ဒူးထောက်မလား ... သေမလား ... ။
Vol. 11 Ch. 123
“ ကလန် ... ။ ”
အနက်ဝတ်ဓားသမားက စုရီမေးခွန်းကို မဖြေဘဲ သတ်လိုသော ဆန္ဒများထုတ်ဖော်ကာ ဓားဆွဲထုတ်လိုက်လေသည်။
၎င်းသည် ဝိညာဉ်ရေး ဓားတစ်လက် ဖြစ်နေကာ ဓားအိမ်မှ လွတ်ထွက်လာသည်နှင့် ခရမ်းရောင်လျှပ်စီးများ လက်လာ၏။
ဤသည်မှာ ခရမ်းရောင် ရောင်ပြန်ဟပ်ခြင်း ဟုခေါ်သည်။ ကျောက်စိမ်းမြို့တော် ပန်းပဲသခင် ချွိုင်ယုံ၏ လက်ရာဖြစ်၏။
ဝိညာဉ်ရေးပစ္စည်း အမျိုးအစားပေါင်း ရှစ်ဆယ့်တစ်မျိုးကို သုံးစွဲထားခဲ့သည်။ ၎င်းသည် ဝိညာဉ်လက်နက်အဆင့်၌ အဆင့် (၃၃)ဝင်လေသည်။
“ ကောင်လေး ... မင်းဒူးထောက်မလား ... သေမလား။ ”
စကားဆုံးသည်နှင့် ချီစွမ်းအင်များကို ဓားတွင် သွန်းလောင်းလျက် စုရီထံ ခုတ်ချပစ် လိုက်လေသည်။
“ ရွှပ် ... ။ ”
ခရမ်းရောင်ဓားအလင်း ပေါ်လွင်လာပြီး ညအမှောင်ကို ထိုးဖောက်ဝင်ရောက် လာခဲ့၏။ လေခွင်းသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင် ပြင်းထန်နေချေပြီ။
သူဟူသည် ဒုတိယမင်းသား၏ လက်အောက်တွင် ထိပ်တန်း မဟာသခင်များ အနက်မှတစ်ဦး ဖြစ်သည်။
မီးမိုးကြိုးဓားပညာရပ်ကြောင့် သက်တူရွယ်တူများကြား ပြိုင်ဘက်ကင်းချေပြီ။ သို့သော်စုရီသည် မရှောင်တိမ်းဘဲ ညာလက်ကို ဆန့်ထုတ်ကာ တွန်းထုတ်ပစ်လိုက်၏။
တိမ်တိုက်များကို ရှင်းထုတ်ပြီး နေမင်းကြီးထွက်ပေါ်လာစေသော လျှို့ဝှက် ဆန်းကြယ်သည့် စွမ်းအားမျိုးဖြစ်သည်။
အနက်ဝတ် ဓားသမားခမျာ မျက်ဝန်းများ ကျုံ့သွား၏။ အတွေ့အကြုံ ကြွယ်ဝလွန်းသဖြင့် သူ့ဓားဖျားကို ဦးတည်ချက် ပြောင်းလိုက်သည်။
“ ဝှစ် ... ။ ”
သူ့ဓားချီသည် တောင်တန်းကြီးကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြား အရာအားလုံးကို ချေမွနိုင်ပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းချေ၏။
“ ခရစ် ... ။ ”
သို့သော် စုရီက လက်ချောင်းများကို ဓားကဲ့သို့ လှမ်းထိုးသည်။ တောင်ကြီးကဲ့သို့သော ဓားချီမှာ ချက်ချင်းကွဲကြေသွား၏။
“ ရွှပ် ... ။ ”
တစ်ဆက်တည်းမှာပင် စုရီလက်ညိုးက အနက်ဝတ်ဓားသမား လက်ကောက်ဝတ်ကို ပွတ်ဆွဲသွားတော့သည်။
“ ချွမ် ... ။ ”
ဓားကိုင်လက်ခမျာ ချက်ချင်း ပြတ်ကျသွားသည်။ နာကျင်လှသဖြင့် အော်ဟစ် ရန်ပင် အသံ မထွက်တော့ချေ။
ထိတ်လန့်စွာ နောက်ဆုတ်လိုက်သည်။ သို့သော်စုရီမှ ခွင့်မပြုချေ။ လေထုအလယ်တွင် တံဆိပ်ရေးဆွဲကာ ဖိချပစ်လိုက်သည်။
“ ဝှစ် ... ။ ”
ထိုအသွင်အပြင်သည် တောင်များကို လက်တစ်ဖက်တည်းနှင့် ချေမွနေခဲ့သော နတ်ဘုရားအလား ကြီးစိုးချေ၏။
“ ဘောင်း ... ။ ”
လေထုသည်ပင် သိပ်သည်းဆကို မခံနိုင်တော့ဘဲ ပေါက်ကွဲလျက် အနက်ဝတ် ဓားသမားကို ဒူးထောက်ကျ သွားစေသည်။
“ မလုပ်နဲ့ ... ။ ”
အဝေးမှ ချာကျင်က ထိုမြင်ကွင်းကို ကြည့်ပြီးနောက် ထိတ်လန့်စွာ အော်ဟစ်ခဲ့၏။ သို့တိုင် စုရီက လျစ်လျူရှုလျက် အနက်ဝတ် ဓားသမား၏ ဦးခေါင်းကို လက်ဖြင့် သပ်ယူလိုက်တော့သည်။
“ ဝှစ် ... ။ ”
မျက်ဝန်းများ၌ ကြောက်ရွံ့မှုများနှင့် မယုံကြည်မှုများ ပြည့်နှက်နေသော အနက်ဝတ် ဓားသမား ဦးခေါင်းကြီး ပျံထွက်သွား၏။
“ ဒါ ... ။ ”
ချာကျင်တစ်ယောက် တုန်ယင်လျက် နောက်တစ်လှမ်း ဆုတ်ခွာလိုက် မိတော့သည်။ ဦးခေါင်းမပါသော ခန္ဓာကိုယ်သည် သွေးအိုင်ထဲ တဆက်ဆက် တုန်ယင်နေချေပြီ။
“ သခင်လေးစု၊ မင်းဒီမှာ သူ့ကို သတ်ပစ်လိုက်တဲ့အတွက် အကျိုးအမြတ်မရှိဘူး မင်းအတွက် နစ်နာစရာတွေပဲ ရှိတယ် ...
... ဒုတိယမင်းသားဆိုတာ မဟာကျိုး မင်းသားတွေကြားမှာ ထီးနန်းရဖို့ ... နံပါတ်တစ် ဦးစားပေးပဲ ... သူ့ရန်သူ ဖြစ်လာတာနဲ့ မဟာကျိုးမင်းဆက်ရဲ့ ရန်သူအဖြစ် သတ်မှတ်လို့ရတယ်။ ”
သူမ စကားပြောနေစဉ် စုရီအပေါ် အကဲခတ်နေသော်လည်း ထူခြားမှုမရှိချေ။ စုရီမှ ပုရွတ်ဆိတ်သတ်သကဲ့သို့ ထိုအရာအပေါ် လျစ်လျူရှုထား၏။
“ ဒီလူမိုက်သေဆုံးမှုအတွက် မင်းမှာ တာဝန်အများကြီးရှိနေမှာ ငါကြောက်မိတယ် ငါသာ မမှားရင် ...
... မင်းငါ့ဆီ ဒီညလာလည်ဖို့ ... ရွေးချယ်ခဲ့တာ ဒီလူကိုဖယ်ထုတ်ဖို့ ငါ့လက်ကို အသုံးချလိုက်တာ မဟုတ်လား။ ”
“ ရွှပ် ... ။ ”
စုရီမှ ပြုံးပြီး သွေးအိုင်ထဲမှဓားကို ကောက်ကိုင်ကာ ချာကျင်ထံ ခုတ်ချလိုက်၏။ ချာကျင်တစ်ယောက် ချက်ချင်း မှုန်ဝါးလျက် ပေငါးဆယ်အကွာ၌ ပြန်ပေါ်လာသည်။
“ သခင်လေး ... မင်းက မိန်းကလေး တစ်ယောက်အပေါ် လက်ပါချင်တာလား အရမ်း ရက်စက်တယ်။ ”
မျက်နှာပျက်ယွင်းသွားပြီး နှုတ်ခမ်းကို ကိုက်လိုက်ကာ ကြောက်မက်တုန်လှုပ်ဖွယ်ရာ ခံစားချက်များအပေါ် ဖုံးဖိနေခဲ့ရသည်။
“ မင်း ... ဟန်မဆောင်တော့ဘူးလား။ ”
စုရီက မေးသည်။ သူမသည် စွဲမက်ဖွယ် ကောင်းပြီး လှုပ်ရှားမှုတိုင်းသည် ဆန့်ကျင်ဘက် လိင်အပေါ် ဆွဲဆောင်နိုင်၏။
တစ်ချိန်က အမြီးကိုးချောင်း မြေခွေးမသည် ထိုသို့သောကျက်သရေမျိုးဖြင့် ပြည့်စုံပြီး ၎င်းကို လွဲမှားစွာ အသုံးချခဲ့သည်။
ဤသည်မှာ သူ အမုန်းဆုံးဖြစ်၏။ စစ်မှန်သော အလှတရားဟူသည် နှလုံးသားမှ လာသည်။
သူ့အမြင်၌ ချာကျင်သည် ကျက်သရေ ရှိသော်လည်း ခြေလက်များပါရှိသော မြွေပွေး တစ်ကောင်သာ ဖြစ်၏။
“ ဒါဆို ... သခင်လေးက ငါ့ကို သတိထားမိနေတာ ကြာပြီပေါ့။ ”
ချာကျင်မှ ဝန်ခံလိုက်သည်။
“ ပြောပါ သူ့ကိုသတ်ဖို့ ... ငါ့လက်ကို ဘာလို့ ချေးငှားရတာလဲ။ ”
စုရီက နောက်ထပ် စကားပြောရန် စိတ်မဝင်စားတော့ချေ။ သူ့ကို အမြတ်ထုတ်ရန် ကြိုးစားနေသည့်အပေါ် ဒေါသထွက်မိသည်မှာ သဘာဝပေပင်။
“ ငါ မလိမ်ပါဘူး ... ဒုတိယမင်းသားက ငါ့ကိုစောင့်ကြည့်ဖို့ ဒီဓားသမားကို တာဝန်ပေး ခဲ့ပါတယ် ... ငါသူ့ကို မဖယ်ရှားရင် မကြာခင် သူထုတ်ဖော်နိုင်လိမ့်မယ်။ ”
ချာကျင်အသွင်က ရုတ်တရက် မာနကြီးသော အမူအရာမျိုး ထွက်ပေါ်လာ၏။ ညုတုတု၊ ဥတုတု အမူအရာများ ပျောက်ကွယ်သွားချေပြီ။
“ သခင်လေးစု ... မင်းစိတ်ဆိုးသွားရင် ဒီညငါမင်းနဲ့အတူ အချိန်ဖြုန်းနိုင်ပါတယ်။ ”
“ ဟမ့် ... ငါ့ကုတင်ပေါ်မှာ တစ်ညတာ ကုန်ဆုံးဖို့ ... မင်းကိုယ်မင်း ထိုက်တန်တယ်များ ထင်နေတာလား။ ”
ဤမေးခွန်းက ချာကျင်ကို နာကျင်သွားစေ၏။ မျက်ဝန်းများ၌ အရှက်နှင့် ဒေါသများ ပြည့်နှက်လာသည်။
သူမ၏ ရုပ်ရည်သည် ဒုတိယမင်းသားအတွက်ပင် အိမ်မက်ဖြစ်သည်။ ဆန္ဒရှိသည်နှင့် ပုရိသပေါင်းများစွာကို ခြေတော်တင်နိုင်၏။
သို့သော် ရုတ်တရက် တစ်စုံတစ်ရာကို သတိရလာပြီး စုရီထံ ရွံမုန်းစွာ ပြန်ကြည့်မိ လေသည်။
ဤလူငယ်သည် အမျိုးသမီးများ၏ အလှတရားကို ရွံမုန်းနေသော ကုန်းကုန်းဖြစ်နိုင် မည်လော။
“ သခင်လေးစု ... မင်းမှာတစ်လမ်းပဲ ရှိတော့တယ် ... ဒုတိယမင်းသားရဲ့ ဒေါသကို ခံယူပြီး ငါနဲ့ပူးပေါင်းဆောင်ရွက်ပါ။ ”
ထိုအတွေးကြောင့် ချာကျင်မှ ညစ်ကျယ်ကျယ် ပြုံးလိုက်မိလေသည်။ စုရီက သက်ပြင်းချ လိုက်၏။
“ ဒါဆို ... မင်းက ဒုတိယမင်းသားရဲ့ အနားကို ပို့လွှတ်ခံထားရတဲ့ သူလျှိုပေါ့ ... ဒါက တကယ့်ကို ဒုက္ခတွေ ပိုတိုးလာစေပြီ။ ”
“ မှန်ပါတယ် ... ဒါပေမယ့် ငါတို့ အတူတူ အလုပ်လုပ်ရင် အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။ ”
“ မဟုတ်ဘူး ... မင်းကို စတွေ့ထဲက ဒုက္ခပေးနိုင်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ ငါသိတယ် ဒါပေမယ့် ... မင်းဒီလောက်အထိ အရှုပ်အထွေးတွေ သယ်လာလိမ့်မယ်လို့ ...
... မသိခဲ့ဘူး ဒါပေမယ့် ... ခုလည်း နောက်မကျသေးပါဘူး မင်းကိုသတ်ပြီး ဒုက္ခ ကနေ ကယ်တင်ပေးရမယ်။ ”
“ ချွမ် ... ။ ”
ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခု ဖြစ်သော်လည်း ခရမ်းရောင် ဓားအလင်းသည် စိတ်ကူးထက် ကျော်လွန်သည့် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။
“ ..... ။ ”
ပေငါးဆယ်အကွာရှိ ချာကျင်က အင်္ကျီလက်ကောက်ဝတ် အတွင်းမှ ငွေရောင် ဓားမြှောင်တစ်လက် ထုတ်ယူပြီး ပြန်လည် ခုခံလိုက်၏။
“ ဝှစ် ... ။ ”
နောက်ကွယ်မှ စွမ်းအင်သည် ပြင်းထန် လွန်းသောကြောင့် ခြံစည်းရိုးပေါ်သို့ ချက်ချင်း ဆုတ်ခွာဆင်းသက်လိုက်ရသည်။
လက်များ ထုံကျင်ကာ သွေးနှင့်ချီ ပြောင်းပြန်စီးဆင်းကုန်ပြီး စိတ်မသက်မသာ ဖြစ်လာ၏။
“ သခင်လေး၊ ဒီည ဒီမှာပဲ အဆုံးသတ်ရအောင် ... ငါမင်းအတွက် နည်းလမ်းကောင်းတစ်ခု စဉ်းစားပြီးရင် ပြန်လာခဲ့ပါ့မယ်။ ”
ရုတ်တရက် နားမလည်နိုင်သော မြင်ကွင်းတစ်ခု အသိစိတ်ပင်လယ်ထဲ ဝိုးတဝါး ထွက်ပေါ်လာသည်။
“ ဝှစ် ... ။ ”
လျှာကို ကိုက်လျက် ချက်ချင်း ရုန်းထွက်လိုက်ကာ ခြံစည်းရိုးမှ ခုန်ချလျက် အမှောင်ထဲ ပြေးဝင်လိုက်တော့သည်။
စိတ်ပျက်အားငယ်မှုနှင့် အဓိပ္ပါယ်မဲ့ ခံစားချက်များ ပေးစွမ်းနေသည့် ထူးဆန်းသော ဓားကြီးတစ်လက်ကို မြင်လိုက်ရခြင်းပေပင်။
“ ရွှပ် ... ။ ”
“ လူယုတ်မာ ... ။ ”
တစ်ဖက်လူသည် ကြင်နာခြင်း မရှိဘဲ ဓားအလင်းဖြင့် သူမကျောပြင်ထံ ပစ်ခတ်လိုက် သေးသည်။
အင်္ကျီစုပ်ပြဲကာ ကျောပြင်တစ်လျှောက် အေးစက်သွား၏။ ဤလူငယ်သည် ငယ်ငယ်ဖြင့် ကုန်းကုန်းတစ်ယောက် ဖြစ်နေမည်မှာ သေချာချေပြီ။
မဟုတ်သော် လှပသော အမျိုးသမီး တစ်ယောက်ကို သတ်ရန် မည်သည့်အမျိုးသား မျှပင် စိတ်ကူးမည် မဟုတ်ချေ။
“ ဝှစ် ... ။ ”
စုရီက ခြံစည်းရိုးအပေါ် ဆင်းသက်ကာ ထိတ်လန့်တကြား ပြေးသွားသည့် ချာကျင်ထံ ရပ်ကြည့်နေမိသည်။
ဟွမ်ချမ့်ကျွယ်က သူ့အနား ဆင်းသက်လာပြီး၊
“ အစ်ကိုစု ဒီမိန်းကလေးနောက်ခံက ရိုးရှင်းမယ် မထင်ဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
“ ညည့်နက်နေပြီ မင်းတို့လည်း အနားယူတော့။ ”
စုရီက နှုတ်ဆက်ပြီး ခြံစည်းရိုးပေါ်မှ ခုန်ချကာ အခန်းထဲ ပြန်၍ လျှောက်လှမ်းလာ ခဲ့သည်။
“ ချင်းဝမ် ... မင်းသူ့ရဲ့ အငွေ့အသက်ကို မှတ်မိလား။ ”
“ မှတ်မိပါတယ် ... တာအိုသခင်ရဲ့ ပေတစ်သောင်းအကွာမှာ သူ ရှိနေသရွေ့ ငါချက်ချင်း သိနိုင်တယ်။ ”
“ မဆိုးဘူး ... နောက်ဆုံးတော့ မင်းအတော်လေး အသုံးဝင်လာပြီ ... ငါ မင်းကို လေ့ကျင့်ပေးရတာ အချည်းနှီး မဖြစ်ဘူး။ ”
***