← Chapters

အခန်း (၉၄၈)

Vol. 64 Ch. 948

အခန်း (၉၄၈)

Vol. 64 Ch. 948

ရွှီး … ရွှီး …. ရွှီး … ရွှီး …..။

တောနက်အတွင်းထဲမှာတော့ လူတစ်စုသည် ငြိမ်ငြိမ်သက်သက်နှင့် လှမ်းလျှောက်လာခဲ့ကြတော့သည်။

၎င်းတို့၏ မြက်ပင်ပေါ်၌ ဖြတ်လျှောက်သွားသည့် ခြေသံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လျက်ရှိသည်။ ထိုသူများအားလုံးသည် မျက်နှာဖုံးနှင့် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်စုဖြစ်သည်။ ခန္ဓာကိုယ်ဆီမှ မည်သည့်သိုင်းကျင့်ကြံခြင်းမှ ထွက်ပေါ်နေသည်မဟုတ်သော်လည်း ၎င်းတို့၏ လှုပ်ရှားသွားလာမှု များကို ကြည့်ရှုမည်ဆိုလျှင် ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြောင်း သိရှိနိုင်၏။

“ဂိုဏ်းချုပ်”

ကျင့်ကြံသူတစ်ယောက်သည် ရှေ့တွင် အသာရပ်လိုက်ပြီးနောက် အသံပို့လွှတ်လိုက်သည်။ “စိတ်ဝိညာဉ်အာရုံတွေက ကန့်သတ်ခံထားရတယ်၊ အရှေ့နှစ်မီတာအတွင်းကလွဲရင် ကြည့်လို့မရတော့ဘူး”

ထိုအသံသည် လီချင်းယန်၏ အသံပင်ဖြစ်တော့သည်။ သူ၏အနောက်မှာတော့ လုချင်းချင်း၊ ရှောင်ကျီ၊ လီဖေး၊ ထျန်းချီ၊ ဟယ်ဝူတီနှင့် တခြားသောအတွင်းစည်းတပည့်များ တည်ရှိလို့နေ၏။

ညအင်ပါယာ မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။ သူသည်လည်း အဖွဲ့ထဲတွင် တည်ရှိလို့နေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ စိတ်ထဲတွင် ကြိတ်ကာ အော်ဟစ်လျက်ရှိနေ၏။ “ငါ ဘာလို့ မနေ့တုန်းက အခန်း တံခါးပေါက်ဝတည့်တည့် ခြေနင်းဖက်မှာ အိပ်ပျော်သွားခဲ့ရတာလဲ”

နောက်ဆုံးအကြိမ် ဂိုဏ်း၏စားပွဲတုန်းက သူသည် အရက်သောက်များသွားပြီးသည့်နောက် မီးပုံကြီးကိုပတ်ကာ ကခုန်ခဲ့သေး၏။ မနေ့ကလည်း အသောက်အစား များသွားပြီးသည့်နောက် အခန်း၏ အပြင်တွင် အိပ်ပျော်သွားခဲ့ သည်။ ဤအရာသည် သူ၏ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်စေခဲ့သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး”

ရီရှင်းချန်က ပြောလိုက်၏။ “နောင်အနာဂတ်မှာ ငါ အရက်ကို လုံးဝထိလို့မဖြစ်ဘူး”

ဂုဏ်သိက္ခာကျစရာများ ဖြစ်ပေါ်မလာစေရန်အတွက် သူသည် ချက်ချင်းပဲ အရက်သောက်ခြင်းရပ်တန့်လိုက်ရန် ဆုံးဖြတ်ချက် ချလိုက်မိတော့၏။

“တကယ့်ကို”

ကျွင်းချောင်ရှောင်းသည် သစ်ပင်ပေါ်တွင် ထိုင်ပြီးသည့်နောက် ပန်းသီးကို တစ်ကိုက် ကိုက်လိုက်သည်။ “ဒီထဲမှာရှိတဲ့မြူတွေက အဆိပ်မြူတွေ မဟုတ်ပေမယ့် သီးခြားဖြစ်တည်ခြင်း အစီအရင်လိုပဲ စိတ်ဝိညာဉ်အာရုံတွေ ဖြန့်ကျက်နိုင်မှုကနေ တားဆီးထားတာပဲ”

သစ်ပင်၏ နောက်တွင်တော့ ခရမ်းရောင်ဘုရင်၊ ပိုင်လျှို၊ တင်းရှင်းဝမ်နှင့် ရောင်မုန့်ယဉ်တို့က ရပ်တန့်လျက် ရှိနေ ကြ၏။ အထက်ပိုင်းအကြီးအကဲများနှင့် အတွင်းစည်းတပည့်များ အားလုံးသည် ဤနေရာသို့ ရောက်ရှိနေကြ၏။ ဆိုလိုသည်မှာ ပြိုင်စံရှားဂိုဏ်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး ကြောက်ရွံ့နေကြသော နေဝင် ကျီးကန်းတောတန်းထဲသို့ ရောက်ရှိနေပြီး အလုံးစုံသော အားအင်အဆင့်ကို ထုတ်ဖော်ကာဖြင့် ဖျက်ဆီးဖြိုလဲရန် ရောက်ရှိနေခြင်း ဖြစ်ပေတော့သည်။

နတ်ဆိုးအင်ပါယာဂိတ်၏ အစောင့်အရှောက် လေးယောက်တို့ကို ဖမ်းဆီး ထိန်းသိမ်းပြီးနောက် တစ်ဖက်လူများသည် မကြာခင် ဤသတင်းကို ကျိန်းသေပေါက် ရရှိသွားမှာ သေချာသည်။ ထို့ကြောင့် သူတို့သည် မနေ့ကာ အားရပါးရ သောက်စားပြီးနောက် ယနေ့တွင် အင်ပြည့်အားပြည့်ခေါ်ယူကာ ဤနေရာသို့ ရောက်ရှိလာခြင်းပင် ဖြစ်၏။

“အကြီးအကဲကျန့်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို ထွင်းဖောက်ပြီး ကြည့်လို့ရလား”

“မရဘူး” ကျန့်ရာသည် ခေါင်းကို ခါယမ်းလိုက်တော့သည်။ သူသည် နေဝင်ကျီးကန်းတောတန်း၏ အပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်စားနေခဲ့ပြီဖြစ်သည်။ သူ၏ ယွမ်စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို အသုံးပြု၍ အထဲသို့ ထွင်းဖောက်ကြည့်ရှုရန် အကြိမ်ကြိမ် ကြိုးစားခဲ့၏။ သို့ပေမဲ့ ဤမြေတည်နေရာကြီးတစ်ခုလုံးကို ထွင်းဖောက်၍ ကြည့်ရှုလို့မရနိုင်ခဲ့ချေ။

စနစ်က ပြောလိုက်သည်။ “ဒီနေရာမှာ စိတ်ဝိညာဉ်အာရုံတွေကို ဖြန့်ကျက်ကြည့်ရှုဖို့ဆိုတာ ခက်ခဲလိမ့်မယ်၊ လက်ခံသူအနေနဲ့ ရွေ့လျားနေတဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို ရှာဖွေဖို့ဆိုတာက ကောင်းကင်ပေါ်ကို တက်သလောက်ထိ ခက်ခဲလိမ့်မယ်”

“ကောင်းကင်ပေါ်ကို တက်သလောက်ထိ ခက်ခဲတယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါမယုံ နိုင်ဘူး”

ရွှီး

လက်တစ်ချက်ယမ်းခါပြီးနောက် သူသည် သံလိုက်အိမ်မြောင်ကဲ့သို့ အရာတစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှာ ရတနာတွေ ရှိနိုင်တယ်လေ၊ ဒီတော့ ဒါကို အသုံးပြုပြီး ငါတို့ ရှာလို့ရနိုင်တယ်”

ဒွီး

သူသည် ရတနာရှာသည့်ပစ္စည်းကို အသုံးပြုလိုက်သည့်နောက်မှာတော့ ထိုအရာသည် ချက်ချင်းပဲ တောက်ပသွားခဲ့တော့သည်။

ဝှစ် ဝှစ်

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ အလင်းစက်များသည် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအလင်းစက်များ စုဝေးနေရာသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တည်နေရာပင် ဖြစ်ပေလိမ့်မည်။

“ထင်ထားတဲ့အတိုင်းပဲကိုး”

ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွား၏။ “ရတနာရှာတဲ့ပစ္စည်းက ဒီလိုလည်း သုံးလို့ရတာပဲ”

စနစ် “....”

သူ့အနေနှင့် ယခုလေးတွင် ဤနေရာကို ရှာဖွေရန်ဆိုသည်မှာ ကောင်းကင်ပေါ်သို့ တက်လှမ်းသကဲ့သို့ ခက်ခဲလွန်းသည်ဟု ပြောဆိုခဲ့၏။ လက်ရှိအခြေအနေတွင် လက်ခံသူသည် ရတနာရှာသည့်ပစ္စည်းအား အသုံးပြု၍ ထိုတည်နေရာကြီးကို ရှာဖွေတွေ့ရှိခဲ့သည်။ သောက်ကျိုးနည်းလှချေသည်တကား။

“သွားကြရအောင်”

ကျွင်းချောင်ရှောင်းသည် အထဲပိုင်းဆီသို့ ဦးတည်ကာ ခေါ်ဆောင်သွားခဲ့တော့သည်။ ခဏလောက် လျှောက်ပြီး သည့်နောက်မှာတော့ အလင်းစက်တည်နေရာသည် ရုတ်တရက်ပြောင်းလဲသွားပြီး အရှေ့တောင်ဘက်ဆီသို့ ရောက်ရှိသွား၏။

“ကြည့်... ဒါက အစီအရင်နဲ့အတူ တည်နေရာကို ရွေ့ပြောင်းလိုက်တာပဲ”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် နေဝင်ကျီးကန်းတောတန်းထဲတွင် အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့၏။ ၎င်းတို့သည် အချိန်ပြည့် တည်နေရာကြီးကို ရွေ့ပြောင်းနိုင်သော အစီအရင်တစ်ခုပေါ်တွင် မှီခိုကာ နေထိုင်ခဲ့ကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား ရှာဖွေရန်ဆိုသည်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။

သို့ပေမဲ့ လက်ထဲတွင် ရတနာရှာသည့်ပစ္စည်း ရှိနေသော ကျွင်းချောင်ရှောင်းအတွက်တော့ ဂရုစိုက်စရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်၏ တည်နေရာကြီးသည် မည်မျှရွေ့လျားနေသည်ဆိုဆို ရတနာရှိနေရာ နေရာဖြစ်သောကြောင့် သူ့အား အစဉ်အမြဲ ညွှန်ပြနေပေလိမ့်မည်။

..............

နေဝင်ကျီးကန်းတောတန်း၏ အတွင်းဘက်တည်နေရာတွင်တော့ အဆောက်အဦများ အတွဲလိုက် တည်ရှိနေ သည်။ ထိုအရာကိုသာ လီချင်းယန်တွေ့မည်ဆိုပါက သူ၏ အဆောက်အဦ တည်ဆောက်ချင်စိတ်များ ပိုမိုကာ တဖွားဖွားနှင့် တိုးတက်လာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် သေသေချာချာ သပ်သပ်ရပ်ရပ် နှင့် လှပသော အဆောက်အဦများနှင့် ပြည့်နှက်နေသောကြောင့်ပင် ဖြစ်တော့၏။

လက်ရှိအခြေအနေမှာတော့ ဟောခန်းတစ်ခုကဲ့သို့ ဆင်တူလှသော အဆောက်အဦတစ်ခုထဲတွင် အမဲရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသော လူတစ်ဒါဇင်ကျော်တို့ တည်ရှိနေကြသည်။

“ယွမ်သခင်လေးက ပြိုင်စံရှားဂိုဏ်းကို ရန်မပြုဖို့ အမြဲတမ်းမှာခဲ့တယ်၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူက ကျွင်းချောင်ရှောင်းကြောင့် ဒဏ်ရာ ရရှိခဲ့တယ်လေ၊ တကယ်ပဲ သူ ဘာလုပ်ချင်နေတာလဲ” အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် အော်ငေါက်လိုက်၏။

“သူက ဂိုဏ်းကို ပွင့်ပွင့်လင်းလင်းနဲ့ အပြင်ဘက်ကို ထွက်ပြီးတော့ ကျော်ကြားလှတဲ့ လမ်းမှန်ဂိုဏ်းသားတွေနဲ့ တိုက်ခိုက်ဖို့ စဉ်းစားခဲ့တယ်လေ၊ ဘယ်လောက် အသုံးမကျလိုက်တဲ့ ဆုံးဖြတ်ချက်လဲ”

“အကြီးအကဲဟန်... အရင်အစည်းအဝေးတုန်းက ခင်ဗျားက ယွမ်သခင်လေးရဲ့ အကြံအစည်ကို အရမ်း ထောက်ခံခဲ့တယ်မဟုတ်ဘူးလား၊ အခု ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဆန့်ကျင်သွားရတာလဲ”

“ဟမ့်.... ဂိုဏ်းအတွက် အကျိုးရှိတယ်ဆိုရင် ဒီအဘိုးကြီးက သဘောတူညီရမှာပဲ၊ အေး... ဂိုဏ်းအပေါ် ထိခိုက် လာပြီဆိုရင်တော့ ဒီအဘိုးကြီးက ဆန့်ကျင်ရမှာပဲ”

ဤအရာသည် ခြံစည်းရိုးခွထိုင်ခြင်းပင် ဖြစ်တော့၏။ သူသည် ကောင်းမွန်သည် မည့်သည့်နေရာကိုမဆို ခုန်ကူးသွားနိုင်၏။ မြန်မာနိုင်ငံတွင်လည်း ထိုသို့သောလူများ အလွန်များပြား၏။

“ကောင်းပြီ၊ ကောင်းပြီ”

အဓိကထိုင်ခုံနှင့် အနီးဆုံးနေရာတွင် ထိုင်နေသော အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်၏။ “ဒီတစ်ကြိမ်မှာ ခင်ဗျားတို့အားလုံးကို ဒီကိုခေါ်လာတာက ယွမ်သခင်လေးကို အဖြစ်ဖို့ဖို့ မဟုတ်ဘူး၊ နောက်ပြီး ဘာဆက်လုပ်ကြမယ်ဆိုတာကို ဆွေးနွေးကြဖို့ပဲ”

“အရမ်း ရိုးရှင်းတယ်”

အကြီးအကဲဟန်က ပြောလိုက်သည်။ “ဂိုဏ်းက အမှောင်ထဲမှာပဲ ဆက်ပြီးတော့ ပုန်းအောင်းနေရမယ်၊ ပြီးတော့ မောက်မာလှပါတယ်ဆိုတဲ့ လမ်းမှန်ဂိုဏ်းသားတွေကို ချောင်းပြီးတော့ သတ်ဖြတ် ပစ်ရမယ်”

“ဒါဆိုရင် ပြိုင်စံရှားဂိုဏ်းလည်း ပါတာပေါ့”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ငါတို့အနေနဲ့ အရင် အကြံအစည်အတိုင်း ဆက်ပြီးလုပ်သင့်တယ်လို့ ဒီအဘိုးကြီးက ထင်တယ်”

အရင်အကြံအစည်ဆိုသည်မှာ ပြိုင်စံရှားဂိုဏ်းကို ပစ်မှတ်ထားရန်ပင် ဖြစ်တော့၏။ သို့ပေမဲ့ နောက်ပိုင်းတွင် ယွမ်သခင်လေးကြောင့် သူတို့သည် ရပ်တန့်ခဲ့ရ၏။ လက်ရှိအခြေအနေတွင် ယွမ်သခင်လေး၏ အကြံအစည်သည် အလုပ်မဖြစ်တော့ဘူး ဆိုသောကြောင့် ၎င်းတို့အား တားဆီးရန် မဖြစ်နိုင်တော့ချေ။

“ဒါပေမဲ့ ခရမ်းရောင်ဆံပင်နဲ့တစ်ကောင်က တကယ့်ကို အားကောင်းလွန်းလှတယ်၊ သိုင်းနယ်မြေကျင့်ကြံသူ လေးယောက်ကိုတောင် ထိန်းသိမ်းထားနိုင်တယ်။ ဆိုလိုတာက ပြိုင်စံရှားဂိုဏ်းက အားအင်နဲ့ပတ်သက်ရင် တကယ်ကောင်းတာပဲ ဖြစ်ရမယ်၊ သူတို့ကို ဖြေရှင်းချင်တယ်ဆိုရင် ကျုပ်တို့အနေနဲ့ ကြီးမားတဲ့ ပေးဆပ်မှုကို ပေးဆပ်ရမှာ စိုးရိမ်မိတယ်၊ ဒါကြောင့် ယွမ်သခင်လေးက ဒီဂိုဏ်းကို ပစ်မှတ်ထားတာကနေ ရုတ်သိမ်းဖို့ ကျုပ်တို့ကို ပြောခဲ့တာပေါ့”

...................

ခမ်းနားလွန်းသော ခြံဝန်းလေးထဲမှာတော့ ယွမ်သခင်လေးသည် ဖြူလျော်နေသော မျက်နှာနှင့်အတူ ခန်းမဆောင်တစ်ခု၌ ထိုင်လျက်ရှိနေ၏။ သူသည် ကျွင်းချောင်ရှောင်း၏ လက်ဝါးရိုက်ချက်ကို ခံယူပြီးသည့် နောက်မှာတော့ အလုံးစုံ ပြန်လည် မကောင်းမွန်သေးချေ။

“သခင်လေး”

သိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ “ကျန့်လင်ချန်က အကြီးအကဲ အစည်းအဝေးကို ခေါ်ယူခဲ့တယ်တဲ့၊ သူက ကျိန်းသေပေါက် သခင်လေးကို ပစ်မှတ်ထားတော့မှာပဲ”

ယွမ်သခင်လေးသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီအဘိုးကြီးတွေက ကျုပ် ဘယ်တော့ အမှားလုပ် မလဲကို စောင့်နေကြတာလေ၊ အခုတော့ သူတို့ အခွင့်အရေး ရသွားပြီပဲ၊ အင်း.....”

သူသည် သက်ပြင်းချကာ ပြောလိုက်၏။ သူ့အနေနှင့် ကျွင်းချောင်ရှောင်းအား လမ်းမှန်ဂိုဏ်းသားများနှင့် ရန်သူဖြစ်စေရန်အတွက် တွန်းအား ပေးခဲ့သည့် သူ့ကိုသူ အပြစ်တင်နေမိ၏။ အဆုံးသတ်မှာတော့ သူသည် ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ချေ။

“သခင်လေး”

ထိုသိုင်းကျင့်ကြံသူက ဆက်ပြောလိုက်သည်။ “ဒီအစေခံကြီး ပြောချင်တာကတော့ သခင်လေး အနေနဲ့ ဒီကောင်လေးကို အရမ်းကြောက်ရွံ့လွန်းတယ်လို့ ထင်တယ်၊ ကိုယ့်ဂိုဏ်းထဲမှာရှိတဲ့ အားအင်အဆင့်တွေ အကုန်လုံးကို အသုံးပြုပြီးတော့ သူတို့ဂိုဏ်းကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် ဒီလောက် ပြဿနာ မများနိုင်ဘူး မဟုတ်လား”

“ဖျက်ဆီးမယ် ဟုတ်လား”

ယွမ်သခင်လေးသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာတဲ့ဂိုဏ်းတစ်ခုက အရမ်းအားကောင်းလှတဲ့ ဝှက်ဖဲတွေ မရှိဘူးဆိုရင် ဖျက်ဆီးခံရတာ ကြာနေပြီပေါ့”

“သခင်လေး”

ထိုအချိန်မှာပဲ အမဲရောင်ဝတ်စုံနှင့်လူတစ်ယောက်သည် လျှောက်ဝင်လာကာ ပြောလိုက်သည်။ “အကြီးအကဲကျန့်နဲ့ တခြားသောသူတွေက သခင်လေးရဲ့ အစီအစဉ်ကို ငြင်းပယ်ခဲ့တယ်လေ၊ သူတို့က ပြိုင်စံရှားဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ”

ယွမ်သခင်လေးသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “သိုင်းနယ်မြေကျင့်ကြံသူ လေးယောက်ကို ငြိမ်သက် နေအောင် ထိန်းချုပ်ထားနိုင်တဲ့ ပြိုင်စံရှားဂိုဏ်းရဲ့အားအင်က ကြောက်ဖို့ကောင်းတယ်လေ၊ ဒီအဘိုးကြီးတွေ ဆက်ပြီးတော့ ပြဿနာရှာမယ်ဆိုရင် ကျုပ်တို့ဂိုဏ်းကို ချောက်နက်ထဲ တွန်းပို့နေတာနဲ့ တူတူပဲ ဖြစ်လိမ့်မယ်”

လက်ရှိအချိန်မှာတော့ သူသည် အလွန်ပဲ ဒေါသထွက်လျက်ရှိသည်။ သူ၏ အရူးကဲ့သို့ အသင်းဖော်များသည် ပြိုင်စံရှားဂိုဏ်းသို့ ခွင့်ပြုချက်မရှိဘဲ သွားရောက်၍ ရန်ပြုနေမည်ဆိုလျှင် အရင်တုန်းက မာဘယ်တောင်ကြား ထဲတွင် ကျွင်းချောင်ရှောင်းနှင့် သဘောတူညီမှု ရယူခဲ့သော အကြောင်းအရာများ အားလုံးသည် ပျက်စီးသွားပေ လိမ့်မည်။

“သခင်လေး... ဒီအဘိုးကြီးအနေနဲ့ သတင်းပို့စရာ တစ်ခုရှိသေးတယ်”

“ပြောလေ”

“လူရိုင်းနဲ့ တခြားသောသူတွေ အကုန်လုံးက အဆက်အသွယ်ပြတ်နေတယ်”

“အဆက်အသွယ်ပြတ်နေတယ် ဟုတ်လား”

အမဲရောင်ဝတ်စုံနဲ့လူက ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်းကြောင့် သခင်လေး ဒဏ်ရာရပြီးတဲ့နောက်မှာ လူရိုင်းနဲ့ သရဲတို့က ထွက်ခွာသွားတယ်လေ၊ သူတို့က ပြိုင်စံရှားဂိုဏ်းကို သွားပြီးတော့ လက်စားချေတာပဲ ဖြစ်နိုင်တယ်”

“ဘာ....”

ယွမ်သခင်လေးသည် အမှတ်တမဲ့နှင့် ထ၍ ရပ်လိုက်မိ၏။ သူသည် အားသုံးတာ များသွားသောကြောင့် သူ၏ ဒဏ်ရာများကို မထိန်းချုပ်နိုင်တော့ဘဲ သွေးတစ်လုတ် အန်ထုတ်လာခဲ့သည်။ ပြီးနောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဒီ အသုံးမကျတဲ့ အရူးကောင်တွေကတော့”

“ဒီအစေခံကြီးကလည်း သူတို့ ဘယ်အချိန် ပြန်လာမလဲဆိုတာကို စောင့်မျှော်နေတာ”

ယွမ်သခင်လေးသည် ဒေါသကို အသာဖိနှိပ်ပြီးသည့်နောက်မှာတော့ ကျောက်တုံးတစ်ခုကို အသာမှီလိုက်၏။ “သူတို့ အဆက်အသွယ် ပြတ်တောက်နေတာ ဘယ်လောက်ကြာပြီလဲ”

“သုံးရက် ရှိပါပြီ” အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်၏။

“အင်း...”

ယွမ်သခင်လေးသည် အသာထိုင်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်တော့သည်။ “သူတို့ကို သွားရှာနေဖို့ မလိုတော့ဘူး၊ ပြိုင်စံရှားဂိုဏ်းမှာ သေသွားပြီထင်တယ်”

“ဒါပေမဲ့ သူတို့ရဲ့ ဝိညာဉ်ကျောက်ပြားတွေက မကွဲကြေသေးဘူးလေ”

“မကွဲကြေသေးဘူး ဟုတ်လား”

ယွမ်သခင်လေး ဆွံ့အသွားမိ၏။ “ဒါဆိုရင် ပြိုင်စံရှားဂိုဏ်းရဲ့ ဖမ်းဆီးခြင်းကို ခံရတာ ဖြစ်ရမယ်”

အမဲရောင်ဝတ်စုံနှင့်လူသည် သူရရှိခဲ့သော သတင်းတစ်ခုကို ထုတ်ဖော်ပြောကြားလိုက်တော့၏။ “အရှေ့တောင် ရန်ကျူးက နောက်ဆုံး သတင်းတစ်ခု ရခဲ့တယ်၊ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းသားသစ် စုဆောင်းတဲ့နေ့မှာ လူရိုင်းနဲ့ သရဲတို့က သွားပြီးတော့ စိန်ခေါ်ခဲ့တယ်တဲ့၊ ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေဖြစ်တဲ့ ရီရှင်းချန်နဲ့ ရှောင်ကျီတို့ ကြောင့် ပက်ပက်စက်စက် အရိုက်နှက်ခံလိုက်ရတယ်တဲ့၊ သူတို့ကို တောင်ပေါ်ကို တရွတ်တိုက် ဆွဲသွားတယ် လို့တောင် ကြားတယ်”

“ဒါဆိုရင် တကယ် အဖမ်းခံလိုက်ရတာပဲ”

ယွမ်သခင်လေးက ပြောလိုက်၏။ “သူတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး”

ရုတ်တရက် သူသည် တစ်စုံတစ်ခုကို နားလည်သွား၏။ သူ၏ အမူအရာသည် ပြောင်းလဲသွားတော့သည်။ “လူရိုင်းနဲ့ တခြားသောသူတွေက ဂိုဏ်းရဲ့တည်နေရာကိုတော့ ထုတ်ဖော် မပြောပြလောက်ပါဘူးနော်”

“ဒီလေးယောက်က သခင်လေးကို တကယ့်ကို ကိုယ်တိုင်ကိုယ်ကျ ခစားခဲ့ကြတာလေ၊ ဒီတော့ ဂိုဏ်းအပေါ်ကို သစ္စာမဖောက်လောက်ပါဘူး” အမဲရောင်ဝတ်စုံနဲ့လူက ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး”

ယွမ်သခင်လေးက ပြောလိုက်သည်။ “တခြားဂိုဏ်းတွေသာဆိုရင် လူရိုင်းတို့က ကျိန်းသေပေါက် သတင်းပေါက်ကြားမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီကျွင်းချောင်ရှောင်းဆီမှာတော့ သတင်းတွေကို နှိုက်ထုတ်ဖို့ တခြား နည်းလမ်းတွေ ရှိနေနိုင်တယ်”

“ရှိနေတယ်ဆိုရင်တောင် ကိစ္စမရှိဘူးလေ”

အမဲရောင်ဝတ်စုံနဲ့လူက ယုံကြည်ချက် ရှိရှိနှင့် ပြောလိုက်သည်။ “ကျုပ်တို့ဂိုဏ်းက နေဝင်ကျီးကန်းတောတန်းထဲမှာ ပုန်းအောင်းနေတာလေ၊ ပြီးတော့ တည်နေရာရွေ့ပြောင်းမှု အစီအရင်နဲ့ နေရာကလည်း အမြဲတမ်းရွေ့နေတယ်၊ သူတို့အနေနဲ့ ရှာလို့ရမှာ မဟုတ်ဘူး”

ယွမ်သခင်လေး၏ မျက်ခုံးများသည် ပိုမို၍ ကုတ်လာခဲ့သည်။ သူက ပြောလိုက်၏။ “ကျွင်းချောင်ရှောင်းကို သာမန် အမြင်နဲ့ သုံးသပ်လို့မရဘူး၊ အမြန် အကြီးအကဲတွေကို ခေါ်ပြီးတော့ သတိအပြည့်ထားဖို့ပြောလိုက်၊ တကယ်လို့ သူလာပြီဆိုရင် .....”

ဘုန်း

ပြော၍ မပြီးခင်မှာပဲ နားကွဲလောက်စရာ ကျယ်လောင်သော အသံကြီးတစ်ခုသည် တောင်၏ ဂိတ်တံခါး အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ မူလအားဖြင့် မမြင်အောင် ဖုံးကွယ်ထားသော ဂိုဏ်း၏ အစီအရင်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။

“ယွမ်သခင်လေး... ကျုပ် ဒီနေ့ ကိုယ်တိုင်ကိုယ်ကျ လာလည်တယ်နော်”

ကျွင်းချောင်ရှောင်း၏ အသံကို ကြားရ ပြီးသည့်နောက်မှာတော့ ကျောက်တုံးပေါ်တွင် ထိုင်လျက်ရှိနေသော ယွမ်သခင်လေးသည် တွေဝေငေးငိုင်သည့် အမူအရာဖြင့် ပြောလိုက်မိ၏။ “ဒီလူ.. ဒီလူ တကယ်ရောက်လာတာပဲ”

All Chapters