← Chapters

အခန်း (၉၄၁-ခ)

Vol. 64 Ch. 941-B

အခန်း (၉၄၁-ခ)

Vol. 64 Ch. 941-B

ဗွမ်း

တည်ငြိမ်နေသော ရေကန်၏ မျက်နှာပြင်တွင် လှိုင်းများဖြစ်တည်လာခဲ့တော့၏။

“ဖမ်းမိပြီ၊ ဖမ်းမိပြီ”

ခဏကြာပြီးသည့်နောက်မှာတော့ စုရှောင်မို၏ ဦးခေါင်းသည် ရေထဲမှာ ပေါ်လာတော့သည်။ သူသည် ကြီးမားလှသော ငါးကြီးတစ်ကောင်ကို လက်တစ်ဖက်မှကိုင်ကာ ပြောလိုက်မိသည်။ “စီနီယာအစ်မ... ဒီညတော့ ငါးဟင်းစားရပြီပဲ”

မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော မျက်နှာဖုံးသည် အလွန်ပင် ကောင်းမွန်လှသည်ဟု ဆိုရမှာဖြစ်၏။ ရေထဲသို့ ငုပ်ပြီးသည့်အချိန်မှာပင် ၎င်း၏ အစစ်အမှန်မျက်နှာ ပေါ်သွားခြင်းမျိုး မရှိခဲ့ပေ။

ဗွမ်း

ကြီးမားသော ငါးကြီးသည် ၎င်း၏အမြီးကို ယမ်းခါကာ စုရှောင်မို၏ မျက်နှာကို ရိုက်နှက်လိုက်၏။ ပြီးသည့်နောက် မှာတော့ ရေထဲသို့ ခုန်ချကာ ကူးခတ်သွားတော့သည်။ “မဖြစ်ဘူး... ဒီငါးက အရမ်းအားကောင်းတာပဲ”

ခွီး

ဘယ်ဘက်မျက်နှာတစ်ခုလုံး နီရဲသွားသည်ကို မြင်သည့်နောက်မှာတော့ ရှရွှေယွင်သည် ပါးစပ်ကို လက်ဝါးလေးနှင့် အုပ်ကာ ရယ်လျက်ရှိသည်။ ပြီးနောက် သူမက ပြောလိုက်တော့သည်။ “အားကောင်းတဲ့ငါးကို ဖမ်းမိတာကိုး၊ ဒီငါးရဲ့ အားအင်အဆင့်က သိုင်းတပည့် ထိပ်ဆုံးအဆင့်နဲ့တောင် တူညီနေမလား မသိဘူး”

“ဟုတ်ရင် ဟုတ်မှာပေါ့”

စုရှောင်မိုသည် သူ၏ မျက်နှာကို အသာပွတ်သပ်ကာ ဒေါသတကြီး ပြောလိုက်၏။ “ဒီနေ့မှတော့ ငါမင်းကို မိအောင်ဖမ်းပြီး ကင်စားပစ်ရမယ်”

ဗွမ်း

ပြီးသည့်နောက်မှာတော့ ရေထဲသို့ ဒိုင်ဗင်ထိုးကာ ဆင်းသွားခဲ့တော့၏။

......

ညရောက်ချိန်မှာတော့ စုရှောင်မိုသည် ငါး၏ အကြေးခွံနှင့် အတွင်းကလီစာများ အားလုံးကို ဖယ်ရှားလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏မျက်နှာအား ပိတ်ရိုက်သွားသော ငါး၏ မျက်နှာအား ဘယ်ညာ ပါးနှစ်ချက်ဆီ ပိတ်ရိုက်ပြီးသည့်နောက်မှာတော့ တံစို့ထိုးကာ စတင်၍ ကင်တော့သည်။

ရှရွှေယွင်သည် ခြေချိတ်ထိုင်ကာဖြင့် ထုံးစံအတိုင်း ကျင့်ကြံလျက်ရှိသည်။ ဤအတောအတွင်း ဆေးရည်နှင့် ကျင့်ကြံခြင်းနည်းစနစ်များ၏ အစွမ်းကြောင့် သူမ၏ မရီဒန်များသည် ပြန်လည်၍ ကောင်းမွန်လုနီးပါး ဖြစ်လာခဲ့၏။

“စီနီယာအစ်မ... ငါးအဆင်သင့် ဖြစ်ပြီ”

“ကောင်းပြီ”

ရှရွှေယွင်သည် တောက်ပသည့်မျက်လုံးများကို ဖွင့်လှစ်လိုက်ပြီးသည့်နောက်မှာတော့ ကင်ထားသော ငါးကို လှမ်းယူလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ငါ့ဒဏ်ရာတွေက ကောင်းခါနီးနေပြီ၊ မနက်ဖြန်ကျရင် ဂိုဏ်းဆီ ပြန်ကြတာပေါ့”

“ကောင်းပါပြီ” စုရှောင်မိုသည် သဘောမတူသလို တီးတိုးပြောလိုက်၏။ “ကောင်းမွန်တဲ့အချိန်တွေဆိုတာက တကယ့်ကို တိုတောင်းလွန်းတာပဲ”

“ဘာတွေ ပွစိပွစိ လုပ်နေတာလဲ” ရှရွှေယွင်က မေးလိုက်၏။

စုရှောင်မိုက ပြောလိုက်သည်။ “အစ်မရှနဲ့ နေရတဲ့ ဒီရက်ပိုင်းအတွင်းကို ကျုပ် အရမ်းပျော်တာပဲ”

“........”

ရှရွှေယွင်သည် သူ့အား စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “ဒဏ်ရာရပြီးတော့ ဒီနေရာမှာ ပြန်လည်ကုသနေရတဲ့ အကြောင်းကို လျှောက်မပြောနဲ့နော်”

“ကောင်းပါပြီ”

“ငါးကလည်း ကောင်းကောင်းကင်ထားတာပဲ၊ အရသာရှိတယ်။ ကျေးဇူးတင်ပါတယ်”

နောက်တစ်ရက်မှာတော့ စုရှောင်မိုနှင့် ရှရွှေယွင်တို့သည် ထိုက်ရွမ်အအေးဂိုဏ်းဆီသို့ ပြန်လာခဲ့ကြတော့သည်။

…………..

“ဘာ....”

ပြိုင်စံရှားဂိုဏ်းထဲမှာတော့ နောက်ဆုံးရရှိခဲ့သော သတင်းအချက်အလက်ကို လက်ခံရရှိပြီးသည့်နောက် မှာတော့ ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိ၏။ “မိုရှန်းနဲ့ ရှရွှေယွင်တို့က လှိုဏ်ဂူထဲမှာ ငါးရက်၊ ခြောက်ရက်လောက် တူတူနေခဲ့ကြတယ် ဟုတ်လား”

“ဟုတ်ပါတယ်” လီလိုရှုက ပြောလိုက်သည်။

“ဒီကောင်လေးက မဆိုးဘူးပဲ၊ ငါ့နီးနီး တော်လာပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

တိုက်ဆိုင်စွာပဲ စာကြည့်ခန်းထဲသို့ ရောက်ရှိနေသော အကြီးအကဲဝေသည် ထိုအချင်းအရာကို ကြားရသည့်နောက် မှာတော့ သဘောတကျဖြင့် ပြုံးလိုက်သည်။ “ရှောင်မိုရဲ့ နားလည်မှုက တကယ့်ကို မဆိုးဘူးပဲ”

ပြောပြီးသည့် နောက်မှာတော့ သူသည် ချက်ချင်းပဲ ဂိုဏ်းချုပ်ကို လှမ်း၍ ကြည့်လိုက်မိသည်။ ပြီးသည့်နောက်မှာတော့ စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိသည်။ နှစ်ယောက်သား ကွာခြားမှုကတော့ ကောင်းကင်နဲ့ မြေကြီးလိုပဲ။

“အင်း... ဟုတ်ပြီ”

လီလိုရှုက ထပ်၍ ပြောလိုက်သည်။ “ရှောင်မိုပြောတာရှိသေးတယ်၊ လုချင်းချင်းက အထက် အကြီးအကဲတွေရဲ့ ခွင့်ပြုမှု မရှိဘဲနဲ့ ရေခဲစမ်းချောင်းထဲကို ဝင်ရောက်လို့ ဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်ရတာတဲ့”

“အဲလောက် ရိုးရှင်းတာလား” ကျွင်းချောင်ရှောင်းက မေးလိုက်မိသည်။

လီလိုရှုက ပြောလိုက်သည်။ “ရှောင်မို ခန့်မှန်းတာတော့ ဒါက အကြောင်းပြချက်သက်သက်ပဲ ထင်တယ်တဲ့၊ ဒီထက်ပိုတဲ့ အကြောင်းအရာတွေ ရှိနိုင်သေးတယ်တဲ့လေ”

“ဒါဆိုရင် ပိုပြီးဂရုစိုက်ပြီးတော့ စုံစမ်းဖို့ ပြောလိုက်၊ ကောင်မလေးနဲ့ပဲ ဆော့ကစား မနေနဲ့လို့”

“ကောင်းပါပြီ”

....................

ရင်ဟွေ့တောင်ဆီမှ ပြန်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအား စီမံခန့်ခွဲသည့်နေရာတွင် ဆက်လက်ကာ အာရုံစိုက်ထားတော့သည်။ သူ့အနေနှင့် နောက်လတွင် ကျင်းပမည့် တပည့်သစ်ခေါ်ယူမှု အခမ်းအနားကို ကိုယ်တိုင်ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် ဂိုဏ်းသား အရေအတွက်သည် လေးသောင်းရှစ်ထောင်ကျော်နေပြီ ဖြစ်သည်။ ထို့ကြောင့် ငါးသောင်းသို့ ချိုးဖြတ်နိုင်ရန် အနည်းငယ်သာ လိုအပ်တော့သည်။ သို့ပေမဲ့ အပြင်လောကကြီးသည် အနည်းငယ် ရှုပ်ထွေးလျက် ရှိနေတော့၏။

တိတိကျကျပြောရမည်ဆိုလျှင် အချိန်အတော်ကြာ ငြိမ်သက်လျက်ရှိနေသော ပြိုင်စံရှားဂိုဏ်းသည် လက်ရှိ အချိန်တွင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို အပြင်းအထန် ဆူဝေစေခဲ့သော သတင်းတစ်ပုဒ် ဖြစ်ပေါ်စေခဲ့သည်။

“ရင်ဟွေ့တောင်ပေါ်မှာ ဂိုဏ်းတွေအကုန်လုံး အရေးကြီးကိစ္စ ဆွေးနွေးဖို့ စုဝေးခဲ့ကြတယ်၊ ပြိုင်စံရှားဂိုဏ်းချုပ် ကလည်း ရောက်လာခဲ့တယ်လေ၊ ပြီးတော့ သူက အကြီးအကဲတွေနဲ့ ငြင်းခုန်ခြင်းကိုတောင် ပြုလုပ်ခဲ့တယ်လို့ ကြားတယ်”

“နတ်ဆိုးမိစ္ဆာဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်က သိုင်းနယ်မြေကျင့်ကြံသူ လေးယောက်နဲ့ ရောက်ရှိလာခဲ့တယ်လေ၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဂိုဏ်းချုပ်ကျွင်းရဲ့ ရိုက်နှက်မှုကို ခံရပြီး ထတောင် မထနိုင်ဘူးတဲ့”

“မျက်မြင်တွေ့ခဲ့တဲ့ လူတွေရဲ့ ပြောဆိုချက်အရဆိုရင် ဂိုဏ်းချုပ်ကျွင်းက ထူးဆန်းတဲ့ သိုင်းနည်းစနစ်ကို ထုတ်သုံး လိုက်တယ်တဲ့၊ လေထဲမှာ သိုင်းနည်းစနစ်နဲ့ ပုံရိပ်ယောင်တွေတောင် ပေါ်လာတယ်တဲ့၊ ကြောက်ဖို့ကောင်းတယ်”

“ပြီးတော့ ခရမ်းရောင်ဆံပင်နဲ့ လူတစ်ယောက်လည်း ရှိသေးတယ်၊ ခန္ဓာကိုယ်တစ်ခုလုံးမှာ အတွင်းခံပဲ ရှိတယ်၊ သူက သိုင်းနယ်မြေကျင့်ကြံသူလေးယောက်ကို တားဆီးထားတယ်လေ၊ တခြားသူတွေက တစ်ချက်ကလေး မှတောင် မလှုပ်ရဲကြဘူး”

“ကောင်းကင်ဘုံ... ပြိုင်စံရှားဂိုဏ်းက လက်ရှိအခြေအနေမှာ လှုပ်ရှားမှု မရှိဘူးလေ၊ သူတို့က ပျောက်ကွယ်သွားခဲ့ပြီ လို့ ကျုပ်ထင်တာ၊ ဒါပေမဲ့ သတင်းအသစ်တွေ ယူဆောင်လာခဲ့တာပဲ”

ကျွင်းချောင်ရှောင်းအနေနှင့် ရင်ဟွေ့တောင်ပေါ်တွင် ပြုလုပ်ခဲ့သော ကိစ္စများမြောင်တို့သည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူများကြားတွင် ပြောဆိုစရာစကားတစ်ခုအဖြစ် ဖြစ်လျက်ရှိနေတော့၏။

ဟုတ်ပေသည်။ သူတို့အနေနှင့် စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခုကလည်း ရှိနေသေးသည်။ အဓိကဂိုဏ်းများ ပူးပေါင်း ပြီးသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား မည်သည့်အချိန်တွင် သွားရောက်၍ တိုက်ခိုက်ကြမည် ဆိုသည့်အကြောင်းပင် ဖြစ်တော့သည်။ ကုန်းမြေတိုက်ကြီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအချင်းအရာကို စောင့်မျှော်နေကြတော့သည်။

အရှေ့ဘယ်နယ်မြေဆီမှ ရရှိထားသော သတင်းအချက်အလက်များအရဆိုလျှင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ရုတ်တရက်လေထုထဲမှာပဲ ပျောက်ကွယ်သွားခဲ့ကြတော့သည်။ ၎င်းတို့အရင်က တည်ရှိခဲ့သော ဌာနချုပ်သည်လည်း ဘာမှ မရှိတော့ချေ။

“ဟုတ်လို့လား”

ကျွင်းချောင်ရှောင်းသည် သတင်းကို ရရှိပြီးသည့်နောက်မှာတော့ ဆွံ့အသွားမိသည်။ “ငါက ကျော်ကြားလှတဲ့ လမ်းမှန်ဂိုဏ်းတွေနဲ့ သူတို့ အားရပါးရ တိုက်ခိုက်တာကို စောင့်ကြည့်ဖို့ စောင့်နေတာလေ၊ အဆုံးသတ်မှာတော့ ငါရိုက်တာကို ခံရပြီး တစ်ခါတည်း ပျောက်သွားကြပြီကိုး”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ပျောက်ကွယ်သွားခဲ့ပြီဆိုသော်လည်း အမဲရောင်ဝတ်စုံနှင့် လူများမှာတော့ ကျင့်ကြံခြင်း လောကတွင် လှုပ်ရှားလျက်ရှိနေကြေ၏။ ရက်အနည်းငယ်အတွင်းမှာပဲ ဂိုဏ်းတော်တော်များများသည် ဖျက်ဆီးခြင်း ခံနေရ၏။ ဤအရာမှာ ဆန်းကျယ်လွန်းလှသည်။ ၎င်းတို့သည် ပေါ်ပေါ်တင်တင် တိုက်ခိုက်သည့် အခြေအနေဆီမှသည် ခိုးကြောင်ခိုးဝှက်နှင့် တိုက်ခိုက်သော အခြေအနေဆီသို့ ပြောင်းလဲပြီး နည်းဗျူဟာကို ပြောင်းလဲလိုက်ခြင်းပင်ဖြစ်၏။

.................

ဘန်း

နက်မှောင်နေသည့် လှိုဏ်ဂူ၏ အတွင်းမှာတော့ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့တော့ သည်။ နံရံပေါ်တွင်တော့ လက်သီးရာကြီးတစ်ခုရှိနေ၏။

“ချီးတဲ့မှ...”

လူရိုင်းသည် ဒေါသတကြီးဖြင့် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ဒုခေါင်းဆောင်တောင် ဒီလို အခြေအနေမျိုးဖြစ်အောင် ရိုက်ခံရတယ်၊ ပြိုင်စံရှားဂိုဏ်းကို ဒုက္ခပေးမယ့်ကိစ္စကို ဘာ့ကြောင့် ငါ့ကို တားနေကြတာလဲ”

“ဒါက အမှန်ပဲ”

တိုင်တစ်ခုကို မှီလျက်ရှိနေသော သရဲသည် ဘေးတစ်ဖက်ဆီမှ သဘောမတွေ့သလို ဝင်ပြောလိုက်၏။

အရိပ်က ပြောလိုက်သည်။ “ဒုခေါင်းဆောင်ဆီမှာ ကိုယ်ပိုင်အစီအစဉ်အနေနဲ့ ရှိနိုင်တယ်လေ၊ ဒီတော့ ငါတို့က သူ့အမိန့်ကို နားထောင်သင့်တယ်”

လူရိုင်း၏ မျက်လုံးများသည် ပြုတ်ထွက်လာခဲ့တော့၏။ “ကျုပ် ဒီမှာ ထိုင်မနေချင်တော့ဘူး၊ ဒီဂိုဏ်းကို ကျိန်းသေပေါက် ပြဿနာရှာရမယ်”

အရိပ်သည် အနည်းငယ် မျက်မှောင်ကုတ်မိသွားသည်။ ပြီးသည့်နောက်မှာတော့ သူမသည် ဖြောင့်ဖျရန် ကြိုးစားလိုက်မိသည်။

ရင်ကျိုး သည် အရင်ဝင်ကာ ပြောလိုက်တော့၏။ “ဒုခေါင်းဆောင်က ကျွင်းချောင်ရှောင်းရဲ့ လက်ဝါးရိုက်ချက် ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လေ၊ မင်းက သူ့ကို သွားပြီး ပြဿနာရှာမယ်ဆိုတော့ သေလမ်းရှာတာနဲ့ မတူဘူးလား”

“ကျုပ်”

လူရိုင်းသည် ခဏရပ်ကာ ပြောလိုက်သည်။ “ကျုပ် ပြိုင်စံရှားဂိုဏ်းချုပ်ကို မနိုင်ဘူးဆိုပေမယ့် ပြိုင်စံရှား ဂိုဏ်းရဲ့တပည့်တွေကို ကျိန်းသေပေါက် နိုင်တယ်”

“ဒါကတော့ ဟုတ်တယ်”

သရဲ၏ မျက်လုံးများသည် လင်းလက်သွားတော့၏။ “ပြိုင်စံရှားဂိုဏ်းရဲ့တပည့်တွေကို ကျုပ်တို့က ကောင်းကောင်း အနိုင်ကျင့်လို့ရတယ်”

“ဒုခေါင်းဆောင်ရဲ့ အမိန့်မပါဘဲနဲ့ မင်းတို့ စိတ်ထင်ရာကို မလုပ်သင့်ဘူး” အရိပ်က ပြောလိုက်သည်။

“အင်း”

သရဲသည် ပခုံးကို တွန့်ကာ ပြောလိုက်၏။ “ကျုပ်က စကားအဖြစ်ပဲ ပြောတာပါ”

ညရောက်သည့်အချိန်မှာတော့ အရိပ်သည် သရဲနှင့် လူရိုင်းတို့ ပျောက်ကွယ်သွားသည်ဖြစ်ကြောင်းကို သိရှိလိုက်ရ၏။ ထို့ကြောင့် သူမသည် မျက်မှောင်ကုတ်ကာ ပြောလိုက်မိတော့သည်။ “ဒီရောင်းရင်းနှစ်ယောက် ကတော့ ပြိုင်စံရှားဂိုဏ်းကို သွားပြီး ဒုက္ခပေးတော့မယ်နဲ့တူတယ်”

All Chapters