မပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်။”
တစ္ဆေဖြူက သူ့ရဲ့သေဆုံးမှုကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ လျှပ်စီးတန်း တစ်ဖြတ်လတ်သွားပြီး လင်ဒါတစ်ကိုယ်လုံး ရှော့ဖြစ်ကာ လဲကျသွားတယ်။ နောက်တော့ စည်းချက်ညီညီခြေသံကို သူကြားရပြီး အနားကို လူတစ်ယောက် ရောက်လာတယ်။ အဲဒီလူက သူနဲ့ဆင်တူတဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်ထားတယ်။
“မင်း.... ဆိုက်ဘာခရိုးက ငါ့ကို တစ်ယောက်တည်းလာဖို့ ပြောထားတာ...”
ဝါ့ဇ်ကတော့ ဂရုမစိုက်ဘဲ မင်းလွင်ကို လက်ကမ်းပေးတယ်။ “ယေဘုယျကျကျပြောရရင် ငါကလည်း မင်း၊ မင်းကလည်း ငါပဲ။ ငါတို့က တစ်ယောက်တည်းဖြစ်တဲ့အတွက် စည်းကမ်း ဖောက်ရာမကျဘူး။”
ဝါ့ဇ်ရဲ့လက်ကို မင်းလွင်က ဖမ်းဆွဲလိုက်တယ်။ ဝါ့ဇ်ရဲ့ မှော်နှင်တံကနေ အလင်းရောင်ဖျော့ဖျော့ထွက်လာပြီး မင်းလွင်ကိုယ်ပေါ်က အသေးစားဒဏ်ရာတချို့ ပျောက်ကင်း သွားပါတယ်။ မင်းလွင်က ပြန်ထရပ်လိုက်နိုင်ပြီးတဲ့ နောက်မှာတော့ ဝါ့ဇ်က CCTV ရှိရာကိုလှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်တယ်။
“မင်းငါတို့ကို အဲဲဒီအပေါက်ကနေ မြင်နေရတယ် မဟုတ်လား။ ငါတို့က တစ်ယောက်တည်းပဲ။ ဒီတာဝါကို ငါတို့နှစ်ယောက်အတူရှင်းပြီး မင်းကိုလာတွေ့မယ်။ သဘောတူလား။”
...
ဆိုက်ဘာခရိုးကတော့ အဲဒီမြင်ကွင်းကို ရုံးခန်းထဲကနေ ကြည့်နေရင်း အူတက်လောက်အောင် ရယ်မောလိုက်တယ်။ “စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ။ နောက်ထပ်ဒါလင်တစ်ယောက် ထပ်ပေါ်လာတာလား။ ကောင်းပြီလေ။ ငါခွင့်ပြုလိုက်မယ်။ နင်တို့ ဘယ်လောက်ကြမ်းနိုင်မလဲ ကြည့်ရအောင်။”
အဲဒီနောက်တော့ ဆိုက်ဘာခရိုးက သူ့လက်ထောက်ကို အမိန့်ပေးလိုက်တယ်။ “မာဂရပ်ကို ခေါ်လာခဲ့တော့။ မင်းသားလေးက မင်းသမီးလေးကို ကယ်တင်နိုင်မလား ကြည့်ရအောင်။”