← Chapters

ဝိညာဉ်ချည်ကြိုး။

Vol. 11 Ch. 131

ဝိညာဉ်ချည်ကြိုး။

Vol. 11 Ch. 131

နှစ်ထပ်နန်းတော်တစ်လုံးကို အဝေးမှ လှမ်းမြင်နေရ၏၊ ဖန်ရှုမှ၊

“ သခင်လေး ... မိန်းကလေးချာကျင်က ဒီနေ့အတွက်ဂုဏ်ထူးဆောင် ဧည့်သည်တော်ကို ဖျော်ဖြေနေရပါတယ် ... မင်းရူးရူးမိုက်မိုက် ဝင်သွားရင် ဒုက္ခရောက်နိုင်တယ်။ ”

“ မစိုးရိမ်ပါနဲ့ မင်းပြန်လို့ရပြီ ငါတစ်ယောက်တည်း သွားလိုက်မယ်။ ”

“ သခင်လေး မင်းသွားလို့ မရဘူး ... အခုချိန်မှာ ခေါင်းဆောင်ယွမ် လာခဲ့ရင်တောင် ဒီဧည့်သည့်ကို နှောက်ယှက်ဝံ့မှာမဟုတ်ဘူး။ ”

သို့သော် စုရီမှ ဂရုမစိုက်ဘဲ နန်းတော် အပေါ်ထပ်သို့ လှမ်းတက်သွားသည်။ ဖန်ရှုက အံကြိတ်လျက် လိုက်ပါးမှ လိုက်ပါ၏။

အခန်းဝတွင် သန်မာသော အစောင့်လေးဦးရပ်နေ၏။ ၎င်းတို့က စုရီကို မြင်သောအခါ ထိတ်လန့် အံ့သြသွားသည်။

“ မင်္ဂလာပါ ဆရာစု။ ”

လေးယောက်သား ချက်ချင်း ဦးညွှတ်တော့၏။ စုရီက မျက်မှောင်ကြုတ် လိုက်ပြီး၊

“ ဒါဆို ... ။ ”

-ဟု ရေရွတ်ကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်လေသည်။

ခမ်းနားထည်ဝါသော စင်မြင့်ပေါ်တွင် ကျောက်စိမ်းဝတ်ရုံဆင်မြန်းထားသော လူငယ် တစ်ဦးက အမျိုးသမီးငယ်တစ်ဦး၏ ပေါင်ပေါ် ခေါင်းမီလျက် မှိန်းနေခဲ့၏။

သူတို့ဘေးတွင် လက်ဖက်ရည်ဖျော်ပြီး ဝိုင်လောင်းငှဲ့ပေးနေသော အစေခံအချို့ ရှိနေ သည်။

ခပ်ဝေးဝေးတွင် ရိုးရှင်းစွာ ဝတ်ဆင်ထားသော ချာကျင်မှ ဗျပ်စောင်းကို ကစားပေးနေ၏။

ရုတ်တရက် တံခါးဖွင့်သံကြောင့် ဗျပ်စောင်းသံ ရပ်သွားကာ ကျိုးကျစ်လီမှ ခေါင်းမော့ကြည့်၏။

“ သခင်လေးစု ... ။ ”

စုရီက ကျိုးကျစ်လီကို လျစ်လျူရှုကာ ချာကျင်ထံ တိုက်ရိုက်ကြည့်သည်။ ချာကျင်က အံ့သြသွားပြီး၊

“ မင်္ဂလာပါ သခင်လေးစု။ ”

-ဟု နှုတ်ဆက်လာ၏။

စုရီက ကျိုးကျစ်လီထံ လက်ပြပြီး၊

“ ငါသူနဲ့ ကိစ္စလေးရှိသေးတယ် ... ထွက်သွားကြ ... ။ ”

-ဟု အမိန့်ပေးလေသည်။

ကျိုးကျစ်လီတစ်ယောက် တစ်ခုခု မှားယွင်းနေသည်ကို နားလည်လိုက်သဖြင့်၊

“ အားလုံး ထွက်သားကြ ... ခွင့်မပြုဘဲ ဘယ်သူမှ ဝင်လာခွင့် မရှိဘူး။ ”

-ဟု မောင်းထုတ်တော့၏။

“ မင်းလည်း လိုက်သွား ... တံခါးပိတ်ခဲ့။ ”

ကျိုးကျစ်လီခမျာ မျက်ခုံးပင့် လိုက်မိတော့သည်။ ထိုမြင်ကွင်းကို ရပ်ကြည့် နေမိသော ဖန်ရှုသည်လည်း အသက်ရှူ ရပ်သွား၏။

“ ကျွီ ... ။ ”

အခန်းအတွင်း တစ်ယောက်မှ မကျန်တော့သည့်အချိန်၌ စုရီက ချာကျင်ထံ လှည့်ကြည့်လိုက်သည်။

ချာကျင်မှ ထရပ်ကာ စုရီအတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးတော့၏။ သူမ အသွင်သည် တည်ငြိမ်လွန်းချေပြီ။

“ ပြောပါ ... ဘယ်သူလဲ။ ”

စုရီက ရေနွေးကြမ်းခွက်ကို လက်ခံယူကာ မေးမြန်းလိုက်၏။

“ သခင်လေး ... ငါ့ရဲ့ စီနီယာအစ်ကိုပါ မင်းကိုတိုက်ခိုက်ပြီး ဒီမြို့ကနေ ထွက်သွားပါပြီ။ ”

စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။ မြေကြီးအဆင့် လက်နက်ကို အသုံးပြုနိုင်သော တစ်စုံတစ်ယောက်သည် ဤမျှ သတ္တိကြောင် နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။

ချာကျင်မှ ထိုအတွေးကို မြင်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“ မြေကြီးအဆင့် လက်နက်နဲ့တောင် မင်းကိုဒဏ်ရာ မပေးနိုင်ရင် ငါလည်း ဒီလိုပဲ ဆုံးဖြတ်ချက် ချမိပါလိမ့်မယ် သခင်လေး။ ”

“ ဒါဆို ... မင်းက ဘာလို့ ဒီမှာရှိနေသေးတာလဲ။ ”

“ ဆဋ္ဌမမင်းသားသာ ရောက်မလာခဲ့ရင် အခုချိန် စီရင်စုမြို့တော်နဲ့ ... မိုင်ပေါင်းများစွာ အကွာကို ငါရောက်နေပါပြီ။ ”

“ ဒါပေမယ့် မင်းအသက်ထက် ဘာများ ပိုအရေးကြီးလို့လဲ။ ”

“ ပြဿနာ မရှိပါဘူး ... ငါသေရင် စီနီယာအစ်ကိုက ငါ့အတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်။ ”

ထို့နောက် တည်ငြိမ်စွာဖြင့်၊

“ ငါတို့က မင်းရဲ့ ရန်သူမဖြစ်နိုင်တာ အမှန်ပါဘဲ ဒါပေမယ့် ငါတို့နောက်မှာ ရပ်နေတဲ့ အင်အားစုက သေမျိုးကမ္ဘာကို ကျော်လွန်တဲ့ စွမ်းအားမျိုးရှိတယ်လို့ ငါပြောရင် ... မင်းငါ့ကို သတ်ဝံ့ဦးမှာလား။ ”

ထိုစကားကို ပြောပြီးနောက် လက်ဖက်ရည်ခွက်ကို အေးအေးဆေးဆေး တစ်ငုံသောက်ယူလိုက်သည်။

မည်သူမဆို ဤစကားကိုကြားလျှင် မည်မျှအကျိုးဆက်များ ပြင်းထန်နိုင်မည်ကို သေချာပေါက် တွေးနိုင်၏။

“ လဂိုဏ်းလား ... ။ ”

စုရီမှ မျက်မှောင်ကြုတ်ကာ မေးသည်။

“ မှန်တယ် ... ။ ”

ချာကျင်က ခေါင်းညိတ်လိုက်၏။ ထိုအကြောင်းကို ပြောရလျှင် သူမနှလုံးသား၌ မာနတရားများ ပေါက်ဖွားလာသည်။

“ မလုံလောက်ဘူး။ ”

သို့သော် စုရီမှ ခေါင်းရမ်း၏။

“ သခင်လေး ... မင်းဒီအတွက် ချိန်ဆကြည့်စေချင်တယ် ... အနည်းဆုံးတော့ ငါ့ကိုသတ်တာက သူတို့ရဲ့ရန်သူဖြစ်လာဖို့ မထိုက်တန်ပါဘူး။ ”

“ မင်းမှားနေပြီ ... မင်းရဲ့ဂိုဏ်းက ငါ့ရန်သူဖြစ်ဖို့ မထိုက်တန်ဘူး။ ”

စုရီက စကားကို ပြင်ပေးလိုက်သည်။ ချာကျင်၏ လှပသောမျက်နှာပေါ်တွင် အေးစက် လေးနက်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။

“ ရွှပ် ... ။ ”

စုရီမှ စကားမပြောတော့ဘဲ ဓားကို ဆွဲထုတ်ပြီး ချာကျင်ထံ ထိုးသွင်းလိုက်တော့၏။ ချာကျင်မှ မဆိုင်းမတွ ရှောင်ထွက်သွား​သည်။

နောက်ဆုံးအကြိမ် တွေ့ဆုံမှုတွင် စုရီ၏ ကြောက်စရာကောင်းသော တိုက်ပွဲဝင်စွမ်းအား ကို သူမ ကြုံတွေ့ထား၏။

ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် သူမသည် ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်ဟု ခံယူထားပြီးဖြစ်သည်။

သို့သော် ရိုးရှင်းပုံပေါက်သော ထိုဓားချက်သည် ရှောင်တိမ်းရာ လမ်းတိုင်းကို ပိတ်ဆို့ထားသည့် ပိုက်ကွန်တစ်ခုဖြစ်လာ၏။

“ ထန် ... ထန် ... ။ ”

စိတ်ပျက်အားငယ်စွာဖြင့် ဓားမြှောင် နှစ်လက် ဆွဲထုတ်လိုက်ကာ လှည့်ပြီးထိပ်တိုက် ရင်ဆိုင်လိုက်ရတော့သည်။

“ ချွင် ... ။ ”

သတ္ထုရိုက်သံများ ထွက်ပေါ်လာကာ လက်နှစ်ဘက်စလုံး ပြင်းစွာ တုန်ယင်လျက် ဓားလွတ်ကျသွား၏။

မတုံ့ပြန်နိုင်ခင် ဓားတစ်လက်က လျှပ်စီးလက်သလို သူမလည်မျိုနှင့် တစ်လက်မ အကွာတွင် ရပ်သွားလေသည်။

အလွန်ထိတ်လန့်သွားပြီး အသက်ရှူ ကြပ်သွားကာ အသိစိတ် လွတ်ထွက်သွားခဲ့၏။ ချွေးများသီးလျက် စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။

မာနနှင့် ယုံကြည်မှုသည် ဆပ်ပြာ ပူဖောင်းများကဲ့သို့ ကွဲအက်ကုန်ကာ အဆုံးမရှိ အကြောက်တရားများ လွှမ်းမိုးလာ၏။

စုရီက ရုတ်တရက် နောက်လှည့်စေကာ အင်္ကျီဆွဲချပြီး ကျောပြင်၌ တားမြစ်အမိန့်တစ်ခု ရေးသားလိုက်သည်။

အရေပြားပေါ်တွင် သွေးချည်မျှဉ်များ ပေါ်လွင်လျက် ထူးဆန်းသောပုံစံများ အသက် ဝင်လာသည်။

“ အား ... ။ ”

ပြင်းထန်သော နာကျင်မှုကြောင့် အော်သံပြုလိုက်၏။ ထိုအသံသည် ကြားရသည့် ယောက်ျားတိုင်းကို သွေးဆူသွားစေသည်။

ဦးခေါင်းအတွင်း မူးဝေလျက် ဝိညာဉ်တဆတ်ဆတ် တုန်ယင်ကာ အသက် ရှူသံများ လေးလံလာ၏။

အဆုံးတွင် အော်သံများသည် ညည်းညူသံအဖြစ်သို့ ပြောင်းလဲသွားသည်။ အချိန်အတော်ကြာပြီးနောက် ချာကျင် တစ်ယောက် အသိစိတ်ပြန်ဝင်လာ၏။

“ နင် ... နင်ဘာလုပ်တာလဲ။ ”

စိတ်ထဲရှိ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်တော့ဘဲ တုန်လှုပ်သောအသံဖြင့် မေးမြန်းလိုက်သည်။

သူမဟူသည် သေခြင်းတရားကို မကြောက်ချေ။ သူမ ကြောက်သည်မှာ သေခြင်း တရားထက် ပို၍ ဆိုးရွားသောဘဝဖြစ်သည်။

“ ဒါဝိညာဉ်ချည်ကြိုးလို့ ခေါ်တယ် ... မင်းမှာမူလတာအိုနယ်ပယ် ခွန်အားမျိုးရှိရင် ဖယ်ရှားနိုင်လိမ့်မယ်။ ”

ထိုစကားက ချာကျင်ကို ကူကယ်ရာမဲ့သွားစေ၏။ မူလတာအို နယ်ပယ် ဟူသည် လမ်းမပေါ်၌ အလွယ်တကူ မြင်တွေ့ နိုင်သည့် ပုဂ္ဂိုလ်များမဟုတ်ချေ။

“ သုံးလတစ်ကြိမ် ... မင်းနှလုံးသားကို ဒီအမိန့်ရဲ့ စွမ်းအားက ထိုးစွလိမ့်မယ် အရမ်း နာကျင်တယ် ...

... ခြောက်လအတွင်း မဖယ်ရှားနိုင်ရင် မင်းရဲ့ဝိညာဉ်တစ်ခုလုံး ကွဲကြေပြီး ဖုတ်ကောင် တစ်ကောင် ဖြစ်လာလိမ့်မယ်။ ”

“ နင် ... မိစ္ဆာကောင်။ ”

ချာကျင်ခမျာ မျက်နှာဖြူဖျော့လျက် ကြောက်ရွံ့မှုနှင့် ဒေါသများ ပြည့်နှက်လာ တော့သည်။

ကျိုးကျစ်လီက လက်နောက်ပို့လျက် ရှုပ်ထွေးသော အသွင်အပြင်ဖြင့် အခန်းတံခါးကို လှည့်လှည့် ကြည့်နေမိ၏။

အတွင်းမှ ဓားခုတ်သံနှင့် အော်ဟစ် ညည်းညူသံများသည် အမျိုးသားတစ်ယောက် အတွက် သည်းခံနိုင်သော အရာမျိုး မဟုတ်ချေ။

“ မင်း ဘာလုပ်နေတာလဲ။ ”

ချင်ကျင်းက သမ်းဝေလျက် လက်တစ်ဖက်တွင် ဝိုင်ပုလင်းကိုင်ဆောင်ကာ အမျိုးသားတစ်ဦးအသွင် ၀တ်ဆင်ပြီး ရောက်ရှိလာသည်။

ကျန်းသော်မှ လှမ်းတက်လာကာ ရှင်းပြလိုက်၏။ ချင်ကျင်းက စက်စုပ်ရွံရှာဖွယ် အကြည့်ဖြင့် အခန်းတံခါးထံ ပြန်ကြည့်ပြီး၊

“ တကယ် ... မထင်ထားဘူး ... ငါ့လို တာအိုရှာသူလို့ ထင်နေတာ ယောကျ်ားတွေများ ... အတူတူပါပဲ။ ”

-ဟု လှောင်ပြောင်တော့သည်။

“ မိန်းကလေးချင် ... သခင်လေးစုက ဒီလိုလူမျိုး မဖြစ်နိုင်ပါဘူး။ ”

ကျန်းသော်မှ ရှင်းပြရန် ပြင်၏။

“ ဟမ့် ... မင်းဆိုရင်ရော ... ဒီလိုကိစ္စတွေမှာ လူအများကို ကြည့်ခွင့်ပေးမှာလား။ ”

“ ကျွီ ... ။ ”

သူမ စကားကြောင့် လူတိုင်း တိတ်ဆိတ်သွား၏။ များမကြာခင် အခန်းတံခါး ပွင့်လာပြီး စုရီလှမ်းထွက်လာသည်။

သူ့နောက်တွင် အင်္ကျီကို ပခုံးပေါ် ဆွဲတင်လျက် ဆံပင်ရှည်များ ပြေကျနေသော ချာကျင်လိုက်ပါလာ၏။ ဤအသွင်အပြင်သည် ကျိုးကျစ်လီနှင့် ယောက်ျားထုကြီးအပေါ် အသက်မဲ့သွားစေတော့သည်။

***

All Chapters