ဧည့်သည် ... ။
Vol. 11 Ch. 122
စိတ်ဝိညာဉ် အေးချမ်းခြင်းစံအိမ်တွင် တံစက်မြိတ်၌ အနီရောင်မီးလုံးများ ချိတ်ဆွဲကာ ခြံဝင်းအတွင်း အလင်းဖျော့ဖျော့များ ကျရောက်နေစေသည်။
အင်းဆက်ပိုးမွှားများ တကျီကျီ အော်မြည်လျက် သစ်ရွက်များသည် လေထဲ တဖျပ်ဖျပ် ခတ်နေ၏။
စုရီက ဝိုင်ပုလင်းကိုကိုင်ကာ အဌဂံပုံစံ ဇရပ်အောက်ရှိ ကြိမ်ကုလားထိုင်တွင် မှီချလိုက် သည်။
လှုပ်ရှားမှုနှင့် ငြိမ်သက်ခြင်း။ ဤသည်မှာ ‘အလုပ်နှင့်အနားယူခြင်း’ ဟူသောဝေါဟာရကို ဟန်ချက်ညီညီအသုံးချနေခြင်း ဖြစ်သည်။
“ ဒေါက်ဒေါက်ဒေါက် ... ။ ”
“ သခင်လေးစု ... ငါချာကျင်ပါ။ ”
ကျင့်ကြံချိန်၌ အစွမ်းကုန်အားထုတ်ကာ အနားယူသောအခါ စိတ်ဝိညာဉ်ကို လွတ်လပ် စေခြင်းပေပင်။ ထိုအချိန်တွင် တံခါး ခေါက်သံ ကြားလိုက်ရ၏။
“ ချာကျင်း ... အစ်ကိုစု ... ဒါ ချစ်စရာကောင်းတဲ့ ကချေသည် မဟုတ်လား။ ”
ဟွမ်ချမ့်ကျွယ်မှ မျက်ခုံးပင့်ကာ အံ့ဩသွားလေသည်။
“ တံခါးသွားဖွင့် ... ။ ”
စုရီက ကုလားထိုင်ပေါ်မှ အမိန့်ပေး လိုက်သည်။ ဝမ်လင်ရွယ်ကို ပေးထားသော ကတိကို မေ့လျော့သွားချေပြီ။
ဤတစ်ကြိမ်၌ ချာကျင်သည် ဆံနွယ်များ ဆံထုံး ထုံးထားခဲ့ပြီး ရှည်လျား ဖြူဖွေးနေသော လည်တိုင်ကို ပေါ်လွင်နေစေ၏။
လရောင်အောက်တွင် တောက်ပပြီး စွဲမက်ဖွယ်အသွင်ပေပင်။ စုရီက မော့ကြည့်ကာ၊
“ ဘာကိစ္စရှိလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
သူမ နောက်တွင် အနက်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလိုက်ပါ လာသည်။
၎င်းလက်ထဲတွင် အနက်ရောင် ဓားတစ်လက်ကိုင်ဆွဲလျက် ချာကျင်အနား၌ ရပ်နေ၏။ မဟာသခင်တစ်ပါး ပေပင်။
၎င်းက ထိုင်ရာမှ မထသော စုရီ၏ မယဉ်ကျေးသည့် အမူအရာကြောင့် အလိုမကျ ဖြစ်သွားပုံရသည်။
ဟွမ်ချမ့်ကျွယ်မှ လက်ဖက်ရည် ရေနွေးကြမ်းနှစ်ခွက်ငှဲ့လိုက်ပြီး ချာကျင်ကို ကမ်းပေးတော့၏။
“ ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါ။ ”
ချာကျင်မှ လက်ခံယူကာ၊
“ ဦးလေးရှောင်က ရေနွေးကြမ်း မသောက်ဘူး ဒုက္ခမခံပါနဲ့။ ”
-ဟု ပြောကြားလိုက်သည်။
“ ကောင်းပြီ ... ။ ”
စုရီမှ ဝှေ့ယမ်းပြသဖြင့် ဟွမ်ချမ့်ကျွယ်မှ စကားဆက်မပြောတော့ဘဲ နောက်ပြန်ဆုတ် လိုက်ရသည်။
“ သခင်လေးစု၊ ငါတို့ အလုပ်ကိစ္စပြောရင် မင်းစိတ်ဝင်စားမလား။ ”
“ ဒီလို သာယာတဲ့ ညမျိုးမှာ ဝိုင်သောက်ရတာကို ငါပိုကြိုက်တယ်။ ”
စုရီက ကောင်းပေါ်မော့ကြည့်ကာ တုန့်ပြန်လိုက်၏။ ချာကျင်းတစ်ယောက် ခေတ္တ တိတ်ဆိတ်သွားသည်။
အဆုံးတွင် သူမဆံပင်များကို နားရွက်နောက်တွင် ညှပ်ပြီး ခါးအနည်းငယ် ညွှတ်ကိုင်းကာ ဝိုင်ပုလင်း လှမ်းဆွဲလျက် စုရီအတွက် ငှဲ့ပေးလိုက်၏။
ဝိုင်ရနံ့နှင့် သူမ၏ ကိုယ်သင်းရနံ့များ လေထဲရောနှောသွားကာ စုရီနှာခေါင်းထဲ တိုးဝင်ကုန်သည်။
နီးကပ်လွန်းသောကြောင့် ယုန်ဖြူလေးနှစ်ကောင်မှ တုန်ယင်စွာ စုရီကို ချောင်းကြည့်နေခဲ့သည်။
ဟွမ်ချမ့်ကျွယ်မှ ဤသို့သော ရှုခင်းမျိုးကို အနီးကပ် မခံစားနိုင်တော့သဖြင့် မျက်နှာလွှဲပြီး နှုတ်ခမ်းထံ လျှာဖြင့်သပ်လိုက်၏။
“ သခင်လေး၊ ငါမင်းကို ... ဒီည အစေခံနိုင်ပါတယ် ... ဒီမှာ ဝိုင်သောက်ပြီး နားထောင်ပါ။ ”
“ ဒါဆို ... နားထောင်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး ထင်ပါတယ်။”
စုရီမှ သက်ပြင်းချကာ ဝိုင်ခွက်ကို ကောက်ယူလျက်၊
“ ဒါဆို ဆက်သွားပါ။ ”
-ဟု ခေါင်းညိတ်လိုက်တော့၏။
“ ငါက ဒုတိယမင်းသားအတွက် အလုပ်လုပ် ပေးနေတာပါ ... ဒါကို မင်းလည်း သိပြီးဖြစ်မှာပါ ဒါကြောင့်လည်း ဆဋ္ဌမ မင်းသားကို ငါ့အနား မကပ်ဖို့ သခင်လေးက သတိပေးခဲ့တာပဲ။ ”
“ ဒါဆို ဒီညအတွက် မင်းမှာအစီစဉ် ရှိနေတာလား။ ”
“ ခစ်ခစ်ခစ် ... သခင်လေးစု မင်းနောက်နေတာလား ငါ့ခွန်အားနဲ့ မင်းရန်သူ ဘယ်လို့လုပ် ဖြစ်ဝံ့မှာလဲ။ ”
“ မင်းမဆိုးဘူး အမှန်ကို မြင်နိုင်တယ်။ ”
ထိုစကားကြောင့် ချာကျင်ခမျာ မျက်နှာ ပျက်ယွင်းသွား၏။ ဤလူငယ်သည် ကျိုးနွံ့ခြင်း ဟူသည်ကို အမှန်ပင် သိပုံမရချေ။
ယင်းက မည်သည့်စကားများ ဆက်ပြောရမည်ကို မသိဖြစ်သွားသည်။ သို့တိုင် အပြုံးမပျက်စေဘဲ၊
“ သခင်လေး ဒီည ချာကျင်ရဲ့ ... လည်ပတ်မှုဟာ ငါတို့ကြားက ကံကြမ္မာလို့ ထင်ပါတယ်။ ”
-ဟု စကား ပြန်စ၏။
စုရီမှ ခေါင်းခါပြီး သက်ပြင်းချသည်။
“ ကံကြမ္မာဆိုတာဘာလဲ မင်းသိရဲ့လား ... ဒုတိယမင်းသားက ငါ့ကို ကြိုးချည်ဖို့ ... မင်းကို လွှတ်လိုက်တာဆိုရင် ... မင်းရဲ့အချိန်တွေကို မဖြုန်းတီးမိစေဖို့ ငါအကြံပေးပါရစေ။ ”
ထိုစကားကို ကြားသောအခါ ချာကျင်၏ အပြုံးများ ချက်ချင်းပျောက်ကွယ်လျက် အေးခဲ သွားလေသည်။
အသက် ဆယ့်ခုနစ်နှစ်အရွယ် တစ်စုံတစ်ယောက်သည် ဤမျှ ဉာဏ်ပညာ အမျှော်အမြင် ကြီးမားနေသည်မှာ အဓိပ္ပါယ် မရှိနိုင်ချေ။
လေထုသည် ချက်ချင်းပင် လေးလံပြီး တင်းမာသွားသည်။ ပိုးမွှား အော်မြည်သံများနှင့် လေပြေလေညှင်းများပင် ရုတ်ချည်း ရပ်တန့်သွား၏။
“ သခင်လေး၊ မင်းရဲ့မျက်လုံးတွေက မီးရှူးမီးတိုင်တွေလို တောက်ပနေပြီး ... ဉာဏ် အမြော်အမြင်ကြီးမားပါပေတယ်၊ ဒါပေမယ့် ဒီလို မဆုံးဖြတ်ခင် ငါ့အခြေအနေတွေကို နားထောင်ပေးနိုင်မလား။ ”
စကားဆုံးသည်နှင့် စုရီအတွက် ဝိုင်တစ်ခွက်ကို ထရပ်ကာ ထပ်မံငှဲ့ပေးလိုက် တော့သည်။ စုရီ၏ ဝင်သက် ထွက်သက်များပင် သူမပါးပြင်ပေါ် ကျရောက်လာည်အထိ နီးကပ်စွာ တိုးကပ်လိုက်၏။
စုရီက ဝိုင်ခွက်ထံ လက်ပြပြီး ၊
“ ကျေးဇူးပြုပြီး ... ။ ”
-ဟု ပြောကြားလိုက်သည်။
စကားလုံး တစ်လုံးမျှသာ ဖြစ်သော်လည်း အဓိပ္ပါယ်နှစ်ခုပါရှိသည်။ ဦးစွာသောက်ပါ၊ ပြီးမှ ဆက်ပြောပါ။
နောက်ဆုံးတွင် အနက်ဝတ် ဓားသမားက သည်းမခံနိုင်တော့ချေ။ စုရီနှင့် ကုလားထိုင်ထံ ကြည့်ကာ၊
“ သူမှာ သောက်ခွင့်မရှိဘူး။ ”
-ဟု ငြင်းဆန်လိုက်သည်။
စုရီက သူ့ကို မမြင်သည့်အလား လျစ်လျူရှုလျက် ချာကျင်ထံ ကြည့်နေသည်။ ချာကျင်မှ အနည်းငယ် မျက်နှာပျက်သွားကာ၊
“ ဦးလေးရှောင် ... မင်းစိတ်မပူပါနဲ့ ငါမသောက်ပေမယ့် ငါမသောက်တတ်ဘူးလို့ မဆိုလိုပါဘူး ... သခင်လေးစု ကျေနပ်ရင် မူးသေသွားရင်တောင် ထိုက်တန်တယ်။ ”
-ဟု ဆိုကာ ဝိုက်ခွက်ကို ငှဲ့ပြီး တစ်ကျိုက်တည်းသောက်ချလိုက်သည်။
ထိုနောက် အနည်းငယ် ရဲဝံ့လာပြီး၊
“ သခင်လေး၊ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ မဟာသခင်တွေကို သတ်နိုင်တာ ရည်မှန်းချက် ကြီးမားတဲ့ လူတစ်ယောက်အဖြစ် သေချာပေါက် ပြောနိုင်ပါတယ် ... တစ်နေ့ ဘုရင်တစ်ပါးလည်း ဖြစ်လာနိုင်ပါတယ် ...
... ဒါပေမယ့် မင်းသိထားသလိုပဲ၊ မင်းရဲ့ ကျင့်ကြံမှု ပိုမြင့်လေ၊ မင်းတိုးတက်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ပိုရှားပြီး ပိုအဖိုးတန်လေပဲ ... အရေးအကြီးဆုံးက ငါတို့ရဲ့ ...
... မဟာကျိုးအတွင်းမှာ ... အဲဒီလို ရှားပါးအရင်းအမြစ်တွေကို ထိပ်တန်းအင်အားစု တွေက လက်ဝါးကြီးအုပ်ထားတယ်။ ”
စုရီက ရုတ်တရက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ဤတစ်ကြိမ်၌ ကျေးဇူးပြုပြီး ဟုပင် မပြောတော့ချေ။ ချာကျင်ခမျာ မျက်နှာ ပျက်ယွင်းသွားသော်လည်း ထပ်မံ မော့သောက်လိုက်ရ၏။
ချက်ချင်းမျက်နှာ ရဲတွတ်သွားကာ အကြည့်များ စူးရဲလာတော့သည်။ စကားသံ သည်လည်း ပြတ်သားလာ၏။
“ သခင်လေး၊ မင်းသာ ဒုတိယမင်းသားအတွက် အလုပ်လုပ်ချင်တယ် ဆိုရင် အနာဂတ်အရင်းအမြစ်တွေအတွက် ငါအာမခံနိုင်ပါတယ်။ ”
စုရီမှ သက်ပြင်းချလိုက်ပြီး၊
“ ကျိုးကျစ်လီ ... ငါ့ကို ဘာကတိပေးခဲ့လဲ မင်းသိလား။ ”
-ဟု ပြန်လည် မေးမြန်းတော့သည်။
“ ကျေးဇူးပြုပြီး ... ငါတို့ကို လမ်းပြပါ သခင်လေး။ ”
“ ဧကရာဇ် ဥသျှောင် ... ။ ”
“ အဓိပ္ပါယ် မရှိဘူး။ ”
ချာကျင်တစ်ယောက် ပါးစပ် အဟောင်းသားဖြစ်သွားသည်။ အနက်ဝတ် ဓားသမားမှ၊
“ ဘယ်လိုဖြစ်နိုင်မှာလဲ၊ လက်ရှိ ဧကရာဇ်မင်းမြတ်က ဧကရာဇ်ဥသျှောင်ရာထူး ဟုတ်ရှန်းရှန်ကို ပေးအပ်ထားတယ် ... ဆဋ္ဌမ မင်းသားက ဒီလိုရာထူးမျိုး မင်းအပေါ် ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ ”
မင်းသားရှစ်ပါးအနက် ဆဋ္ဌမမင်းသား၏ ရာထူးသည် တော်ဝင်မိသားစုအတွင်း မှုန်ဝါးဝါး အဆင့်သာဖြစ်၏။
သူသည် တော်ဝင်မိသားစု၏ အတွင်းပိုင်းအာဏာ သက်ရောက်ပုံကို သိရှိထား လေရာ ဤစုရီသည် ထိုရာထူးအတွက် မျှော်လင့်နေသူဟု ယူဆလိုက်မိသည်။
“ သခင်လေး၊ ဦးလေးရှောင်က ဒေါသကြီးလွန်းပြီး နည်းနည်းတော့ တိုက်ရိုက် ဆန်ပါတယ် ဒါပေမယ့် သူပြောတာ မမှားပါဘူး ဆဋ္ဌမမင်းသားလေးရဲ့ လက်ရှိ အရေးပါမှုက ဒီလောက်လည်း မဟုတ်သေးပါဘူး။ ”
( ပလောက် ... ပလောက် ... ပလောက် ... ။)
“ မင်းနောက်ထပ် အမှားတွေကို ထပ်မလုပ်မိစေနဲ့ ... ဒီတစ်ခွက် သောက်ပြီးရင် ပြန်တော့။ ”
စုရီက ဝိုင်တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။ ချာကျင်မှ မျက်ခုံးပင့်တင်သည်။ တစ်ဖက်လူ၏ မယိမ်းယိုင်သော ငြိမ်သက်မှုက သူမကို ကူကယ်ရာမဲ့စေ၏။
အနက်ဝတ် ဓားသမားက စူးရှသော အကြည့်ဖြင့် စုရီထံ လှမ်းကြည့်လိုက်သည်။
“ လူငယ်တွေမှာ မြင့်မားတဲ့ ရည်မှန်းချက်တွေရှိတာ ကောင်းပါတယ် ဒါပေမယ့် မာနကြီးတာ မကောင်းဘူး ...
... မိန်းကလေးချာကျင်က မင်းအပေါ် တန်ဖိုးထားတယ် ဒါကြောင့် မင်းကို လက်တွဲဖို့ လာခဲ့တာပဲ ...
... တကယ်တော့ သင်္ဘောပေါ်မှာ မင်းသတ်ခဲ့တဲ့ မဟာသခင်က သူ့ရဲ့တားမြစ် နည်းစနစ်ကို အသက်သွင်းပြီး အားနည်းနေတဲ့ အချိန်ပါ။ ”
သူ့စကားတွင် ခြိမ်းခြောက်မှု အပြည့်ပါ၏။ စုရီမှတုန့်ပြန်ခြင်းမရှိချေ။ ချာကျင်ထံ မျက်စပစ် ပြလိုက်သည်။
“ ဦးလေးရှောင် ... သခင်လေးက မဟာသခင်ကို တကယ်သတ်လိုက်တာပါ သူက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မှာလဲ။ ”
“ မှန်ပါတယ် သူက ထူးထူးခြားခြားပါ ... ဒါပေမယ့် သူ့ကိုယ်သူ သိပ်အထင်ကြီး မနေဖို့ လိုတယ်။ ”
အနက်ဝတ် ဓားသမားက စုရီကို သည်းမခံနိုင်တော့ပုံရ၏။ စုရီမှ ပျင်းရိလာပြီး၊
“ မနေ့က ချင်းဝမ်ယွမ်တို့ သတင်းကို မင်းကြားပြီးပြီလား။ ”
-ဟု ချာကျင်ထံ မေးလိုက်သည်။
“ မနေ့ကဘာဖြစ်သွားလို့လဲ။ ”
ချာကျင်မှ အံ့ဩလာပြီး ဦးလေးရှောင်ထံ ပြန်လှည့်ကြည့်၏။ အနက်ဝတ် ဓားသမားက အေးစက်စွာဖြင့်၊
“ သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူတစ်ယောက်ကို စော်ကားမိခဲ့လို့ လူအများရှေ့မှာပဲ သတ်ပစ်ခံလိုက်ရတယ် မင်းကဘာအတွက် ဒါကိုမေးရတာလဲ။ ”
-ဟု ဖြေကြားကာ ပြန်လည် မေးမြန်းလိုက်သည်။ ချာကျင်မှ ခဏတာ အေးခဲသွားပြီး၊
“ သခင်လေး အဲဒီလူက မင်းလို့မပြောနဲ့။ ”
-ဟု အော်ဟစ်လိုက်တော့၏။
“ မင်းကို ... နောက်ဆုံးအခွင့်အရေး ငါပေးမယ် ဒီတစ်ခွက်သောက်ပြီး ငါ့ရှေ့ကနေ ထွက်သွားမလား ... ဒါမှမဟုတ် ... ။ ”
စုရီက အပြုံးမပျက် ကုလားထိုင်မှ ထရပ်လိုက်သည်။
“ ဒါမှမဟုတ်ရင် မင်းဒီနေ့ နောက်ဆုံး အသက်ရှင်မလား။ ”
ချာကျင်မှ တုန်လှုပ်စွာ နောက်တစ်လှမ်း ဆုတ်လိုက်သည်။ အနက်ဝတ် ဓားသမားက ဓားရိုးကို အုပ်ကိုင်လျက်၊
“ မင်းငြင်းလိုက်တဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့ ... ဒီနေ့ကိစ္စ မပေါက်ကြားဖို့ ဒီခြံထဲက လူတိုင်းသေရလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ မင်းအမြင်မှာ ... ငါက အရမ်း သဘောကောင်းနေတဲ့ပုံ ပေါက်နေလား။ ”
ဤတစ်ကြိမ်တွင် စုရီက အနက်ဝတ် ဓားသမားထံ ပထမဆုံးအကြိမ် လှည့်ကြည့်ပြီး တိုက်ရိုက် မေးမြန်းလိုက်တော့၏။
***