အခန်း (၉၄၉)
Vol. 64 Ch. 949
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အပြင်ဘက်မှာတော့ အမြှောက်ကြီးသည် တည်နေရာ အတိအကျ ယူပြီးသည့်နောက်မှာတော့ အားရပါးရ ပစ်ခတ်လျက်ရှိနေ၏။
လေထုထဲတွင်တော့ ယမ်းငွေ့များနှင့် ဖုံးလွှမ်းနေတော့သည်။ တည်နေရာကြီး တစ်ခုလုံးကို အမြှောက်ဆံကြီးများ ကျဆင်းပြီးသည့်နောက်မှာတော့ အစီအရင်၏ အတားအဆီးများသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ဆိုလိုသည်မှာ ဤအရာသည် နတ်ဆိုးအင်ပါယာဂိတ်၏ ဂိုဏ်းအကာအကွယ် အစီအရင်ပင် ဖြစ်လိမ့်မည်။ အခြေအနေသည် အလွန်တရာ သာမန်ဖြစ်လှသည်။ အဘယ်ကြောင့်ဆိုသော် အားကောင်းလှသော ဂိုဏ်းတွင် အကာအကွယ်အစီအရင်မရှိဘူးဟူ၍ အဘယ်မှာ ရှိသနည်း။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နောက်ထပ် ထပ်ပစ်အုံး”
သူသည် နတ်ဆိုးအင်ပါယာဂိုဏ်းနှင့် အကြိမ်တော်တော်များများ တိုက်ခိုက်ခဲ့ဖူး၏။ ထို့ကြောင့် သူတို့သည် မိတ်ဆွေဟောင်းများဟု သတ်မှတ်၍ရ၏။ အဝေးဆီမှ ရောက်ရှိလာပြီး နှုတ်ဆက်လက်ဆောင် ကိသာ မပေးပါက ရှက်ရွံ့စရာကောင်းပေလိမ့်မည်။
ဘန်း
နားကွဲလောက်စရာ အသံကြီးထွက်ပေါ်လာခဲ့တော့သည်။ ပြင်းထန်လှသော အားအင်များ ပါဝင်လျက်ရှိသည့် အမြှောက်ဆံကြီးသည် ဂိုဏ်း၏ အကာအကွယ်အစီအရင်ကို တိုက်ရိုက်ပင် ထိမှန်တော့၏။ ကောင်းကင်ပေါ်တွင် တော့ ယမ်းငွေ့များနှင့် ပြည့်နှက်သွားခဲ့၏။
ဖြောက် ဖြောက် ဖြောက်
ရုတ်တရက် ကွဲအက်သည့်အသံများ ထွက်ပေါ်လာခဲ့သည်။ ဤအရာသည် ရှေးယခင်ကတည်းက တည်ရှိခဲ့သော ရှေးအစီအရင်ကြီးတစ်ခုပင် ဖြစ်တော့၏။ သို့ပေမဲ့ အမြှောက်နှင့် တောက်လျှောက်ပစ်ခတ်ခဲ့ခြင်းကိုတော့ မည်သို့မှ မခံစားနိုင်ခဲ့ချေ။ အလုံးစုံ ပြိုလဲသွားခဲ့တော့သည်။
ကောင်းကင်ပေါ်တွင်ရှိနေသော အလင်းတန်းများသည် ရုတ်တရက် ပျောက်ကွယ်သွား၏။
“ဂိုဏ်းချုပ်”
ရှောင်ကျီသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဆဋ္ဌဂံကြယ်ကျောက်တုံးတွေကို ထည့်ပြီး ပစ်တာက သလင်းအမြူတေထည့်ပြီး ပစ်ရတာထက် ပိုပြီး အားကောင်းတာပဲ”
သူနောက်ဆုံးပစ်လွှတ်လိုက်သော အမြှောက်ဆံကြီးသည် ဆဋ္ဌဂံကြယ်ကျောက်တုံးကို အသုံးပြုပြီးတော့ ပစ်ခတ် လိုက်သည့်အရာပင် ဖြစ်တော့သည်။ ထို့ကြောင့် ပြင်းထန်လှသော စွမ်းအင်လှိုင်းများသည် ဖြစ်တည်လာခဲ့တော့ သည်။
ဆွစ် ဆွစ်
အစီအရင်ကြီး ကျိုးပြတ်ပြီးသည့်နောက်မှာတော့ ထိုနေရာ၏ရှေ့တည့်တည့်တွင် အလင်းပေါင်းတစ်ဒါဇင်ကျော် ရောက်ရှိလာသည်။ ၎င်းတို့အားလုံးသည် လေထုထဲတွင် ရပ်တန့်ပြီးသည့်နောက်မှာတော့ ဒေါသတကြီးဖြင့် ကြည့်ရှုလျက်ရှိသည်။ ထိုသူများအားလုံးသည် အဓိကဟောခန်းထဲတွင် ဆွေးနွေးလျက်ရှိနေကြသော အကြီးအကဲများပင် ဖြစ်တော့၏။
ကျွတ် ကျွတ်
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ဂိုဏ်းဆီမှာ ကျွမ်းကျင်သူတွေ တော်တော်များများ ရှိတာပဲ၊ နှစ်ပေါင်းထောင်ကျော်လောက် တံခါးပိတ်ပြီးတော့ သိုသိုသိပ်သိပ် နေထိုင်နေရတယ်ဆိုတော့ ဆက်ပြီးတော့ သိုသိုသိပ်သိပ် နေထိုင်သင့်တယ်”
သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူနှစ်ဆယ်ကျော်တို့ ထွက်ပေါ်လာခဲ့ပြီး သိုင်းနယ်မြေကျင့်ကြံသူ ရှစ်ယောက် အနည်းဆုံး တည်ရှိနေ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးဂိုဏ်းများမှာ ဆိုလျှင်ပင် ဤကဲ့သို့သော လူအင်အားမရှိချေ။
ဂြိုဟ်တိုက်ပွဲကြီး၏ တည်နေရာတွင်တော့ ဤအရာမှာ သာမန်ပင် ဖြစ်ပေလိမ့်မည်။ သူတို့သည်သာ ဂြိုဟ်တိုက်ပွဲဆီသို့ သွား၍ ရူးရူးမူးမူး သတ်ဖြတ်ဖူးသည့် အတွေ့အကြုံကိုသာ မရရှိခဲ့ဘူးပါက ဤသို့ များပြားလှသော သိုင်းနယ်မြေ ကျင့်ကြံသူနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများကို မြင်ရသည်ဆိုပါက ကျိန်းသေပေါက် ထိတ်လန့်တုန်လှုပ်မိနေပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်း သည် ပြုံး၍ပင် နေသေး၏။ ဤအရာမှာ လူနည်းပါးလွန်းသေး၏။
ရွှီး ရွှီး
နောက်ထပ် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တပည့်တစ်ရာကျော်တို့သည်လည်း ပေါ်ပေါက်လာခဲ့တော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များဆီမှ ထွက်ပေါ်နေသော အော်ရာများကို ကြည့်ရှုမည်ဆိုလိုက်လျှင် အားအနည်းဆုံး လူသည်ပင်လျှင် သိုင်းဘုရင်အဆင့်တွင် တည်ရှိနေ၏။ သိုင်းအုပ်စိုးသူ တော်တော်များများကလည်း ပါဝင်နေသေးသည်။
လီချင်းယန်နှင့် တခြားသောသူများသည် ခံစားချက် ကင်းမဲ့စွာဖြင့် တည်ရှိနေကြ၏။ ၎င်းတို့သည် ဂြိုဟ်တိုက်ပွဲ ကြီးတွင် သတ်ဖြတ်မှုအတွေ့အကြုံကို ရရှိခဲ့ပြီဖြစ်သောကြောင့် ဤကဲ့သို့သော လူစာရင်းကို မြင်ရသည့်အချိန်တွင် မတုန်မလှုပ်ဖြင့် နေထိုင်နိုင်စွမ်း ရှိနေတော့၏။
သို့ပေမဲ့ ငြင်းပယ်လို့မရနိုင်သော အရာတစ်ခုကတော့ ရှိနေသေး၏။ များပြားလှသော အဓိကဂိုဏ်းများနှင့် နှိုင်းယှဉ်လျှင်ပင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် အလွန် အားကောင်းလွန်းနေသေး၏။ ၎င်းတို့အနေနှင့် လမ်းမှန်ဂိုဏ်းသားများအား ရဲရဲဝံ့ဝံ့နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည် ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းများ တပည့်များသည် အလွန်တရာ များပြားလှသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တပည့်များနှင့် မတ်တပ်ရပ် ရင်ဆိုင်လျက်ရှိနေ၏။ လေထုတစ်ခုလုံးသည် တင်းမာလျက်ရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေတော့သည်။ ကြီးမားလှသည့် တိုက်ပွဲကြီးသည် ရှောင်လွှဲ၍ မရနိုင်တော့ချေ။
“ကျွင်းချောင်ရှောင်း”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အကြီးအကဲဖြစ်သော ကျန့်လင်ချန်သည် ရှေ့ဆုံးမှ မတ်တပ်ရပ်လျက်ရှိသည်။ သူသည် ခပ်မာမာ ပြောလိုက်၏။ “ဒီနေရာကို ဘယ်လို ရှာတွေ့လာတာလဲ”
သူနှင့် အထက်အကြီးအကဲများ၏ ဇဝေဇဝါ အဖြစ်ဆုံးအရာသည် ဤအရာပင် ဖြစ်တော့သည်။ ဂိုဏ်းသည် နေဝင်ကျီးကန်းတောတန်း၏ အတွင်းပိုင်းတွင် ဖုံးကွယ်ကာ နေထိုင်ခဲ့ကြခြင်းပင်ဖြစ်သည်။ ထို့အပြင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကြီးကလည်း ၎င်းတို့၏ ဂိုဏ်းအား တစ်နေရာပြီး တစ်နေရာကို ရွှေ့ပြောင်းနေ၏။ ထို့ကြောင့် ထူးဆန်းသည့်နည်းလမ်း မရှိပါက ၎င်းတို့ကို ရှာဖွေရသည်ဆိုသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာ ရသလိုပင် ခက်ခဲပေလိမ့်မည်။
“ဒီနေရာကို ဘယ်လိုရှာတွေ့လဲဆိုတာက အရေးမကြီးတော့ဘူး”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “အရေးကြီးတာက ကျုပ် ဒီကိုလာရတဲ့ ရည်ရွယ်ချက်ပဲ၊ ဒါက ….”
သူသည် ခဏရပ်တန့်ကာ အေးစက်စက် ကြည့်ရှုလိုက်၏။ “ရန်ငြိုးတွေကို ဖြေရှင်းဖို့လေ”
ဝှစ် ဝှစ်
ပြောပြောပြီးချင်းမှာပဲ တည်နေရာကြီးတစ်ခုလုံးသည် ရုတ်တရက် ကွဲအက်သွားခဲ့တော့သည်။ နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်းမှ သိုင်းနယ်မြေကျင့်ကြံသူနှစ်ယောက်တို့သည် လေထုထဲတွင် ပေါ်လာခဲ့တော့သည်။ ၎င်းတို့၏ ခြောက်ကပ်လျက်ရှိသော လက်များသည် နတ်ဆိုးအော်ရာများနှင့် ပြည့်နှက်လျက်ရှိသည်။ ထိုလက်ဝါးကြီးသည် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာခဲ့တော့သည်။ သူတို့သည် လမ်းမှန်ဂိုဏ်းကျင့်ကြံသူများ မဟုတ်ကြချေ။ ထို့ကြောင့် တိုက်ခိုက်ရာတွင် မည်သည့်ဂုဏ်သိက္ခာမှ စောင့်စည်းနေစရာ မရှိပေ။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ရန်သူကို ဖြေရှင်းခြင်းသည် သူတို့အတွက် အကောင်းမွန်ဆုံး ဖြစ်ပေသည်။
ဘုန်း ဘုန်း
ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာပြီး တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါသွားခဲ့တော့သည်။ မူလအားဖြင့် တိတ်တဆိတ်ချောင်းမြောင်းကာ တိုက်ခိုက်ခဲ့သော သိုင်းနယ်မြေ ကျင့်ကြံသူနှစ်ယောက်တို့သည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့တော့၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက် ရှိနေတော့သည်။
ကျွင်းချောင်ရှောင်းမှာတော့ လက်နှစ်ဖက်ကို အနောက်သို့ပစ်ထားခဲ့သည်။ သူ၏ဘေးတွင်တော့ ခရမ်းရောင်ဘုရင်၊ တောင်တစ်ရာဘုရင်တို့ ရှိနေကြပြီး ၎င်းတို့နှစ်ယောက်သည် လက်သီးများကို အသာပြန်ရုတ် လိုက်ကြတော့၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မွန်းစတားချီများသည် တလှိုင်းလှိုင်းပင် အရှိန်အဟုန် ပြင်းထန်စွာ ဖြစ်တည်လျက်ရှိနေ၏။
“ဒါက …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “နောက်ထပ် ရန်ငြိုးတစ်ခုပေါ့”
ကျန့်လင်ချန်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “မင်းက ငါတို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက လူတွေ အများကြီးကို သတ်ဖြတ်ပစ်ခဲ့တယ်၊ ဒီအဘိုးကြီးက ပြိုင်စံရှားဂိုဏ်းနဲ့ လာပြီး ပြဿနာတောင် မရှင်းရသေးဘူး၊ ဒီကိုလာတယ်ဆိုတော့ ကောင်းတာပေါ့”
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ သူသည် အရင်တုန်းက ပြိုင်စံရှားဂိုဏ်းကို ပစ်မှတ်ထားခဲ့ဖူး၏။ သို့ပေမဲ့ သူတို့သည်သာ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့တော့သည်။ ရန်ငြိုး ကိစ္စများကို ပြောဆိုရမည်ဆိုလျှင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကသည်သာ အရင်ဆုံး ပြောရမည်ဖြစ်၏။
ဝှစ် ဝှစ်
အတွင်းနှင့် အပြင်ခြံဝန်းများဆီမှ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းတပည့်များသည် များပြားစွာ ထွက်ပေါ်လာခဲ့သည်။ အရေအတွက်သည် တစ်ထောင်၊ နှစ်ထောင် စသည်ဖြင့် တိုးတက်လာခဲ့တော့၏။
ကျွင်းချောင်ရှောင်းသည် ဤ တစ်နှစ်ပတ်လုံး ပုန်းအောင်းနေသော အဖွဲ့အစည်းတစ်ခုအနေနှင့် ဤမျှ များပြားသော တပည့်များ ရှိမည်ဟု မထင်မှတ်ခဲ့ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများကို ကြည့်ရှုလိုက်မည်ဆိုလျှင် အားလုံးသည် နတ်ဆိုးကျင့်ကြံသူများဖြစ်သည်သာမကဘဲ အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်သည်ကလည်း သိုင်းစစ်သူကြီး ထိပ်ဆုံး အဆင့်တွင် ရှိလို့နေသည်ကို မြင်လိုက်ရသည်။
“သွား....”
ကျန့်လင်ချန်၏ မျက်လုံးများသည် အေးစက်သွား၏။ ပြိုင်စံရှားဂိုဏ်းသည် ရုတ်တရက် ရောက်ရှိလာပြီး တိုက်ခိုက်ခဲ့၏။ ဂိုဏ်း၏ အကာအကွယ်အစီအရင်ကိုလည်း ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် သူသည် လုံးဝ သည်းမခံနိုင်တော့ချေ။
တိုက်ခိုက်မည်။
ဤအရာသည် ကျိန်းသေပေါက် တိုက်ခိုက်ရမည့် အရာမျိုးပင်ဖြစ်၏။
ဝှစ် ဝှစ်
ချက်ချင်းပဲ နတ်ဆိုးအင်ပါယာဂိတ်မှ တပည့်များနှင့် အဆင့်မြင့် အကြီးအကဲများသည် ရှေ့သို့ လှမ်းတက်သွားခဲ့ ကြသည်။ နတ်ဆိုးအော်ရာများသည် တည်နေရာထဲတွင် ပေါက်ကွဲထွက်လာခဲ့တော့သည်။
ချလွမ် ချလွမ်
၎င်းတို့ လှုပ်ရှားလိုက်ချိန်မှာတော့ လုချင်းချင်း၊ လီချင်းယန်နှင့် တခြားသော တပည့်များသည် လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်းဆန္ဒများသည် အားကောင်းစွာ ဖြစ်တည် လာခဲ့သည်။
ဂြိုဟ်တိုက်ပွဲကြီးတွင် တိုက်ခိုက်ရသည်မှာ ပျော်စရာအလွန်ကောင်းကြောင်း သိရှိပြီးဖြစ်သော်လည်း ၎င်းတို့အနေနှင့် သိပ်၍ စိတ်ပျော်ရွှင်မှုတော့ မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မိမိ၏ အိမ်မှာ တိုက်ခိုက်ရသည် လောက် မကောင်းလှဘူး မဟုတ်လား။ ၎င်းတို့၏ အိမ်ဖြစ်သော ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တိုက်ခိုက် ရမည် ဆိုလျှင် မည်သည့်အရာကိုမှ ဂရုစိုက်နေစရာမလိုဘဲ စိတ်လက်ပျော်ရွှင်စွာဖြင့် တိုက်ခိုက်ရတော့မှာ ဖြစ်၏။
ဘန်း ….။
ထိုအချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် သူ၏ အဝတ်အစားများကို စုတ်ပြတ်သတ်အောင် ပြုလုပ်လိုက်ပြီ ဖြစ်သည်။ ပြီးနောက်မှာတော့ ကိုယ်လုံးတီးနှင့် အရှေ့သို့ လှမ်းတက်သွားတော့သည်။ သူသည် လက်ထဲတွင် ခရမ်းရောင်စွမ်းအင်များကို စုစည်းပြီးသည့်နောက်မှာတော့ သူ့ဆီသို့ ပျံသန်းလာခဲ့သော သိုင်းနယ်မြေကျင့်ကြံသူ ငါးယောက်တို့အား တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်တော့သည်။
တစ်ယောက် နှင့် ငါးယောက် - ဤအရာသည် ခန်းမသခင်ကျိ ပြုလုပ်တတ်သော အရာပင်ဖြစ်၏။
ပိုင်လျှိုသည် ခရမ်းရောင်ဘုရင်လောက် အားမကောင်းလှဘူးဆိုသော်လည်း သိုင်းနယ်မြေကျင့်ကြံသူ တစ်ယောက် ကိုတော့ ကောင်းကောင်းထိန်းသိမ်း တိုက်ခိုက်ထားနိုင်၏။ လေထုထဲတွင်တော့ နှစ်ဖက်နှစ်ခြမ်း၏ တိုက်ခိုက်မှုသည် ပြင်းထန်သည့် တိုက်ပွဲကြီးအသွင်သို့ ပြောင်းလဲသွားတော့သည်။
ဘုန်း ဘုန်း
အချိန်တိုအတွင်းမှာပဲ နှစ်ဘက်လုံးသည် ပြင်းထန်သော တိုက်ကွက်များကို ထုတ်သုံးခဲ့သည်ဖြစ်ပြီး လေထုထဲတွင်တော့ ကြီးမားလှသည့် စွမ်းအင်လှိုင်းများနှင့် ရှုတ်ယှက်ခတ်လျက်ရှိသည်။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ဤတိုက်ခိုက်ပွဲ၌ ဂိုဏ်း၏ အဓိက ဟောခန်းဆီ သက်ရောက်သွားမည်ကို စိုးရိမ်နေမိ၏။ ခရမ်းရောင်ဘုရင်နှင့် ပိုင်လျှိုတို့မှာလည်း လီချင်းယန်နှင့် တခြားသောသူများ တိုက်ခိုက်မှုကြောင့် သက်ရောက်ခံရမည်ကို စိုးရိမ်လျက်ရှိ၏။ ထို့ကြောင့် နှစ်ဖက်သားသည် နားလည်မှုရှိရှိနှင့် အကွာအဝေးတစ်ခုဆီသို့သွား၍ တိုက်ခိုက်နေတော့သည်။
“သေစမ်း” ထိုအချိန်မှာတော့ နောက်ထပ် သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်သည် လေဟာနယ်ထဲမှ လှမ်းထွက် ပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို တိုက်ခိုက်ခဲ့၏။ ဓားပြများကို အမြစ်ဖျက် တိုက်ခိုက်ချင်သည်ဆိုလျှင် ဓားပြခါင်းဆောင် ကိုသတ်မှ ဖြစ်ပေလိမ့်မည်။
ဖြောက် ဖြောက် ဖြောက်
ဟား ဟား ဟား ဟား
ရုတ်တရက်ဆိုသလိုပဲ ၎င်း၏ အနောက်ဘက်ဆီမှ ထူးဆန်းသည့် ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ တင်းရှင်းဝမ် သည် သူ၏နောက်၌ ပေါ်လာပြီးသည့်နောက်မှာ ရတနာငါးပါး လက်ဝါးကို ထုတ်ဖော်ကာ အသုံးပြု၏။
ဘုန်း ဘုန်း ဘုန်း …….။
သိုင်းနယ်မြေ နတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် ဆွံ့အသွားခဲ့၏။ ၎င်း၏ တိုက်ခိုက်ချက်များကို ပြန်လည် ရုတ်သိမ်းနိုင်ခဲ့သည်ဆိုသော်လည်း မရှောင်ရှားနိုင်တော့ချေ။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ သိုင်းနယ်မြေ ရှစ်ယောက်တွင် ခုနှစ်ယောက်သည် ပြိုင်စံရှားဂိုဏ်း၏ အထက်အကြီးအကဲများနှင့် တိုက်ခိုက်လျက်ရှိပြီး ကျန့်လင်ချန်သာလျှင် ကျန်ရှိတော့၏။
“အဘိုးကြီး”
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာဖြင့် ကောင်းကင်နဂါးဓားအား ဆင့်ခေါ်ကာ ပြောလိုက် တော့သည်။ “တိုက်ခိုက်ရအောင်”
ဆွစ်
သူသည် ကောင်းကင်၏ အမြင့်ဆုံးနေရာဆီသို့ ခုန်တက်လိုက်၏။
ကျန့်လင်ချန်သည် နှာခေါင်းကို ရှုံ့ပြီးသည့်နောက်မှာတော့ နတ်ဆိုးစွမ်းအင်များကို စုစည်းကာဖြင့် သူ၏နောက်သို့ လိုက်ပါသွားတော့သည်။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီမှ တပည့်များသည် သူ၏ အမိန့်ကို ရရှိပြီးသည့်နောက် ဂိုဏ်း၏ အပြင်ဘက်တွင်ရှိသော ပြိုင်စံရှားဂိုဏ်းများ တပည့်များအားလုံးကို ဝင်ရောက်တိုက်ခိုက်တော့၏။
တိုက်ဆိုင်လွန်းလှသည်။ ကျွင်းချောင်ရှောင်းကလည်း သူ၏ တပည့်များထံ အသံပို့လွှတ်လိုက်တော့သည်။ “ဒီလူတွေ အကုန်လုံးကို သတ်ပစ်လိုက်တော့”
“ကောင်းပါပြီ”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် လက်နက်ပစ္စည်းများကို ကိုင်ဆွဲကာဖြင့် တိုက်ကွက်မျိုးစုံကို ထုတ်ဖော်ကာ တိုက်ခိုက်တော့သည်။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် ၎င်းတို့၏ ခန္ဓာကိုယ်ရှိ ချပ်ဝတ်များသည် ရုတ်တရက် မဲနက်သွားပြီး မျက်လုံးများမှာတော့ နီရဲလျက်ရှိသည်။ ငရဲပြည်၏ စည်းအတွင်းမှ လွတ်မြောက်လာ ခဲ့သော နတ်ဆိုးများကဲ့သို့ပင် ဖြစ်တည်နေ၏။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တပည့်များအားလုံးသည် ၎င်းတို့ အကြီးအကဲ၏ အမိန့်ကို လက်ခံပြီးသည့် နောက်မှာတော့ ဒေါသတကြီးဖြင့် ရှေ့သို့ လှမ်းတက်လိုက်ကြသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ကြောက်မက်ဖွယ်ရာ မျက်လုံးများကို မြင်လိုက်သည့်အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ယင်သွားမိ ကြသည်။