အခန်း (၉၅၂)
Vol. 64 Ch. 952
အသစ်ပြင်ဆင်ထားသော မိုးကြိုးအစီအရင်ကြီး၏ ပေါက်ကွဲမှုသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ သိုင်းနယ်မြေ ကျင့်ကြံသူများကိုပင် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
အလစ်ချောင်းတိုက်ခိုက်ရန် စီစဉ်နေကြသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများမှာတော့ လေထုထဲတွင် ရပ်တန့်ပြီး တန်းလန်းကြီး ဖြစ်လျက်ရှိ၏။
“နောက်ကိုဆုတ်” ထိုအချိန်မှာပဲ ကျန့်လင်ချန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ ပြိုင်စံရှားဂိုဏ်း၏ အဓိကတိုက်ခိုက်သူများသည် အားကောင်းလွန်းလှ၏။ ထို့အပြင် ဘယ်ကမှန်းမသိဘဲ ပေါ်လာ သော မိုးကြိုးအစီအရင်ကြီးသည်လည်း ကြောက်မက်ဖွယ်ကောင်းလှသည်။
ဆွစ် ဆွစ် ဆွစ်
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများသည် နောက်သို့လှည့်မကြည့်ဘဲ ၎င်းတို့၏ ဂိုဏ်းထဲသို့ ပြေးဝင်ကြတော့သည်။ ၎င်းတို့သည် ဤမွန်းစကားများနှင့် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ယုံကြည်ချက် မရှိတော့ပေ။
ရှေးယခင်ကတည်းက နတ်ဆိုးကျင့်ကြံသူများသည် လောကကြီးတွင် အကြောက်အလန့်ကင်းစွာဖြင့် နေထိုင်ခဲ့ ကြသူများဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် ထိုသူများအားလုံးကို ကြောက်ဒူးတုန်စေသည်အထိ သတ်ဖြတ် နှိပ်စက်လျက်ရှိနေ၏။
"နောက်ကိုဆုတ်တာလား"
ကျွင်းချောင်ရှောင်းသည် အေးစက်စက်ပြောလိုက်၏။ "အခွင့်အရေး ရဖို့ မစဉ်းစားနဲ့"
ဝှစ်
သူသည် ကောင်းကင်နဂါးဓားကို အသာမြှောက်ကိုင်ပြီးသည့်နောက်မှာတော့ အေးစက်စက် အော်ဟစ်လိုက်သည်။ "ကောင်လေးတို့... မင်းတို့ရဲ့ဓားတွေ ထုတ်ပေးတော့"
ဆွစ် ဆွစ်
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးတို့သည် ၎င်းတို့၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်း ထားသော သာမန်ဓားများအားလုံးကို ထုတ်ဖော်ကာ ခြေရင်းဆီသို့ ပစ်ချလိုက်တော့၏။
ကျန့်လင်ချန်သည် ကြောင်သွားခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ ဤမျှများပြားသော ဓားများကို အဘယ်ကြောင့် ရုတ်တရက် ထုတ်ရသနည်း။ ဤအရာမှာ မည်သည့်အဓိပ္ပာယ်နည်း။
ဟူး ဟူး
ထိုအချိန်မှာတော့ အားကောင်းလှသော ဓား၏အော်ရာများသည် ကျွင်းချောင်ရှောင်း၏ရှေ့တွင် ပေါ်ပေါက်လာ တော့သည်။ ပြီးသည့်နောက်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ သူသည်အော်ဟစ်လိုက်၏။ "လာစမ်း"
ဒွီ ဒွီ
မြေပေါ်တွင် ပျံ့ကျဲ့လျက်ရှိနေသော ဓားများအားလုံးသည် တုန်ခါလာခဲ့တော့သည်။ ပြီးနောက် ဓားအော်ရာ များ၏ လွှမ်းမိုးမှုအောက်မှာတော့ ကောင်းကင်ယံပေါ်သို့ ပျံတက်ပြီး ကျွင်းချောင်ရှောင်း၏နောက်တွင် ဖီးနစ်ငှက်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်တည်လျက်ရှိ၏။
ထိုအချိန်မှာတော့ ကျန့်လင်ချန်သည် နားလည်သွားခဲ့ပြီဖြစ်သည်။ ဤများပြားလှသော ဓားကြီးများအားလုံးသည် ၎င်းအား တိုက်ခိုက်ရန် ဖြစ်နေတော့၏။ ဤကဲ့သို့သော တိုက်ကွက်မျိုးကို ထုတ်ဖော်တိုက်ခိုက်ရန်အတွက် တပည့် များကို ဓားပေါင်းများစွာ သိမ်းဆည်းခိုင်းခဲ့သည်။ မည်မျှ ဉာဏ်ကောင်းလိုက်သနည်း။
သို့ပေမဲ့ ကျန့်လင်ချန်သည် တွေးတောနေရန် အချိန်မရှိချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းရင်ဆိုင်ရသည်မှာ ဓားပေါင်းတစ်ထောင်ကျော်မက များပြားလွန်းနေ၏။ ဓားအော်ရာများ၏အောက်တွင်တော့ ထိုဓားများသည် ကြောက်မက်ဖွယ်ရာကောင်းသော အားအင်များကို ထုတ်ဖော်ပြသနေ၏။
ဟူး ဟူး
အလွန်အားကောင်းလှသော ဓားအော်ရာများ ပျံ့နှံ့သွားသည့်နောက်မှာတော့ ထိုဖီးနစ်ကဲ့သို့သော ဓားများအားလုံး သည် ကြီးမားလှသော ဓားကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လေထုထဲတွင် ဖြစ်ပေါ်လာခဲ့သော ကြမ်းတမ်းလွန်းသည် ဖိအားကြောင့် နောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ တပည့် များအားလုံးသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီးသည့်နောက် တည်နေရာကြီးထဲတွင် မြဲမြဲရပ်နေမိကြ၏။ ၎င်းတို့၏ နှလုံးသားထဲတွင်တော့ သက်တောင့်သက်သာမဖြစ်သော ခံစားချက်များ ဖြစ်တည်လာခဲ့ပြီး နောက်တစ်စက္ကန့်တွင် သေဆုံးတော့မည်ဟု ခံစားမိနေကြသည်။
ကျွင်းချောင်ရှောင်းက အေးစက်စက်ပြောလိုက်သည်။ "ဒါက အရှေ့ဘက်ပိုင်းမှာ ကျုပ်ရဲ့တပည့်တွေကို ခြုံခိုပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ဒုတိယအကြွေးပဲ"
ရွှီး
ကောင်းကင်နဂါးဓားသည် အောက်ဆီသို့ ကျဆင်းလာခဲ့တော့၏။ လေထဲတွင်ဖြစ်တည်လျက်ရှိသော ကြီးမားလှသည့် ဓားကြီးသည်လည်း တောင်ကြီးတစ်ခုလုံးကို ပိုင်းဖြတ်နိုင်သည့် စွမ်းအားများနှင့်အတူ အောက်သို့ ဆင်းသက်လာတော့သည်။ ၎င်းဓားကြီး ကျဆင်းလာသည့်နေရာသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ၏ အဓိက ဟောခန်းကြီးပင် ဖြစ်နေ၏။
ဟူး ဟူး
ကြမ်းတမ်းလှသော ဓားအော်ရာကြီး ကျဆင်းလာသည်နှင့်တပြိုင်နက် လေဟာနယ်များပင်လျှင် အက်ကွဲကြောင်း များ ဖြစ်တည်နေ၏။ မူလအားဖြင့် တစ်ခုတည်းမှသည် ဓားတစ်သောင်းကျမ်းအဖြစ်သို့ သိုင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုနေခဲ့သော ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလှသော ဓားစွမ်းရည်များကို ထုတ်ဖော ပြီး ဖြစ်နေ၏။ သူသည် ကြမ်းရမ်းလွန်းလှသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။
ကျန့်လင်ချန်၏ မျက်လုံးများသည်လည်း ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွား၏။ ဤကောင်လေး၏ အားအင်အဆင့်သည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်းသာရှိသည်ကို သူရှင်းရှင်းလင်းလင်း မြင်ရ၏။ သို့ပေမဲ့ အဘယ်ကြောင့် ဤမျှကြောက်မက်ဖွယ်ကောင်းလှသော ဓားတိုက်ကွက်ကို ထုတ်ဖော်နေရသနည်း။
"ဂိုဏ်းချုပ်ကျွင်း"
ထိုအချိန်မှာတော့ ဒဏ်ရာများဆီမှ အလုံးစုံ ပြန်လည်မကောင်းမွန်သေးသော ယွမ်သခင်လေး သည် ဖြူလျော်နေသော မျက်နှာနှင့်အတူ အတွင်းခြံဝန်းထဲမှ လျှောက်ထွက်လာခဲ့တော့သည်။ သူသည် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။ "ကျုပ်တို့နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက အရင်တုန်းက ခင်ဗျားကို ရန်ပြုခဲ့မိတယ်၊ ဒီအတွက် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေ ပြန်ပြီးတော့ အစားထိုး လျော်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ညှာတာပါ"
သဘာဝစိတ်ဝိညာဉ်ကျောက်တုံးဆိုသည့်လေသံကို ကြားရချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်း၏ နားများသည် ထောင်ထ သွားခဲ့တော့သည်။ "ဒါက ယွမ်သခင်လေးရဲ့ စိတ်ကူးလား၊ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ရဲ့စိတ်ကူးလား"
"ကျုပ်က နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ပါ၊ ဒီတော့ ကျုပ်စကားက နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ကို ကိုယ်စားပြုပါတယ်" ယွမ်သခင်လေးသည် အလောတကြီးဖြင့် ပြောလိုက်တော့သည်။
တစ်ဖက်လူသည် ဓားကြီးကို ခုတ်ပိုင်းလိုက်မည်ကို သူအလွန်စိုးရိမ်မိ၏။ အဘယ်ကြောင့်ဆိုသော် ဤကြောက်မက်ဖွယ်ရာ ကောင်းလှသော ဓားစွမ်းရည်များ အားလုံးသည် ဂိုဏ်းအား ကြီးမားသည့် ကပ်ဘေးကြီးကို သက်ရောက်စေလိမ့်မည်။ နှစ်ပေါင်းထောင်ကျော်တည်ရှိခဲ့သော ဂိုဏ်းသည်လည်း ဘာမှမရှိသည့်အနေအထားထိရောက်အောင် ပျက်စီးသွားမှာ သေချာ၏။
လူကြောက်။
လက်ရှိအခြေအနေမှာတော့ သူသည် အမှန်ပင် လူကြောက် ဖြစ်ချင်နေမိ၏။ အနည်းငယ်လောက်ပင် နှောင့်နှေး မနေချင်ပေ။ ယွမ်သခင်လေးသည် ကျွင်းချောင်ရှောင်း အကြောင်းကို ကောင်းကောင်းနားလည်၏။ ပြိုင်စံရှားဂိုဏ်းသည် လက်တလောအတွင်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်ဆိုသည်မှာ အကြောင်းရင်း ရှိနေ၏။
သူသည် ၎င်းတို့ကြားထဲတွင် ရှိနေသော ရန်ငြိုးရန်စများအားလုံးကို ခင်မင်ရင်းနှီးသည့် အတိုင်းအတာတစ်ခုဆီသို့ ပြောင်းလဲချင်နေမိသည်။ သို့ပေမဲ့ မဖြစ်နိုင်တော့ချေ။
"ဘယ်လောက်လဲ"
ကုန်းရှန့်သည် ကောင်းကင်နဂါးဓားကြီးကို မြှောက်လိုက်၏။ ကြီးမားလှသော ဓားကြီးသည် အောက်သို့ကျဆင်းတော့မည့်ဟန် ဖြစ်တည်လာခဲ့၏။ ဓား၏ စွမ်းရည်များနှင့် ဖုံးလွှမ်းခံထားရသော နတ်ဆိုး အင်ပါယာဂိတ်ဂိုဏ်းမှ တပည့်များအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ကို ပြင်းပြင်း ရှူနေမိကြ၏။
ယွမ်သခင်လေးသည် ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ "တစ်သန်း"
သဘာဝစိတ်ဝိညာဉ်တစ်သန်းဆိုသည်မှာ အလွန်ပင် များပြားသောအရာဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း သည် အေးစက်စက်ပြောလိုက်၏။ "ခင်ဗျားတို့ နတ်ဆိုးအင်ပါယာဂိုဏ်းက ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းကို ရက်ပေါင်း များစွာ ဒုက္ခပေးခဲ့တာလေ၊ ပိုက်ဆံလေးတစ်သန်းပဲ ထုတ်ပေးတယ်ဆိုတာက သူတောင်းစားပေး လာပေးနေ တာလား"
ယွမ်သခင်လေးက ပြောလိုက်သည်။ "နှစ်.. နှစ်"
ကျွင်းချောင်ရှောင်းသည် ဖြတ်ကာ ပြောလိုက်၏။ "နှစ်သန်းတော့ လုပ်မနေနဲ့၊ သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းပေး၊ ကျုပ်ဓားကို ချက်ချင်းသိမ်းပြီးတော့ နေဝင်ကျီးကန်းတောင်တန်းထဲကနေ ထွက်ခွာသွားပေးမယ်"
"ဆယ်သန်း ဟုတ်လား"
ကျန့်လင်ချန်သည် မည်သို့မှ မနေနိုင်တော့ဘဲ ထ၍ အော်လိုက်မိသည်။ "ကျုပ်တို့ နတ်ဆိုး အင်ပါယာဂိတ်ဂိုဏ်းကို စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကြီးများ ထင်နေတာလား"
“အဲလိုမဟုတ်ဘူးလား” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။
သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ဖြစ်သည်မို့ ကျန့်လင်ချန်သည် သူ၏ခံစားချက်များကို အလုံးစုံ ပြန်လည် ထိန်းသိမ်းလိုက်နိုင်တော့၏။ သို့ပေမဲ့ စိတ်ထဲမှာတော့ အကြီးအကျယ် အော်ဟစ်ဆဲဆိုလျက် ရှိနေသည်။
“ဂိုဏ်းချုပ်ကျွင်း”
ယွမ်သခင်လေး၏ အမူအရာသည် ပျက်ယွင်းသွားတော့သည်။ “သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်း... ကျုပ်တို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက အဲလောက်အများကြီး ထုတ်မပေးနိုင်ဘူး”
ဝှစ်
ကြီးမားလှသော ဓားကြီးသည် ထပ်မံ၍ ကျဆင်းလာတော့သည်။ သေဘေးမှ လွတ်မြောက်သလို ခံစားနေရသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ တပည့်များ အားလုံးသည် သေဆုံးမှုကို ပြန်လည်ကြုံရတော့မလို ထိတ်လန့်သွား မိ၏။ ၎င်းတို့၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားခဲ့ကြသည်။ လက်ရှိအခြေအနေမှာတော့ သူတို့သည် အလုံးစုံ နားလည်သွားကြပြီဖြစ်၏။ သူတို့၏ အသက်များသည် တစ်ဖက်လူ၏ လက်ထဲတွင် တည်ရှိလို့နေ၏။ သူတို့ အသက်ရှင်မလား၊ သေမလားကို ဆုံးဖြတ်ပေးရသည်မှာ ဒုတိယဂိုဏ်းချုပ်အနေနှင့် မည်မျှ ပိုက်ဆံပေးမည်နည်းဆိုသော အချက်ပေါ်တွင် မူတည်နေ၏။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲ ဆိုတော့ ဒီကိစ္စကို ညှိနှိုင်းဖို့ အခွင့်အရေး ပေးလိုက်မယ်”
ယွမ်သခင်လေး၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိနေ၏။ သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်မိ၏။ “ကျုပ် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးငါးသန်း ကိုပဲ ထုတ်ဖော်ပေးနိုင်တယ်၊ ဂိုဏ်းချုပ်ကျွင်းက ဒါကိုနည်းသေးတယ် ထင်ရင်လည်း တခြား သိုင်းအရင်းအမြစ် တွေနဲ့ လဲလှယ်အစားထိုးပေးမယ်”
“ယွမ်သခင်လေး”
ကျန့်လင်ချန်က အော်လိုက်၏။ “သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေ အားလုံး သူ့ကို ပေးလိုက်ရင် ဂိုဏ်းက ဘာကိုသုံးပြီး ကျင့်ကြံရမှာလဲ”
သူ့အနေနှင့် ဝင်ရောက်မပြောဆိုသည်က ပိုကောင်းပေလိမ့်မည်။ ပြောလိုက်သည့်အချိန်မှာတော့ ယွမ်သခင်လေး သည် ဒေါသဖြစ်စွာဖြင့် မေ့လဲလုမတတ် ဖြစ်နေ၏။ ဒီအဘိုးကြီးသည် လက်ရှိအချိန်တွင် ပါးစပ်ပိတ်၍ နေထိုင်သင့်သည်ဟု သူထင်မှတ်မိ၏။
သူသည်လည်း ဤကဲ့သို့ များပြားလှသော သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို မပေးချင်ပေ။ ထို့ကြောင့် ရင်နာနာနှင့် ပေးနေရခြင်းသာဖြစ်သည်။ သတိပေးကာမှ ပိုမိုဆိုးရွားသည့် ခံစားချက်ကို ရရှိလာမိသည်။
“ဟမ့်”
အကြီးအကဲတစ်ယောက်သည် စိတ်ဆုံးဖြတ်ပြီးစွာဖြင့် ပြောလိုက်သည်။ “အဆိုးဆုံး ကျုပ်တို့ သူနဲ့ သေတဲ့ အထိ တိုက်ခိုက်ရမှာပဲ၊ ကျုပ်တို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက နတ်ဆိုးအင်ပါယာရဲ့ စိတ်ကို အမွေအနှစ် ရထားတာ၊ သေဆုံးဖို့အတွက် ကြောက်ရွံ့စရာ ဘာလိုလို့လဲ”
“နတ်ဆိုးအင်ပါယာရဲ့စိတ်ကို အမွေခံထားတာ ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ရှုံ့ကာဖြင့် ပြောလိုက်၏။ “ကောင်မလေး... ထွက်လာခဲ့၊ ဒီအရှက်မဲ့တဲ့လူတွေကို လာကြည့်စမ်း”
ဆွစ်
အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရောင်မုန့်ယဉ်သည် အနောက်ဘက်ဆီမှ လမ်းလျှောက်ထွက်လာ၏။ ပြီးသည့်နောက်မှာတော့ သူမသည် ခေါင်းကိုအသာမော့ကာဖြင့် ကြည့်ရှလိုက်၏။ သူမ၏ မျက်လုံးထဲတွင်တော့ ထူးဆန်းသည့်အလင်းတန်းများနှင့် ပြည့်နှက်လျက်ရှိသည်။ အေးစက်စက်အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။
“နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆိုတာက အရေးအကြောင်းတိုက်ခိုက်ပွဲတွေမှာ ထွက်ပြေးသွားခဲ့တဲ့ သစ္စာဖောက် တွေပဲ၊ မင်းတို့ဆီမှာ နတ်ဆိုးအင်ပါယာရဲ့စိတ်ကို အမွေဆက်ခံဖို့အတွက် ဘာအရည်အချင်းရှိလို့လဲ”
ဝှစ် ဝှစ်
ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို ဖယ်ရှားလိုက်ပြီးသည့်နောက်မှာတော့ သန့်စင်လွန်းလှသော နတ်ဆိုးစွမ်းအင်များသည် တည်နေရာထဲသို့ ပျံ့နှံ့လာခဲ့တော့သည်။ ရောင်မုန့်ယဉ်၏ မျက်လုံးများသည် ကြက်သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထူးဆန်းသည့်အမှတ်အသားများသည် မျက်လုံး၏ အလယ် တည့်တည့်တွင် ပေါ်ပေါက်လာခဲ့တော့သည်။ ဤမိန်းကလေးသည် ချစ်စရာကောင်းသော ကလေးမလေး အဖြစ်မှ ကြောက်မက်ဖွယ်ရာကောင်းသည့် မိန်းကလေးတစ်ယောက်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့တော့သည်။
ဘုတ် ဘုတ်
ဂိတ်တံခါး၏ အရှေ့တွင် နောက်ဆုတ်လျက်ရှိသော နတ်ဆိုးကျင့်ကြံသူများ အားလုံးသည် ဤသန့်စင်လွန်းသော နတ်ဆိုးစွမ်းအင်များ၏ လွှမ်းမိုးမှုအောက်မှာတော့ မထိန်းချုပ်နိုင်တော့ဘဲ တစ်ယောက်ချင်းစီ ဒူးထောက် ထိုင်ချ လိုက်၏။
“ဒါ.. ဒါက”
ကျန့်လင်ချန်နှင့် တခြားသောသူများသည် ရောင်မုန့်ယဉ်၏ မျက်လုံးများပေါ်တွင်ရှိသည့် ထူးဆန်းသည့် အမှတ်အသားများကို မြင်ရသည့်အချိန်မှာတော့ အလုံးစုံ အံ့အားသင့်လျက်ရှိ၏။ ၎င်းတို့၏ လက်များသည် တုန်ယင်လျက်ရှိ၏။ “နတ်ဆိုးအင်ပါယာရဲ့ မျက်လုံး”
အပြင်ဘက်ခြံဝန်းတွင် မတ်တပ်ရပ်နေသော ယွမ်သခင်လေးသည်လည်း လက်ရှိအခြေအနေမှာတော့ ဆွံ့အလျက် ရှိနေ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်သည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
သို့ပေမဲ့ နတ်ဆိုးအင်ပါယာ၏ မျက်လုံးကိုပင် နိုးထနိုင်ခဲ့သည့်လူတစ်ယောက်ဖြစ်မှန်းတော့ သူမထင်မိခဲ့ချေ။ ဆိုလိုသည်မှာ သူ၏ရှေ့တွင်ရှိသော ဤမိန်းကလေးသည် သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင် သည်သာမက နတ်ဆိုးအင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည့် အရည်အချင်းများနှင့် ပြည့်စုံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။
ဘုတ်
သန့်စင်လွန်းသော နတ်ဆိုးစွမ်းအင်များ၏ လွှမ်းမိုးမှုအောက်မှာတော့ ယွမ်သခင်လေးသည် သူ၏ ခန္ဓာကိုယ်ကို မည်သို့မှ မထိန်းချုပ်နိုင်တော့ဘဲ မြေပေါ်သို့ ဒူးထောက် ထိုင်ချလိုက်၏။ သူ၏ အမူအရာများသည် ထိတ်လန့် ကြောက်ရွံ့လျက်ရှိနေ၏။
“အရှင်... အရှင်နတ်ဆိုးအင်ပါယာ နိုးထလာခဲ့ပြီ”