← Chapters

အခန်း (၉၄၅)

Vol. 64 Ch. 945

အခန်း (၉၄၅)

Vol. 64 Ch. 945

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ သုံးယောက်သည် ကျိုးဒူဒူ၊ တိုင်လုတို့နှင့်အတူ ယောက်ျားလေးအကျဉ်းထောင်တွင် ဖမ်းချုပ်ခံထားရပြီး အရိပ်မှာတော့ အဆိပ်ကိုးပါး နန်းတော်သခင်နှင့်အတူ အမျိုးသမီးအကျဉ်းထောင်တွင် ချုပ်နှောင်ခြင်း ခံလိုက်ရတော့သည်။ လူရိုင်းနှင့် သရဲတို့သည် ဤကဲ့သို့ပင် အဆုံးသတ်သွားခဲ့ကြတော့၏။ ၎င်းတို့၏ မျက်နှာများသည် စုတ်ပြတ်လျက် ရှိနေကြ၏။ သို့ပေမဲ့ အရိပ် နှင့် ရင်ကျိုး တို့မှာတော့ အနည်းငယ်တော့ သက်သာသေး၏။

တိတိကျကျ ပြောရမည်ဆိုလျှင် ၎င်းတို့နှစ်ယောက် ထပ်မံဖမ်းဆီးခံခဲ့ရသည်မှာ ဝက်ကဲ့သို့သော အသင်းဖော် ကြောင့်ပင် ဖြစ်ရသည်။ အထူးသဖြင့် သရဲပင် ဖြစ်တော့၏။ သူသည် လှုပ်ရှားမှုနည်းစနစ်ကို ထုတ်ဖော်၍ ရှောင်ကျီ နှင့် တိုက်ခိုက်နေသည့်အချိန်တွင် နတ်ဆိုးအော်ရာများကို ထုတ်ဖော်မိခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူမှာ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း လွယ်လွယ်ကူကူနှင့် သိရှိသွားခဲ့ခြင်းဖြစ်သည်။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ကို ရိုက်နှက်ပြီး မကြာခင်မှာပဲ တစ်ဖက်လူများ ပေါ်ပေါက် လာခဲ့သည်။ ထို့ကြောင့် ဤလူများသည် သူ့အား စိန်ခေါ်ချင်ယောင်ဆောင်၍ ရိုက်နှက်ရန် စဉ်းစားနေကြသည့် နတ်ဆိုးကျင့်ကြံသူများဖြစ်ကြောင်း သူခန့်မှန်းမိခဲ့၏။

“ရှောင်ကျီ”

တိုက်ပွဲအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်ခဲ့သည်။ “တစ်ဖက်လူကို လက်သီး တစ်ချက်တည်းထိုးပြီးတော့ ရှင်းလိုက်တော့”

“ကောင်းပါပြီ” ရှောင်ကျီသည် ဂိုဏ်းချုပ်၏ အမိန့်ကို ရရှိပြီးသည့်နောက်မှာတော့ သဲအိတ်ကဲ့သို့ အထိုးနှက်ခံရ သည့်ကိစ္စကို မပြုလုပ်တော့ချေ။ အားအကုန်သုံးကာဖြင့် တစ်ဖက်လူအား မြန်မြန်ဆန်ဆန်နှင့် ထိုးနှက်ခဲ့တော့ သည်။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တပည့်နှစ်ယောက်တို့သည် ရှုံးနိမ့်သွားပြီးသည့်နောက်မှာတော့ အမှောင်ထဲတွင် ပုန်းအောင်းနေသော တခြားသောအဖွဲ့များရှိမည်ကို သူကောင်းကောင်းနားလည်မိသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လုချင်းချင်းနှင့် တခြားသူများအားလုံးအား တည်နေရာ ပတ်ဝန်းကျင်အနှံကို ကြည့်ရှုထားရန် သတိပေးလိုက်တော့သည်။ ထို့ကြောင့် နောက်ထပ်နှစ်ယောက်ကို ထပ်မံကာ ဖမ်းဆီးနိုင်ခဲ့တော့ သည်။

နတ်ဘုရားကဲ့သို့ ရန်သူများနှင့် ရင်ဆိုင်ရမည်ကို စိုးရွံ့စရာမလိုပေ။ သို့ပေမဲ့ ဝက်ကဲ့သို့သော အသင်းဖော်နှင့် အတူယှဉ်တွဲကာနေထိုင်ရမည်မှာ ကြောက်ရွံစရာကောင်းလွန်းသည်ဟူသော ဆိုးရိုးစကားပင် ရှိသေးသည်။ ဤအရာမှာ တကယ်ပင် မှန်ကန်လွန်းနေ၏။

“ယွမ်သခင်လေး”

ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အေးစက်သွား၏။ “မင်းက ကျုပ်ရဲ့အောက်ခြေ စည်းမျဉ်းကို လာပြီး စိန်ခေါ်နေတာပဲ”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ဒုတိယဂိုဏ်းချုပ်သည် အိပ်ယာထဲတွင် လဲလျောင်းလျက်ရှိနေ၏။ ၎င်းသည် ထိုကဲ့သို့သောအဖြစ်ကို သိရှိမည်ဆိုပါက ကျိန်းသေပေါက် သွေးသုံးလီတာခန့်ထ၍ အန်ပေလိမ့်မည်။ “ဂိုဏ်းချုပ်ကျွင်း.... ဒီကိစ္စက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး၊ ကျုပ်ခွင့်ပြုချက်မရှိဘဲ လုပ်ကြတာ”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာပြီးနောက် ပြောလိုက်သည်။ “ဒီလူ လေးယောက်ကို ဘာလုပ်ရမလဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အမှောင်ဂိုဏ်းက လက်ရှိအချိန်မှာ ပုန်းအောင်းနေကြတာ၊ ငါတို့ ရှာဖွေ မတွေ့ရှိနိုင်ဘူးလေ၊ သူတို့က အခု ကိုယ်ထင်လာပြီးပြတယ်ဆိုတော့ သူတို့ကို ထိန်းသိမ်းထားရတော့မှာပေါ့”

၎င်းသည် အေးစက်သည့်အမူအရာဖြင့် ဆက်ကာ ပြောလိုက်တော့သည်။ “ဆက်ပြီးတော့ နှိပ်စက်ထားလိုက်”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်းတို့၏ကိစ္စကြားတွင် သူသည် ကြားလူအဖြစ်နှင့်သာ နေထိုင်၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ နှစ်ဖက်သားတိုက်ခိုက်နေသည့်အချိန်တွင် အမှောင်ဂိုဏ်းသည် မည်သည့် နေရာတွင် ရှိနေခြင်းဖြစ်ကြောင်းကို သူသည် ရှာဖွေနေချင်၍ဖြစ်၏။ အတိတ်တုန်းကဆိုလျှင် သူ၏တပည့်များ အားလုံးသည် ဤအမှောင်ဂိုဏ်း၏ တိုက်ခိုက်မှုကို ကြုံခဲ့ရသည်။ ထို့ကြောင့်သူသည် တစ်ဖက်လူများအား လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ အမှောင်ဂိုဏ်းသည် နှစ်ပေါင်းများစွာ အမှောင်ထဲတွင် ပုန်းအောင်းလျက် ရှိနေကြပြီး နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်းဟူ၍ ပွင့်ပွင့်လင်းလင်းနှင့် အပြင်ဘက်သို့ ထွက်၍ စိန်ခေါ်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် စိတ်အေးချမ်းသာမှုကို ရရှိခဲ့တော့သည်။ သူ့အနေနှင့် တစ်ဖက်ဂိုဏ်းများကို အခွင့်အရေး ရရှိသည်ဆိုပါက ကျိန်းသေပေါက် အပြတ်ရှင်းရန် စဉ်းစားမိ၏။ သို့ပေမဲ့ သူတစ်ခါ တိုက်ခိုက်ပြီးသည်နှင့်တပြိုင်နက် တစ်ဖက်လူများ အားလုံးသည် ပျောက်ချင်းမလှ ပျောက်ကွယ်ကုန်ကြတော့၏။

မိုးဆွေဟောခန်း၏ သတင်းအချက်အလက် ကွန်ယက်သည် အလုံးစုံ အသက်ဝင်နေခဲ့ပြီဖြစ်သည်။ ကျန့်ရာသည် လည်း တစ်လောကလုံးတွင် သဲလွန်စများကို ရှာဖွေလျက်ရှိနေ၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ဤကဲ့သို့ လမ်းမှန်ဂိုဏ်းသားများကို ဆက်လက်ကာ ပြဿနာရှာနေမည်ဆိုပါက ကျိန်းသေပေါက် တစ်နေ့နေ့တွင် ပေါ်ပေါက်လာမှာ သေချာသည်။

ကျွင်းချောင်ရှောင်းအနေနှင့် ပြောရမည်ဆိုလျှင် လမ်းမှန်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများကြား တိုက်ခိုက်မှုကို ကြားမှနေသည်ဟု ပြောဆိုခြင်းသည် လိမ်ညာနေခြင်းသာ ဖြစ်တော့၏။ သူ့အနေနှင့် အခြေအနေတစ်ခုလုံးကို သေသေချာချာ ကြည့်ရှုချင်နေမိသည်။ အမှောင်ဂိုဏ်း၏ တည်နေရာကို ရှာဖွေတွေ့ရှိသည်ဆိုပါက သူသည် အားရာ၏ ကြာပွတ်ကို အသုံးပြုခိုင်းတော့မှာ သေချာ၏။ လက်ရှိအခြေအနေမှာတော့ နတ်ဆိုးကျင့်ကြံသူ လေးယောက်တို့ကို ဖမ်းဆီးထားသည် ဖြစ်သောကြောင့် ကောင်းမွန်လှသည့် အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။

“သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းထားပြီးပြီလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရဲ့အမြင်က နတ်ဘုရားလိုပဲ၊ ဒီလူတွေရဲ့ ပါးစပ်တွေ၊ အင်္ကျီတွေ၊ ဖိနပ်တွေထဲမှာ အဆိပ်တွေချည်းပဲလေ၊ ဒါကြောင့် ဒီတပည့်က ဂိုဏ်းထဲမှာရှိတဲ့ ဆိတ်တွေကို ကျွေးကြည့်လိုက်တာ ဆိတ်တွေ အကုန်သေကုန်ပြီဗျာ”

“ဒီလို အသေခံတပ်သားတွေက ကြောက်မက်ဖွယ်ကောင်းတဲ့ကိစ္စတွေကို လုပ်တယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် မျက်ရည်လည်ရွဲဖြင့် လျှောက်ဝင်လာခဲ့တော့သည်။ “တပည့်မွေးထားတဲ့ ဆိတ် တော်တော်များများက ဘာမှန်းမသိဘဲ ရုတ်တရက် သေကုန်ကြတယ်လေ”

............

လီချင်းယန်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးသည့်နောက်မှာ သူသည် အသာလေး နောက်ဘက်သို့ ခြေလှမ်းလိုက်ပြီးသည့်နောက်မှာ လေထဲမှာတင် ပျောက်ကွယ်သွားခဲ့တော့၏။

အား.........

လျှိုဝမ်ရှစ်သည် မီးဖိုချောင်သုံးဓားမကြီးကို ကိုင်ကာဖြင့် အနောက်မှ လိုက်၍ ခုတ်နေတော့သည်။ “ဒုတိယစီနီယာ အစ်ကို... ကျွန်မရဲ့ဆိတ်တွေကို အဆိပ်ကျွေးရဲတယ်ပေါ့ ဟုတ်လား”

...............

ထောင်ထဲမှာတော့ ကျိုးဒူဒူသည် အိပ်ယာပေါ်သို့ ခြေတစ်ဖက်တင်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ သုံးယောက် ဒီလောက်ဆိုးဆိုးရွားရွား နှိပ်စက်ခံထားရတာကို ကြည့်မယ်ဆိုရင် ခင်ဗျားတို့က ပြိုင်စံရှားဂိုဏ်းကို ရန်ပြုခဲ့တာပဲ ဖြစ်ရမယ်”

ဤနေရာ၏ နံပါတ်တစ် အကျဉ်းသား ဖြစ်သည်နှင့်အညီ သူသည် အကျဉ်းသား တော်တော်များများ နှင့်ပတ်သက်၍ အတွေ့အကြုံရှိနေပြီဖြစ်သည်။ အကျဉ်းသားများ ဝင်ရောက်လာသည့် ဒဏ်ရာအခြေအနေပေါ် မူတည်၍ သူသည် သုံးသပ်ချက်များကိုပင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။

“ဒါပေမဲ့”

ကျိုးဒူဒူက ပြောလိုက်သည်။ “အရမ်းကြီး စိတ်မပူနဲ့၊ ကျုပ်ရဲ့ အတွေ့အကြုံအရဆိုရင် ခင်ဗျားတို့ကို ဂိုဏ်းက ပြန်လာရွေးလိမ့်မယ်၊ ဒါဆိုရင် ကျိန်းသေပေါက် လွတ်သွားလိမ့်မယ်၊ တကယ်လို့ အခွင့်အရေး ရှိမယ် ဆိုလို့ရှိရင် အစားအသောက် တစ်ခါစားလို့ ရနိုင်အုံးမယ်”

သူ့အနေနှင့် လောကပုန်ကန်နတ်ဂိုဏ်းနှင့် တောက်ပအလင်းနတ်ဂိုဏ်းတို့ဆီမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ များ ဖမ်းဆီးခံရသည့်အကြောင်းကို ပြန်လည်ပြောဆိုနေခြင်းပင် ဖြစ်တော့၏။

“ကျုပ် ပြောပြမယ်၊ ပြိုင်စံရှားဂိုဏ်းက အစားအစာတွေက အရမ်းကို အရသာရှိတယ်၊ ခင်ဗျားတို့အနေနဲ့ တစ်ခါ စားရမယ်ဆိုရင် ကျိန်းသေပေါက် ဆုံးရှုံးမှု မဟုတ်တော့ဘူး၊ ပြီးတော့ နောက်ထပ်ဖြစ်နိုင်ဖွယ်ရာတစ်ခု ရှိသေးတယ်၊ ဒါကတော့ အညံ့ခံတာနဲ့ ဂိုဏ်းသားအဖြစ် ခေါ်ဆောင်ခံရတာ၊ ကျုပ်ရဲ့ အတွေ့အကြုံ အရဆိုရင် ခင်ဗျားတို့လို လူတွေက သံမဏိလို စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်တာ မဟုတ်ဘူး၊ မြန်မြန်ဆန်ဆန် အညံ့ခံလိုက်တာ ပိုကောင်းမယ်၊ ကျုပ်မြင်ဖူးတဲ့ အရမ်းသန်မာပါတယ်ဆိုတဲ့ ခရမ်းရောင်ဆံပင်နဲ့လူတောင်မှာ နေ့စဉ်နေ့တိုင်း ရိုက်နှက်ခံခဲ့ရတယ်၊ နောက်ဆုံးမှာတော့ ဘယ်လိုမှ မနေနိုင်တော့ဘူး၊ အညံ့ခံခဲ့ရတော့တာပဲ၊ ပြီးတော့ ကျုပ်လို့ ဆိုးရွားလှတဲ့လူ ရှိသေးတယ်၊ ဘယ်သူမှ ငွေကြေးနဲ့လာပြီး လဲလှယ်ခေါ်ထုတ်ပေးမယ့်လူလည်း မရှိဘူး၊ ပြီးတော့ အညံ့ခံချင်လည်း မရဘူး၊ ဒီထောင်ထဲမှာ လေးနှစ်၊ ငါးနှစ်လောက် နေထိုင်ခဲ့ရတယ်” ကျိုးဒူဒူသည် မျက်ရည်လည်ရွှဲဖြင့် ပြောလိုက်တော့သည်။

“အမှိုက်ကောင်”

လူရိုင်းသည် နိုးထလာခဲ့ပြီဖြစ်သော်လည်း မရီဒန်များကို စည်းခတ်ခြင်း ခံထားရသောကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီး ဖြစ်တော့သည်။ သူသည် မြေပေါ်တွင် လဲလျောင်းရင်းဖြင့် အံကြိတ်ကာ ပြောလိုက်သည်။ “မင်း ဆူညံ ဆူညံ ဆက်လုပ်နေအုံးမယ်ဆိုရင် ယုံချင်ယုံ၊ မယုံချင်နေ၊ ငါမင်းကို သတ်ပစ်မယ်”

အကျဉ်းသားဖြစ်လာပြီးသည့်နောက် သူသည် သတ်သေရန်ပင် အခွင့်အရေး မရရှိခဲ့ပေ။ ထိုအရာသည် သူ့အား အလွန်ပဲ စိတ်တိုစေ၏။ ယခု သူ၏ ဘေးနားတွင်ရှိသော တစ်ဖက်လူသည် အလွန်တရာ စကားများလွန်း၏။ ထို့ကြောင့် အလွန်ပင်စိတ်ဓာတ်ကျမိနေတော့သည်။

တခြားသောသုံးယောက်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် အရိပ်မှာ ပိုမို၍ ပျော်ရွှင်စရာ ကောင်းနေသေး၏။ သူသည် ချုပ်နှောင်ခံထားရသည်ဆိုသော်လည်း သူမ၏ အချုပ်ခန်းထဲတွင်တော့ အဆိပ်ကိုးပါးနန်းတော်သခင်သာ တည်ရှိနေ၏။ အခန်းထဲတွင် ပင့်ကူများ၊ ကင်းမြီးကောက်များ တည်ရှိနေသည် ဆိုသော်လည်း သူမသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သည်မို့ ထိုအရာများကို မကြောက်လန့်ချေ။

“ကတုံး”

ကျိုးဒူဒူသည် နံရံကို မျက်နှာပေးကာ ထိုင်နေသော တိုင်လုကို လှမ်းကြည့်ကာဖြင့် အကြံပေးလိုက်၏။ “ငါ မင်းကို အကြံပေးမယ်၊ ဂိုဏ်းချုပ်ကျွင်းက မင်းကို ဂိုဏ်းထဲကို ခေါ်ဆောင်နေတာ မဟုတ်ဘူးလား၊ ဘာလို့ ခေါင်းမာနေရတာလဲ”

“ကျုပ်က တိုင်လု၊ သေသွားမယ်ဆိုရင်တောင် ပြိုင်စံရှားဂိုဏ်းထဲကို လုံးဝ မဝင်ဘူး”

“ဒါက …”

ကျိုးဒူဒူသည် လက်မကိုထောင်ကာ ချီးကျူးလိုက်၏။ “မင်းက ငါတွေ့ဖူးတဲ့ လူတွေအထဲမှာ စိတ်ဓာတ် အမာကျောဆုံး လူတစ်ယောက်ပဲ”

ကျွီ

ထိုအချိန်မှာပဲ အကျဉ်းထောင်တံခါးသည် ပွင့်သွားခဲ့သည်။ ကျိုးဒူဒူသည် အိပ်ယာပေါ်မှ ခုန်ချပြီးနောက် ထောင့်တစ်နေရာတွင် အသာသွား၍ကုပ်လျက်ရှိသည်။ သူ၏ အတွေ့အကြုံများအရဆိုလျှင် အကျဉ်းသားသစ် ဝင်ရောက်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းသားများသည် ဤနေရာသို့ရောက်လာ၍ ညှိနှိုင်းမှုကို ပြုလုပ်တတ်ကြ သည်။

သေချာပေသည်။ ကျွင်းချောင်ရှောင်းသည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ ၎င်း၏ တပည့်များအား လက်ယပ်ပြလိုက်၏။

လီဖေး၊ ထျန်းချီနှင့် တခြားသောသူများ အားလုံးသည် ရှေ့ဆီသို့ လှမ်းတက်လာကြပြီး ဒဏ်ရာရရှိထားခဲ့ကြသော လူရိုင်းနှင့် တခြားသောသူနှစ်ယောက်တို့ကို သံချိန်းကြိုးများဖြင့် ချည်နှောင်လိုက်ကြသည်။

“ခင်ဗျားတို့ သုံးယောက်”

ကျွင်းချောင်ရှောင်းသည် ထိုင်ကာဖြင့် ရယ်လိုက်၏။ “ကျုပ် မေးတာကို ဖြေရင်ဖြေ၊ မဖြေရင်နာပြီ”

………………

လူရိုင်းသည် ကြိုးစားကာ ခေါင်းကို မော့လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ် ကျုပ်တို့ ဘာမှမသိဘူး၊ ဘာမှလည်း မပြောနိုင်ဘူး၊ နှိပ်စက်ချင်တယ်ဆိုရင်လည်း နှိပ်စက်”

“ဒီလိုလား”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူများ ဤမျှ ဇွဲကောင်းလိမ့်မည်ဟု မယုံကြည်ချေ။ ထို့ကြောင့် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ဒီသုံးယောက်ကို ကောင်းကောင်း ဧည့်ခံပေးလိုက်”

“ကောင်းပါပြီ”

လီဖေးနှင့် ထျန်းချီတို့သည် လက်သီးကိုဆုပ်ကာဖြင့် အနားသို့ လျှောက်လာကြတော့သည်။ ၎င်းတို့သည် လှုပ်ရှားရန် ပြင်လိုက်သည့်အချိန်မှာပဲ အကျဉ်းထောင်တံခါး၏ ရှေ့တွင် ရောင်မုန့်ယဉ် ပေါ်ပေါက် လာခဲ့၏။ သူမကပြောလိုက်သည်။ “ဂိုဏ်းချုပ်… ကျွန်မ ဒီကိစ္စကို လုပ်လို့ရလား”

နတ်ဆိုးကျင့်ကြံသူလေးယောက်တို့ ဖမ်းဆီးခံရသည့် သတင်းကို လျှိုဝမ်ရှစ်ဆီမှ သူမကြားခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာခြင်း ဖြစ်တော့၏။

“ဂျူနီယာညီမလေး” လီဖေးက ပြောလိုက်သည်။ “ဒီလိုလူတွေနဲ့ ပြောဆိုတဲ့ကိစ္စကို စီနီယာအစ်ကိုတွေဆီ ထားတာ ပိုကောင်းမယ်”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီကောင်မလေးကလည်း နတ်ဆိုးကျင့်ကြံသူလေ၊ ဒီတော့ သူပြောတာ ပိုကောင်းမယ်လို့ထင်တယ်”

“နတ်ဆိုးကျင့်ကြံသူ ဟုတ်လား”

လူရိုင်းနှင့် သရဲတို့သည် အကောင်းမွန်ဆုံး ကြိုးစား၍ လည်ပင်းကို အသာမော့ကာဖြင့် တံခါးပေါက်ဆီသို့ အသာလှမ်းကြည့်လိုက်သည်။ ရောင်မုန့်ယဉ်၏ မျက်လုံးများနှင့် အကြည့်ခြင်း ဆုံသွားသည့်အချိန်မှာတော့ ၎င်းတို့၏ ဝိညာဉ်များ အားလုံးသည် ကြီးမားသည့်ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး လက်များ၊ ခြေများပင် တုန်ယင်လာခဲ့တော့သည်။

ဤမြင်ကွင်းကို ကျွင်းချောင်ရှောင်းသည် သတိပြုမိ၏။ “ကောင်မလေး.. ဒီသုံးယောက်ကို မင်းဆီလွှဲခဲ့တော့မယ်”

“ကောင်းပါပြီ”

ရောင်မုန့်ယဉ်သည် အထဲသို့ လျှောက်ဝင်လာပြီးနောက် ပြောလိုက်သည်။ “စီနီယာအစ်ကိုတို့… သူတို့ကို လွှတ်ပေးလိုက်ပါအုံး”

ရွှီး ရွှီး ရွှီး

သံချိန်းကြိုးများအားလုံးသည် ပြန်လည်၍ ပြေလျော့သွားတော့သည်။

ဘုတ် ဘုတ် ဘုတ်

လူရိုင်း၊ သရဲနှင့် ရင်ကျိုးတို့သည် မြေပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ ၎င်းတို့မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ အကျဉ်းထောင်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သော ဤမိန်းကလေးအား သူတို့သည် အလွန်အမင်း ကြောက်လန့်နေကြတော့၏။

All Chapters