← Chapters

အခန်း (၉၄၇)

Vol. 64 Ch. 947

အခန်း (၉၄၇)

Vol. 64 Ch. 947

“နောက်ထပ်အသိအမှတ်ပြုမှုလား။”

ဂိုဏ်းအသိအမှတ်ပြုဗဟိုမှာတော့ ရီထျန်းချန်သည် သတင်းစကားကို ကြားရသည့်အချိန်မှာတော့ ထိတ်လန့်တုန်လှုပ်သွားမိ၏။ “သူတို့ အဆင့်လေးဂိုဏ်းအထိ အဆင့်မြင့်တက်လာခဲ့တာမကြာသေးဘူးမဟုတ်လား။”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အချိန်အတိုင်းအတာအရဆိုလျင် မကြာသေးပေ။

“အကြီးအကဲကျိုး ၊ အကြီးအကဲကျန်း”

ရီထျန်းချန်က အမိန့်ပေးလိုက်သည်။ “သွားကြတော့”

“ကောင်းပါပြီ”

အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် ကောင်းကင်ဘုံ အင်ပါယာမြို့ဆီမှ ထွက်ခွာလာပြီးသည့်နောက် မှာတော့ ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့ကြတော့၏။

အထူးသဖြင့် သူတို့သည် လျှိုဝမ်ရှစ်၏ ချက်ပြုတ်မှုလက်ရာများကို စားသုံးရမည်ကို စဉ်းစားလိုက်သည့် အချိန်မှာတော့ သွားရည်ပင်ကျလို့နေခဲ့၏။ ဂိုဏ်းအသိအမှတ်ပြုတော်တော်များများကို ပြုလုပ်ပြီးနောက်မှာတော့ ၎င်းတို့နှစ်ယောက်သည် ပြိုင်စံရှားဂိုဏ်းအား တော်တော်ပင် ရင်းနှီးနေခဲ့ကြပြီဖြစ်တော့၏။

ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းသည် အမှန်ပင်စွမ်းရည် ရှိမှန်း သိရှိသည်မို့ အပြင်းအထန်နှင့် စစ်ဆေးနေစရာ မလိုအပ်ချေ။ ၎င်းတို့အနေနှင့် လက်ရှိ ဤနေရာသို့လာရသည့် အဓိကရည်ရွယ်ချက်သည် လောကတွင်ရှိသော အရသာအရှိဆုံး အစားအစာကို စားသုံးရန်ပင်ဖြစ်တော့၏။ ၎င်းတို့နှစ်ယောက်၏ ဂုဏ်သိက္ခာတရားများကြောင့် မဟုတ်ပါက ဤအကြီးအကဲနှစ်ယောက်သည် ပြိုင်စံရှားဂိုဏ်းသို့ နေ့စဉ်နေ့တိုင်းရောက်ရှိလာပြီး ထမင်းစားသောက် ရန် စဉ်းစားမိပေလိမ့်ပေမည်။

နောက်တစ်ရက်မှာတော့ အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့တော့ သည်။ အလွန်တရာမြင့်မားလှသော တောင်တန်းအရှည်ကြီးကို မြင်ရသည့်အချိန်မှာတော့ ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားမိခဲ့ကြ၏။

သူတို့သည် ဤဂိုဏ်းဆီသို့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ကြဖူး၏။ ရောက်ရှိလာတိုင်း အနည်းငယ်ပြောင်းလဲမှုများကို မြင်ခဲ့ရတော့သည်။ ဤတစ်ကြိမ်မှာတော့ ပိုမိုကြီးမားလွန်းသော ပြောင်းလဲမှုကို မြင်ခဲ့ရပြီဖြစ်သည်။

ဤဂိုဏ်းသည် ကြီးမားလှသော ဂိုဏ်းကြီးတစ်ခု၏ အမွေအနှစ်ကို ဆက်ခံထားသလိုပင် ခံစားနေမိတော့၏။ တည်နေရာပုံသဏ္ဍာန် အဆင့်မြင့်တင်မှုပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် အဆင့်လေးဂိုဏ်းတစ်ခုသာ ဖြစ်သေးသည်ဆိုသော်လည်း ပုံပန်းသွင်ပြင်နှင့် တည်နေရာအကျယ်အဝန်းအရဆိုလျင် ပထမအဆင့်နှင့် သို့မဟုတ် ဒုတိယအဆင့် ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ရသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီဖြစ်တော့သည်။

ဟုတ်ပေသည်။ အားအင်အဆင့်မှာလည်း နည်းပါးလှသည်တော့ မဟုတ်ချေ။ ခရမ်းရောင်ဘုရင်နှင့် တင်းရှင်းဝမ်တို့ ကဲ့သို့သော သိုင်းနယ်မြေထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သော ကျင့်ကြံသူများလည်း တည်ရှိနေကြပေ၏။ လီချင်းယန်ဦးဆောင်သော အတွင်းစည်းတပည့်များအားလုံးသည် သိုင်းအုပ်စိုးသူအဆင့်သို့ ရောက်ရှိနေခဲ့ကြပြီး ဖြစ်တော့၏။ ၎င်းတို့သည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ခြေထောက်အောက်တွင် နင်းခြေနိုင်လောက်သည့် အစွမ်းရှိနေကြတော့ပြီ ဖြစ်၏။

သို့ပေမဲ့ ဤအရာသည် အစပိုင်းသာရှိနေသေး၏။ ဂိုဏ်းထဲတွင်ရှိသော တပည့်တော်တော်များများသည် သိုင်းဘုရင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ကြပြီဖြစ်သည်။ ၎င်းတို့သည် လှိုင်းအဆောင်များကို ရရှိသည်ဆိုပါက ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲသို့ သွားရောက်ပြီး တိုက်ခိုက်ရေးအတွေ့အကြုံများကို ခံယူရတော့မှာဖြစ်သည်။

ထိုသို့ဆိုလျှင် မကြာခင်မှာ သိုင်းအုပ်စိုးသူအဆင့်သို့ ထပ်မံ၍ တိုးတက်လာပေလိမ့်မည်။ ဤသို့သော နည်းလမ်းဖြင့် ပြိုင်စံရှားဂိုဏ်းတွင် သိုင်းအုပ်စိုးသူများ မရေတွက်နိုင်အောင် ဖြစ်တည်လာပေလိမ့်မည်။ သိုင်းဘုရင်များအား လမ်းဘေးခွေးကဲ့သို့ ပေါပေါများများတည်ရှိနေသည်ဆိုသည့်ဆိုရိုးစကားသည် ပြိုင်စံရှားဂိုဏ်း နှင့်မှ လိုက်ဖက်ပေလိမ့်မည်။

“ခင်ဗျားတို့နှစ်ယောက်”

ဂိုဏ်းချုပ်ကျွင်းက ပြုံး၍ ပြောလိုက်သည်။ “ဂိုဏ်းအသိအမှတ်ပြုမှုကို အရင်လုပ်မှာလား။ အရင်ဆုံး စားကြမလား။”

“စားကြမယ်။”

အကြီးအကဲကျိုး ၊ အကြီးအကဲကျန်းတို့သည် သံပြိုင်ပဲ ပြောဆိုခဲ့ကြ၏။ အတိတ်တုန်းကဆိုလျှင် သူတို့သည် ဂိုဏ်း အသိအမှတ်ပြုမှုကို ဦးစားပေးကာ ပြုလုပ်ခဲ့ကြ၏။ လက်ရှိအချိန်မှာတော့ ဟန်ဆောင်နေစရာ မလိုတော့ပေ။ “ကောင်းပြီ။ အားရပါးရစားလိုက်ရအောင်။”

“ကျေးဇူးပြုပြီး”

လျှိုဝမ်ရှစ်သည် ကိုယ်တိုင်ကိုယ်ကျချက်ပြုတ်ထားသော အစားအစာများကို ပြင်ဆင်ပေးလိုက်တော့၏။ ၎င်းတို့ နှစ်ယောက်သည် စားသောက်ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ဝိညာဉ်များသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေ သကဲ့သို့ ခံစားနေမိကြ၏။

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကျိုးက ပြောလိုက်သည်။ “ဒါဆိုရင် အသိအမှတ်ပြုမှုကို လုပ်လိုက်ရအောင်။”

“ကျေးဇူးပြုပြီး”

ကျွင်းချောင်ရှောင်းသည် စားသောက်ခန်းထဲမှ အရင်ဆုံးရှောင်ထွက်လာ၏။ ဒီနောက်မှာတော့ အထက်ပိုင်း အကြီးအက များနှင့် ဂိုဏ်း၏ တပည့်များအားလုံးကို တည်နေရာထဲတွင် စုစည်းစေတော့သည်။

“ဂိုဏ်းချုပ်ကျွင်း”

တစ်နာရီလောက် စမ်းသပ်ပြီးသည့်နောက်မှာတော့ အကြီးအကဲကျိုးသည် တတိယအဆင့်ဂိုဏ်းကို ရေးသားထားသော ကျောက်စိမ်းများအား ကမ်းပေးကာ ပြောလိုက်တော့၏။ “တတိယအဆင့်ဂိုဏ်းအဖြစ် အဆင့်တိုးမြှင့်ခံရတဲ့အတွက် ဂုဏ်ပြုပါတယ်။”

“ကျေးဇူးပါပဲ။”

ကျွင်းချောင်ရှောင်းသည် လှမ်းယူလိုက်၏။

ဒင်

“လက်ခံသူသည် ဂိုဏ်းအား တတိယအဆင့်ဂိုဏ်းတစ်ခုသို့ အဆင့်တိုးမြှင့်ခဲ့သည်။ ဆုလာဘ်သည် ဂိုဏ်းအောင်မြင်မှု အမှတ် ၁၀၀၀၀၊ ဂိုဏ်းစုဆောင်းအမှတ်၁၀၀၀၀”

ဒင်

“ဂိုဏ်းစုဆောင်းအမှတ် ၃၉၃၀၀/၅၀၀၀၀”

ဒင်

“ဂိုဏ်းအောင်မြင်မှုအမှတ် ၂၂၂၀၀/၅၀၀၀၀”

သတိပေးအသံကို ကြားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်ကြည့်လိုက်တော့၏။ ဂိုဏ်း၏ မျက်နှာပြင်မှာတော့ အဆင့်လေးဂိုဏ်းဆီမှသည် အဆင့်သုံးဂိုဏ်းဆီသို့ ပြောင်းလဲသွားနေသည်ကို မြင်ရသည့် အချိန်မှာတော့ သူ၏ မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခုဖြစ်တည်လာခဲ့တော့၏။

နှစ်ပေါင်းများစွာကြိုးစားပြီးသည့်နောက်မှာတော့ သူသည် အဆင့်ကိုးဂိုဏ်းတစ်ခုအား ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဆင့်သုံးဂိုဏ်းတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သည်။

တွီ တွီ

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။

“ဒီညမှာ အဆင့်သုံးဂိုဏ်းတစ်ခုဆီသို့ အဆင့်တိုးမြင့်နိုင်တဲ့အတွက် စားသောက်ပွဲကိုကျင်းပမယ်။”

“ကောင်းပါပြီ” လျှိုဝမ်ရှစ်သည် စားသောက်ခန်းမှ အဖွဲ့ဝင်များကို ဦးစီးကာဖြင့် အလုပ်များနေတော့သည်။

ဆွစ် ဆွစ်

မီးဖိုချောင်ထဲမှာတော့ မာယုံနင် နှင့် လင်းရုံတို့သည် မျက်နှာချင်းဆိုင် ရပ်လျက်ရှိနေကြ၏။ ၎င်းတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ရှုပြီးသည့်နောက်မှာတော့ ခါးတွင်ချိတ်ထားသော မီးဖိုချောင်ဓားများကို လျင်မြန်စွာ ဆွဲထုတ်လိုက်တော့၏။

ပြီးနောက် လင်းလက်သည့်အလင်းတန်းများသည် တည်နေရာထဲတွင် ပေါ်ပေါက်လာတော့သည်။

ဆွစ် ဆွစ် ဆွစ် …..။

အပြင်ဘက်မှာတော့ ချင်ပုတောင်သည် ခြင်းထဲတွင် ထည့်လာသော အသီးအရွက်များကို ဆေးကြောလို့နေခဲ့၏။ ဤကဲ့သို့သော အလုပ်သည် အနည်းငယ်ပျင်းရိစရာကောင်းသည်ဆိုသော်လည်း သူသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြုလုပ်လျက်ရှိနေ၏။

သူသည် ပြိုင်စံရှားဂိုဏ်းထဲတွင် အသားကျနေပြီးဖြစ်၏။ နေ့စဉ်နေ့တိုင်း ကြက်ဖ နှိုးသည့်အချိန်မှစ၍ နိုးထလာခဲ့ပြီးသည့်နောက်မှာတော့ သူ၏ ဂိုဏ်းတူရောင်းရင်းများအတွက် အစားအသောက်များကို ဆေးကြောသည့် အလုပ်ကို ပြုလုပ်ခဲ့သည်။ “ငါရဲ့လက်တွေက အစားအသောက်တွေဆေးကြောဖို့အတွက် ဖြစ်တည်လာခဲ့တာပဲ။”

…

စားသောက်ခန်းမှ အဖွဲ့ဝင်များအားလုံးသည် စားသောက်ပွဲအတွက်ပြင်ဆင်၍ အလုပ်များလျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် ဆေးဟောခန်းမဆီသို့ သွားပြီးသည့်နောက် ဒဏ်ရာရထားသော နတ်ဆိုးကျင့်ကြံသူ လေးယောက်တို့ကို သွားရောက်ကြည့်ရှုတော့သည်။ တကယ်တော့ သွားကြည့်ရှုသည်ဆိုသည်မှာ အမည်ခံပင် ဖြစ်သည်။ မေးခွန်းများသွားရောက်မေးမြန်းခြင်းသာဖြစ်၏။

ဥပမာအားဖြင့်

“နတ်ဆိုးအင်ပါယာဂိုဏ်း၏ အင်အားသည် မည်မျှရှိသနည်း။”

“တပည့်မည်မျှရှိသနည်း။”

“ဘယ်နေရာတွင် လူပေါင်းများစွာနေထိုင်နေသနည်း။” စသည့် အချက်အလက်များကို မေးမြန်းခြင်းပင်ဖြစ်သည်။

လူရိုင်းနှင့်တစ်ခြားသောသူများအားလုံးသည် ဝိညာဉ်အရင်းအမြစ်များကို ထိန်းချုပ်ခံလိုက်ရပြီဖြစ်သောကြောင့် မပြောချင်သော်လည်း အမှန်ကိုသာ ပြောဆိုနေခဲ့ရတော့၏။

“ကာကွယ်စောင့်ရှောက်သူ ဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်မိသည်။ “ပြိုင်စံရှားဂိုဏ်းမှာ အဲဒီရာထူးမရှိသေးဘူး။”

သာမန် အခြေအနေအရဆိုလျှင် ဂိုဏ်းကြီးများတွင် ဂိုဏ်းချုပ်၊ ဒုဂိုဏ်းချုပ်၊ အကြီးအကဲ၊ ကာကွယ်စောင့်ရှောက်သူ၊ ဟောခန်းသခင် စသည်ဖြင့်တည်ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းမှာတော့ လက်ရှိတွင် အကြီးအကဲနှင့် ဟောခန်းသခင်များသာရှိ၏။ ကာကွယ်စောင့်ရှောက်သူ ဟူ၍ မရှိပေ။ ဒုဂိုဏ်းချုပ်ဆိုလျှင် ပို၍ ဆိုးသေး၏။

ကာကွယ်စောင့်ရှောက်သူဆိုသည်မှာ အကြီးအကဲထက် ရာထူးနိမ့်ပါး၏။

လူရိုင်းနှင့် သရဲတို့အဖွဲ့သည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းတွင် ကောင်းမွန်သည့် ရာထူးကို ပိုင်ဆိုင်သည့် လူလေးယောက်ဟု ဆိုရမည်။ ထို့ကြောင့်ပင် ၎င်းတို့အားလုံးသည် အရှေ့ဘက်လွင်ပြင်ဒေသကြီး၏ လမ်းမှန်ဂိုဏ်းများနှင့်တိုက်ခိုက်သည့်နေရာတွင် အဓိကတိုက်ခိုက်သူများအဖြစ် တာဝန်ယူခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

“အထက်ပိုင်းလူအကန့်အသတ်က ပြည့်သွားပြီလေ။ လူအကန့်အသတ်ထားနိုင်ဖို့က မြင့်တက်သွားပြီဆိုတော့ ဒီလေးယောက်ကို ပြိုင်စံရှားဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ထားဖို့စဉ်းစားရမယ်။” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်၏။

ဂိုဏ်းထဲတွင် နတ်ဆိုးကျင့်ကြံသူဟူ၍ များများစားစားမရှိပေ။ ထို့ကြောင့် လူရိုင်းနှင့်တစ်ခြားသောသူများကို ဂိုဏ်းထဲသို့ ခေါ်သွင်းရန်ဆိုသည်မှာ ဆိုးရွားသည့်အကြံအစည်တော့ မဟုတ်ပေ။

“ဂိုဏ်းချုပ်”

လီလိုရှုသည် ဟောခန်းထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ ဌာနချုပ်က နေဝင်ကျီးကန်းတောတန်းထဲမှာရှိတယ်လို့ အကြီးအကဲကျန့်က သတင်းပေးပို့လာတယ်။”

ကျွင်းချောင်ရှောင်းသည် ထိုသတင်းကို သိရှိပြီးပြီဖြစ်သော်လည်း ကျန့်ရာသည် ဤအခြေအနေတွင် ကောင်းမွန်သည့် သတင်းအချက်များကို ရယူနိုင်စွမ်းရှိနေသည်ကို မြင်တော့ သူသည် အလွန်ဝမ်းမြောက်မိ၏။

“အကြီးအကဲကျန့်ကို အထဲကို ဝင်မသွားဖို့ ပြောလိုက်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ နတ်ဆိုးဂိုဏ်းများသည် အဘယ့်ကြောင့် ခေါင်းကိုက်စရာများဖြစ်နေသည် ဆိုသည်မှာ အကြောင်းအရာရှိနေ၏။ ၎င်းတို့သည် အစဉ်အမြဲအမှောင်ထဲတွင် ပုန်းအောင်းနေခဲ့ကြ၏။ ၎င်းတို့၏ တည်နေရာကို သိရှိသည်ဆိုလျှင်တောင်မှ ဘာတစ်ခုမှ ပြုလုပ်၍ မရနိုင်သေးချေ။

“နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းလား။”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် သူ၏လက်များကို ယှက်ကာ ပြုံးလိုက်မိ၏။ “ကျုပ်ကိုစောင့်အုံး။ ဂိုဏ်းက ကောင်လေးတွေ ကောင်းကောင်းမွန်မွန် သောက်စားပြီးတာနဲ့ ခင်ဗျားတို့ဆီကို ပျော်ပွဲစားထွက်လာခဲ့မယ်။”

သူ၏အပြုံးသည် အမှန်ပင်ကြောက်ဖို့ကောင်းလှ၏။ ညရောက်သည့်အချိန်မှာတော့ မီးပုံပွဲသည် လေ့ကျင့်ရေး ကွင်းပြင်ကြီးတွင် ထင်းလင်းစွာဖြင့် တည်ရှိနေခဲ့တော့၏။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် ထိန်ထိန်လင်းလျက်ရှိနေပြီး စားပွဲများသည် အတန်းလိုက်စီတန်းထားတော့၏။

စားပွဲများပေါ်မှာတော့ အရသာရှိလှသော အစားအစာများနှင့်ဝိုင်များတည်ခင်းထားသည်။

“ဝိုင်ကို ဖွင့်တော့။”

ဖောင်း ဖောင်း ဖောင်း

ဝိုင်ပေါ်တွင်ရှိနေသော စည်းအဖုံးများကို ဖွင့်လှစ်ပြီးသည့်နောက်မှာတော့ တပည့်များအားလုံးသည် ခွက်ထဲသို့ ထည့်လိုက်ကြ၏။ ကျွင်းချောင်ရှောင်းသည် ခွက်ကို မြှောက်ကာဖြင့် ပြောလိုက်တော့၏။ “ကျုပ်တို့ဂိုဏ်းက ထာဝရတည်ရှိပါစေ။ ကောင်းကင်နဲ့မြေကြီးမှာ ထာဝရတည်ရှိနေသော ပြိုင်စံရှားဂိုဏ်း။ ထာဝရ တည်ရှိနေသော ပြိုင်စံရှားဂိုဏ်း။”

ဂလု ဂလု

တပည့်များအားလုံးသည် ဝိုင်ခွက်ကို ကောက်ကာမော့လိုက်၏။

“ဂျူနီယာညီလေးရီ”

ထျန်းချီသည် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ဘာလို့မသောက်တာလဲ။”

ရီရှင်းချန်သည် ထူးမခြားနားသလိုပြောလိုက်၏။ “မသောက်ချင်လို့။”

“ဟား ဟား ဟား ဟား ဟား”

လီဖေးက ရယ်လိုက်၏။ “ဂျူနီယာညီလေးရီ ကြောက်နေတာပဲဖြစ်မယ်။ သူပထမတစ်ကြိမ်တုန်းက အရမ်းသောက်ပြီးတော့ မီးပုံပွဲဘေးမှာ တစ်ညလုံးကခဲ့တာလေ။”

ရီရှင်းချန်သည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ အလွန်ရှက်ရွံ့မိ၏။ ယခုထပ်မံကာ ကြားလိုက်သည့်အချိန်မှာတော့ ဒေါသပင်ထွက်သွားမိသည်။

“ဂျူနီယာညီလေး”

လီဖေးသည် ဝိုင်ခွက်နှင့်ရောက်ရှိလာကာ ပြုံးလိုက်၏။ “ဂိုဏ်းက တတိယအဆင့်ကို ရောက်ရှိသွားတယ်ဆိုတာ ပျော်ရွှင်စရာကိစ္စပဲလေ။ ဒီတော့ ဒီညသောက်သင့်တယ်။”

“ဟုတ်တာပေါ့။”

“ဘာလဲ။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ကမိမှာစိုးလို့လား။”

ဤအရာသည် တကယ့်ချက်ကောင်းနေရာပင်ဖြစ်တော့သည်။ ရီရှင်းချန်သည် ပိုမို၍ ဒေါသထွက်လာသည်။ ထို့ကြောင့် ရုတ်တရက်မတ်တပ်ထရပ်ကာ ဝိုင်ခွက်ကို လှမ်းယူပြီး ပြောလိုက်၏။ “သောက်လိုက်မယ်။ လာခဲ့စမ်း။”

ဂလု ဂလု

“ထပ်သောက်ကြရအောင်။ လာခဲ့စမ်း။”

“စီနီယာအစ်ကိုကြီးနဲ့ စီနီယာအစ်ကိုရီတို့ဟာ အရက်သောက်ပြိုင်နေကြတယ်” တပည့်များအားလုံးသည် စုဝေးလာခဲ့ကြတော့သည်။

အဓိကဟောခန်းရှေ့တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်တစ်ယောက် အားရ ပျော်ရွှင်စွာဖြင့် သောက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ပြောလိုက်မိ၏။ “ဒီသောက်ရူးလေးက နည်းနည်း နည်းနည်းချင်းစီတော့ ပြောင်းလဲလာပြီပဲ။ ဒါပေမဲ့ …”

သူသည် စားပွဲပေါ်တွင် တစ်ယောက်တည်းထိုင်လျက်ရှိနေသော လုချင်းချင်းကို လှမ်းကြည့်၍ ခေါင်းကိုခါယမ်း လိုက်မိ၏။

“သူမကတော့ ပြောင်းလဲသွားပုံမပေါ်ဘူး။”

“စီနီယာအစ်မလျှို”

ရောင်မုန့်ယဉ်သည် စားပွဲပေါ်တွင် မေးထောက်ကာဖြင့် အရက်သောက်လျက်ရှိနေကြသော သူ၏စီနီယာအစ်ကိုများကို ကြည့်ရှုလိုက်၏။ ပြီးနောက် သနားစဖွယ် ပြောလိုက်သည်။ “ကျွန်မလည်း အရက်သောက်ချင်တယ်။”

စားပွဲပေါ်တွင် မေးထောက်လျက်ပင် ရှိနေသော လျှိုဝမ်ရှစ်ကလည်းပြောလိုက်မိ၏။ “ငါကျတော့လည်း ဘာလို့သောက်လို့မရတာလဲ။”

“အင်း”

ထောင်ထဲမှာတော့ ကျိုးဒူဒူသည် အပြင်ဘက်တွင် ပျော်ရွှင်စွာဖြင့် ဆော့ကစားလျက်ရှိနေကြသော ပြိုင်စံရှားဂိုဏ်းမှ ဂိုဏ်းသားများကို ပြတင်းပေါက်မှတဆင့်ကြည့်ရှုရင်း မနာလိုစွာဖြင့် ပြောလိုက်မိသည်။ “ငါ ဒီလိုပျော်စရာကောင်းတဲ့ ဂိုဏ်းထဲကို ဘယ်အချိန်မှ ဝင်ရောက်နိုင်မှာလဲ။”

ကျွီ

အကျဉ်းထောင်တံခါးပွင့်သွားခဲ့၏။ အားဟိုင်နှင့်ရီဟိုင်တို့သည် အရသာရှိလှသော အစားအစာများကို ပန်းကန်ပြား များနှင့်ထည့်၍ ဝိုင်ခွက်များကိုပါ ယူဆောင်လာခဲ့ကြတော့သည်။

“ဒါက ဂိုဏ်းက ကျွေးတဲ့အစားအစာပဲ။”

“ကျေးဇူးပါပဲ။ ကျေးဇူးပါပဲ။”

ကျိုးဒူဒူသည် လျင်လျင်မြန်မြန်ပြေးသွားပြီးသည့်နောက် စားပွဲပေါ်တွင်ရှိသော ဟင်းပွဲများကို အနံ့ခံလျက်ရှိသည်။

“အသုံးမဝင်ဘူး။”

နံရံကို မျက်နှာပေးထားသော တိုင်လုသည် ရုတ်တရက် ထရပ်ပြီးသည့်နောက်မှာတော့ စားပွဲရှေ့တွင် ဝင်ထိုင်သည်။ ပြီးနောက် ခပ်တည်တည်ဖြင့် စတင်ကာ စားသုံးတော့သည်။ ဤအတောအတွင်း သူသည် တစ်စုံတစ်ယောက်က အစားအစာများကို ယူဆောင်လာသည်ဆိုသည်နှင့် တစ်ချက်လေးမှ မနှောင့်နှေးဘဲ တစ်ခါတည်း စားသောက်တတ်၏။

သူသည် အစားအသောက်များကို ပါးစပ်ထဲဝင်အောင် စားသုံးပြီး ထိုအရသာများနှင့်ပတ်သက်၍ အာရုံခံမှုကိုတော့ မပြုလုပ်ချေ။

“ချီးတဲ့မှ …. မင်းအကုန်လုံးကို ထပ်ပြီးစားလိုက်ပြန်ပြီလား။”

…

စားပွဲသည် ညနက်သည်အထိ မပြီးဆုံးချေ။

ရီရှင်းချန်နှင့်လီဖေးတို့မှာတော့ ဝိုင်နှစ်ပုလင်းကို သောက်သုံးပြီးသည့် နောက်မှာတော့ ၎င်းတို့၏ အိပ်ခန်းဆောင်ရှိရာသို့ လေးဘက်ထောက်ကာ ပြန်ရတော့သည်။

နောက်တစ်ရက်မှာတော့ အခန်းထဲသို့ မဝင်နိုင်ဘဲ အပြင်ဘက် ခြေနင်းဖက်၌ အိပ်လျက်ရှိနေကြောင်း သိရှိလိုက်ကြရတော့၏။

All Chapters