အခန်း (၉၄၁)
Vol. 64 Ch. 941
နောက်ကြောင်းပြန်၍ ပြောဆိုရမည်ဆိုလျှင် ထိုက်ရွမ်အအေးဂိုဏ်းသည် မီးတောက်လှိုင်းရေကန်ဆီသို့ သွားရောက်ကာ နတ်ဆိုးဂိုဏ်း၏ အကြွင်းအကျန်များကို သွားရောက်သတ်ဖြတ်သုတ်သင်ခဲ့သည်။ နှစ်ဖက်သား သည် အပြင်းအထန် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ တပည့်များသည် အထက်အကြီးအကဲများနှင့် လူချင်းကွဲ သွားခဲ့၏။ စုရှောင်မိုနှင့် ရှရွှေယွင်တို့ နှစ်ယောက်လုံးသည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် အားအင်ကို ပိုင်ဆိုင်သော မျက်နှာဖုံးစွပ် လူတစ်ယောက်နှင့် ရင်ဆိုင်သည့်အချိန်မှာတော့ ရုတ်တရက် တိုက်ခိုက်ခြင်း ခံခဲ့ရ တော့သည်။
စုရှောင်မိုသည် ချက်ချင်းပဲ သူမအစား တစ်ဖက်လူ၏ တိုက်ခိုက်ချက်ကို ကျောပေးကာ ခုခံပေးခဲ့၏။ ပြီးသည့် နောက်မှာတော့ ၎င်းတို့နှစ်ယောက်လုံးသည် တော၏အနက် အတွင်းပိုင်းဆီသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြ၏။ အရေးကြီးသော အခြေအနေမျိုးတွင် မိန်းကလေးတစ်ယောက်အတွက် ဤကဲ့သို့ ကြားဝင်ခံယူခဲ့ရ သည်ဆိုသည်မှာ ကျိန်းသေပေါက် သူမ၏ နှစ်သက်မှုများ ပိုမို၍ တိုးပွားလာပေလိမ့်မည်။
“အစ်မရှ”
ခဏလောက်ကြာပြီးသည့်နောက် စုရှောင်မိုသည် စမ်းရေကို သယ်ဆောင်ကာဖြင့် ပြန်လာခဲ့တော့သည်။ ပြီးနောက် ပြောလိုက်၏။ “စမ်းရေက အရမ်းကို ချိုတာပဲ”
ရှရွှေယွင်သည် ရေကိုယူကာဖြင့် သောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူမသည် မတ်တပ်ထရပ်ရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ ဒဏ်ရာများ ရှိနေသောကြောင့် အလုံးစုံ ပြန်လည်မကောင်းမွန်သေးချေ။ ထို့ကြောင့် ခန္ဓာကိုယ်သည် ပြိုလဲလုမတတ် ဖြစ်သွား၏။ စုရှောင်မိုသည် လျင်လျင်မြန်မြန်ပဲ သူမကို ဖေးမကာ ပြောလိုက်၏။ “ဒဏ်ရာတွေက ဆိုးရွားသေးတယ်လေ၊ ဒီတော့ အတင်း တွန်းအားပေးပြီးတော့ ထစရာ မလိုဘူး”
ရှရွှေယွင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။ သူမသည် တစ်ဖက်လူအား တွန်းထုတ်ပစ်ချင်၏။ သို့ပေမဲ့ ဒဏ်ရာများ ရှိနေသောကြောင့် အသာပြန်လည်ထိုင်ချကာ ပြောလိုက်သည်။ “ငါ့ကို လွှတ်ပေးအုံး”
.............
စုရှောင်မိုသည် သူမ၏ လွှတ်ပေးလိုက်၏။ ပြီးသည့်နောက်မှာတော့ လှိုဏ်ဂူ၏ အဝဆီသို့ သွားလိုက်သည်။ “ပြန်ကောင်းသွားတဲ့အထိ ကျုပ်က ဒီကနေ စောင့်ရှောက်ပေးမယ်”
မှတ်ထား၊ တစ်ဖက်လူရဲ့ ခံစားချက်တွေက အမြင့်ဆုံးအခြေအနေ ရောက်တဲ့အထိ တွန်းအားပေးဖို့လိုတယ်။ အကြီးအကဲဝေ၏ စကားလုံးများသည် သူ၏ နားထဲသို့ တိုးဝင်လျက်ရှိသည်။
ဆွစ်
စုရှောင်မိုသည် ရှရွှေယွင်ကို နောက်ကျောပေးကာ ထိုင်ချလိုက်၏။ သူ၏ကျောဘက်တွင်တော့ နက်မှောင်နေသည့် လက်ဝါးရိုက်ချက်တစ်ခု တည်ရှိနေသည်။ ထိုအရာသည် မျက်လုံးဖုံးနှင့်လူ၏ တိုက်ခိုက်ချက်မှ ကျန်ရစ်ခဲ့သော အရာပင်ဖြစ်သည်။ ထိုအရာကို မြင်သည့်နောက်မှာတော့ ရှရွှေယွင်သည် တစ်ဖက်လူသည် သူ့အား စွန့်လွှတ်စတေးကာဖြင့် ကယ်တင်ခဲ့သည်ဆိုသည့်အကြောင်းကို ပြန်လည်ကာ သတိရသွားခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် ရှိသော အေးစက်မှုများသည် ပျောက်ကွယ်သွားခဲ့တော့သည်။ ခေါင်းကိုငုံ့ကာဖြင့် ပြောလိုက်မိ၏။ “တောင်းပန် ပါတယ်၊ ဒီကိစ္စထဲမှာ မင်းကို ဆွဲသွင်းခဲ့မိပြီ”
စုရှောင်မိုသည် ပြုံးကာ ပြောလိုက်မိ၏။ “အစ်မရှအတွက် လက်ဝါးရိုက်ချက်တစ်ခုကို ခံယူခဲ့တာ ဂုဏ်ယူစရာတောင် ဖြစ်သေးတယ်လေ”
“အကြီးအကဲဝေ... ကျုပ်အောင်မြင်တော့မယ် ထင်တယ်” အကြီးအကဲဝေသည်သာ ဤနေရာတွင် ရှိနေပါက ကျိန်းသေပေါက် လက်မထောင်ပြပေလိမ့်မည်။
“တော်တော် အပြောကောင်း”
ရှရွှေယွင်သည် မျက်လုံးများ ချာချာလည်သွား၏။ ပြီးသည့်နောက်မှာတော့ မတ်တပ် ထရပ်ရန် ကြိုးစားခဲ့ပြန်သည်။ ပြီးနောက် ကျောက်နံရံကြီးကို အသာမှီလိုက်၏။ “ငါ့ရဲ့ဒဏ်ရာတွေက မကြာခင်မှာ ပြန်ပြီး ကောင်းသွားလိမ့်မယ်၊ မင်းအရင် အနားယူလိုက်အုံး”
“ကျုပ်”
စုရှောင်မိုသည် စကားတစ်ခုပြောရန် ပြင်ဆင်လိုက်သည်ဆိုသော်လည်း တစ်ဖက် မိန်းကလေး၏ စူးရှသည့် အကြည့်များကို မြင်ရသည့်နောက်မှာတော့ အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ကောင်းပါပြီ”
ဟူး ဟူး
သူသည် နှလုံးသားဆုဒြာအား အသက်သွင်းကာဖြင့် စိတ်ဝိညာဉ်စွမ်းအင်များကို လှုပ်ရှားစေခဲ့၏။ လှိုဏ်ဂူ၏ အရှေ့ဝဆီသို့ သွားရောက်ရန် ကြိုးစားလျက်ရှိနေသော ရှရွှေယွင်သည် စုရှောင်မို၏ ပုံပန်းသွင်ပြင်ကို မြင်ရသည့် အချိန်မှာတော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ “သူက တကယ့်ကို ဂိုဏ်းရဲ့နှလုံးသားဆုဒြာကို နားလည်အောင် ကျင့်ကြံနိုင်ခဲ့တာပဲ”
ဤနည်းစနစ်သည် ထိုက်ရွမ်အအေးဂိုဏ်း အပြင်စည်းတပည့်များ လေ့ကျင့်သော နည်းစနစ်တစ်ခုဖြစ်၏။ ထိုအရာကို ကျင့်ကြံနိုင်သည့်လူမှသာလျှင် အထက်ပိုင်းအကြီးအကဲများ၏ အသိအမှတ်ပြုခြင်းကို ခံရ၏။
အတွင်းစည်းဂိုဏ်းတပည့်အဖြစ် ဖြစ်လာနိုင်ရန် ကြိုတင်စာရင်းဝင်ပြီးပြီဖြစ်သော စုရှောင်မိုမှာတော့ တစ်လလောက်သာ ကြိုးစားရသေးသည်။ ဤနည်းစနစ်ကို အလုံးစုံ ကျွမ်းကျင်နေခဲ့ပြီ ဖြစ်တော့သည်။ သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော လူတစ်ယောက်အတွက် ဤကဲ့သို့သော သိုင်းကျင့်ကြံခြင်း နည်းစနစ်လေးကို ခဏလေးအတွင်း နားလည်ဖို့ဆိုသည်မှာ အလွန်တရာ လွယ်ကူသော ကိစ္စပင် ဖြစ်တော့သည်။
ဟုတ်ပေသည်။ စုရှောင်မိုသည် ဟန်ဆောင်နေခြင်းသာ ဖြစ်တော့၏။ သူသည် အစစ်အမှန် ဒဏ်ရာ မရရှိခဲ့ပေ။ လေးနာရီခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ သူ၏ နောက်ကျောဘက်တွင် ရှိနေသော အမဲရောင်လက်ဝါး ရိုက်ချက်ကြီးသည် တဖြည်းဖြည်း အားပျော့လာ၏။ သူသည် အားအင်များ တိုးတက်သွားသလို ဟန်ဆောင်ကာဖြင့် မတ်တပ်ထရပ်လိုက်၏။
“အစ်မရှ”
ဒဏ်ရာများ တည်ရှိနေသောကြောင့် ရှရွှေယွင်သည် နံရံကိုမှီကာ အိပ်ပျော်လျက် ရှိနေတော့သည်။ သူမ၏ ဖြူလျော်နေသည့် မျက်နှာကို ကြည့်ပြီးသည့်နောက် စုရှောင်မိုသည် မည်သို့မှ မနေနိုင်တော့ချေ။ “ငါ ကာကွယ်ပေးတာသာ မဟုတ်ရင် ဒီမိန်းကလေးက သေတာကြာပြီပေါ့”
သူသည် အသာလျှောက်သွား၏။ ပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်ထဲတွင်ရှိသော စောင်တစ်ထည်ကို ထုတ်ယူကာ ရှရွှေယွင်အား အသာဖုံးအုပ်ပေးလိုက်၏။ သူသည် ဂရုတစိုက်ဖြင့် ဖြည်းဖြည်းသာသာ ပြုလုပ်ပေးခဲ့ သည်ဖြစ်သော်လည်း သူမမှာတော့ နိုးထသွားခဲ့သည်။
သူမသည် မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်နောက်မှာတော့ အေးစက်သည့်အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။ သို့ပေမဲ့ မည်သူဖြစ်သည်ကို အတည်ပြုပြီးသည့်နောက် မှာတော့ သူမ၏ မျက်လုံးများသည် ပြန်လည်ကာ နူးညံ့သွားခဲ့၏။
“ဒဏ်ရာတွေ ကောင်းသွားပြီလား”
“အင်း... ကောင်းသလောက်ပါပဲ”
“မျက်နှာဖုံးစွပ်လူရဲ့အားအင်အဆင့်က သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်လောက်မှာ ရှိတယ်လေ၊ သူ့ရဲ့ သိုင်းနည်းစနစ်ကလည်း အရမ်းကို ထူးဆန်းတယ်၊ ဘယ်လိုဖြစ်ပြီးတော့ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာတာလဲ”
ရှရွှေယွင်၏ ဖြစ်ပေါ်နေသော သံသယများကို မြင်ရသည့်နောက်မှာတော့ စုရှောင်မိုသည် ကျိုးပဲ့နေသော ကြွေပြားလေးတစ်ခုကို ကောက်ယူကာဖြင့် ပြောလိုက်၏။ “ဒါက ကျုပ်ကို ကာကွယ်ပေးဖို့အတွက် ဆရာ ချန်ထား ခဲ့တဲ့ အကာအကွယ် ရတနာတစ်ခုလေ၊ အားအင်တွေ ကုန်သလောက်နီးပါး ဖြစ်နေပြီ”
“ငါ နားလည်ပြီ” ရှရွှေယွင်သည် ရုတ်တရက် နားလည်သွားမိ၏။
“ဆိုးတာပဲ”
စုရှောင်မိုသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ဒါက အခုတော့ ပျက်စီးသွားခဲ့ပြီ”
“ဂိုဏ်းကို ပြန်ရောက်ပြီဆိုရင် မင်းကို အကာအကွယ်ရတနာတစ်ခု ထပ်ပေးဖို့ အဘိုးကို ပြောပေးမယ်လေ” ရှရွှေယွင်က ပြောလိုက်၏။
စုရှောင်မိုသည် ပြုံးကာ ပြောလိုက်၏။ “စီနီယာအစ်မက သူတော်စင်နှလုံးသားဆေးလုံးကို ပေးခဲ့ပြီးသားလေ၊ ဘယ်လိုလုပ်ပြီး ကျုပ်က တခြားဟာကို ထပ်ယူရမှာလဲ”
ပြောပြီးသည့်နောက်မှာတော့ သူသည် အမှတ်မထင် ခါးကိုလှမ်း၍ ထိလိုက်သည်။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ပုလင်း ဘယ်ရောက်သွားလဲ၊ ကျုပ် ပုလင်း ဘယ်ရောက်သွားလဲ၊ သွားပြီ သွားပြီ၊ အပြင်ဘက်မှာ ကျခဲ့တာ နေလိမ့်မယ်၊ သွားရှာရမယ်”
ရှရွှေယွင်က ပြောလိုက်သည်။ “ဒါက ပုလင်းလွတ်လေး တစ်ခုလေ၊ ဘယ်လိုဖြစ်ပြီး ဒီလောက် ဂရုစိုက်နေရတာလဲ”
စုရှောင်မိုသည် လှိုဏ်ဂူ၏အဝင်ဝဆီသို့ သွားပြီးသည့်နောက် သေချာကုန်းကာ ရှာလျက်ရှိနေသည်။ “လူတွေ အများကြီးအတွက် ဒါက သာမန်ပုလင်းလေးတစ်ခုပဲ၊ ဒါပေမဲ့ ကျုပ်အတွက်တော့ အသက်ထက်တောင် ပိုပြီး အရေးကြီးတဲ့အရာပဲ၊ ဘာလို့လဲဆိုတော့ အစ်မရှက ကျုပ်ကိုပေးထားတဲ့အရာမို့လို့လေ”
“အရူးလေး... အရူး”
ရှရွှေယွင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်မိသည်။ သူမသည် လက်ကိုယမ်းခါပြီးသည့်နောက် မှာတော့ သူတော်စင်နှလုံးသား အအေးဆေးပုလင်းအား ထုတ်ယူလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “မင်း ရေသွားရှာတုန်းက လှိုဏ်ဂူအဝင်ဝမှာ ကျခဲ့တာလေ၊ ရော့...”
စုရှောင်မိုသည် မြန်မြန်ပဲ ရောက်ရှိလာ၏။ ပုလင်းကို ရယူပြီးသည့်နောက်မှာတော့ သူ၏ အင်္ကျီစနှင့် အသာပွတ်သပ် လိုက်၏။ ပြီးနောက် ခါးကြားထဲသို့ထည့်ရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ မလုံခြုံသည့်နေရာ ဖြစ်ကြောင်း သတိရသွားပြီးသည့်နောက် သူသည် အင်္ကျီအိတ်ကပ်ထဲသို့ သေသေချာချာ ထည့်သွင်းကာ သိမ်းဆည်းလိုက်တော့သည်။
ရှရွှေယွင်သည် ထိုအချင်းအရာကိုမြင်တော့ စိတ်ထဲမှာ ရေရွတ်လိုက်မိ၏။ မင်း ဒီပုလင်းကို ဒီလောက်ကြိုက်တယ် ဆိုတော့ ငါပြန်ရောက်သွားရင် ဒီပုလင်းတွေ အများကြီး ယူပေးမယ်။
“မင်းရဲ့ပျက်စီးသွားတဲ့ရတနာ ငါ့ကိုပေး၊ ဒါကို ပြန်ပြီး ပြင်ဆင်လို့ရလား ကြည့်ကြည့်ပေးမယ်”
“ဒါက အစောကြီးကတည်းက ပျက်စီးသွားပြီ၊ ပြန်ပြင်လို့ ရနိုင်မယ် မထင်တော့ပါဘူး”
စုရှောင်မိုသည် ကြွေပြား လေးတစ်ခုကို လှမ်းပေးလိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။ ဒါကြီးက ငါ ကြုံတဲ့နေရာကနေ ကောက်လာတဲ့ ကြွေပြားကြီးလေ၊ ဒုက္ခတော့ ရောက်ပြီနဲ့တူတယ်။
ရှရွှေယွင်သည် သေသေချာချာ စစ်ဆေးပြီးသည့်နောက်မှာတော့ သူမ၏ အင်္ကျီလက်ထဲသို့ထည့်ကာ သိမ်းဆည်း လိုက်တော့၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါက ပျက်စီးနေပြီပဲ၊ ရတနာထဲမှာရှိတဲ့ အော်ရာတွေ အကုန်လုံးလည်း မရှိတော့ဘူး၊ ပြင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”
“..........”
စုရှောင်မို၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ အစ်မကြီး ပြန်ပြင်လို့ မရတော့ဘူးဆိုရင်လည်း ကျုပ်ကို ပြန်ပေးလေ၊ ဘယ်လိုဖြစ်ပြီးတော့ သိမ်းသွားရတာလဲ။
သူ၏ အနည်းငယ်နှမျောနေသည့် ပုံစံကို မြင်ရချိန်မှာတော့ ရှရွှေယွင်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ “ငါမင်းကို ပုလင်းတစ်ခုပေးတယ်လေ၊ မင်းက ငါ့ကို ကြွေပြားတစ်ခု ပြန်ပေးတယ်၊ ဒါဆို ကျေပြီပေါ့”
“အင်း...”
“ဒါဆိုရင် မင်းက မကျေနပ်ဘူးလား”
“ကျေနပ်ပါတယ်”
..........
ရှရွှေယွင်၏ ဒဏ်ရာများသည် အလွန်အမင်း ပြင်းထန်လှ၏။ အထူး ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးလည်း မရှိပေ။ စုရှောင်မိုသည် သူမအား အလျင်အမြန်ဖြင့် ပြန်လည်ခေါ်ဆောင်သွားရန် စိတ်မကူးချေ။ ထိုအစား သူမအား ဤနေရာတွင် ထားရှိကာဖြင့် သေသေချာချာ ဂရုစိုက် ပြုစုလျက်ရှိနေသည်။ တစ်ခါတစ်ရံတွင် ဆေးပင်များကို သွားရောက်ရှာဖွေပြီးသည့်နောက်မှာတော့ သူမ၏ မရီဒန်များ ပြန်လည်ကောင်းမွန်ရန်အတွက် ဆေးရည်များကိုပင် ကြိုချက်ပေးသေး၏။
“မင်း ဆေးပညာကိုလည်း လေ့လာထားသေးတယ် ဟုတ်လား”
“ဆရာက အရမ်းကျွမ်းကျင်တယ်လေ၊ ဒါကြောင့် နေရာတော်တော်များများကို သင်ယူထားခဲ့ရတာပေါ့”
“ဪ...”
ရှရွှေယွင်က ပြောလိုက်၏။ “မင်းရဲ့ဆရာ အဘိုးကြီးကျွင်းတန်က အရမ်းကို အားကောင်းတာပဲ၊ သားရဲတွေကို တစ်ချက်ကြည့်လိုက်တာနဲ့ ထွက်ပြေးအောင် ပြုလုပ်နိုင်တယ်”
စုရှောင်မိုသည် ဆေးရည်ကိုကျိုရင်း လှမ်းပြောလိုက်၏။ “ကျုပ်က ကြွားပြောတာမဟုတ်ဘူး၊ ကျုပ်ဆရာက တကယ့်ကို ဗဟုသုတကြွယ်ဝပြီး ဒီတစ်လောကလုံးမှာ အတော်ဆုံးလူပဲ”
“ဗဟုသုတလည်း ကြွယ်ဝတယ် ဟုတ်လား”
ရှရွှေယွင်သည် အံ့အားသင့်မိသွား၏။ သူမက မေးလိုက်သည်။ “ဘာတွေကို သိလို့လဲ”
“သူက သိုင်းပညာတွေကိုလည်း သိတယ်၊ ဓားပညာကိုလည်း သိတယ်၊ ဆေးပညာကိုလည်း သိတယ်၊ အစီအရင် ပညာကိုလည်း သိတယ်၊ ပြီးတော့ ....”
စုရှောင်မိုသည် တသီတတန်းကြီး ပြောလိုက်တော့၏။ ကျွင်းချောင်ရှောင်းအနေနှင့် လောကတစ်ခုလုံးတွင် အနှိုင်းမဲ့ လူသားတစ်ယောက်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့တော့သည်။
ကံကောင်းစွာဖြင့် ကုန်းရှန့်သည် ဤနေရာတွင် တည်ရှိ နေသည်မဟုတ်ပေ။ မဟုတ်ပါက ကျိန်းသေပေါက် သူ့အား ထ၍ ကန်ပေလိမ့်မည်။ “မင်း ဒီလောက်ကြီး အရမ်းတော်တဲ့လူတစ်ယောက်ဖြစ်အောင် လျှောက်ပြောနေမှတော့ ငါ့က အနာဂတ်မှာ ဘယ်လိုလုပ် သရုပ်ဆောင်ရ တော့မလဲ”
ရှရွှေယွင်က ပြောလိုက်သည်။ “ငါ တကယ်ပဲ မင်းရဲ့ဆရာကို မနာလို ဖြစ်မိတယ်လေ၊ သူက ပူပင်ကြောင့်ကြ ကင်းစွာနဲ့ နေထိုင်နိုင်တယ်လေ၊ ငါတို့ကတော့ ဂိုဏ်းထဲမှာ နေ့စဉ်နေ့တိုင်း ပြုလုပ်သင့်တဲ့အရာတွေကို မပျက်မကွက် ပြုလုပ်နေရတယ်”
စုရှောင်မိုသည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်မိ၏။ “အစ်မရှဆီမှာ အထူးရေခဲခန္ဓာကိုယ်ရှိတယ်လေ၊ ပြီးတော့ အကြီးအကဲအဘိုးတစ်ယောက်လည်း ရှိသေးတယ်၊ ဂိုဏ်းကလည်း တန်ဖိုးထားသေးတယ်၊ အနာဂတ်ကလည်း တောက်ပနေတယ်၊ ဘာကို မကျေနပ်နေတာလဲ”
ရှရွှေယွင်က ပြောလိုက်သည်။ “ဂိုဏ်းထဲမှာ စည်းမျဉ်းစည်းကမ်းတွေက အများကြီးရှိတယ်လေ၊ ဒီစည်းမျဉ်း စည်းကမ်းတွေက ကြမ်းတမ်းတယ်လို့ မထင်ဘူးလား”
စုရှောင်မိုသည် အားတင်းကာ ပြုံးလိုက်၏။ “အစ်မရှလို ပါရမီရှင်တွေအတွက်တော့ ဒါက ဟုတ်ရင် ဟုတ်မှာပေါ့၊ ဒါပေမဲ့ ကျုပ်လို သာမန်လူတစ်ယောက်အဖို့ကတော့ ဒါက ခက်ခဲတဲ့အရာတစ်ခု မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က အရာအားလုံးကို ဆုံးရှုံးပြီးသား လူတစ်ယောက်မလို့လေ၊ ဒီတော့ ပြင်းပြင်းထန်ထန် မကြိုးစားဘူးဆိုရင် အားလုံးသောလူတွေက ဝိုင်းဝန်းလှောင်ပြောင် ရယ်မောနေကြမှာလေ”
မည်မျှ နာကျင်စရာကောင်းလှသည့် သဘောတရားနည်း။
“မင်း လုချင်းချင်း အကြောင်းကို ကြားဖူးလား” ရှရွှေယွင်က ရုတ်တရက် မေးလိုက်သည်။
“လုချင်းချင်း ဟုတ်လား”
စုရှောင်မိုက ပြောလိုက်သည်။ “စီနီယာအစ်ကိုစွန်း တစ်ခါပြောတာတော့ ကြားဖူးတယ်၊ သူမက ထိုက်ရွမ်အအေးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်ဖူးတယ်၊ ပြီးတော့ စည်းမျဉ်း စည်းကမ်းကို ချိုးဖောက်လို့ ဂိုဏ်းကနေ အထုတ်ပယ်ခံလိုက်ရတယ် ဟုတ်လား”
“ဟုတ်တယ်”
ရှရွှေယွင်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “သူမက အထက်အကြီးအကဲပိုင်းတွေရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့ ရေခဲစမ်းချောင်းထဲကို ဝင်ရောက်ခဲ့တာကြောင့် ဂိုဏ်းကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတာလေ၊ စီနီယာအစ်မလုရဲ့ ပါရမီက ငါ့ထက် အများကြီး သာတာပေါ့၊ ဒါပေမဲ့ သူမက ဂိုဏ်းကချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို မချိုးဖောက်သင့်ဘူးလေ၊ ဘယ်လောက် ဝမ်းနည်းစရာကောင်းလဲ”
စီနီယာအစ်မက ဒါကြောင့် ဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်ရတာလား။
စုရှောင်မိုသည် ကြိတ်ကာ တုန်လှုပ်သွား မိ၏။ သူအနေနှင့် ဤအကြောင်းအရာကို သိချင်သောကြောင့် ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် သူလျှိုအဖြစ် လာရောက်နေခဲ့ခြင်းပင် ဖြစ်တော့၏။ သို့ပေမဲ့ ခွင့်ပြုချက်မရှိဘဲ ရေခဲစမ်းချောင်းထဲ သွားရောက်လေ့ကျင့်မှုကြောင့် ထိပ်တန်းပါရမီရှင်တစ်ယောက်အား ဂိုဏ်းမှ ထုတ်ပယ်လိုက်သည် ဆိုခြင်းမှာ အဓိပ္ပာယ်မရှိလှချေ။
“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး”
စုရှောင်မိုသည် ကြိတ်ကာ ပြောလိုက်မိ၏။ “ဒါက အထက်ပိုင်း အကြီးအကဲတွေရဲ့ ဆင်ခြေတစ်ခုပဲ ဖြစ်ရမယ်၊ တခြားအကြောင်းအရာ ရှိကိုရှိရလိမ့်မယ်”
ရှရွှေယွင်သည် သူမ၏ စိတ်အားငယ်နေသည့် အခြေအနေကို ပြန်လည်ထိန်းချုပ်ပြီးသည့်နောက် အေးစက်စွာ ပြောလိုက်၏။ “ဒီကိစ္စကို သူများတွေကို လျှောက်မပြောနဲ့၊ မင်းစိတ်ထဲမှာပဲ ထာဝရ ထားထားတော့”
“ကောင်းပါပြီ”
စုရှောင်မိုသည် ခေါင်းကို ညိတ်ကာဖြင့် မေးလိုက်သည်။ “ဒီ လုချင်းချင်းက ပြိုင်စံရှားဂိုဏ်းကို ဝင်ရောက်သွားခဲ့တယ်လို့ ကြားဖူးတယ်၊ ပြီးတော့ သူမက နဂါးကျားတိုက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေး တယ်တဲ့”
“ဒါကတော့ အမှန်ပဲ”
ရှရွှေယွင်က ပြောလိုက်သည်။ “အထက်အကြီးအကဲတွေရဲ့ ကျင့်ကြံခြင်းဖျက်ဆီးမှုကို ခံရပြီး တဲ့နောက်မှာတော့ သူမက ပြန်လာနိုင်လိမ့်မယ်လို့ ငါတို့ လုံးဝမထင်ခဲ့မိဘူးလေ”
“ချီးတဲ့မှ...”
စုရှောင်မိုသည် အမှန်ပင် ထိတ်လန့်တုန်လှုပ်သွားမိ၏။ စီနီယာအစ်မကြီးသည် တကယ်ပဲ ထိုက်ရွမ် အအေးဂိုဏ်း၏ ကျင့်ကြံခြင်း ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ဤအကြောင်းအရာကိုသာ ဂိုဏ်းချုပ်သိမည်ဆိုပါက ကျိန်းသေပေါက် နေရာမှတင်ထ၍ ပေါက်ကွဲနေပေလိမ့်မည်။
“ပြိုင်စံရှားဂိုဏ်းတပည့်တွေက အရမ်းကို အားကောင်းလွန်းတယ်လေ၊ သူတို့က ဘယ်လိုဆေးတွေကို သောက်သုံးလဲဆိုတာ ငါမသိဘူး” ရှရွှေယွင်က ပြောလိုက်သည်။ သူမအနေနှင့် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် နဂါးကျားပြိုင်ပွဲအား သေသေချာချာ ကြည့်ရှုဖူး၏။ ထို့ကြောင့် ဤအသစ်ဖြစ်တည်လာခဲ့သော ဂိုဏ်းမှ တပည့်များ၏ အားအင်အဆင့်ကို ကောင်းကောင်းမြင်ခဲ့ပြီးပြီဖြစ်သည်။
စုရှောင်မိုသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်၏။ “ခင်ဗျားတို့က ကျုပ်တို့ ဘယ်လောက်အားကောင်းလာ တယ်ဆိုတာပဲ မြင်ကြတာလေ၊ ဘယ်လိုမျိုး ကျင့်ကြံခဲ့ရတယ်ဆိုတာကိုတော့ မြင်မှာမှ မဟုတ်တာ”
ကြွက်သားတည်ဆောက်ခြင်းအခန်း၊ စမ်းသပ်မှုမျှော်စင်၊ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ -
ဤအရာများ အားလုံးသည် တစ်စုံတစ်ယောက်၏ အားအင်အဆင့်ကို တိုးတက်စေသည်ဆိုသော်လည်း ပေးဆပ်ရသည့် သွေးနှင့် ချွေးများအားလုံးသည် တန်ဖိုးကြီးမားလွန်းလှ၏။ သာမန်လူများသည် ဤနေရာထဲတွင် အချိန်အနည်းငယ်ပင် ကြာအောင် နေထိုင်နိုင်လိမ့်မည် မဟုတ်ချေ။
ဗွက် ဗွက် ဗွက်
ဆေးရည်များသည် စတင်ကာ ဆူပွက်လာတော့၏။ စုရှောင်မိုသည် သူ၏အတွေးများကို ပြန်လည်ကာ သိမ်းဆည်း လိုက်၏။ ဆယ်မိနစ်လောက် ထပ်မံကာ ဆေးကျိုပြီးသည့်နောက်မှာတော့ သူသည် ပန်းကန်ထဲသို့ လောင်းထည့် လိုက်၏။