နတ်ဆိုးမြို့ဟောင်း
Vol. 014 Ch. 1376
ဓားအလင်းတစ်ချက်သည် နောက်ဆုံးမိုးကြိုးပြစ်ဒဏ်နတ်ဘုရားကဒ်ဆိုးအတွင်း ဖြစ်ပေါ်လာကာ မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။
လျှပ်စီးအလင်းမိုးကြိုးစီးကြောင်းများအားလုံးသည် အလင်းမှုန်များအဖြစ် ပြောင်းလဲသွား၏။ ဝင်္ကပါ၏ပင်မအူတိုင်မှာလည်း ပျက်စီးပြိုကွဲကာ လွင့်ပါးသွားခဲ့သည်။
အဆုံးအစမဲ့သော လျှပ်စီးများကျဆင်းလာခဲ့လျှင်ပင် ယခင်လို ဖျက်ဆီးခြင်းစွမ်းအားများ မရှိတော့ပေ။
အရာအားလုံး ကွယ်ပျောက်သွားလျှင် ကောင်းကင်တွင် လူရိပ်နှစ်ခုပေါ်လာသည်။
ဟော့ယန်၏ခန္ဓာကိုယ်တွင် ဓားစွမ်းအားများ စီးဆင်းနေဆဲဖြစ်သော်လည်း သူသည် ရုတ်တရက် သွေးတစ်ပွက်အန်လိုက်၏။ သူ့ခန္ဓာကိုယ်တွင် သွေးစီးကြောင်းတစ်ခုစတင်ဖြစ်ပေါ်လာကာ ဓားချက်သည် အလွန်နက်ရှိုင်းဟန်ရသည်။ အနည်းဆုံးတော့ ဒဏ်ရာက ပြင်းထန်ပေလိမ့်မည်။
ဟော့ယန်က ခေါင်းမော့ကာ သူ့ရှေ့မှ အဖြူရောင်ဝတ်မိန်းကလေးအား ကြည့်၏။ သူမကား ထိုနေရာတွင် ဓားတစ်လက်အလား ရပ်နေခဲ့ကာ သူမထံမှ ထူးဆန်းသော ကင်းကွာခြင်းအား ခံစားရသည်။ သူမသည် သံသယကင်းစင်ခြင်းမဟုတ်ဘဲ ပြန်လည်မွေးဖွားခြင်းတစ်ဦးအလား ခံစားချက်များကို သူရသည်။
သူမ၏လက်ရှိအဆင့်မှာ သံသယကင်းစင်ခြင်းဖြစ်သော်လည်း သူမသည် ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း သူနားလည်လိုက်သည်။
မရေမတွက်နိုင်သော မျက်လုံးများသည် ကောင်းကင်ထက်မှ တိုက်ပွဲကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြ၏။
သူတို့ ထပ်မံရှုံးနိမ့်ခဲ့ပြီဖြစ်သည်။
ခရမ်းရင့်ကောင်းကင်နန်းတော်ကား ထပ်မံ၍ ရှုံးနိမ့်ခဲ့ကာ သူတို့လူမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ရီဖူရှင်း၏ပြောဆိုမှုက မှားယွင်းဟန်မရှိပေ။ တစ်ဘက်မှ ရှန့်ထိုမည်သည့်တန်ခိုးအဆင့်ကို ရွေးချယ်ပါစေ၊ သူက ဂရုစိုက်မည်မဟုတ်ပေ။
တိုက်ပွဲနှစ်ပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ထန်ကျစ်မော့နှင့်ယှဉ်ပါက ရီဖူရှင်းသည် ပိုမိုစွမ်းဆောင်နိုင်ခဲ့ရာ ခရမ်းရင့်ကောင်းကင်နန်းတော်သည် တိုက်ပွဲသုံးပွဲရှုံးနိမ့်ခဲ့သည်နှင့်မခြားပေ။
သည်မတိုင်ခင် ရီဖူရှင်း၏စကားမှာ အဓိပ္ပာယ်မဲ့လှသည်ဟု အားလုံးက ထင်မှတ်ခဲ့ကြသည်။
ယခု မည်သူတို့က ထိုသို့တွေးတောကြတော့မည်နည်း။
ထိုအခိုက်တွင် သူတို့သည် စတင်၍ သံသယဝင်လာခဲ့ကြပြီဖြစ်ပေသည်။ ရီဖူရှင်းတို့အုပ်စုတွင် ပြန်လည်မွေးဖွားခြင်းအဆင့်၌ပင် ခရမ်းရင့်ကောင်းကင်နန်းတော်ကို အနိုင်ယူနိုင်သူပါဟန်ရနေပေသည်။
ထိုအတွေးသည် ယခင်တိုက်ပွဲ(၂)ပွဲကို အခြေခံ၍ ဖြစ်လာခြင်းပင်။
ထို့အပြင် ပြန်လည်မွေးဖွားခြင်းအဆင့်ဖြင့် စိန်ခေါ်တိုက်ခိုက်ရန်လည်း အဓိပ္ပာယ်သိပ်မရှိတော့ပေ။
ခရမ်းရင့်ကောင်းကင်နန်းတော်က အနိုင်ရခဲ့လျှင်ပင် တခြားသော တန်ခိုးအဆင့်များတွင် ရီဖူရှင်းတို့အုပ်စုထက်နိမ့်ကျသည်ဟူသော အချက်မှာ မပြောင်းလဲနိုင်တော့ပေ။
ဟော့ယန်ကား ဒဏ်ရာပြင်းထန်စွာ ရထားကာ ယခင်ထက်ပို အိုမင်းရင့်ရော်သွားသည့်ဟန်ရှိနေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်ကား ကောင်းကင်အာဏာစက်ဘုံတွင် မိုးကြိုးပညာရပ်များအားလုံး၏မြစ်ဖျားခံရာဟု သတ်မှတ်နိုင်သော်လည်း ယခု အမည်မဲ့ကျင့်ကြံသူတစ်စုထံတွင် ရှုံးနိမ့်ခဲ့ရသည်။
သည်တိုက်ပွဲသတင်းမှာ ကောင်းကင်အာဏာစက်ဘုံတစ်ခွင်သို့ ပျံ့နှံ့သွားပေတော့မည်။
ဟော့ယန်သည် ခရမ်းရင့်ကောင်းကင်နန်းတော်အုပ်စုသို့ ပြန်ရောက်သွားသလို ရာရာသည်လည်း ရီဖူရှင်းနောက်၌ တိတ်ဆိတ်စွာ သွားရပ်သည်။
ထိုအခိုက်တွင် အရာအားလုံး တိတ်ဆိတ်နေခဲ့သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရှေ့သို့ ထပ်ထွက်လာသူ မရှိတော့ပေ။ အားလုံးက တွေးတောသလို သူတို့သည် နောက်တစ်ပွဲနိုင်ပါလျှင်လည်း အရေးနိမ့်နေပြီးဖြစ်ကာ ပြန်လည်မွေးဖွားခြင်းအဆင့်တွင်လည်း အနိုင်ရရန် သေချာခြင်းမရှိကြတော့ပေ။
ခရမ်းရင့်ကောင်းကင်နန်းတော်သည် ယုံကြည်မှုများပျောက်ဆုံးသွားခြင်းလည်းဖြစ်နိုင်ပေသည်။
“ကြည့်ရတာ မင်းတို့ရဲ့ မိုးကြိုးပညာရပ်က သိပ်ကောင်းတဲ့ပုံမရှိပါဘူး။ အခုကစပြီး တခြားလူတွေကို အဆင့်မမှီဘူးလို့ အပြင်မှာ လျှောက်မပြောကြနဲ့။ ဒါက မင်းတို့ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ဂုဏ်သိက္ခာကို ပိုပြီး ထိခိုက်စေတယ်”
တိတ်ဆိတ်နေသော အချိန်အခါတွင် ရီဖူရှင်း၏စကားက ခရမ်းရင့်ကောင်းကင်နန်းတော်အား ပါးရိုက်သလို နာကျင်စေနိုင်ပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်ကား ရီဖူရှင်းထံတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ ယခင်က ဖြစ်ပျက်ခဲ့သမျှမှာလည်း အဓိပ္ပာယ်ကင်းမဲ့လွန်းလှသည်။
ရီဖူရှင်းက ခရမ်းရင့်ကောင်းကင်နန်းတော်ကို ငြင်းပယ်ခဲ့လျှင်ကော အဘယ်အရေးနည်း။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တပည့်များအားလုံးမှာ သူ၏အရှက်ခွဲမှုကို ခံကြရပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများ၏မျက်နှာများမှာ နီမြန်းကုန်ကြသည်။ သူတို့တွင် တာဝန်များသာ မရှိပါက သည်နေရာမှ ထွက်ခွာသွားပြီးဖြစ်ပေမည်။ သည်နေရာတွင် ဆက်နေခြင်းက ပိုမို၍ပင် အရှက်ရဖွယ်ရာဖြစ်လာသည်။
ရှုံးနိမ့်ခြင်းက သိသာလွန်းသဖြင့် သူတို့ကား မည်သည့်စကားမှ ဆိုနိုင်ခြင်း မရှိကြပေ. သူတို့အားလုံး ဆွံ့အနေကြသည်။
ရီဖူရှင်းက ကျန်းချန်ချင်းနှင့် မိုးကြိုးကလန်ရှစ်ခုတို့အား တစ်ချက်ကြည့်သည်။ သူ၏အကြည့်ကား အေးစက်ကာ အထင်သေးခြင်းတို့ပါဝင်နေသည်။ သို့သော်လည်း သူက ခပ်မြန်မြန်ပင် အကြည့်လွှဲသွား၏။
ရီဖူရှင်း၏အကြည့်၌ သူသည် မည်သည့်အခါကမှ မိုးကြိုးကလန်မှ တပည့်များကို ဂရုမစိုက်ခဲ့ဟု ကျန်းချန်ချင်းခံစားရသည်။
သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်ကိုပင် စိန်ခေါ်နိုင်မှတော့ မိုးကြိုးကလန်ရှစ်ခုအား မည်သို့ အလေးထားမည်နည်း။
ဟော့ယန်နှင့် ရာရာတို့၏တိုက်ပွဲကို ပြန်တွေးကြည့်နိုင်ပေသည်။ ကျန်းချန်းချင်သည် ခရမ်းရင့်မြေအောက်လောက၏ပါရမီအမြင့်ဆုံးတပည့်ဖြစ်ကာ ပြိုင်ဘက်ကင်းဝူထူမိုးကြိုးလမ်းစဉ်၏အနာဂတ်ဆက်ခံသူဖြစ်ပေသည်။ ခရမ်းရင့်မြေအောက်အင်ပါယာသည် သူ့ကို လွန်စွာ တန်ဖိုးထားကာ သူ၏ကျင့်ကြံခြင်းသည်လည်း သံသယကင်းစင်ခြင်းအဆင့်တွင်ရှိပေသည်။
သို့သော်လည်း သူကိုယ်တိုင် မိမိကိုယ်ကို မေးမြန်းခဲ့သည်မှာ သူသည်သာ ဟော့ယန်၏တိုက်ကွက်ကို ခုခံခဲ့ရမည်က ခံနိုင်ရည်ရှိပါမည်လော။ သူ့တွင် ပြန်လည်တိုက်ခိုက်ရန်ပင် စွမ်းရည်ရှိမည်မဟုတ်ပေ။
သို့သော်လည်း ရာရာကား ဟော့ယန်ကို ဒဏ်ရာပြင်းထန်စွာပင် ရစေခဲ့၏။ သူက ရာရာကို ရင်ဆိုင်ရပါက ဟော့ယန်နှင့် သိပ်ကွဲပြားမည်မဟုတ်ဘဲ အသတ်ပင် ခံရနိုင်ပေသည်။
တိုက်ပွဲကို ကြည့်ကာ ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများသည် ခံစားချက်များ ရှုပ်ထွေးနေကြ၏။
ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူတို့ကဲ့သို့ပင် ကောင်းကင်အာဏာစက်ဘုံ၌ အထွတ်အထိပ်အင်အားစုတစ်ခုဖြစ်ပေသည်။
ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်ကို အနိုင်ယူနိုင်မှတော့ သူတို့၏အင်အားမှာ တခြားသော အထွတ်အထိပ်အင်အားစုများထက် မနိမ့်ကျကြောင်း သိသာစေသည်။
သည်အဖြစ်က ကောင်းကင်အာဏာစက်ဘုံတွင် မကြုံဖူးသောကိစ္စဖြစ်၏။
တချိန်တည်းမှာပင် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်အချို့သည်လည်း ထူးဆန်းစွာဖြင့် ရီဖူရှင်းကို ကြည့်ကြသည်။ သည်မတိုင်ခင်က သူတို့သည် ရီဖူရှင်းကို သနားဂရုဏာသက်ခဲ့ကြ၏။ သို့သော်လည်း ကြည့်ရသည်မှာ ရီဖူရှင်းကိုယ်တိုင်က ခရမ်းရင့်ကောင်းကင်နန်းတော်ကို ဝင်ခွင်မရခြင်းအား သိပ်အလေးထားပုံမရပေ။
ထိုအချိန်က ရီဖူရှင်း သည်မျှ သန်မာမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
သည်ဂူမျိုးဆက်၏ညီငယ်ကား သူတွေးထင်သကဲ့သို့ ရိုးရှင်းဟန်မရှိပေ။
စင်မြင့်ထက်တွင် ကျူးယန့်မင်းသားသည် အားလုံးကို တွေ့မြင်နေသည်။ သူသည်လည်း ရီဖူရှင်း၏ပုံမှန်မဟုတ်သော စွမ်းရည်များအား မြင်တွေ့ခဲ့၏။ သူနှင့်တိုက်ပွဲတွင် ရီဖူရှင်းသည် အသာစီးရခဲ့သလို သူ့အနီးမှ လူများသည်လည်း ထူးခြားထက်မြက်ကြပေသည်။
သို့သော်လည်း သူတို့၏ပြောစကားများကို နားထောင်ပြီးနောက် ရီဖူရှင်းသည် အထွတ်အထိပ်အင်အားစုများ၏တပည့်တစ်ဦးမဟုတ်ကြောင်း သိလိုက်ရသည်။ ထို့အပြင် သူသည် နှင်တံပညာရပ်အား အသုံးပြုသည်။
ကျူးယန့်မင်းသားသည် ရီဖူရှင်း၏နောက်ကြောင်းနှင့်ပတ်သက်၍ စိတ်ဝင်စားမိလေသည်။
ခြေတစ်လှမ်းမျှဖြင့် ကျူးယန့်မင်းသားသည် လေထဲဖြတ်သန်းသွားကာ တခြားသော သားရဲမင်းသားများနှင့်အတူ စင်မြင့်ထောင့်တစ်နေရာသို့ လျှောက်လာပြီး လူအုပ်အား ကြည့်သည်။
ယနေ့ သူ၏ရန်မှန်းချက်ကား ပြီးမြောက်ခဲ့ပြီဖြစ်သည်။ သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထန်ကျစ်မော့၊ ရီဖူရှင်းတို့နှင့်တိုက်ခိုက်ခဲ့ကာ ယူချင်း၊ရာရာနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများ၏တိုက်ပွဲကိုလည်း ကြည့်ရှုခဲ့ရပေသည်။ သူ၏အချိန်များကား အလဟသမဖြစ်ခဲ့ပေ။
အထွတ်အထိပ်အင်အားစုများမူကား သူတို့သည် တိုက်ခိုက်လိုသည့်ဆန္ဒရှိဟန်မရပေ။
သို့သော်လည်း သူတို့သည် ဂူထျန်းရှင်းကို ရှာလိုမှတော့ နတ်ဆိုးဘုံတွင် လှုပ်ရှားရန် လိုပေသည်။
“မင်းတို့အားလုံး နတ်ဆိုးမြို့ဟောင်းကို ကြားဖူးတယ်မလား” ကျူးယန့်မင်းသားက ထိုလူများကို ကြည့်ကာ မေးသည်။ အားလုံး၏အကြည့်က သူ့ထံသို့ ရောက်လာကြ၏။
သူတို့က မည်သို့ မကြားဖူးဘဲနေမည်နည်း။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်အာဏာစက်ဘုံ၏နတ်ဆိုးမြို့ဟောင်းသည် နတ်မိစ္ဆာကုန်းမြေဟုလည်း လူသိများကာ မရေမတွက်နိုင်သော သားရဲများ၏မွေးဖွားရာနေရာလည်းဖြစ်ခဲ့သည်။
ယခု နတ်ဆိုးမြို့ဟောင်းကား နတ်ဆိုးဘုံ၏အရှုပ်ထွေးဆုံးသောနေရာဖြစ်ကာ သားရဲမိစ္ဆာများ အပေါများဆုံးသော နေရာလည်းဖြစ်ပေသည်။ ထိုနေရာတွင် သူတို့ဘိုးဘေးများ၏ရှေးဟောင်းအမွေအနှစ်များစွာနှင့် တားမြစ်နေရာများပင် တည်ရှိပေသည်။
ထို့ကြောင့် နတ်ဆိုးမြို့ဟောင်းတွင် အထွတ်အထိပ်ကလန်များ မရှိသော်လည်း အင်အားကြီးကလန်အချို့တည်ရှိကာ နတ်ဆိုးဘုံ၏အစည်ကားဆုံးသော နေရာတစ်နေရာဟုလည်း ပြောနိုင်ပေသေးသည်။
ထို့အပြင် နတ်ဆိုးမြို့ဟောင်းသည် နတ်ဆိုးဘုံ၏ဗဟိုချက်ကျသောနေရာလည်းဖြစ်ပေသည်။
“ဂူထျန်းရှင်းဟာ နတ်ဆိုးမြို့ဟောင်းရဲ့ဒေသတစ်ခုမှာ ပေါ်လာခဲ့တယ်။ သူက နတ်ဆိုးမြို့ဟောင်းရဲ့ တားမြစ်နယ်မြေတစ်ခုထဲမှာလို့ ပြောကြတယ်။ တကယ်လို့ မင်းတို့တွေ အဲဒီနေရာကိုသွားရင် သူ့သတင်းတွေ ရမယ်ဆိုတာ သေချာတယ်” ကျူးယန့်မင်းသားက ပြောသည်။ သူက တစ်ဦးတစ်ယောက်ချင်းကို ပြောမည့်အစား အကုန်လုံးကို ကြေညာလိုက်၏။
သည်လူသားများ အလိုရှိနေသော သတင်းများမှာသူ့အတွက် အရေးမပါပေ။ သူကား သည်လူတို့၏စွမ်းရည်များကို စမ်းသပ်ရန် ရောက်လာခြင်းသာဖြစ်သည်။
ယခု သူ၏ရည်မှန်းချက်ပြီးမြောက်ခဲ့ပြီဖြစ်ရာ သူတို့သိလိုသော သတင်းအား ထုတ်ပြောခြင်းက အဆင်ပြေပေသည်။
ထို့အပြင် သူက သည်လူသားများ နတ်ဆိုးဘုံကို သွားကာ ထိုနေရာ၌ မည်သူတို့ ထာဝရကျန်ရစ်မည်ကို တွေ့မြင်လိုပေသည်။
ကျူးယန့်မင်းသား၏စကားကိုကြားလျှင် အားလုံး၏အမူအရာတို့မှာ အနည်းငယ် ပြောင်းလဲသွားကြရသည်။
ဂူထျန်းရှင်းသည် နတ်ဆိုးမြို့ဟောင်း၏တားမြစ်နယ်ထဲတွင်ဟု သူက ပြောသည်။
ဆိုလိုသည်က ဂူထျန်းရှင်း အမှန်တကယ် အသက်ရှင်နေသေးသည်လား။
အကယ်၍ ဂူထျန်းရှင်းသည်သာ အသက်ရှင်နေသေးပါက သူသည် အထွတ်အထိပ်အင်အားစုများအတွက် ကြီးမားသော ပြဿနာကို ယူဆောင်လာနိုင်ပေသည်။ အထူးသဖြင့် ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင်တို့အတွက် ကောင်းသောသတင်းမဟုတ်ပေ။
“အဲဒီလူက ဂူထျန်းရှင်းဆိုတာ ခင်ဗျားသေချာလား” ကောင်းကင်အာဏာစက်ပြည်ထောင်၏တော်ဝင်မျိုးနွယ်ဝင်တစ်ဦးက ကျူးယန့်မင်းသားကို စိုက်ကြည့်ကာ မေးသည်။
ခရမ်းရင့်မြေအောက်ဂိုဏ်းတွင် ဂူထျန်းရှင်းရောက်လာစဉ်က သူသည် မည်သည့်ရန်ဟောင်ကိုမဆို ဖိနှိပ်နိုင်စွမ်းရှိခဲ့၏။ ထိုသို့သော လူသာ အသက်ရှင်နေခဲ့ပါက အလွန်ကြီးမားသော ပြဿနာပင်ဖြစ်ပေသည်။
သူကဲ့သို့သောလူကား တစ်ခေတ်တစ်ခါတွင်သာ ပေါ်လာတတ်သူဖြစ်ပေသည်။
ကျူးယန့်မင်းသားက သူတို့အားကြည့်ကာ ပြောသည် “ကျုပ်လည်း မသေချာဘူး။ မင်းတို့ ဘာလို့ ကိုယ်တိုင်သွားမကြည့်တာလဲ”
ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့အတွက် နတ်ဆိုးဘုံသို့ ဝင်ခြင်းကား အန္တရာယ်များလွန်း၏။ အပြင်စည်းနီးစပ်သို့ သွားခြင်းသည်သာ အနည်းငယ် အဆင်ပြေကာ နတ်မိစ္ဆာမြို့သည် လူသားတို့ကမ္ဘာနှင့်အနီးဆုံးမြို့ဖြစ်ပေသည်။
သို့သော်လည်း နတ်ဆိုးမြို့ဟောင်းသည် မည်သည့်နေရာတွင်ရှိသည်ကို သူတို့ကောင်းကောင်းသိကြ၏။ ထိုနေရာကား နတ်ဆိုးဘုံ၏ဗဟိုချက်မဖြစ်ကာ သားရဲအထွတ်အထိပ်အင်အားစုများပင် ထိုနေရာ၌ ရှိပေသည်။
အကယ်၍ သူတို့သာ နတ်ဆိုးမြို့ဟောင်းသို့ သွားပါက အန္တရာယ် အလွန်များပေလိမ့်မည်။
ထို့အပြင် ဂူထျန်းရှင်းသာ အသက်ရှိသေးပါက သူတို့အတွက် အခြေအနေ ပို၍ပင် ဆိုးနိုင်၏။
“ဦးရီး… နတ်ဆိုးမြို့ဟောင်းက ဘယ်မှာလဲ” ရီဖူရှင်းက ဘေးမှ မြစိမ်းရောင်ဒရယ်နန်းတော်သခင်ကို တီးတိုးမေးသည်။
မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ရီဖူရှင်းအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်သည်။
သူကြုံဆုံခဲ့သော သည်လူများကား သာမန်မဟုတ်ပေ။
“နတ်ဆိုးမြို့ဟောင်းက နတ်ဆိုးဘုံ၏ဇာစ်မြစ်လို့ သိကြတယ်။ အခု အဲဒီနေရာက နတ်ဆိုးဘုံ၏ဗဟိုချက်မမှာ ရှိနေတုန်းပဲ။ အဲဒီက သားရဲကလန်တွေက ရှုပ်ထွေးတယ်။ ပြီးတော့ အဲဒီက သားရဲတွေဟာ နတ်မိစ္ဆာမြို့ထက် သန်မာကြတယ်” မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ကျူးယန့်မင်းသားကို ကြည့်ကာ ပြောသည် “ကျူးယန့်မင်းသားဟာလည်း နတ်ဆိုးမြို့ဟောင်းကို သွားချင်တယ်လို့ ကျုပ်ယူဆတယ်”
ရီဖူရှင်းက အံ့အားသင့်သွားသည်။
“ကျူးယန့်မင်းသားဟာ လူသားတွေနဲ့လက်ရည်လာစမ်းတယ်။ ငါထင်တာကတော့ သူဟာ နတ်ဆိုးမြို့ဟောင်းကို လေ့ကျင့်ရေးခရီးစဉ်အနေနဲ့သွားချင်ပုံရတယ်”
မြစိမ်းရောင်ဒရယ်နန်းတော်သခင်က ခန့်မှန်းသည်။ ရီဖူရှင်းက ကျူးယန့်မင်းသားကိုကြည့်ကာ သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။
မြစိမ်းရောင်ဒရယ်နန်းတော်သခင် ခန့်မှန်းသည်မှာ မှန်နိုင်ပေသည်။
ကျူးယန့်မင်းသားသည် ရီဖူရှင်း၏အကြည့်ကို ခံစားမိကာ လှမ်းကြည့်သည်။ ထို့နောက် သိပ်မကြာခင် အကြည့်လွှဲသွား၏။
ကျူးယန့်မင်းသားက သူနှင့်ပတ်သက်၍ စိတ်ဝင်စားနေကြောင်း ရီဖူရှင်းက ရိပ်မိပေသည်။
***