← Chapters

အခန်း (၉၅၁)

Vol. 64 Ch. 951

အခန်း (၉၅၁)

Vol. 64 Ch. 951

နေဝင်ကျီးကန်းတောတန်း၏ ကောင်းကင်ယံထက်မှာတော့ အလွန်အားကောင်းလှသော စွမ်းအင်လှိုင်းများသည် တဖောက်ဖောက်နှင့် ပေါက်ကွဲဖြစ်တည်လျက်ရှိနေ၏။ တောင်တွင်ရှိနေသော ကျောက်တုံးနှင့်သစ်ပင်များ အားလုံး သည် ဖျက်ဆီးခံလိုက်ရပြီး တည်နေရာကြီး တစ်ခုလုံးသည်လည်း ပျက်စီးနေ၏။

သိုင်းနယ်မြေကျင့်ကြံသူ ငါးယောက်တို့နှင့် တိုက်ခိုက်လျက်ရှိနေသော ခရမ်းရောင်ဘုရင်သည် ဘုရင်တစ်ပါးကဲ့သို့ ဟန်အမူအရာဖြင့် တိုက်ခိုက်လျက်ရှိနေသေး၏။ ၎င်း၏ လှုပ်ရှားတိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် တောင်နှင့်ချောင်းများကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ပါဝင်လျက်ရှိသည်။

အသွင်အပြင်အရ ပြောမည်ဆိုလျှင် ခရမ်းရောင်ဘုရင်သည် ရီရှင်းချန်ထက် အလွန်တရာ ကြမ်းတမ်းလွန်းလှ၏။ ထို့အပြင် သူ့အနေနှင့် လူသားပုံစံသို့ မည်မျှပြောင်းလဲခဲ့သည်ဆိုဆို သားရဲများ၏ သွေးသည် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် တည်ရှိနေသေး၏။ ထို့ကြောင့် ဤကဲ့သို့ ကြမ်းကြမ်းတမ်း တိုက်ခိုက်သည်ဆိုခြင်းမှာ သူ၏ သဘာဝပင်ဖြစ်၏။

ဘုန်း ဘုန်း

သိုင်းနယ်မြေကျင့်ကြံသူ ငါးယောက်တို့သည် ၎င်းတို့၏ သိုင်းနည်းစနစ်အကုန်ကို ထုတ်ဖော်ကာဖြင့် တစ်ဖက်လူအား ရင်ဆိုင်တိုက်ခိုက်ခဲ့ကြ၏။ သို့ပေမဲ့ သူတို့သည် ဘာတစ်ခုမှ မတတ်နိုင်ကြချေ။ သူတို့အနေနှင့် လူဦးရေ အရေအတွက်အရ တိုက်ခိုက်အနိုင်ယူနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း ခရမ်းရောင်ဘုရင်သည် တည်နေရာကြီးတွင် မတ်မတ်ရပ်လျက် ရှိနေသေး၏။ ၎င်းတို့၏ တိုက်ခိုက်ချက်များကို ခံယူပြီးနောက် တစ်ဘက်လူသည် ပြန်လည် မတိုက်ခိုက်ဘူး ဆိုလျှင်တောင်မှ သူတို့အနေဖြင့် ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

“ဒါက ဘယ်လို မွန်းစတားမျိုးပါလိမ့်” နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ အကြီးအကဲသည် အလုံးစုံပြိုလဲလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီသို့ ရောက်ရှိလာရသည့်အကြောင်းအရင်းသည် နှစ်ခု ရှိသည်။ ပထမသည် သူ၏ဝှက်ဖဲဖြစ်သော စည်းဓားမော့ဖြစ်သည်။ ဒုတိယမှာတော့ ခရမ်းရောင်ဘုရင်ကို အမှီအခိုပြုခြင်းပင် ဖြစ်သည်။ ဤလူသည် ပြိုင်စံရှားဂိုဏ်း၏ အားအကောင်းဆုံးသော ဝှက်ဖဲပင် ဖြစ်တော့သည်။ ယခုနှစ်ပိုင်းအတွင်း လျှိုဝမ်ရှစ်၏ ထမင်းကြော်သည် မဖြုန်းတီးခဲ့ဘူးဟု သတ်မှတ်ရမှာ ဖြစ်သည်။

ခရမ်းရောင်ဘုရင်သည် လူသားတို့၏ ဂိုဏ်းတွင် နှစ်နှစ်ခြိုက်ခြိုက်နေထိုင်ခဲ့ရသည့်အကြောင်းရင်းမှာ လျှိုဝမ်ရှစ်၏ ထမင်းကြော်ကြောင့်ပင် ဖြစ်တော့၏။ သို့ပေမဲ့ ၎င်းသည် ကောင်းမွန်လှသည့် ကိုယ်ရည်ကိုယ်သွေး နှင့် စိတ်နေစိတ်ထားကို ပိုင်ဆိုင်သည်ဟု ဆိုရမည်။ တိုက်ခိုက်ရန် စေလွှတ်လိုက်သည်နှင့်တပြိုင်နက် အပျင်းမခိုဘဲ ကျိန်းသေပေါက် ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်ခြင်းကို ပြုမူတတ်၏။

ကျွင်းချောင်ရှောင်းသည် သူ့အား စမ်းသပ်ခဲ့ဖူး၏။ ခရမ်းရောင်ဘုရင်က ပြန်လည်ပြောဆိုခဲ့သည်မှာ “ကျုပ်တို့ သားရဲမျိုးနွယ်တွေက လူသားတွေလို မဟုတ်ဘူး၊ အစီအစဉ်တွေ၊ ဘာတွေ၊ ညာတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ လူမျိုး မဟုတ်ဘူး၊ ဂိုဏ်းချုပ်နဲ့ အလုပ်တူတူ တွဲလုပ်မယ်လို့ သဘောတူညီပြီးပြီဆိုမှတော့ ကျိန်းသေပေါက် အကောင်းဆုံးကို ပြုလုပ်ပေးမှာပဲ”

သားရဲမျိုးနွယ်များသည် ရက်စက်ပြီး ကြမ်းတမ်းလွန်းလှသည်ဆိုသော်လည်း ၎င်းတို့အနေနှင့် ဝှက်ဖဲများ၊ လှည့်ကွက်များကို အသုံးမပြုတတ်ချေ။ တစ်စုံတစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ထားပြီဆိုမှတော့ ၎င်းတို့သည် နောက်သို့ပြန်လည် လှည့်ကြည့်တတ်သည့် အကျင့်မျိုး မရှိချေ။

ဦးလေးညိုနှင့် တခြားသော စိတ်ဝိညာဉ်သားရဲများ အားလုံးသည်လည်း ထိုသို့ပင် ဖြစ်တော့သည်။ ၎င်းတို့သည် ခရမ်းရောင်ဘုရင်၏ အမိန့်ကို လိုက်နာခဲ့ကြပြီးသည့် နောက် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြသည်။ နေ့စဉ်နေ့တိုင်း သားရဲဆေးလုံးများကို ယူဆောင်၍ သောက်သုံးပြီးသည့်နောက်မှာတော့ ကောင်းကင်နှင့် မြေကြီး အတွင်းရှိ ဓာတ်သဘာဝများကို စုပ်ယူကာ ပိုမိုအားကောင်းလာခဲ့ကြသည်။ ထို့ကြောင့် ယေဘူယျအားဖြင့် သူတို့သည် ကျွင်းချောင်ရှောင်းအတွက် အကောင်းမွန်ဆုံးသောအရာများကို ပြုလုပ်ပေးမှာ သေချာ၏။ ထိုကဲ့သို့သော အကြောင်းအရာများကြောင့်ပင် ကျွင်းချောင်ရှောင်းသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား လာရောက်ကာ စိန်ခေါ် တိုက်ခိုက်ရဲနေခြင်းပင် ဖြစ်တော့သည်။

ဘုန်း ဘုန်း

တခြားတစ်ဖက်မှာတော့ ပိုင်လျှိုသည် သိုင်းနယ်မြေကျင့်ကြံသူနှင့် တိုက်ခိုက်လျက်ရှိနေ၏။ ကြည့်ရမည်ဆိုလျှင် သူသည် အထက်စည်းမှ တိုက်ခိုက်နေခြင်းပင်ဖြစ်၏။

အားလုံးထဲတွင် အဆန်းကြယ်ဆုံးမှာ တင်းရှင်းဝမ်ပင်ဖြစ်၏။ နတ်ဆိုးကျင့်ကြံသူနှင့် လက်ရည်ညီစွာ တိုက်ခိုက်လျက်ရှိသည်ဆိုသော်လည်း သူသည် ဆိုးယုတ်လှသော နည်းလမ်းအစုံကို အသုံးပြုကာ တိုက်ခိုက်နေ၏။ ခရမ်းရောင်ဘုရင်နှင့် ပိုင်လျှိုတို့၏ တိုက်ခိုက်မှုသည် တည်နေရာကြီးတစ်ခုလုံးကိုပင် လွှမ်းခြုံထားနိုင်စွမ်း ရှိနေတော့၏။ အလွန်အားကောင်းလှသော မွန်းစတားချီများ သည် တစ်ဖက်ရန်သူများကို ဖိနှိပ်ထား၏။

“ဓားသုံးထောင်”

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အသံသည် ကောင်းကင်ယံထက်၌ ထွက်ပေါ်လာခဲ့သည်။ ဓားချီများသည် ကောင်းကင်နှင့် မြေကြီးထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တည်နေရာကြီး တစ်ခုလုံးကို ပိုင်းဖြတ်တော့မလိုပင် ဖြစ်နေသည်။

ကျန့်လင်ချန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် အလျင်အမြန်ဖြင့် ဝိညာဉ်လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုကာ ဓားချီလှိုင်းများလက်မှ လွတ်မြောက်အောင် ကြိုးစားလိုက်၏။

ဝှစ် ဝှစ်

ဓားချီများသည် ဖြတ်သန်းသွားပြီးသည့်နောက် တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ဘုန်း ဘုန်း

ပေတစ်ထောင်အတွင်း တည်ရှိသော သစ်ပင်များအားလုံးသည် နှစ်ပိုင်းပြတ်သွားခဲ့သည်။ ပြီးသည့်နောက်မှာတော့ မြေပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။ မူလအားဖြင့် အပင်များနှင့် အုပ်ဆိုင်းနေသော တည်နေရာကြီးသည် တောင်ကတုံးကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်လာ၏။

ဝှစ်

ရှောင်ရှားပြီးသော ကျန့်လင်ချန်သည် လေထုထဲတွင် မတ်မတ်ရပ်နေ၏။ သူ၏ မျက်လုံးထဲတွင်တော့ ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ “မင်း... မင်း လက်ထဲက လက်နက်က နတ်ဆိုးအင်ပါယာ ကိုင်ခဲ့တဲ့ ကောင်းကင်နဂါဓား မဟုတ်လား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါတင် ဘယ်ဟုတ်ပါ့မလဲ”

“ဒါတင်မဟုတ်ဘူး ဟုတ်လား”

ကျန့်လင်ချန်၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပိုမို အားကောင်းလာခဲ့ သည်။ ပြီးနောက် သူသည် တစ်ဖက်လူ ဝတ်ဆင်ထားသော ဝတ်ရုံကို ကြည့်၍ မယုံကြည်နိုင်စွာ ပြောလိုက်မိ၏။ “ဒါက ဝိညာဉ်ကိုးပါး ချပ်ဝတ် မဟုတ်လား”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ဓားကိုယမ်းခါပြီးသည့်နောက်မှာတော့ ဓားချီများသည် တည်နေရာကို ဖြတ်သန်းကာ ရောက်ရှိသွား၏။

ကျန့်လင်ချန်သည် လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြု၍ အလျင်အမြန် ရှောင်ရှားလိုက်၏။ ပြီးနောက် အော်လိုက် တော့သည်။ “ကောင်လေး... မင်း နတ်ဆိုးအင်ပါယာဆီက ပစ္စည်းတွေကို ရယူခဲ့ပြီးတော့ နတ်ဆိုးတောင်ကြား ထဲကို ရောက်ခဲ့ပြီးပြီပေါ့”

“သိပ်မှန်တာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ရောက်ခဲ့တယ်”

“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး” ကျန့်လင်ချန်သည် ငြင်းပယ်လိုက်၏။

နတ်ဆိုးအင်ပါယာချန်ခဲ့သော နတ်ဆိုးတောင်ကြားဆိုသည်မှာ လမ်းမှန်ဂိုဏ်းသားများအနေဖြင့် ငရဲကိုတိုးဝင်ရန် ပြုလုပ်ပေးထားသော နယ်မြေသာ ဖြစ်ပေသည်။ ဤအထဲတွင်ရှိသော ပစ္စည်းများကို အဘယ်ကြောင့် လွယ်လွယ်ကူကူနှင့် ရယူခဲ့သနည်း။

“ဘာလို့လဲဆိုတော့ ကျုပ်က ချောလို့ပေါ့”

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ ကောင်းကင်နဂါးဓားသည် လေထုထဲသို့ ပိုင်းဖြတ်သွားခဲ့တော့သည်။ လင်းကျန့်ဓားသိုင်း၏ ဒုတိယတိုက်ကွက်ကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ အလွန်အားကောင်းလှသော ဓားအော်ရာကြီးသည် တည်နေရာကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့၏။

မူလအားဖြင့် ထိတ်လန့်နေသော ကျန့်လင်ချန်၏ လှုပ်ရှားမှုများသည် နှေးကွေးနေသည်။ သူသည် ရှောင်ရှားရန် အနည်းငယ် ခက်ခဲသွားခဲ့၏။ ထို့နောက် လက်ကိုအနည်းငယ် ယမ်းခါလိုက်တော့၏။ လေဟာနယ်ထဲတွင်တော့ စက်ဝိုင်းပုံသဏ္ဍာန်အလင်းတန်းများ ပျံသန်းဖြစ်တည်လာပြီးသည့်နောက်မှာတော့ ဓားချီများအား ထိတ်တိုက် တွေ့ဆုံ၏။

ဘုန်း

ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ဖြစ်ပေါ်သွားပြီးသည့်နောက် အလင်းများသည် အစိတ်ပိုင်းအလိုက် ပျံ့နှံ့ သွားခဲ့တော့သည်။ ထိုအလင်းဝိုင်းများ အားလုံးသည် ကျန့်လင်ချန် ပစ်လွှတ်လိုက်သော အကာအကွယ် ရတနာပင် ဖြစ်တော့သည်။ အရည်အသွေးသည် ကောင်းမွန်လှသည်ဆိုသော်လည်း ကောင်းကင်နဂါးဓား လက်ချက်အောက် တွင်တော့ တစ်စစီ ပိုင်းပြတ်သွားခဲ့တော့သည်။

“အဘိုးကြီး”

ကျွင်းချောင်ရှောင်းသည် ထပ်မံကာ တိုက်ခိုက်ရင်း ပြောလိုက်၏။ “အရင်တုန်းက ကျုပ်တပည့်တွေကို လူလွှတ်ပြီးတော့ ပြန်ပေးဆွဲချင်တာ ဟုတ်လား၊ ဒါက ပထမဦးဆုံးအကြွေးပဲ”

ဝှစ် ဝှစ် …..။

လင်းကျန့်ဓားသိုင်းအား ထုတ်ဖော် အသုံးပြုလိုက်၏။ ဓားအလင်းတစ်ရာကျော်တို့သည် ချက်ချင်းပဲ ဖြစ်တည်လာခဲ့သည်။

ကျန့်လင်ချန်၏ လက်နက်များသည် မကောင်းမွန်လှချေ။ သို့ပေမဲ့ သူသည် အားကောင်းလွန်းလှ၏။ ထို့ကြောင့် အလွန်ပြင်းထန်လွန်းသော နတ်ဆိုးစွမ်းအင်များအား လက်သီး၊ လက်ဝါးများအဖြစ်သို့ ပြောင်းလဲကာ ဝင်ရောက် လာသော ဓားချီများကို ရင်ဆိုင်တော့၏။

ဘုန်း …..။

ရုတ်တရက် အဝေးတစ်နေရာဆီမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တပည့် ဖြစ်သော သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်သည် ခရမ်းရောင်ဘုရင်၏ လက်သီးနှင့် ထိုးနှက်ခံရပြီး သည့်နောက် မှာတော့ မြေပြင်ထဲသို့ ကျွံဝင်သွားခဲ့သည်။

ကျန့်လင်ချန်၏ အမူအရာသည် ပိုမိုကာ ဆိုးရွားသွားခဲ့သည်။ သူသည် စိတ်ဝိညာဉ်အာရုံများကို ထုတ်လွှတ်ကာဖြင့် တောင်တန်းကြီးတစ်ခုလုံးကို ကြည့်ရှုလိုက်သည့်နောက်မှာတော့ သူ၏ တပည့်တစ်ထောင်ကျော် တို့သည်လည်း ပြိုင်စံရှားဂိုဏ်း၏တပည့် ဆယ်ယောက်ကျော်တို့၏ ပြင်းပြင်းထန်ထန် ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံနေရသည်ကို မြင်လိုက်ရ၏။

“ချီးတဲ့မှ... ဘယ်လိုလုပ် ဒီလောက် သေးငယ်လှတဲ့ စတုတ္ထအဆင့်ဂိုဏ်းလေးက ဘာလို့ ဒီလောက် အားကောင်း နေရတာလဲ”

ပြိုင်စံရှားဂိုဏ်းကို ရန်မပြုရန် ယွမ်သခင်လေးသည် အစဉ်အမြဲ ပြောဆိုခဲ့၏။ သို့ပေမဲ့ သူနှင့် အထက်အကြီးအကဲ ပိုင်းများသည် သဘောမတူခဲ့ချေ။ ယွမ်သခင်လေးသည် အလွန်တရာ ဂရုစိုက်လွန်းသည်ဟု သူတို့ ထင်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်နှင့် ၎င်း၏ ဂိုဏ်းအကြီးအကဲများ၏ စွမ်းရည်ကို မြင်ရသည့်အချိန်မှာတော့ အမှန်ပင် အားကောင်းလှသည့်ဂိုဏ်းတစ်ခုဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့ရပြီး ဖြစ်တော့သည်။

ဘုန်း ဘုန်း ဘုန်း

ထိုအချိန်မှာတော့ တောက်ပလွန်းသော ပေါက်ကွဲမှုများသည် နေရာအနှံ့တွင် ရုတ်တရက် ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ အလွန်တရာ အားကောင်းလှသော မိုးကြိုးစွမ်းအင်များသည် တည်နေရာထဲတွင် ပေါက်ကွဲ ထွက်ကုန်တော့၏။

ဆွစ် ဆွစ် ဆွစ်

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူလေးယောက်တို့သည် ပေါက်ကွဲမှု တည်နေရာ ကြီးတွင် ရှိနေကြတော့သည်။ ၎င်းတို့အားလုံးသည် အတောင်ပံကျိုးသွားခဲ့သော လင်းတငှက်များကဲ့သို့ပင် မြေပေါ်သို့ တဖွဲဖွဲဖြင့် ပြုတ်ကျလာခဲ့တော့သည်။ ၎င်းတို့၏ မျက်နှာနှင့် မြေပြင်ကိုပင် ရိုက်မိပြီး ချက်ချင်းသေဆုံး ကုန်တော့၏။

ဟား ဟား ဟား

ဟား ဟား ဟား

ကျန်းတယ်ကျွင်းသည် အမှောင်ထဲမှ လျှောက်ထွက်လာပြီးသည့်နောက် လက်ထဲတွင် အစီအရင်၏ အလံ အနည်းငယ် ကိုင်ဆောင်လာခဲ့တော့သည်။ သူ၏ ရယ်သံသည် ထူးဆန်းလွန်းလှ၏။ “ကောင်းတယ်မလား၊ ကောင်းတယ်မလား”

အတွင်းစည်းဂိုဏ်းတပည့်များသည် တစ်ဖက်လူများကို အခွင့်အရေး မပေးဘဲ အလုံးစုံတိုက်ခိုက်နေ၏။ ထိုအချိန်မှာတော့ သူသည် အမှောင်ထဲမှာ ပုန်းအောင်း၍ မိုးကြိုးအစီအရင် ကြီးကို လျှို့ဝှက်တည်ဆောက်ခဲ့သည်။

မိုးကြိုးအစီအရင်ပေါက်ကွဲမှု၏ အားအင်အဆင့်သည် နတ်ဆိုး အင်ပါယာဂိတ်တံခါးဂိုဏ်းမှ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ တော်တော်များများကိုပင် ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည်။ မည်မျှ အားကောင်းလှသည့် စွမ်းအင်များ ဖြစ်သနည်း။

အဘယ်ကြောင့် သေးငယ်လှသော တည်နေရာလေးထဲတွင် ဖန်တီးထားခဲ့သော မိုးကြိုးအစီအရင်သည် ဤမျှအားကောင်းလွန်းလှသည့် အော်ရာများကို ထုတ်ဖော်နေရသနည်း။

ကျွတ် ကျွတ်

တည်နေရာကြီးတစ်ခုလုံး ပြိုလဲတော့မလို ဖြစ်နေသော နေရာကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ “အထက်နယ်မြေရဲ့မိုးကြိုးအပြစ်ပေးမှုဆီကရတဲ့ စွမ်းအင်တွေက ဒီလောက်အားကောင်းလိမ့်မယ်လို့ မထင်မိဘူး”

အားရာ၏ သီးသန့် သေသေချာချာ လေ့ကျင့်ပေးပြီးနောက်မှာတော့ မိုးကြိုးအပြစ်ပေးမှု၏ မိုးကြိုးစွမ်းအင်များသည် သန့်စင်ပြီး လိမ္မာသည့် ကလေးတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ မိုးကြိုးအပြစ်ပေးမှု စွမ်းအင်များသည် ရှစ်ကျန်းရွမ်၏ အထူးဓာတ်သဘာဝများနှင့် ကွာခြားလွန်းလှ၏။ သန့်စင်ပြီးသည့်နောက် သိုင်းကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်သလို အစီအရင်များထဲတွင်လည်း ထည့်သွင်းအသုံးပြုနိုင်စွမ်းရှိနေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် ကျန်းတယ်ကျွင်း၊ ရှန့်ကွမ်းရှင်းရောင်တို့နှင့်အတူ သုတေသနပြုလုပ်ပြီးသည့်နောက်မှာတော့ ထို မိုးကြိုး အပြစ်ပေးမှုစွမ်းအင်များအားလုံး ကို မိုးကြိုးအစီအရင်နှင့် ပေါင်းစပ်ရန် နည်းလမ်းကို စဉ်းစားကာ ရှာဖွေခဲ့၏။

ယနေ့မှာတော့ ထိုသုတေသန ပြုလုပ်ထားသောအရာကို ပထမဦးဆုံး ထုတ်ဖော်အသုံးပြုခဲ့ခြင်းပင်ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် များပြားလှသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများ သေဆုံးခဲ့သည်ကို ကြည့်ရှုရမည်ဆိုလျှင် ဖြစ်တည်လာသော အားအင်မှာ ကျိန်းသေပေါက် ခန့်မှန်း၍မရအောင် အားကောင်း နေပေလိမ့်မည်။

All Chapters