← Chapters

တိုက်ပွဲကို ဆာလောင်နေသည့် သူရဲကောင်းများ။

Vol. 11 Ch. 129

တိုက်ပွဲကို ဆာလောင်နေသည့် သူရဲကောင်းများ။

Vol. 11 Ch. 129

ဒေါသဖြင့် ချက်ချင်း ထွက်ခွာသွားသော အဖြူရောင်အရိပ်ထံ ချန်ကျန့်မှ ငေးကြည့်ကာ၊

“ ကျူးကုချင်းက ကောင်းကင်မူလ အကယ်ဒမီရဲ့ ထိပ်တန်း အလှတရား တစ်ပါးပဲ အသက် (၃၀)ကျော်နေပေမယ့် ဒီအရွယ်က မိန်းမတစ်ယောက်အတွက် အလှဆုံး အချိန်တွေပါ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ထို့နောက် သူ့ခြေရင်း၌ ဒူးထောက်လျက် ခေါင်းငုံ့ထားသော လျူရှင်းလန်ထံ ပြန်ငုံ့ကြည့် လိုက်ကာ၊

“ ဒီကောင်မလေးကိုရော ... ငါတို့ ဘာလုပ်သင့်လဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ သူရဲကောင်းချန် ... မင်းမှာ သူလို အမျိုးသမီးတွေအတွက် အိမ်မက်​တွေရှိတယ် မဟုတ်လား ယဉ်ကျေးနေစရာ မလိုပါဘူး။ ”

“ အဟွတ် အဟွတ် ... ။ ”

ချန်ကျန့်တစ်ယောက် တံတွေးနင် သွားလေသည်။ သူသည် ရင့်ကျက် ဖွံ့ထွားသည့် အမျိုးသမီးများအပေါ်တွင် ခံစားချက်ရှိကြောင်း ဤစုရီမှ နားလည်နေပုံရ၏။

( သခင်လေး မင်းနည်းနည်းလောက် စကားပြော ဆင်ခြင်ပေးလို့ မရဘူးလား။ )

ကျန်းရီရန်က ချက်ချင်း လှမ်းတက်လာပြီး၊

“ သခင်လေးစု ... စစ်မြေပြင်က တစ်နှစ်ပတ်လုံး ကြမ်းတမ်းအေးစက်တယ် ဆိုတာ မင်းသိပါတယ် ... သွေးဆူတတ်တဲ့ ယောက်ျားတွေအတွက် စွမ်းအင်တွေ ထုတ်လွှတ်ရတာ ...

... အရမ်းကို အထီးကျန်တယ် ... ငါ့သူရဲကောင်းက သူ့လက်အောက်ငယ်သားတွေ အပေါ် စာနာတဲ့အတွက် ခေါ်သွားချင်တာပါ နားလည်မှု မလွဲပါနဲ့။ ”

-ဟု အမြန်ရှင်းပြတော့သည်။

“ ငါနားလည်ပြီ။ ”

စုရီက ပြုံးကာ ခေါင်းညိတ်၏။

“ လူယုတ်မာတွေ ... ။ ”

သွေးစွန်းသော ယိုတောင်တန်းတွင် တပ်စွဲထားသော အနီရောင်သံချပ်ကာတပ်ရင်း အတွင်း စစ်သည်ပေါင်း သောင်းဂဏန်းခန့် အနည်းဆုံး ရှိ၏။

ဤအရေအတွက်သည် လျူရှင်းလန်ကို အသားများ တဆက်ဆက်တုန်လျက် မေ့မျော သွားစေတော့သည်။

မည်သူသည် မိစ္ဆာများ ဖြစ်သနည်း။ သူရဲကောင်းဟုခေါ်ဆိုသော ဤလူများလော။ မိစ္ဆာကျင့်ကြံသူ သူမ ပင်လော။

“ ဟား ဟား ဟား ... ။ ”

ထိုမြင်ကွင်းကြောင့် ချန်ကျန့်၊ စုရီနှင့် ကျန်းရီရန်မှ အော်ဟစ် ရယ်မောလိုက်သည်။ လေထုမှာ အနည်းငယ် ပြေလျော့သွား၏။

“ သခင်လေးစု ... ငါမနက်ဖြန်မှာ သွေးယို‌တောင်တန်းကို ပြန်တော့မယ် လဝက် အတွင်း မင်းအရောက်လာဖို့ သတိရပါ။ ”

ချန်ကျန့်မှ နှုတ်ဆက်လေသည်။ စုရီက ခေါင်းညိတ်ပြ၏။ ထိုအချိန်တွင် ဟွမ်ချမ့်ကျွယ် အိမ်ထဲမှ လှမ်းထွက်လာပြီး၊

“ အစ်ကိုစု ငါလည်း အနီရောင်သံချပ်ကာ တပ်ရင်းထဲ ဝင်ချင်ပါတယ်။ ”

-ဟု တောင်းဆိုတော့သည်။

ရုတ်တရက် ဖြစ်သောကြောင့် စုရီမှ ‘မင်းသေချာလား၊’-ဟု မေးမြန်းလိုက်လေသည်။ ဟွမ်ချမ့်ကျွယ်က ခေါင်းညိတ်ပြ၏။

“ သူရဲကောင်းချန် မင်းသူ့ကို ဘယ်လိုမြင်လဲ။ ”

စုရီမှ ပြန်လှည့်မေးသည်။

“ တစ်စုံတစ်ယောက်ကို အရည်အချင်းရှိတဲ့ စစ်သူကြီးလား ... သူရဲဘောကြောင်တဲ့ လူလား သိချင်ရင် ... စစ်မြေပြင်မှာ လေ့ကျင့်ပြီးမှပဲ ငါတို့ ပြောနိုင်မှာပါ ...

... သခင်လေးစု ... မင်းအနားမှာ ရှိနေတဲ့လူက ထူးချွန်တဲ့ အရည်အချင်းတွေ ရှိမယ်ဆိုတာ ငါယုံတယ် ... ကောင်လေး မင်းဆန္ဒရှိရင် မနက်ဖြန် ငါနဲ့အတူ စခန်းကို လိုက်နိုင်တယ်။ ”

“ ကျေးဇူးတင်ပါတယ် သူရဲကောင်းချန်။ ”

ဟွမ်ချမ့်ကျွယ်မှ ကျေးဇူးတင်ကြောင်း ဦးညွှတ်ပြသည်။ ချန်ကျန့်က အေးစက်သော အသွင်ဖြင့်၊

“ ငါ့ကို ကျေးဇူးတင်မနေနဲ့ဦး ... ဟိုရောက်ရင် မင်းကိုငါဂရုစိုက်မှာ မဟုတ်ဘူး ဆန့်ကျင်ဘက်အနေနဲ့ သခင်လေးစုရီကြောင့် မင်းကို ပိုတင်းကြပ်ထားမှာ ... ။ ”

-ဟု သတိပေးလာတော့သည်။

ထို့နောက်တွင် ချန်ကျန့်နှင့် ကျန်းရီရန်က နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ ကျန်းရီရန်က လျူရှင်းလန်ကို ပုတ်နှိုးကာ လိုက်ပါစေခဲ့၏။

“ ချမ့်ကျွယ် ... အလောင်းတွေ အရင်ရှင်းပြီး ငါ့ဆီလာခဲ့။ ”

စုရီက မှာကြားလျက် အဌဂံဇရပ်ထံ လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက် ဆေးလုံး အချို့သောက်သုံးကာ ကြိမ်ကုလားထိုင်ပေါ်၌ မျက်လုံးမှိတ် အနားယူနေခဲ့၏။

ဝမ်ယွင်ချွယ် နိုးလာသောအခါ စုရီက မျက်လုံးများဖွင့်ပြီး ငုံ့ကြည့်လိုက်တော့သည်။

“ နိုးပြီးလား ... စိတ်ဝိညာဉ်ကျောက်စိမ်းတုံး ဘယ်မှာလဲ။ ”

ထိုအရာကို ဝမ်ယွင်ချွယ် ခန္ဓာကိုယ်တွင် ရှာမတွေ့ခဲ့ချေ။

“ သခင်လေး ... ချင်းဝမ်ရဲ့ နောက်ခံကို မင်းသိချင်နေတာလား။ ”

“ ငါ မင်းကို ရွေးချယ်ခွင့် ပေးမယ် ... စိတ်ဝိညာဉ်ကျောက်စိမ်းကို လွှဲပြောင်းပေးပြီး အသက်ရှင်နေထိုင်မလား ... သေမလား။ ”

“ သခင်လေး မင်းငါ့ကို တကယ် အသက်ရှင်ခွင့်ပေးမှာလား။ ”

စုရီက မဖြေချေ။ အဆုံးတွင် ဝမ်ယွင်ချွယ်တစ်ယောက် အသက်ပြင်းပြင်း ရှူလျက် သူ့ရင်ဘတ်ကို လက်သည်းဖြင့် ကုပ်ခွဲကာ ကျောက်စိမ်းတုံးတစ်တုံး ထုတ်ယူပေးလာသည်။

မည်မျှ နာကျင်သည်ကို ရှုံ့တွနေသော မျက်နှာမှ ဖော်ပြနေ၏။ ကျောက်စိမ်းတုံးသည် အရွယ်အစားအရ လေးလက်မသာရှိသည်။

မျက်နှာပြင် အရှေ့ဘက်တွင် ချောက်ကမ်းပါးကြီးနှင့် တိမ်တိုက်များ နောက်ခံ ပြုလျက် တောင်နှင့်မြစ်များကို ပြောင်းပြန် ရေးဆွဲထားသည်။

ကျောဘက်တွင် ရှုပ်ထွေးပွေလီသော လျှို့ဝှက်တားမြစ်အမိန့်တော်တစ်ခု ရေးထိုးထား ခဲ့၏။

“ ဝိညာဉ် ခိုအောင်းခြင်း ကျောက်စိမ်း။ ”

ဤသည်မှာ နတ်ဘုရားအဆင့် ကျောက်စိမ်းတုံးဖြစ်ပြီး အရိုင်းမြေကိုးပါး၌ပင် ၎င်းကို ရှားပါးသဘာဝရတနာအဖြစ် သတ်မှတ်သည်။

မိစ္ဆာကျင့်ကြံသူများ အမြင်တွင် နတ်သွေးကြောအဖြစ် မှတ်ယူကာ ဝိညာဉ်ကို အာဟာရပေးရန် အသုံးပြုကြ၏။

တန်ခိုးကြီးသော် စုရွှမ်ကြွယ်ဘဝ၌ပင် ဤနတ်ကျောက်စိမ်းမျိုး ဆယ်ကီလိုဂရမ်ခန့်သာ ပိုင်ဆိုင်သည်။

ထို့ကြောင့် မဟာကျိုးကဲ့သို့သော ဝိညာဉ်စွမ်းအင်များ ပါးလျနေသည့်အရပ်တွင် ထိုနတ်ကျောက်စိမ်း ထွက်ပေါ်လာသည်မှာ စိတ်ဝင်စားစရာပေပင်။

၎င်းပေါ်တွင် အဆောင်ဧကရာဇ်တစ်ပါးမှ တားမြစ်အမိန့်တစ်ခု ရေးထွင်းပေးထားသည်။ ကံမကောင်းစွာဖြင့် နတ်ကျောက်စိမ်းတုံးသည် ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားပြီ ဖြစ်ရာ အသုံးမဝင်တော့ချေ။

“ ဒါကို ဘယ်ကရလဲ။ ”

“ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က အင်ပါယာပြည်နယ်ရဲ့ ... ဌာနခွဲခေါင်းဆောင် ဟူရန်ဟိုင်တစ်ယောက် ရှာတွေ့လာတာပါ ဒီထက်ပိုပြီး ငါလည်းမသိပါဘူး။ ”

ဝမ်ယွင်ချွယ်မှ တုန့်ဆိုင်းခြင်မရှိ ပြန်ဖြေ၏။

“ အခု ... ဒီလူ ဘယ်မှာလဲ။ ”

“ ပြည်နယ်မြို့တော် အပြင်ဘက် မိုင်(၃၀၀)အကွာမှာရှိတဲ့ ကြေးနီတောင်ပေါ်မှာ အင်ပါယာဌာနခွဲကို တည်ထားပါတယ် ... ဒါက ငါသူတို့ဆီကနေ မထွက်ခွာခင်ပါ ...

... သခင်လေး ... သူနဲ့ငါ ရန်ငြိုးရှိတယ် မင်းစိတ်၀င်စားရင် ... ငါ ကျေကျေနပ်နပ်ကြီး ဆောင်ရွက်ပေးမှာပါ။ ”

စုရီက ဝမ်ယွင်ချွယ် စကားကြောင့် ခဏမျှစိုက်ကြည့်ကာ၊

“ မင်းက ငါ့ကို လက်စားချေဖို့ သုံးချင်တာလား။ ”

-ဟု စစ်မေးလိုက်၏။

“ သခင်လေး ... အဲဒီလူ ဟူရန်ဟိုင်က ဒုတိယအဆင့် မဟာသခင်ပါ ... ဒီတစ်သက်မှာ ငါ့အစွမ်းအစနဲ့ လက်စားချေဖို့ ခက်ခဲတာကို ဝန်ခံပါတယ်။ ”

“ မင်းငါ့ကို ဘယ်လို ကူညီပေးမလဲ။ ”

“ ငါ့ကျင့်ကြံမှု အားနည်းပေမယ့် ... အင်ပါယာပြည်နယ်ဌာနခွဲရဲ့ ကာကွယ်သူ (၄)ယောက်ထဲက တစ်ယောက်ဖြစ်နေဆဲပါ ဂိုဏ်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ အများကြီး ငါသိပါတယ်။ ”

“ ကောင်းပြီ ... မင်းကို ဆက်သွယ်ဖို့ နည်းလမ်းထားပြီး ထွက်သွားပါ အနာဂတ်မှာ ဟူရန်ဟိုင်ဆီ ငါသွားဖို့ ဆန္ဒရှိခဲ့ရင် မင်းကို ခေါ်သွားပေးမယ်။ ”

“ နားလည်ပါပြီ။ ”

ဝမ်ယွင်ချွယ်က ခေါင်းညိတ်ကာ ကျိုးပဲ့နေသောကြေးနီဒင်္ဂါးပြားကို ထုတ်ယူပြီး၊

“ သခင်လေး ... ဒီနေ့ပဲ အင်ပါယာမြို့တော်ကို ငါ သွားပါတော့မယ် မင်း ငါ့ကိုရှာချင်ရင် အင်ပါယာမြို့တော် ငြိမ်းချမ်းရေး တည်းခိုဆောင်ဆီ ... ဒီဒင်္ဂါးပြားပို့ပေးပါ။ ”

စုရီက ခေါင်းညိတ်လျက်၊

“ မင်းသွားလို့ရပြီ ... ။ ”

-ဟု ပြောကြားလိုက်တော့သည်။

ဝမ်ယွင်ချွယ်က လက်သီးနှင့် လက်ဖဝါးဖိကပ်ကာ နှုတ်ဆက်လျက် လှည့်ထွက်သွားလေသည်။

ထိုအချိန်တွင် ဟွမ်ချမ့်ကျွယ်က အလောင်းကောင် ရှင်းလင်းရေး လုပ်ပြီးနောက် စုရီထံ ရောက်ရှိလာ၏။

“ အစ်ကိုစု၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ လက်နက်တွေအပြင် ထူးဆန်းတဲ့ အရာအချို့ ငါတွေ့ခဲ့တယ်။ ”

သူ စကားပြောနေစဉ် သွေးနီရောင် ဖယောင်းတိုင်တစ်တိုင်၊ အနက်ရောင် စက္ကူပြား တစ်ချပ်၊ အရိုးဖြင့် ပြုလုပ်ထားသော ပုတီး တစ်ကုံး၊ သွေးစွန်းနေသော ရုပ်သေးရုပ် တစ်ရုပ်ကို ထုတ်ယူပြလာသည်။

စုရီက ဝိညာဉ်ကျောက်တုံးများကို ဟွမ်ချမ့်ကျွယ်ယူစေပြီး အနက်ရောင်စက္ကူနှင့် အဖြူရောင် အရိုးပုတီးကို ဖျက်ဆီးရန် အမိန့်ပေးသည်။

ဤအရာများအားလုံးသည် မကောင်းဆိုးရွားအဆောင်များ ဖြစ်ကာ တန်ဖိုး မရှိလှချေ။

ယင်းအစား သွေးဖယောင်းတိုင်နှင့် သွေးရုပ်သေးရုပ်သည်သာ သူ့စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။

သွေးအနှစ်သာရနှင့် ပြုလုပ်ထားသည့် ဝိညာဉ်ခေါ်ဖယောင်းတိုင်ကို စုရီမှကောက်သိမ်း လိုက်၏။

ဤသည်မှာ ဝမ်ယွင်ချွယ်နောက် ‌ခြေရာခံမိစေသော နည်းလမ်းတစ်ရပ်ပေပင်။ ကျိုးပဲ့နေသော ကြေးနီဒင်္ဂါး မရှိလျှင်ပင် သွေး ဖယောင်းတိုင်ဖြင့် ရှာဖွေနိုင်ပေမည်။

ထို့နောက် သွေးရုပ်သေးရုပ်ကို ကြည့်လိုက်၏။ ၎င်းသည် လူ့အရေပြားဖြင့် ပြုလုပ်ထားသော လက်ဖဝါးအရွယ်မျှသာ ရှိသည့် ရုပ်သေးရုပ်ဖြစ်သည်။

မကောင်းဆိုးဝါးရောင်ဝါနှင့် ထူးဆန်းသည့် သင်္ကေတများ ဖုံးအုပ်ထားပြီး သိပ်သည်းသော သွေးနံ့အချို့ ထွက်ရှိနေသည်။

“ ဒီကောင်တွေက မြို့ထဲမှာ သွေးသန့်စင်ခြင်း ယဇ်ပလ္လင်ကို တည်ဆောက် ထားပုံရတယ် ... ဒီသွေးရုပ်သေးက အစီရင်ကို အသက်သွင်းဖို့ သော့ချက်ပဲ ... နှမျောစရာ။ ”

စုရီက ရေရွတ်လျက် သွေးရုပ်သေးကို လက်ညိုးဖြင့် လှီးဖြတ်လိုက်သည်။ အစိမ်းရောင် အလင်းဖျော့ဖျော့များ လက်၌တောက်ပလာပြီး ရုပ်သေးဦးခေါင်း မြေပြင်ပေါ် ပြတ်ကျသွား၏။

ထိုစဉ် မြို့တော်ထဲရှိ လူဆိတ်ညံသော ခြံဝင်းတစ်ခုအတွင်း အရိုးခေါင်းကိုးလုံးဖြင့် တည်ဆောက်ထားသော ယဇ်ပလ္လင်ထံမှ ညည်းတွားသံ ထွက်ပေါ်လာသည်။

“ ဝုန်း ... ။ ”

အဆုံးတွင် အရိုးပလ္လင် ပေါက်ကွဲသွားပြီး သွေးစွန်းနေသော အလောင်းကောင်တစ်ကောင် ထွက်ပေါ်လာ၏။

စုရီက ခဏမျှစဉ်းစားကာ၊

“ ချမ့်ကျွယ် ... ငါတို့မြို့တော်ကို စရောက်တဲ့နေ့တုန်းက တွေ့လိုက်တဲ့ တိမ်လှိုင်း စံအိမ်ကို မင်းမှတ်မိသေးလား ... ဒီည သွားရအောင်။ ”

-ဟု ပြောကြားလိုက်သည်။

ဟွမ်ချမ့်ကျွယ်တစ်ယောက် အံ့အားသင့်သွားပြီး မယုံကြည်နိုင်ဖွယ် မျက်လုံးများ ပြူးကျယ်သွားတော့၏။

သို့သော် တစ်ဖက်လူသည် သွေးဆူတတ်သော (၁၇)နှစ်အရွယ် လူငယ်သာ ဖြစ်ကြောင်း ပြန်၍ သတိရလာသည်။

လူငယ်များသည် သူတော်စင်များ မဟုတ်ချေ။ ရဲရင့်ပြီးတိုက်ပွဲကို ဆာလောင်သည့် သူရဲကောင်းများသာ ဖြစ်၏။

***

All Chapters