← Chapters

သာမာန်လူငယ် ... ။

Vol. 11 Ch. 126

သာမာန်လူငယ် ... ။

Vol. 11 Ch. 126

အမျိုးသမီးစကားကြောင့် လေထုမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ အမျိုးသားက သတိကြီးစွာဖြင့် သက်ပြင်းချလိုက်၏။

“ စကားပြော ဆင်ခြင်ပါ ... ရှင်းလန်။ ”

“ ခေါင်းဆောင် ... စိုးရိမ်စရာမရှိပါဘူး ... ဒီမှာလူလေးယောက်ပဲ ရှိပါတယ် ... ကျင့်ကြံမှု မရှိတဲ့ ကလေးနှစ်ယောက်က အခန်းထဲမှာ ပုန်းနေကြတယ်။ ”

စကားပြောနေစဉ် အမျိုးသမီးက ရဲတင်းလာပြီး၊

“ ဒီကောင်လေးခါးမှာ ချိတ်ထားတဲ့ ဘူးသီးခြောက်က ဝမ်ယွင်ချွယ် ခိုးယူသွားတဲ့ ငါတို့ဂိုဏ်းရဲ့ရတနာပဲ ... သူက ဝမ်ယွင်ချွယ်နဲ့ ပတ်သတ်နေတာသေချာပြီ။ ”

-ဟု မှတ်ချက်ပေးလာတော့သည်။

သည့်နောက် သစ်သားခုံတစ်လုံးပေါ် ပေါ့ပေါ့ပါးပါးဝင်ထိုင်ကာ ပင်ပန်းနေသည့် ဟန်ဖြင့် ခါးဆန့်လိုက်လေသည်။

ခေါင်းဆောင်အမျိုးသား၏ အပြုံးများ ပျောက်ကွယ်သွားကာ အသက်ပြင်းပြင်း ရှူရှိုက် လိုက်၏။

“ မင်း ... နည်းနည်း သတိထားတာ ဘယ်တော့မှ မမှားပါဘူး ကိုယ့်ကိုကိုယ် ဆင်ခြင် ပြုမူပါ ... ငါတို့ရဲ့ မိတ်ဆွေလေးတွေကို ကြောက်အောင် မလုပ်ပါနဲ့။ ”

“ ဟမ့် ... ကောင်လေး မင်းကြည့်ရတာ နူးညံ့ပျော့ပျောင်းလွန်းပြီး ... ငါ့နှလုံးသားတွေ ယားယံလာတယ် ... ငါတို့ သောက်စရာ နေရာတစ်ခု ဘာလို့ မရှာတာလဲ။ ”

“ သွားတော့ ... ။ ”

စုရီက ဟွမ်ချမ့်ကျွယ်ထံ ကြည့်ကာ ပြောလိုက်၏။ လူတိုင်းမှ တားဆီးရန် ဆန္ဒမရှိဘဲ ဟွမ်ချမ့်ကျွယ် ထွက်ခွာသွားနေသည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

အဆုံးတွင် ခေါင်းဆောင် အမျိုးသားက၊

“ မိတ်ဆွေလေး ဝမ်ယွင်ချွယ်နဲ့ ဆက်ဆံရေးကို ... မင်းပြောပြနိုင်မလား။ ”

-ဟု တိုက်ရိုက် မေးမြန်းလာ၏။

“ ငါ သူ့ကို စောင့်နေတာ ... ။ ”

“ စောင့်နေတာလား ... ဘာအတွက်လဲ ... နေပါဦး ... ဒါဆို သူရောက်လာမယ်လို့ ... မင်း ပြောချင်တာလား။ ”

“ မသေချာသေးပါဘူး ... ဒါနဲ့ မင်းတို့ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရှာတွေ့လာတာလဲ။ ”

စုရီက စိတ်ဝင်တစား မေးမြန်းလိုက်၏။

“ ငါတို့ သူ့နောက် ... လိုက်နေတာ။ ”

“ ငါနားလည်ပြီ။”

စုရီက ပြုံးသည်။ ထို့နောက် အမျိုးသမီးထံ လှည့်ကြည့်ပြီး၊

“ မင်း ... ငြိမ်ငြိမ်ထိုင်သင့်တယ်။ ”

-ဟု သတိပေးလိုက်၏။

“ ဟမ့် ... ။ ”

အမျိုးသမီးက မျက်ခုံးပင့်လိုက်၏။ ခေါင်းဆောင်အမျိုးသားမှ သူမထံ လက်ပြကာ၊

“ ငါတို့ အလုပ်ကိစ္စရှိတယ် ... ။ ”

-ဟု ဝင်ရောက် သတိပေးလိုက်သည်။

တစ်ဖက်တွင် တိတ်ဆိတ်နေသော အဖိုးအိုကအေးစက်သည့် အကြည့်ဖြင့်၊

“ ကောင်လေး ... မင်းငါတို့ကို မကြောက်ဘူးလား။ ”

-ဟု သိချင်စိတ်ပြင်းစွာ မေးမြန်း၏။

ဤလူငယ်သည် ချီသန့်စင်ခြင်း ပထမအဆင့်ဖြစ်သည်။ သို့သော် သူတို့ရှေ့တွင် ကြီးကျယ်ခမ်းနားပြနေ၏။

“ ဘာလို့ မင်းကို ကြောက်ရမှာလဲ ... တကယ်ဆို ငါပျော်ရမှာ ... ။ ”

စုရီမှ ပြန်ဖြေသည်။ ဤတစ်ကြိမ်တွင် ခေါင်းဆောင် အမျိုးသားနှင့် အမျိုးသမီးသည် တစ်စုံတစ်ရာ လွဲချော်နေမှန်း ခံစားမိ၏။

“ မိတ်ဆွေလေး ... မင်းဘာအတွက် ဝမ်းသာရတာလဲ။ ”

“ ငါ ဝမ်ယွင်ချွယ်ကို စောင့်နေတာ ... အခုလိုမင်းတို့မှာ ခြေရာခံနိုင်တဲ့ တစ်စုံတစ်ရာ ရှိနေတာက ငါ့အတွက် ... အချိန်ကုန် သက်သာစေမယ် မဟုတ်လား။ ”

စုရီက ပြုံးကာ ဖြန်ဖြေလိုက်သည်။ ဝမ်ယွင်ချွယ်ကို လိုက်ဖမ်းရန် နည်းလမ်းရှာ နေချိန်တွင် ဤလူများ ရောက်ရှိလာခြင်း ဖြစ်၏။

“ ‌ဒေါက် ဒေါက် ဒေါက် ... ”

“ သခင်လေးစုရီ မင်းအိမ်မှာရှိလား။ ”

ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ် လာသည်။ ဧည့်သည်သုံးဦးခမျာ အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။

“ ဝင်လာပါ တပ်မှူးကျန်း ... ငါတံခါး ဖွင့်ထားတယ်။ ”

“ ကျွီ ... ။ ”

စုရီမှ ပြန်အော်သည်။ တံခါးပွင့်လာပြီး လူနှစ်ယောက် လှမ်းဝင်လာ၏။ ကျန်းရီရန်နှင့် ချန်ကျန့် ဖြစ်လေသည်။

“ သေစမ်း ... ။ ”

ဤမြင်ကွင်းကြောင့် အမျိုးသမီးခမျာ ခေါင်ဆောင် အမျိုးသားအနား ပြေးကပ်သွား၏။ ညုတုတု၊ ဥတုတု အမူအရာများအစား ကြောက်ရွံ့မှုများ အစားထိုးလာသည်။

“ စိတ်အေးအေးထားပါ။ ”

ခေါင်းဆောင်အမျိုးသားက နှစ်သိမ့်ပြီး တည်ငြိမ်ဟန်ဆောင်ကာ စုရီထံကြည့်လိုက်၏။ ဤသည်မှာ သည်လူငယ်၏ ယုံကြည့်မှု ဖြစ်နိုင်မည်။

ချန်ကျန့်က ဧည့်သည်သုံးဦးထံ လှမ်းကြည့်ကာ မျက်ခုံးပင့် လိုက်တော့၏။ ကျန်းရီရန်မှ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားမိလာသည်။

“ သခင်‌လေး ... ။ ”

အပြုံးဖြင့် စုရီအနား လျှောက်လာပြီး လက်ခြင်းယှက်ကိုင်လျက် အရိုအသေပေးလိုက် တော့သည်။

“ မဖိတ်ဘဲ လာရတဲ့အတွက် ခွင့်လွှတ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

“ ဒီလောက်လည်း ယဉ်ကျေးနေစရာ မလိုပါဘူး တပ်မှူးကျန်း ... ။ ”

“ ဒီမှာ ... ငါ့သူရဲကောင်းပါ သခင်လေး။ ”

ကျန်းရီရန်မှ လေးနက်စွာ မိတ်ဆက်ပေးသည်။ ချန်ကျန်က ပေါ့ပေါ့ပါးပါး လက်ဟန်ဖြင့်၊

“ ငါ့သင်္ဘောပေါ်မှာ အန္တရာယ်ရှိတဲ့ အခြေအနေကို လှည့်ပြောင်းပေးလို့ ကျေးဇူး အများကြီးတင်ပါတယ် ဒါကြောင့် လူကိုယ်တိုင် လာရောက်ပြီး နှုတ်ဆက်တာပါ။ ”

-ဟု ဝင်ရောက် ပြောကြားလိုက်၏။

သူ့စကားဆုံးသည်နှင့် ကျန်းရီရန်ထံ လှည့်ကြည့်၏။ ကျန်းရီရန်မှ ခေါင်းညိတ်ပြပြီး၊

“ သခင်လေး ... ဒီမှာ ငါတို့လက်ဆောင်ပါ။ ”

-ဟု ‌ကျောက်စိမ်းသေတ္တာကို ပေးအပ်လိုက်သည်။

“ အထဲမှာ ... အပြာ‌ရောင်မီးတောက် သမင်ဦးချိုပါ ... ဒါက ရှားပါးတဲ့ ရတနာတော့ မဟုတ်ပါဘူး ဒါပေမယ့် သခင်လေးစု ကျေနပ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

ခေါင်းဆောင်အမျိုးသားမှ အဖိုးအိုထံ လှည့်ကြည့်မိပြန်သည်။ သူရဲကောင်း ချန်ကျန့်မှ လက်ဆောင်လာပေးရသော ဤလူငယ်သည် မည်သို့သာမန် ဖြစ်နိုင်မည်နည်း။

ထိုပြင် ဤလက်ဆောင်သည် အဆင့်(၄) ဝိညာဉ်သားရဲ၏ အမြုတေတည်ရာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုပေပင်။

( အဖိုးကြီး မင်းပြောတော့ သာမာန် လူငယ်တွေဆို ... ဒါဆိုချန်ကျန့်က လက်ဆောင် လာ‌ပေးရအောင် ... သူက လူမိုက်လား။ )

ခေါင်းဆောင် အမျိုးသားအကြည့်၏ အဓိပ္ပါယ်ကို နားလည်နေသော အဖိုးအိုခမျာ မျက်နှာလွှဲသွားသည်။ မည်သည့်နေရာ၌ သူ့သတင်း မှားယွင်းသွားခဲ့ကြောင်း မသိတော့ချေ။

“ ကျေးဇူးတင်ပါတယ် ... ကျေးဇူးပြုပြီး ထိုင်ကြပါ။ ”

စုရီက ခေါင်းညိတ်သည်။ ကျန်းရီရန်မှ သေတ္တာကို စားပွဲခုံပေါ်တင်လိုက်ကာ ချန်ကျန့် နှင့်အတူ ကုလားထိုင်တစ်လုံးစီ၌ ဝင်ထိုင်၏။

ကျန်းရီရန်မှ ရုတ်တရက် ထရပ်ပြီး စုရီအတွက် ရေနွေးကြမ်းငှဲ့ပေးလိုက်၏။

“ ကျေးဇူးပြုပြီး ... ။ ”

စုရီက မငြင်းချေ။

“ ဒါနဲ့သခင်လေးစု ... သူတို့က ဘယ်သူတွေလဲ။ ”

ချန်ကျန့်အကြည့်က သူတို့ဘေးရှိ ဧည့်သည်သုံးယောက်ထံ ရောက်ရှိသွားသည်။ တည်ငြိမ်ဟန်ဆောင်နေသော်လည်း အနည်းငယ် စိုးရိမ်နေပုံရ၏။

အထူးသဖြင့် အမျိုးသမီးသည် သူနှင့် ဝေးရာသို့ သွားချင်နေသည်ကို ခံစားမိချေပြီ။

“ ငါမမှားရင် ... သူတို့က မရဏတံခါးရဲ့ ကာကွယ်သူ သုံးယောက်ပဲ။ ”

စုရီအဖြေကြောင့် သုံးယောက်သား တိုက်ပွဲအတွက် အသင့် ပြင်လိုက်ကြတော့၏။ ချန်ကျန့်မှ တစ်ချက် ပြန်ကြည့်သည်။

“ သူရဲကောင်းချန်ကျန့် ... သခင်ငယ်ကို ပြဿနာရှာဖို့ မဟုတ်ပါဘူး ... ငါတို့ဝမ်ယွင်ချွယ် အကြောင်း စုံစမ်းဖို့လာတာပါ။”

ခေါင်းဆောင်အမျိုးသားက အသက်ပြင်းပြင်းရှူကာ ပြောကြားလိုက်သည်။ စုရီမှ ပြုံး၏။

“ စိတ်မပူနဲ့ ... လောလောဆယ်တော့ ဝမ်ယွင်ချွယ်ကိုရှာဖို့ ... မင်းတို့အကူအညီကို ငါ လိုသေးတယ်။ ”

“ သခင်လေးစု ... ဝမ်ယွင်ချွယ်က ဘယ်သူလဲလို့ မေးလို့ရမလား။ ”

ချန်ကျန့်က စိတ်ဝင်စားသွား၏။

“ မရဏတံခါးရဲ့ သစ္စာဖောက် တစ်ယောက်ပါ ... သူ့မှာ ငါလိုချင်တာတစ်ခု ရှိတယ်။ ”

“ ဒါဆို သူတို့သုံးယောက်က ... သခင်လေးစုကို ကူညီဖို့ သဘောတူလား။ ”

“ ဟုတ်ပါတယ် ... ငါတို့ဆန္ဒရှိပါတယ်။ ”

အမျိုးသမီးနှင့် အဖိုးအိုက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် ချန်ကျန့်မှ ၎င်းတို့ကို လျစ်လျူရှုကာ၊

“ သခင်လေး ... ငါ မနေ့ညက မြစ်ပြာဓားစံအိမ်ကို သွားရောက်လည်ပတ်တော့ မုစန်းထူကို လူငယ်လေးတစ်ယောက်က အနိုင် ယူခဲ့တယ် ကြားတယ် ... မင်း ဒီအဖြစ်အပျက်ကို ကြားမိသေးလား။ ”

-ဟု မေးမြန်းလိုက်၏။

“ မင်းထင်နေတာ မှန်တယ် ... ငါပါ။ ”

စုရီက ခေါင်းညိတ်ပြလေသည်။ ယင်းက မရဏတံခါးမှ ကာကွယ်သူ သုံးယောက်လုံးကို အသက်ရှူရပ်သွားစေ၏။

(အဖိုးကြီး ... မင်းပြောတော့ ဒီလူငယ်က သာမန်ပဲဆို ... ဒါဆို မြစ်ပြာဓားစံအိမ်ဂိုဏ်းချုပ် မုစန်းထူဆိုတာ ... ငတုံးငမိုက်လား။ )

အမျိုးသမီးခမျာ မျက်ရည်များ ဝိုင်းလာ၏။ ဤတဏှာရူး အဖိုးကြီးသည် ယုံကြည့်၍ မရမှန်း အသက်နှင့်ရင်းကာ နားလည်သွားချေပြီ။

“ ဂုဏ်ယူစရာပါပဲ သခင်လေး။ ”

ကျန်းရီရန်မှ ဝမ်းသာအားရ ဝင်ပြောလိုက်၏။ ချန်ကျန့်က စိတ်လှုပ်ရှားမှုကို ဖုံးကွယ်လျက်၊

“ သခင်လေးစု ... မင်း ငါနဲ့အတူ သွေးစွန်းသော ယိုတောင်တန်းမှာ အမဲလိုက်ဖို့ စိတ်ဝင်စားလား။ ”

-ဟု ဖိတ်ခေါ်လိုက်တော့သည်။

***

All Chapters