← Chapters

ညတာရှည်လျားခြင်း။

Vol. 11 Ch. 124

ညတာရှည်လျားခြင်း။

Vol. 11 Ch. 124

“ အစ်ကိုစု ... အိပ်ပြီလား ဒီမှာ အနက်ဝတ်ဓားသမားဆီကနေ ကျောက်စိမ်း စာလိပ်တစ်ခု ရထားတယ် ကြည့်ချင်လား။ ”

ဟွမ်ချမ့်ကျွယ် တံခါးဝမှ အော်ဟစ် လိုက်သဖြင့် စုရီက တံခါးဖွင့်ကာ လက်ခံယူပြီး ဖတ်ကြည့်လိုက်လေသည်။

“ ချာကျင်နဲ့ လဂိုဏ်း ပတ်သတ်မှုရှိ၊ မ​ရှိ စုံစမ်းပါ၊ အတည်ပြုနိုင်ရင် သူ့ကို အရှင်ဖမ်းပြီး ကျောက်စိမ်းမြို့တော်ဆီ ပြန်ပို့ပါ၊ ...

... အကူအညီလိုရင် ကျောက်စိမ်းတံဆိပ်နဲ့ မြို့သခင်စံအိမ်သွားပါ ... ချင်ဝမ်ယွမ်က မင်းကို ကူညီပါလိမ့်မယ်၊ ...

... ငါ့ညီကိစ္စနဲ့ ပတ်သက်ပြီး မင်းပါဝင်ဖို့ မလိုတော့ဘူး ... ဒီစာကိုဖတ်ပြီးတာနဲ့ ချက်ချင်း မီးရှို့ပါ။ ”

စုရီက သက်ပြင်းချလိုက်သည်။ မိုးပြာ တိုက်ကြီးတွင် အင်ပါယာပေါင်း တစ်ရာကျော် ရှိ၏။

မဟာကျိုးသည် ၎င်းတို့အနက်မှ တစ်ခုသာဖြစ်ပြီး အိမ်နီးချင်းအင်ပါယာသည် မဟာဝေနှင့် မဟာချင် ဖြစ်သည်။

မဟာချင်သည် ဤအင်ပါယာသုံးခုတွင် တန်ခိုးအကြီးဆုံး ဖြစ်လေသည်။ မဟာကျိုးနှင့် မဟာဝေတို့သည် ၎င်းထက် တဆင့်နိမ့်ကာ ပဋိပက္ခများ မကြာခဏ ဖြစ်ပွားတတ်၏။

အဆိုပါအချင်းအရာသည် မဟာချင် အင်ပါယာအတွက် ကျေနပ်စရာပေပင်။ အဆုံး၌ ဤပဋိပက္ခများသည် မဟာချင်အတွက်သာ အကျိုးရှိမည်ဖြစ်သည်။

မဟာဝေတွင် အသန်မာဆုံးသည် လဂိုဏ်းဖြစ်ကာ မဟာကျိုးတွင် လျှို့ဝှက်နဂါး ဂိုဏ်းဖြစ်သည်။ မဟာကျိုး၏ လက်ရှိ ဧကရာဇ်တွင် သားရှစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။

သားရှစ်ယောက်ကို ချင်၊ ခွန်၊ ကျန်း၊ရွှမ်၊ခန်၊လီ၊ကမ်နှင့်သွမ့်ဟူ၍ အမည်ခံ ယူစေသည်။

ထို့ကြောင့် ဆဋ္ဌမမင်းသားသည် ကျိုးကျစ်လီဖြစ်ကာ ဒုတိယမင်းသားသည် ကျိုးကျစ်ခွန် ဖြစ်၏။

ခဏအကြာတွင် စုရီက စာလိပ်ကို ဖြည်းညှင်းစွာ ဆုတ်ဖြဲလျက် အဝေးသို့ ငေးလိုက်မိသည်။

လောကီတွင် ပဋိပက္ခများစွာဖြင့် ရှုပ်ထွေးသည်။ လောကီကို ပစ်ပယ်နိုင်လျှင်ပင် သဘာဝတရားမှ မလွတ်မြောက်နိုင်သေးချေ။

***

ညသည် တဖြည်းဖြည်း နက်လာ၏။ ထိုစဉ်အဖိုးအိုတစ်ဦးသည် အမှောင်ရိပ်ခိုကာ ခြံဝင်းတစ်ခုထံ စိုက်ကြည့်နေခဲ့သည်။

အဆုံးတွင် နီးစပ်ရာ လမ်းဘေး အထမ်းဆိုင်သို့ ဝင်ရောက်လျက် ဆန်ပြုတ်ပူပူ တစ်ပွဲမှာ ယူလိုက်သည်။

“ မရဏတံခါးဌာနခွဲရဲ့ တပည့်တစ်ယောက်က ဒီလောက်တောင် နိမ့်ကျသွားပြီလား။ ”

အဖိုးအိုက ဆန်ပြုတ်ပန်းကန်ကို လက်ခံယူကာ ညည်းတွားလိုက်တော့သည်။ ထိုညည်းတွားသံကြောင့် ဆန်ပြုတ်ရောင်းသည့် အထမ်းသမားက ချက်ချင်း ထပြေး၏။

“ ဝှစ် ... ။ ”

“ ဖောက် ... ။ ”

သို့သော် အဖိုးအိုမှ ဝါးတူဖြင့် လှည့်ကာ ပစ်ပေါက်လိုက်လေသည်။ ဝါးတူကလည်ပင်းထံ တိုးလျိုပေါက် ဖြတ်သန်းသွား၏။

ထို့နောက် လှည့်မကြည့်တော့ဘဲ ဆိုင်ရှင်မရှိသော အထမ်းဆိုင်ရှိ ဆန်ပြုတ်ကို အားပါးတရ ဆက်သောက်နေခဲ့သည်။

နောက်ဆုံး တစ်ဇွန်းသောက်ပြီးနောက် ထရပ်ကာ အစောပိုင်း သူစိုက်ကြည့်နေသော စံအိမ်ထံ လျှောက်လှမ်းသွားတော့၏။

***

“ တာအိုသခင် ... တစ်ယောက်ယောက် စိတ်ဝိညာဉ်ထိန်းချုပ်မှု ပညာရပ်ကို အသုံးပြုပြီး ဝမ်အာကိုခေါ်ယူဖို့ ကြိုးစားနေတယ်။ ”

စုရီက မျက်မှောင်ကြုတ်လိုက်သည်။ သည်ည ဧည့်သည်များ အတော်ပင် လာချေပြီ။ စိတ်အနှောက်အယှက် ဖြစ်စရာပေပင်။

“ ချွင် ... ။ ”

“ ကောင်းပြီ ... ငါသွားကြည့်လိုက်မယ်။ ”

စုရီက ဓားကိုင်လျက် လှမ်းထွက်လိုက်သောအခါ ပုလွေသံ ရုတ်ခြည်း ရပ်တန့်သွားသည်။ ခြံစည်းရိုးပေါ်တွင် အဖိုးအို တစ်ဦးရပ်နေပြီး၊

“ ကောင်လေး ... ၊ ချင်းဝမ်ကို မင်းအနားမှာထားတာက ဘေးဒုက္ခတွေကိုသာ ဖိတ်ခေါ်မိလိမ့်မယ် ... သူ့ကို ငါ့ဆီ ပြန်ပေး နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

-ဟု ပြောကြားလာသည်။

“ မင်းက ဝမ်ယွင်ချွယ်လား။ ”

စုရီက မေးမြန်းလိုက်၏။ အဘိုးအိုခမျာ အေးစက်သော အငွေ့အသက်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

“ ဒါဆို ... မင်းက ငါ့ရဲ့လူမိုက်တပည့်ကို သတ်ခဲ့တဲ့သူပေါ့။ ”

“ ဟမ့် ... မင်းကိုယ်တိုင်က လူမိုက်လို့ သတ်မှတ်ထားတဲ့ တပည့်တစ်ယောက်ကို ... ငါ သတ်ပေးခဲ့တာ ကျေးဇူးတင်သင့်တယ်။ ”

စုရီက လှောင်ပြုံးဖြင့် ခြံစည်းရိုးပေါ် ခုန်တက်လိုက်စဉ် အဘိုးအိုမှ ချက်ချင်းလှည့်ပြီး ခုန်ချသွားတော့သည်။

“ ဝှစ် ... ။ ”

“ မေ့လိုက်ပါ၊ နောက်နေ့မှ ငါပြန်လာမယ်။ ”

စုရီတစ်ယောက် အမှောင်ထဲ တိုးဝင် ပျောက်ကွယ်သွားသော အဖိုးအိုကျောပြင်သာ မြင်လိုက်ရလေသည်။

“ ပြေးတာ အရမ်းမြန်တယ်။ ”

ထို့ကြောင့်ပြုံးလျက် ခြံထဲပြန်လည် ခုန်ဆင်းလာခဲ့သည်။ ချင်းဝမ်နောက်ခံအတွက် ဝမ်ယွင်ချွယ်ကို လိုက်ရှာရန် စိတ်ကူးထား၏။ ယခုကဲ့သို့ အိမ်တံခါး လာခေါက်သည့်အပေါ် ကြိုဆိုရမည်မှာ သဘာဝ ပေပင်။

***

များမကြာခင် လမ်းကြားအတွင်းသို့ အဖိုးအိုတစ်ယောက် လှမ်းဝင်လာပြန်သည်။ ၎င်းက သေဆုံးနေသော အထမ်းသည်ကို ခွကျော်ကာ လေထုအလယ် အနံ့ခံလျက် ရှေ့သို့မျှော်ကြည့်လိုက်၏။

ထို့နောက် ခြံဝင်းတစ်ခုထံ ဆက်လျှောက်လာကာ တံခါးများ ပိတ်ထား သည်ကိုမြင်ချိန်၌ ရပ်တန့်လိုက်ပြီး များမကြာမီ လှည့်ပြန်လာခဲ့သည်။

သေဆုံးနေသော အထမ်းသည်အနားမှ အဖြတ်တွင် သူတောင်းစား နှစ်ယောက် ဝိုင်းအုံ နေသည်ကို မြင်လိုက်ရ၏။

ဤသည်မှာ မရဏတံခါးမှ တပည့်များ လုပ်နေကြ လုပ်ငန်းမျိုး ပေပင်။ လူသေများထံမှ လုယက်ခြင်းမည်၏။ လှောင်ပြုံးဖြင့် လျစ်လျူရှု လိုက်ပြီး ဆက်လျှောက်လာခဲ့သည်။

သူ့အရိပ်ပျောက်ကွယ်သွားချိန်တွင် အလောင်းကောင်ထံ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေ နေသည့် လူနှစ်ယောက်က ထရပ်လိုက်သည်။

“ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်လား။ ”

“ မြင်တယ် ငါသူ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်တယ် သူက ငါတို့ရဲ့ပစ်မှတ်သုံးခုထဲက တစ်ခုဆိုတာ သေချာတယ်။ ”

သည့်နောက် နှစ်ယောက်သား အမှောင်ရိပ်အတွင်း တိုးဝင်ပျောက်ကွယ်သွား တော့၏။

***

ထိုည။ ထိုညသည်အမှန်ပင် ညတာရှည်လျားလှသည်။ စွန့်ပစ်ထားသော အိမ်ကြီးတစ်ခုအတွင်း အမျိုးသမီးတစ်ဦးက ယဇ်ပလ္လင်ကို ဆောက်လုပ်နေ၏။

၎င်းပလ္လင်သည် သုံးပေခန့်မြင့်ပြီး ဦးခေါင်းခွံကိုးခုစီပါရှိကာ ဦးခေါင်းခွံတစ်ခုစီတွင် သွေးများစွန်းထင်းနေသည်။

အဖိုးတန် အရင်းအမြစ်များစွာ လစဉ်ပေးဆောင်နေသည့် ဌာနခွဲ ခေါင်းဆောင် ကြောင့်သာ မဟုတ်သော် ဤပလ္လင်တော်ကို အသုံးပြုခွင့်ရမည် မဟုတ်ချေ။

“ ကျွီ ... ။ ”

ထိုစဉ် အခန်းတံခါး ပွင့်လာပြီး အဖိုးအိုတစ်ယောက် လှမ်းဝင်လာသည်။ ၎င်းက ပလ္လင်ဘေးရှိ အမျိုးသမီးနှင့် အမျိုးသားထံ ကြည့်ကာ၊

“ ငါအခုပဲ ... သူ့ကို အကြမ်းဖျင်း ရှာတွေ့လာတယ် ... အသိုက်ကို မတွေ့ပေမယ့် သိပ်မကြာခင် သူပြန်လာနိုင်မဲ့ ခြံဝင်းတစ်ခု ... မြို့အရှေ့ဘက်မှာ ရှာတွေ့ခဲ့တယ်။ ”

“ ခြံပိုင်ရှင်က ဘယ်သူလဲ။ ”

အမျိုးသားက မေးသည်။ အဖိုးအိုမှ ခေါင်းယမ်းလိုက်၏။

“ မသိဘူး ... ပစ်မှတ်ကို သတိပေးမိမှာ စိုးရိမ်လို့ ပြန်လာခဲ့တာ မနက်ဖြန် မနက်ကျရင် တစ်ယောက်ယောက်နဲ့ စုံစမ်းခိုင်းလိုက် ... ဒါနဲ့ မင်းသွားတွေ့တဲ့ ... မင်းမိတ်ဆွေကရော ဘယ်လိုလဲ။ ”

“ သူ ငြင်းလိုက်တယ်။ ”

အမျိုးသားက အဖိုးအို မေးခွန်းကို ပြန်ဖြေပြီး၊

“ မနေ့က စီရင်စုသခင် ... အသတ်ခံ လိုက်ရတယ် ... ရလဒ်အနေနဲ့ မြို့တော်မှာ လူတိုင်း သတိထားနေတယ် ဒါကြောင့် လက်ရှိ အချိန်မှာ မပါဝင်ဖို့ သူ ရွေးလိုက်တယ်။ ”

-ဟု ပြန်ဖြေလိုက်သည်။ အမျိုးသမီးက ပြုံး၏။

“ သူ ... ကူညီသည်ဖြစ်စေ ... မကူညီသည်ဖြစ်စေ အရေးမကြီးပါဘူး ... ငါတို့ သုံးယောက်ပေါင်းပြီး ဝမ်ယွင်ချွယ်လောက်တော့ လွယ်လွယ်ကူကူ ဖြုတ်ချနိုင်မှာပါ။ ”

တစ်ဖက်တွင် အဖိုးအိုမှ အံ့အားသင့်သွားပြီး၊

“ စီရင်စုသခင် အသတ်ခံရတာလား … ဘယ်သူသတ်တာလဲ သိလား။ ”

-ဟု မေးမြန်းလေသည်။

“ ကျွမ်းကျင်သူတစ်ယောက် ဖြစ်မှာ သေချာပါတယ် တိမ်မြစ်စီရင်စု အခြေအနေက မှုန်မှိုင်းနေပြီး မုန်တိုင်းတစ်ခုလာနေတယ် ငါတို့ ဒီမြို့မှာ ကြာကြာမနေသင့်ဘူး၊ ဝမ်ယွင်ချွယ်ကို ရရင် ချက်ချင်းထွက်သွားရမယ်။ ”

သူ့စကားကို ကျန်နှစ်ယောက်က ခေါင်းညိတ်ပြ လိုက်သည်။ သူတို့သည်လည်း မည်သည့် ပြဿနာမျှ မလိုချင်လှချေ။

***

All Chapters