အခန်း (၉၅၃)
Vol. 64 Ch. 953
နတ်ဆိုးဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်းသားများအကြား တိုက်ပွဲသည် နတ်ဆိုးအင်ပါယာနှင့် နတ်ဆိုးအင်ပါယာဂိုဏ်း တစ်ခုလုံးကို ပြိုကျပျက်စီးစေခဲ့၏။ သို့ပေမဲ့ လမ်းမှန်ဂိုဏ်းသားများ မထင်မှတ်ခဲ့သည်မှာ နတ်ဆိုးအင်ပါယာဂိုဏ်း မပျက်စီးခင်တွင် တချို့သော အကြီးအကဲများသည် အခြေအနေကို သိရှိပြီးသည့်နောက်မှာတော့ အစောကြီး ကတည်းက ရှောင်ထွက်သွားကြပြီဖြစ်သည်။ ထိုသူအား လွင်စန့်ဟယ် ဟုခေါ်၏။ ထိုသူသည် နတ်ဆိုးအင်ပါယာ ဂိုဏ်း၏ အကြီးအကဲ ရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်၏။
လွင်စန့်ဟယ်သည် သူ၏လူများကို ခေါ်ဆောင်သွားခဲ့သည်သာမက နတ်ဆိုးအင်ပါယာဂိုဏ်း၏ များပြားလှသော သိုင်းနည်းစနစ်များကိုပါ ယူငင်သွားခဲ့သေးသည်။
ပြီးသည့်နောက်မှာတော့ သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို တည်ထောင်ခဲ့သည်။ ထိုသူသည် သူ၏ ဘဝတစ်ခုလုံး အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့တော့၏။ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားပြီးသည့်နောက်တွင် ဂိုဏ်းသည် ပိုမိုကာ အားကောင်းလာခဲ့၏။
သူသည် တစ်နေ့တွင် နတ်ဆိုးအင်ပါယာ၏ စိတ်ဆန္ဒကို အမွေဆက်ခံပြီးသည့်နောက် လမ်းမှန်ဂိုဏ်းများ အားလုံးကို အဆုံးစွန်အထိ သုတ်သင်ပစ်မည်ဟု တွေးတောထားခဲ့၏။ သူသည် နတ်ဆိုးအင်ပါယာဂိုဏ်း ဖျက်ဆီး ခံရပြီးသည့်နောက် လောကကြီးတစ်ခုလုံးသည် နတ်ဆိုးကျင့်ကြံသူများ အားလုံးကို လုံးဝ လက်မခံတော့ချေ။ ထို့ကြောင့် လွင်စန့်ဟယ်သည် အမှောင်ထဲမှာတင် တောက်လျှောက်ပုန်းအောင်းပြီး သူ၏ဂိုဏ်းကို ထပ်မံကာ အားကောင်းအောင် ကြိုးစားခဲ့ရတော့သည်။
သူ၏ ရည်ရွယ်ချက်သည် များပြားပြီး ကျော်ကြားလွန်းလှသော လမ်းမှန်ဂိုဏ်းများအား တစ်ခုပြီးတစ်ခု သုတ်သင်ပြီး ဖျက်ဆီးပစ်ရန်ပင် ဖြစ်တော့၏။ သို့ပေမဲ့ လွင်စန့်ဟယ်သည် သိုင်းကျင့်ကြံခြင်း နည်းစနစ်တွင် အဆင့်မြင့်အဆင့်ဆီသို့ မတက်ရောက်နိုင်ခဲ့ချေ။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးတွင်ရှိသော နိယာမများကို မရှောင်တိမ်းနိုင်ဘဲ ၎င်း၏ အရိုးသည် မြေကြီးထဲသို့ ရောက်ရှိသွားခဲ့တော့၏။
သူ၏ ဘဝသက်တမ်း ကုန်ဆုံး သွားပြီးသည့်နောက် သူသည် တပည့်များကို ပြောဆိုခဲ့သည်။ “နတ်ဆိုးအင်ပါယာက မသေဆုံးခဲ့ဘူး၊ ချောက်နက်ထဲမှာ အိပ်ပျော်နေတာပဲ၊ တစ်နေ့မှာ တစ်စုံတစ်ယောက်က သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးတော့ နတ်ဆိုးအင်ပါယာရဲ့ မျက်လုံးကို ပိုင်ဆိုင်လိမ့်မယ်၊ အဲဒီလူက နတ်ဆိုး ဂိုဏ်းကြီးတစ်ခုလုံးကို ပြန်လည်ပြီး ဦးဆောင်လိမ့်မယ်”
ဤစကားလုံးသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းတပည့်များ၏ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော အရာပင် ဖြစ်နေခဲ့တော့၏။ တပည့်သစ်များ အားလုံးသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသို့ ဝင်ရောက်ပြီး သည့်နှင့်တပြိုင်နက် ထိုစကားလုံးများကို သေသေချာချာ မှတ်သားထားရ၏။ ထိုသို့ဆိုလျှင် နတ်ဆိုးအင်ပါယာမျက်လုံး ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ရှေးမှတ်တမ်းများအရဆိုလျှင် နတ်ဆိုးအင်ပါယာ မွေးဖွားပြီးသည့်နောက်မှာတော့ ထိုမျက်လုံးပေါ်တွင် ထူးခြားသည့်အမှတ်အသားများ ဖြစ်တည်နေ၏။ ထိုအရာသည် နတ်ဆိုးဂိုဏ်းတစ်ခုလုံး၏ ကြီးမြတ်သော သင်္ကေတပင် ဖြစ်တော့သည်။
လွင်စန့်ဟယ် သေဆုံးပြီး နှစ်ပေါင်းထောင်ကျော် ကြာမြင့်ပြီးသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်းသည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်နှင့် နတ်ဆိုးအင်ပါယာမျက်လုံး ပိုင်ဆိုင်သူတစ်ယောက်ကို တွေ့ရှိခဲ့ရပြီ ဖြစ်သည်။ သို့ပေမဲ့ ဤနတ်ဆိုးမျက်လုံးဆိုသည်မှာ မည်သည့် အချက်အလက်များကို ကြည့်ရှု၍ သုံးသပ်ရမည် ဆိုသည်နှင့်ပတ်သက်၍ သဲလွန်စတော့ တစ်ယောက်မှ မသိရှိကြချေ။ ထို့ကြောင့် အထက်အကြီးအကဲပိုင်းများ အားလုံးသည် သံသယများဝင်လျက် ရှိနေတော့၏။
နတ်ဆိုးအင်ပါယာ သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်နေခဲ့ပြီဖြစ်၏။ ဤတလောအတွင်းတွင် သန္ဓေနတ်ဆိုးခန္ဓာကိုယ် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်ဖြစ်သော်လည်း နတ်ဆိုးအင်ပါယာ၏ မျက်လုံးကို ပိုင်ဆိုင်သူဟူ၍ မပေါ်ပေါက်ခဲ့ချေ။ ထို့ကြောင့် လက်ရှိလူသည် အစစ်အမှန် လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။
ရောင်မုန့်ယဉ်တစ်ယောက် ဤတောင်ဆီသို့ ရောက်ရှိပြီးသည့်နောက် သန့်စင်လွန်းသော သန္ဓေနတ်ဆိုးချီများ သည် သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်သွားခဲ့၏။ သူမ၏ မျက်လုံးပေါ်တွင် ထူးဆန်းလွန်းသော အမှတ်အသားများ ဖြစ်တည်လျက် ရှိနေသည်။ ထို့ကြောင့် အရင်ဂိုဏ်းချုပ်လွင် ပြောဆိုခဲ့သော အရာများသည် မှန်ကန် လိမ့်မည်ဟု တချို့သော နတ်ဆိုးကျင့်ကြံသူများက တွေးထင်မိကြသည်။
................
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တပည့်များအားလုံးသည် အတွင်းခြံဝန်း၏ ရှေ့တည့်တည့်တွင် ဒူးထောက်ကာ ထိုင်လျက်ရှိနေကြ၏။ ၎င်းတို့သည် ဦးညွတ်လျက် ရှိနေကြပြီး ဝိညာဉ်သိစိတ်များ အားလုံးပင်လျှင် ကြမ်းရမ်းစွာဖြင့် လှုပ်ခါလျက် ရှိနေ၏။
ရွှီး
ကျန့်လင်ချန်၏ ဦးဆောင်မှု နှင့်အတူ သိုင်းနယ်မြေကျင့်ကြံသူ ရှစ်ယောက်တို့သည် တောင်၏ ဂိတ်တံခါးရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် ရောင်မုန့်ယဉ်၏ သန္ဓေနတ်ဆိုးချီများကို လျစ်လျှူရှုနိုင်စွမ်း ရှိနေကြသည်ဆိုသော်လည်း ခန္ဓာကိုယ်မှာတော့ အနည်းငယ်တုန်ယင်လျက် ရှိနေ၏။ ၎င်းတို့၏ မျက်လုံးပေါ်တွင်တော့ အံ့အားသင့်၊ ကြောက်လန့်မှုများနှင့် ပြည့်နေလျက် ရှိနေသေးသည်။
ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်မိ၏။ ရောင်မုန့်ယဉ်သည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အထက်အကြီးအကဲများကိုပင် ထိတ်လန့်တုန်လှုပ်စေမည်ဟု သူမထင်မှတ်ခဲ့ချေ။ ဤကဲ့သို့ဖြစ်မည်မှန်းသိပါက အားအင်စိုက်ထုတ်ကာဖြင့် တိုက်ခိုက်နေလိမ့်မည် မဟုတ်ပေ။ သူမကိုသာလျှင် ရှေ့ဆီသို့ ခေါ်ဆောင်လာပေ လိမ့်မည်။
“သွားပြီ၊ သွားပြီ”
“အကြီးအကဲကျန့်”
ယွမ်သခင်လေးက တီးတိုးပြောလိုက်၏။ “ဘာကို စောင့်နေတာလဲ၊ အရှင့်ကို ဒူးထောက်ပြီးတော့ နှုတ်ဆက်လေ”
“ဟမ့်”
ကျန့်လင်ချန်က နှာခေါင်းရှုံ့လိုက်၏။ “ဒီမိန်းကလေးရဲ့ မျက်လုံးပေါ်မှာ အမှတ်အသားတွေ ပါဝင်တယ် ဆိုပေမဲ့ ဒါက နတ်ဆိုးအင်ပါယာရဲ့ မျက်လုံး ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာ မသိဘူးလေ၊ ယွမ်သခင်လေးက ဒီလိုပဲ ဒူးထောက်လိုက်တာလား၊ ဒါက ဂရုမစိုက်ပြုမူတာပဲ”
ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းတပည့်များ ဤနေရာမှာသာ မရှိပါက သူနှင့် အထက်အကြီးအကဲများ အားလုံးသည် ရောင်မုန့်ယဉ်၏ စကားကို ယုံကြည်မိကြမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် သူမသည် အတုသာ ဖြစ်နေမည်ဆိုပါက မည်သို့လုပ်မည်နည်း။
ယွမ်သခင်လေးက ပြောလိုက်တော့၏။ “သန့်စင်လွန်းတဲ့ သန္ဓေနတ်ဆိုးချီတွေ ရှိနေတာကို နတ်ဆိုးအင်ပါယာရဲ့ စိတ်ကို အမွေဆက်ခံတယ်ဆိုတာ သက်သေပြရုံနဲ့ လုံလောက်နေပြီ မဟုတ်လား”
“ဒါ ….. ဒါက”
ကျန့်လင်ချန်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ နတ်ဆိုးအင်ပါယာ၏ မျက်လုံးသည် အစစ်ဖြစ်သည်၊ မဖြစ်သည်က မသေချာပေ။ ဤအရာသည် သန့်စင်လွန်းသော နတ်ဆိုးချီများဖြစ်သည်ကိုတော့ သူနှင့် အကြီးအကဲ များမှာ သေချာသိရှိလို့နေခဲ့၏။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဒူးထောက်တာ၊ ဒူးမထောက်တာက ကျုပ်အလုပ် မဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့ ကိစ္စပဲ၊ စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းပေးဖို့ကတော့ လုံးဝမလျော့စေနဲ့”
လက်ရှိအခြေအနေသည် ထင်မှတ်မထားသည့် ကိစ္စပင် ဖြစ်တော့၏။ သူ့အနေနှင့် ဤနေရာသို့ ရောက်ရှိလာသည် ဆိုသည်မှာ ရန်ငြိုးများကို ပြန်ဖြေရှင်းရန်ပင် ဖြစ်တော့သည်။ ထို့ကြောင့် အရင်ဦးဆုံးအနေနှင့် ပိုက်ဆံကို ရယူချင်မိ၏။
“စိတ်မပူနဲ့”
ယွမ်သခင်လေးသည် လေးလေးနက်နက် ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ပြောပြီးသား စကားကို ဘယ်တော့မှ ပြန်မရုတ်ဘူး”
“ဒါဆိုလည်း မြန်မြန် သွားယူတော့၊ ကျုပ် အိမ်ပြန်ပြီးတော့ ရေချိုးရဦးမှာ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“.......”
ယွမ်သခင်လေးသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ “နေ... နေပါအုံး”
ပြီးသည့်နောက်မှာတော့ သူသည် ကျန့်လင်ချန်နှင့် တခြားသူများကို ကြည့်ရှုကာ ပြောလိုက်၏။ “အားလုံးပဲ၊ အဲမှာရပ်မနေနဲ့တော့လေ”
သူသည် ဒဏ်ရာရပြီး မလှုပ်ရှားနိုင်တော့ချေ။ မဟုတ်ပါက သူသည် အစောကြီးကတည်းက သွားပြီး ကုန်းရှန့်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို ပြင်ဆင်ပေးတော့မှာဖြစ်သည်။
“မင်း သူ့ကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံးငါးသန်း ပေးလိုက်ရင် တပည့်တွေက ဘာကိုသွားပြီး ကျင့်ကြံရမှာလဲ” နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရှိ အကြီးအကဲတစ်ယောက်က စောဒက တက်လိုက်၏။
ယွမ်သခင်လေးသည် ထ၍ ငိုမိတော့မတတ် ဒေါသထွက်လျက်ရှိသည်။ တစ်ဖက်လူသည် ကြီးမားလှသော ဓားကြီးကို လေထဲတွင် မြှောက်ကာဖြင့် အချိန်မရွေး ခုတ်ပိုင်းမည့်ဟန်ဖြင့် ရှိနေသည်။ သို့ပေမဲ့ ဤသောက်သုံး မကျသော အကြီးအကဲများ အားလုံးသည် အခြေအနေကို လုံးဝနားမလည်ခဲ့ချေ။ ဘယ်လိုဖြစ်လို့ ဤရူးကြောင်ကြောင် လူများကို သူဦးစီးနေရသနည်း။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ ရောင်မုန့်ယဉ်က ပြောလိုက်သည်။ “သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးတွေကို မယူဘဲနဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို ယူသွားရအောင်လေ”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် အေးခဲသွား၏။ ဤမိန်းကလေး၏ အတွေးသည် ကျယ်ပြန့်လွန်းနေ၏။
“အရှင်”
ယွမ်သခင်လေးသည် အလောတကြီး ပြောလိုက်၏။ “ကျုပ် ယွမ်ဖန်က အရှင်သွားရာ နေရာတိုင်းကို လိုလိုချင်ချင်နဲ့ လိုက်ချင်ပါတယ်”
သာမန်အခြေအနေအရဆိုလျှင် သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို ကိုယ်စားပြုသူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ လက်ရှိမှာတော့ သူ့ကိုယ်သူသာ ကိုယ်စားပြုချင်တော့၏။
ရောင်မုန့်ယဉ်သည် လက်ပိုက်ကာ ပြောလိုက်၏။ “ရှင်တို့ သစ္စာရှိရမှာ ကျွန်မကို မဟုတ်ဘူး၊ ကျွန်မရဲ့ ဂိုဏ်းချုပ်ကိုပဲ”
“ဒါက” ယွမ်ဖန်၏ မျက်နှာပေါ်ရှိ အမူအရာသည် ပြောင်းလဲသွားခဲ့တော့သည်။
ကျန့်လင်ချန်သည် အေးစက်စက်နှင့် ပြောလိုက်၏။ “ကျုပ်တို့က နတ်ဆိုးအင်ပါယာကိုပဲ သစ္စာရှိနိုင်တယ်၊ တခြား သူတွေက ကျုပ်တို့ သစ္စာရှိဖို့အတွက် လုံလောက်တဲ့ အရည်အသွေးမျိုး မရှိဘူး”
ဝှစ်
ထိုအချိန်မှာပဲ လေထဲတွင် ရပ်လျက်ရှိသော ကြီးမားသည့်ဓားကြီးသည် ရုတ်တရက် အောက်သို့ ကျဆင်းလာ၏။ ဓားစွမ်းရည်များ အားလုံးသည် လေဟာနယ်တစ်ခုလုံးကိုပင် ထိုးခွဲသွားခဲ့၏။
ကျန့်လင်ချန်နှင့် တခြားသူများ အားလုံးသည် ထိတ်လန့်တုန်လှုပ်သွားပြီး အလောတကြီးဖြင့် နောက်သို့ဆုတ်ခွာလိုက်၏။ ၎င်းတို့သည် လွတ်မြောက်သွားခဲ့ကြသည်ဆိုသော်လည်း နှစ်ပေါင်းတစ်ထောင်ခန့် တည်ဆောက်ထားခဲ့သော ဂိုဏ်း၏ ဂိတ်တံခါး ကြီးမှာတော့ အပိုင်းပိုင်း ကျိုးပြတ်သွားခဲ့ပြီ ဖြစ်တော့သည်။ အဓိကဟောခန်း၏ အတွင်းဘက်တွင်တော့ နက်ရှိုင်းလွန်းလှသည့် ဓားရာကြီးတစ်ခု တည်ရှိလို့နေခဲ့တော့သည်။
ဝှစ် ဝှစ်
ပြန့်ကျဲလျက်ရှိသော ဓားများသည် ချက်ချင်းပဲ လေပေါ်၌ ပြန်လည်ဖြစ်တည်ပြီးနောက် ကြီးမားသည့်ဓားကြီး အဖြစ်သို့ ပြန်လည်ပြောင်းသွားပြန်သည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ကျုပ်က အရည်အသွေး မရှိဘူးလား”
“မင်း...” ကျန့်လင်ချန်နှင့် တခြားသော အကြီးအကဲများ အားလုံးသည် အလွန်တရာ ဒေါသထွက်သွားကြ၏။ ဂိုဏ်းတစ်ခု၏ ဂိတ်တံခါးဆိုသည်မှာ ဂိုဏ်း၏ မျက်နှာကို ကိုယ်စားပြု၏။ ဤကဲ့သို့ ဖျက်ဆီးခံလိုက်ရသည် ဆိုခြင်းမှာ ခွင့်လွှတ်ပေးလို့ မရနိုင်ချေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်အတွက် သစ္စာရှိဖို့ အရည်အသွေး မပြည့်မီဘူး၊ ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့ ငါးယောက်ပေါင်းတာတောင် ကျုပ်ဂိုဏ်းရဲ့ ဟောခန်းသခင်တစ်ယောက်ကို အနိုင်မတိုက်နိုင်ဘူး မဟုတ်လား”
တင်းရှင်းဝမ်နှင့် တခြားသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဂိုဏ်းချုပ်.... ဒီလိုမျိုးသာ သွားယှဉ် ရမယ်ဆိုရင် ဘယ်သူမှ အရည်အသွေး ပြည့်မီတော့မှာ မဟုတ်ဘူး။ ခန်းမသခင်ကျိက ငါးယောက် တစ်ယောက် တောင် တိုက်ခိုက်နိုင်တာ၊ တစ်ယောက်ချင်းဆို ဘယ်သူနဲ့မဆို တိုက်ခိုက်လို့ရတယ်လေ။
“ဟေး”
ရောင်မုန့်ယဉ်သည် ယွမ်ဖန်ကို လက်ညှိုးထိုးကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကို သစ္စာရှိတာက ကျွန်မကို သစ္စာရှိတာနဲ့ တူတူပဲ၊ မြန်မြန် လာခဲ့တော့”
..............
ယွမ်ဖန်သည် ဇဝေဇဝါ ဖြစ်မိနေ၏။ သူသည် ဤမိန်းကလေးကို သစ္စာရှိဖို့အတွက် ကျိန်းသေပေါက် မငြင်းပယ်ပေ။ အဘယ်ကြောင့်ဆိုသော် မိန်းကလေး သည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်သာမက နတ်ဆိုးအင်ပါယာ မျက်လုံးကိုလည်း ပိုင်ဆိုင်သူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို သစ္စာရှိရန် ဆိုသည်မှာတော့ အနည်းငယ် ခက်ခဲနေ၏။
“ကောင်မလေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့က ငါ့ကို တကယ့်သခင်တစ်ယောက်လို သတ်မှတ်မှာ မဟုတ်ဘူး၊ ဒီတော့ ပေါက်ကရတွေ ထပ်မပြောဘဲ စိတ်ဝိညာဉ်ကျောက်တုံးတွေယူပြီး သွားကြရအောင်”
“ကောင်းပြီ”
ရောင်မုန့်ယဉ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျွန်မ ရှင့်ကို အခွင့်အရေးတစ်ခုပေးတယ်၊ ဒါပေမဲ့ ရှင်တို့က အခွင့်အရေးကို အရမယူခဲ့ဘူး၊ ဒီတော့ အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ပဲ ပြင်ဆင်ထား ကြတော့”
သူမသည် တောက်ပလွန်းလှသော မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ ပြောလိုက် တော့သည်။ “စိတ်ဝိညာဉ်ကျောက်တုံးတွေပေး”