အလင်းရောင်ထပ်မြင်ရခြင်း
Vol. 009 Ch. 857
နွေးထွေးလိုက်တဲ့ အသံလေး…
ရှီချူးရှောင် ခေါင်းညိမ့်လိုက်သည်။ ဘာခံစားချက်မှမရှိသော မျက်နှာ လေးသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော်လည်း ဘာအသံမှမထွက်ရှာပေ။
ရှီချန်းကျိသည် ဘေးတွင်ရပ်နေကာ သူမပုံစံကိုမြင်သောအခါ စိတ်ထဲမှ နာကျင်မိသည်။
“ဂျူနီယာညီမလေး၊ ခဏလေးတော့ သည်းခံပေး”
ရှီချူးရှောင်သည် သူ့အားကြည့်လိုက်သည်။ အရင်က ခက်ထန်သော အကြည့်နှင့် သူမသည် အခုတော့ အကြည့်မှာအနည်းငယ်ဖျော့တော့နေ သည်။
အချိန်အတန်ကြာပြီးနောက်တွင် သူမသည် လက်များကို ပြန်ရုတ်လိုက် သည်။
“ဘယ်လိုလဲ” ရှောင်ချီသည် ရှီချန်းကျိထက်ပင် ဦးအောင် မေးလိုက် သည်။
“အခြေအနေက နည်းနည်းရှုပ်တယ် ခဏလောက်နေရင် ပြောပြပေး မယ်” ရှီမာယူယူသည် အခန်း၏ အလယ်သို့လာလိုက်သည်။ သူမသည် ဆေးဖိုနှင့် စားပွဲတစ်လုံးထုတ်ပြီးနောက် ဆေးပစ္စည်းတွေထုတ်ကာ ထိုနေရာ တွင်ပင် ဆေးစတင်ဖော်တော့သည်။
အားလုံးရှေ့တွင် ဆေးဖော်နေသော သူမကိုကြည့်ပြီး ဂိုဏ်းအတွင်းရှိ အဂ္ဂိရတ်ပညာရှင်များသည် သူတို့ဆေးဖော်နေသည်ကို မည်သူ့ကိုမှ ကြည့်ခွင့်မပေးသည်ကို ရှီချန်းကျိ တွေးနေမိသည်။
ရှီမာယူယူသည် နေ့တစ်ဝက်လောက်ဆေးဖော်ပြီးနောက်တွင် အိုး တစ်လုံးအပြည့် ဆေးများကို ရလေသည်။
သူမသည် ကျောက်စိမ်းပုလင်းထဲသို့ ဆေးလေးလုံးထည့်ပြီးနောက် ကျန်ဆေးများကို ရှီချူးရှောင်အား ကျွေးလိုက်သည်။
“ဒီဆေးက ခန္ဓာကိုယ်ကို ခဏတော့ ထုံထိုင်းသွားစေမယ်၊ အရေပြားကို ထိရင်လည်း မနာကျင်စေဘူး၊ ပြီးတော့ နေကိုလည်း ရှောင်စရာမလိုဘူး” သူမသည် ဆေးတိုက်ပြီးနောက် ပြောလိုက်သည်။
“တကယ်..ကြီးလား” ရှီချူးရှောင်သည် သူမအား ပျော်ရွှင်စွာပြောလေ သည်။ သူမ၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့်ပြည့်နေသော်လည်း မယုံကြည်နိုင်သေးပေ။
သူမ ဒီပုံစံအတိုင်းဖြစ်ပြီးကတည်းကပင် နေရောင်ကို ထပ်မမြင်နိုင်ဟု ထင်ထားခဲ့သည်။ မဟုတ်ဘူး နေတစ်ခုတည်းတင်မဟုတ်ဘူး… ဘယ် အလင်းရောင်ကိုမှ မမြင်ရတော့ဘူးလို့ထင်ခဲ့တာ။ သူမသည် တစ်နေ့ပြီး တစ် နေ့ အခန်းထဲတွင်သာ ပိတ်နေပြီး အမှောင်ကိုသာမြင်ခဲ့ရသည်။
သူမ… နေဆိုသည့်အရာကိုပင် မေ့နေချေပြီ။
“ဒါပေါ့ မယုံရင် စမ်းကြည့်လိုက်ပါ” ရှီမာယူယူ ပြောလိုက်သည် “မိနစ် နည်းနည်းတော့စောင့်ပေး ဒီဆေးစားပြီး ၁၀မိနစ်တော့စောင့်ရမယ်”
“စီနီယာ…” ရှီချူးရှောင်သည် ရှီချန်းကျိအား ပျော်ရွှင်စွာဖြင့် ပြောလေ သည်။
“ကျူရှန့်ပြောတာမှန်တယ်မလား၊ သူ့ဂျူနီယာညီက အရမ်းတော်တယ် တဲ့၊ သူက မင်းကိုတကယ်ပဲကုပေးနိုင်လောက်တယ်” ရှီချန်းကျိ ပြောလေ သည်။
“အင်း” ရှီချူးရှောင်သည် မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းညိမ့်လေ သည်။
ရှီမာယူယူသည် စားပွဲကိုသိမ်းလိုက်သည်။ သူမ မီးဖိုနှင့် စားပွဲသိမ်းပြီး သည်နှင့် အချိန်ကိုက်ဖြစ်သွားသည်။
“စမ်းကြည့်လိုက်ပါ” ရှီမာယူယူ ပြောလိုက်သည် “နာတာလျော့သွား လား”
“အခုဘာမှမခံစားရတော့ဘူး” ရှီချူးရှောင် ပြောလိုက်သည်။
အခုနာကျင်မှုလျော့နည်းသွားသဖြင့် သူမသည် ရှီမာယူယူ၏ စကားများ ကို ပိုယုံကြည်လာသည်။ သူမသည် နေရောင်ကို မြင်ရတော့မည်ဟု မျှော်လင့်ချက်ပိုရှိလာသည်။
“ဒါဆို စမ်းကြည့်လိုက်ပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် ခင်ဗျားကို အရင်ထိကြည့်မယ် အာရုံခံစားကြည့် အဆင်ပြေတယ်ဆိုရင် ပြတင်းပေါက်ဖွင့်မယ်”
“ငါလုပ်ကြည့်မယ်” ရှီချန်းကျိ ပြောလိုက်သည်။
သူသည် အိပ်ရာဘေးတွင်ထိုင်ကာ လက်ကိုဆန့်ပြီး သူမ၏ လက်မောင်းကို ထိတွေ့ကာ မေးလေသည် “ဘယ်လိုလဲ နာလား”
“ဘာမှမခံစားရဘူး” ရှီချူးရှောင်သည် စိတ်လှုပ်ရှားစွာ အော်လေသည်။
“ဒီနေရာရော” ရှီချန်းကျိသည် တခြားနေရာအား ထိတွေ့ကြည့်သည်။
“ဘာမှမခံစားရဘူး မနာဘူး တကယ်ပဲမနာဘူး” ရှီချူးရှောင်သည် ငို တော့သည်။ မျက်ရည်များသည် သွေးများနှင့်ရောသွားသောအခါ အမှန် တကယ်ပင် ကြောက်စရာကောင်းလေသည်။
“ရွှီး”
သူတို့နှစ်ယောက်သည် ထိုခဏအတွင်း စိတ်ခံစားချက်များပြည့်နေရာ ရှောင်ချီသည် ပြတင်းပေါက်မှ အနက်ရောင်အဝတ်ကိုဆွဲလိုက်သည်။
တောက်ပသောအလင်းရောင်သည် အခန်းထဲသို့ထိုးဝင်လာသည်။ ရှီမာယူယူသည် ချက်ချင်းပင် ရှီချူးရှောင်၏ မျက်လုံးများကို ကာပေးလိုက် သည်။
“ဘာဖြစ်လို့လဲ”
ရှီချန်းကျိနှင့် ရှောင်ချီတို့သည် သူမအား ထူးဆန်းစွာကြည့်လေသည်။
“သခင်မလေးရှီက နေရောင်မမြင်ရတာနှစ်တွေအများကြီးကြာနေပြီ အဲတော့ သူမမျက်လုံးတွေက အမှောင်နဲ့ပဲကျင့်သားရနေပြီ သူမကို အလင်း တစ်ခါတည်းပြလိုက်မယ်ဆိုရင် မျက်လုံးတွေထိခိုက်သွားလိမ့်မယ်၊ ပြင်းထန် မယ်ဆိုရင် မျက်စိတောင်ကွယ်သွားနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“အာ အဲလိုဖြစ်မယ်ဆိုတာ မသိလို့” ရှောင်ချီသည် လျှာထုတ်လေ သည်။ သူမသည် နာကျင်မှုပျောက်သွားစေသော ရှီမာယူယူဆေး၏ အံ့သြ ဖွယ်ရာကို ကြည့်ချင်ရုံသာဖြစ်သည်။
“မိန်းကလေးရှီ လက်လွှတ်လိုက်မယ်နော် မျက်လုံးတွေမှိတ်ထားပေးပါ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပါပြီ” ရှီချူးရှောင်သည် အမြင်ကိုပါဆုံးရှုံးနိုင်သည်ဟု ကြား သည်နှင့် ချက်ချင်းပင်ကြောက်သွားကာ လှုပ်နေရာမှရပ်သွားသည်။
သူမအတွက် နေကိုမြင်ရန်အတွက် အလွန်ခက်ခဲသည်။ သူမသည် အမှောင်ထဲတွင် တစ်သက်လုံးမနေလိုပေ။
ရှီမာယူယူသည် သူမမျက်လုံးများကို လွှတ်ပြီးနောက် အနက်ရောင် အဝတ်စကိုထုတ်ပြီး သူမ ခေါင်းနားတွင်ချည်ပေးကာ ပြောလိုက်သည် “မျက်လုံး အသားကျမယ်လို့ထင်တဲ့အချိန်ကျရင် ဖြုတ်လိုက်ပါ”
“အင်း” ရှီချူးရှောင် ပြန်ဖြေလေသည်။ သူမသည် အလင်းရောင်ကို မြင် ရန်အတွက် အလွန်စိတ်လှုပ်ရှားနေဆဲပင်။
“ရှောင်ချီ အဝတ်နက်တွေအကုန်လုံးကို ဖယ်လိုက်တော့” ရှီမာယူယူ ပြောလိုက်သည်။
“အင်း” ရှောင်ချီသည် ခုန်ပေါက်ပြေးကာ အဝတ်နက်များအားလုံးကို ဖယ်ချလိုက်သည်။ အခန်းသည် ချက်ချင်းပင် အလင်းများဖြင့် ပြည့်နှက်သွား သည်။
“ငါ့ဂျူနီယာညီမလေး ဘယ်လိုနေလဲ၊ သူမ ကုလို့ရလား” ရှီချန်းကျိ မေး လိုက်သည်။
“နည်းနည်းတော့ ပြဿနာရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “သခင်မလေးရှီက အဆိပ်မိထားတာ၊ သူမ ပြီးခဲ့တဲ့တစ်ခေါက်က သူမက နေရာတစ်ခုကိုသွားပြီး ပြန်လာတော့ ဒီလိုပုံဖြစ်လာတယ်လို့ ခင်ဗျားတို့ပြော တာကို ကြားပြီးကတည်းက အဲဒါဘယ်နေရာလဲဆိုတာ ကျွန်တော် သိလိုက် ပြီ၊ သခင်မလေးဘယ်ကိုသွားခဲ့လဲဆိုတာ ကျွန်တော့်ကိုပြောပါ”
“ကျွန်မ နတ်ဆိုးဂူကိုသွားခဲ့တာ” ရှီချူးရှောင် ပြောလိုက်သည်။
“နတ်ဆိုးဂူဟုတ်လား၊ ဘယ်လိုလုပ် နတ်ဆိုးဂူရောက်သွားတာလဲ” ရှီချန်းကျိသည် အံ့သြစွာမေးလေသည်။
“ဆိုတော့ နတ်ဆိုးဂူပဲ…” ရှီမာယူယူသည် ထိုနေရာကိုကြားလိုက်သော အခါ နည်းငယ်စဉ်းစားစရာဖြစ်သွားသည်။
နတ်ဆိုးဂူ၊ အသည်းကွဲတောင်ကြားနှင့် အဆိပ်တစ်သောင်းတောင် တန်းများသည် အဆိပ်သင့်သောနေရာများအဖြစ် ကျော်ကြားသည်။ အဆိပ် တစ်သောင်းတောင်တန်းသည် အတွင်းပိုင်းဒေသများတွင် အဆိပ်အများဆုံး သင့်သောနေရာဖြစ်သည်။ ထိုနေရာသို့သွားသောလူနည်းသည်။ နတ်ဆိုးဂူ သည် အတွင်းပိုင်းဒေသတွင် ဒုတိယအဆိပ်သင့်သောနေရာဖြစ်သည်။ တတိယမှာ အသည်းကွဲတောင်ကြားဖြစ်သည်။
အသည်းကွဲတောင်ကြားမှာ သူမနှင့် ဖန်လေးတို့ ကွဲသွားသောနေရာ ဖြစ်သည်။
အခြေခံအားဖြင့် ထိုနေရာသုံးခုကို လူသွားလူလာနည်းကြသည်။ ထို နေရာများသို့သွားသူများသည် သေဆုံးကြသည်ပင်။ အသည်းကွဲတောင်ကြား သည် ထိုနေရာများထဲတွင် နည်းနည်းသက်သာသည်။ အဆိပ်ဖြေဆေးသာရှိ ပါက အနီးအနားထိသွား၍ရသည်။ ဆိုလိုသည်မှာ အဆိပ်ဖြေဆေးရှိစေကာမူ တခြားနေရာ၂ခုကိုသွားပါက သေခြင်းကိုရင်ဆိုင်ရမည်ဖြစ်သည်။
“ဂျူနီယာညီမလေး အဲဒီကိုဘာလို့သွားတာလဲ၊ အဲကောင်ကြောင့်…” ရှီချန်းကျိ ဒေါသထွက်လေသည်။
“စီနီယာအစ်ကိုကြီး ထပ်မမေးပါနဲ့တော့” ရှီချူးရှောင် ပြောလိုက်သည် “အဲနှစ်ကဖြစ်ခဲ့တာကို ကျွန်မမပြောချင်ဘူး၊ မဟုတ်ရင် အစ်ကိုတို့ကို ဒီလောက်နှစ်တွေ ကြာတဲ့အထိ မပြောပဲမနေဘူး”
သူမမျက်နှာပေါ်မှ အမူအရာကိုရှင်းလင်းစွာ မဖော်ပြသောကြောင့် သူမ မျက်လုံးထဲမှ နာကျင်မှုများကို မမြင်နိုင်သော်လည်း သူမဆီမှ ပျံ့လွှင့်လာ သော နာကျင်မှုကို ရှီမာယူယူခံစားမိသည်။
ရှီချန်းကျိသည် သူမနှင့်အတူကြီးပြင်းလာသောကြောင့် သူမကို နား မလည်နိုင်စရာအကြောင်းမရှိပေ။ သူမ ထိုပုံစံပြသောအခါ သူသည် သူမအား မေးခွန်းထပ်မပေးပဲ ပြောလိုက်သည် “မင်းအကုန်ပြန်ကောင်းလာတဲ့အထိ စောင့်ပြီးမှ ငါတို့ပြန်ပြောကြတာပေါ့” သူသည် ရှီမာယူယူဘက်ပြန်လှည့်ကာ ပြောလိုက်သည် “သူမက နတ်ဆိုးဂူကိုသွားခဲ့တာ၊ ဒီအကြောင်းက မင်း အတွက် အထောက်အကူဖြစ်မလား”
“နည်းနည်းပေါ့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် သူမအခြေ အနေကို ထပ်ပြီးလေ့လာဖို့လုပ်ရဦးမယ်၊ ပြီးတော့ အဲဒါက နေရာကြီးတစ်ခုပဲ သခင်မလေးရှီ အထဲမှာဘာတွေကြုံတွေ့ခဲ့လဲဆိုတာ နောက်ကျမှ ကျွန်တော့် ကိုပြောပြပါ၊ အဲဒါမှ မြန်မြန်ဖြေရှင်းလို့ရမှာ”
“အကြောင်းအရင်းကိုရှာမတွေ့ရင် ဘာဖြစ်မလဲ၊ သူမကို ကုဖို့မဖြစ်နိုင် ဘူးလား” ရှောင်ချီသည် ပြေးလာကာ မေးလိုက်သည်။
ရှီချန်းကျိနှင့် ရှီချူးရှော်ငတို့သည် သူမအဖြေကို စိတ်လှုပ်ရှားစွာ စောင့် နေကြသည်။
“အဲလိုတော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါအချိန် နည်းနည်းပိုလိုရုံပါ”
“ကျွန်မကိုကုနိုင်မယ်ဆိုရင် အချိန်ပိုလိုလည်းကိစ္စမရှိပါဘူး” ရှီချူးရှောင် ပြောလိုက်သည်။
ဘာတွေဖြစ်ခဲ့လဲဆိုသည်ကို သူမ မပြောလိုသည့်ပုံပင်။
“သခင်မလေးရှီက စောင့်ချင်မှတော့ မပြောချင်လည်းရပါတယ်” ရှီမာယူယူသည် သူမကိုဖိအားမပေးပေ “ဒါပေမဲ့ အခုတော့ ကျွန်တော်ဒါကို ပြောထားရမယ်၊ ကျွန်တော့်မှာ ဆေးငါးလုံးပဲရှိတယ် တစ်လုံးကို သုံးရက်ပဲ ခံမှာ၊ လတစ်ဝက်ကြာရင် အဲဆေးတွေက အသုံးမဝင်တော့ဘူး၊ ကျွန်တော့် ဘာသာ ကုသဖို့နည်းလမ်းရှာရမယ်ဆိုရင် တစ်လ နှစ်လတော့ လိုလိမ့်မယ် ဒါကို ခင်ဗျားသေချာစဉ်းစားပေးပါ”
***