အခန်း (၉၅၄)
Vol. 64 Ch. 954
ရောင်မုန့်ယဉ်သည် နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းအား တစ်ခါတည်းခေါ်ဆောင်သွားချင်သည်ဟု ပြောဆိုလိုက် သည့်အချိန်မှာတော့ ကျွင်းရှောင်ချောင်းသည် အတော်ပင် စိတ်ဝင်စားသွား၏။
သို့ပေမဲ့ ယွမ်ဖန်၏နှောင့်နှေးမှုနှင့် ကျန့်လင်ချန်နှင့် တစ်ခြားသူများအားလုံး၏ မျက်နှာအမူအရာများကို ကြည့်ရှုလိုက် သည်နှင့် သူ့အား သစ္စာရှိချင်သည့် စိတ်ဆန္ဒရှိပုံမပေါ်သည်ကို မြင်လိုက်ရ၏။ ထို့ကြောင့်သူ့အနေနှင့် အတင်းကြီး တွန်းအားပေးနေလိမ့်မည်မဟုတ်ချေ။ သူ၏အစီအစဉ်အတိုင်း ဆက်လက်၍ စိတ်ဝိညာဉ်ကျောက်တုံးများကို တောင်းခံရန်သာ ကြိုးစားခဲ့တော့သည်။
ကလးမလေး ရောင်မုန့်၏ ကြမ်းတမ်းလှသည့် ချိန်းခြောက်မှုအောက်မှာတော့ ယွမ်သခင်လေးသည် သူ၏ ဒဏ်ရာ များကို ဖိနှိပ်ကာဖြင့် ကိုယ်တိုင်ကိုယ်ကျ စိတ်ဝိညာဉ်ကျောက်တုံးများကို သွား၍ယူဆောင်လာခဲ့ရတော့သည်။ သူ့အနေနှင့် အသုံးမဝင်သည့် သူ၏ အသင်းအဖွဲ့များအပေါ် ထည့်၍မတွက်ခဲ့တော့ချေ။ ၎င်းတို့အားလုံးအနေဖြင့် အနာဂတ်တွင် ဒုက္ခမရောက်စေရန်သာ သူမျှော်လင့်နေမိတော့၏။
“မဆိုးဘူးပဲ။”
ပျက်စီးသွားသော ဂိတ်တံခါးကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲ တွင်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးများကို ယူသွားလိုက်၏။ ပြီးနောက်သဘောတကျဖြင့် ပြောလိုက်သည်။ “ဒါက ငါးသန်းစီပဲ။”
ရွှီ ရွှီ
ဓားအော်ရာများသည် အားနည်းသွားပြီးသည့်နောက်မှာတော့ ဓားကြီးအား ပြန်လည်သိမ်းဆည်းလိုက်တော့သည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးတို့သည် ဓားများအား ပြန်လည်ကာ သိမ်းဆည်းလိုက်ကြတော့၏။
ဟူး ဟူး
ယွမ်သခင်လေးသည် စိတ်သက်သာရာရသလို သက်ပြင်းအရှည်ကြီးချလိုက်၏။ သို့ပေမဲ့ ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ် ဆီမှ ထွက်ပေါ်နေသော သန္ဓေနတ်ဆိုးအော်ရာများကို ခံစားမိပြီးသည့်နောက်မှာတော့ သူသည် ထိတ်လန့်ကြောက်ရွံ့မှုနှင့် မြေပေါ်မှာ ဒူးထောက်လျက်ပင်ရှိနေသေး၏။
ကျန့်လင်ချန်နှင့် တစ်ခြားသူများအားလုံးသည် အကူအညီမဲ့စွာဖြင့် ကြည့်ရှုနေရုံသာ တတ်နိုင်တော့၏။ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများ ပါဝင်သော သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်သည်ကို မြင်ရသော်လည်း ၎င်းတို့အနေနှင့် ခွန်းတုံ့မပြန်ရဲကြချေ။
၎င်းတို့၏ ဂိုဏ်းသည် ရှာဖွေတွေ့ရှိခဲ့သည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့အနေနှင့် တစ်ဖက်လူများအားလုံးကို အားအင်အဆင့်များနှင့် အနိုင်မတိုက်ချေ။ ထို့ကြောင့် ဆိုးရွားသည့်အခြေအနေကို ကျရောက်နေကြတော့၏။
ဤကိစ္စကို ဖြေရှင်းရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ရနေသည်ကသည်လျှင် ကောင်းကင်ကြီး ကို ကျေးဇူးတင်နေခြင်းဖြစ်သည်။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျောက်အရိုင်းတုံး၊ သလင်းအမြုတေနဲ့ ဆေးပင်တွေက ဘယ်မှာလဲ။”
“ပြင်ဆင်နေပါတယ်။ ကျေးဇူးပြု၍ စောင့်ပါအုံး။”
ယွမ်ဖန်သည် အလောတကြီးဖြင့် ပြောလိုက်၏။ တစ်ဖက်လူသည် စိတ်ဆိုးပြီးသည့်နောက်မှာတော့ ဓားကြီးနှင့် ထပ်မံကာ ခုတ်ပိုင်းမည်ကို သူစိုးရိမ်မိ၏။
“သြော် …. ဟုတ်ပြီ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်တွေ ရှိရင်ပိုကောင်းမယ်။”
“……..”
မကြာခင်မှာဘဲ နတ်ဆိုးအင်ပါယာဂိတ်၏ တပည့်များအားလုံးသည် သိုလှောင်လက်စွပ်တော်တော်များများကို ယူဆောင်လာကြ၏။ အထဲတွင်တော့ သိုင်းနည်းစနစ်များ သိမ်းဆည်းထားခဲ့၏။ များပြားလှသည့် နတ်ဆိုးနည်းစနစ် များသည် ထိုအထဲတွင် တည်ရှိလို့နေ၏။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် ပစ္စည်းများအားလုံးကို သိမ်းဆည်းပြီးသည့်နောက်မှာတော့ ပြုံးလိုက်သည်။ “ပျော်ရွှင်စရာ ပူးပေါင်းမှုပါပဲ။”
“ပျော်ရွှင်စရာ ပူးပေါင်းမှုပါပဲ။” တစ်ဖက်လူသည် ဤစကားကို ရည်ရွယ်ချက်ရှိရှိနှင့်ပြောဆိုခဲ့သည်ဖြစ်ကြောင်း ယွမ်ဖန်က နားလည်မိ၏။ ကျွင်းချောင်ရှောင်းသည် ၎င်းကို လူပုံအလယ်ရှေ့တွင် အထင်မြင်မှားစေရန် ပြောဆိုခဲ့သည့် အချက်အလက်ကို ပြန်လည်ကာ ကလဲ့စားချေနေခြင်းပင်ဖြစ်တော့၏။
ကျန့်လင်ချန်၏ အတွေးများသည် ရှုပ်ယှက်ခပ်သွားသည်။
“ရှင်တကယ်ပဲ ကျွန်မရဲ့ ဂိုဏ်းချုပ်ကို သစ္စာမရှိနိုင်ဘူးလား။” ရောင်မုန့်ယဉ်က မေးလိုက်သည်။
ယွမ်သခင်လေး၏ အကြည့်များသည် အလုံးစုံစိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပုံပေါ်၏။ “နတ်ဆိုးကျင့်ကြံသူတွေက နတ်ဆိုးအင်ပါယာကိုပဲ သစ္စာခံမယ်။ တစ်ခြားသောသူတွေကို ဘယ်တော့မှ သစ္စာ မခံဘူး။”
“ခေါင်းမာလိုက်တာ”
ရောင်မုန့်ယဉ်သည် လက်လျှော့လိုက်တော့၏။ တကယ်တမ်းမှာတော့ သူမသည် နတ်ဆိုးအင်ပါယာဂိတ်အား ခေါ်ဆောင်ခွင့်ပေးရန် ဂိုဏ်းချုပ်အား တောင်းဆိုခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူမတွင် နတ်ဆိုးအင်ပါယာ၏ အမွေအနှစ် ရှိသည် ဆိုသော်လည်း နတ်ဆိုးကျင့်ကြံသူဟူ၍ ဂိုဏ်းထဲတွင် များများစားစားမရှိလှချေ။ သူမနှင့် ရှောင်မိုရှန်း တို့သည်သာ နတ်ဆိုး ကျင့်ကြံသူများဖြစ်ပြီး အဘိုးတင်းသည် နတ်ဆိုးကျင့်ကြံသူတစ်ပိုင်းဟုသာ သုံးသပ်၍ ရသည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ခပ်တည်တည်ဖြင့် ပြောလိုက်တော့သည်။ “ကျုပ်က တွက်ကပ်တတ်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး။ ဒီတော့ လျော်ကြေးတွေလည်း ရပြီးပြီဆိုမှတော့ ကျုပ်တို့ ကြားမှာရှိတဲ့ ရန်ငြိုးတွေကို ဖျောက်ကွယ်လိုက်ကြရအောင်။”
…
ယွမ်သခင်လေး နှင့် ကျန့်လင်ချန်တို့၏ နှလုံးသားများသည် သွေးစက်စက်ယိုလျက်ရှိနေကြ၏။ သဘာဝစိတ်ဝိညာဉ် ကျောက်တုံးတော်တော်များများနှင့် များပြားလှသော သိုင်းအရင်းအမြစ်များသည် လမ်းမှန်ဂိုဏ်းများဆီမှ လုယူလာ ခဲ့သည့် အရာများဖြစ်သော်လည်း ရန်ငြိုးများကို ဖြေရှင်းရန်အတွက် ပြိုင်စံရှားဂိုဏ်းကို ပြန်လည်ပေးလိုက်ရသည်။ ဤအရာသည် လက်ခံနိုင်ရန် ခက်ခဲသောအရာပင် ဖြစ်လို့နေ၏
“ဟုတ်ပြီ။”
ကျွင်းချောင်ရှောင်းက ထပ်၍ ပြောလိုက်၏။ “ဒါမျိုးနောက်တစ်ကြိမ်ထပ်ပြီးတော့ မဖြစ်ဖို့မျှော်လင့်မိတယ်။ မဟုတ်ရင် ….”
သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အတွင်းခြံဝန်းဆီသို့ လှမ်း၍ ကြည့်လိုက်၏။ မျက်လုံးထဲမှာတော့ သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေတော့၏။ “နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းက ထာဝရပျောက်ကွယ်သွားလိမ့်မယ်။”
သူသည် လမ်းမှန်ဂိုဏ်းသာများ အမှန်ပင် ခေါင်းကိုက်လျက်ရှိနေသော နတ်ဆိုးဂိုဏ်းအား ချိန်းခြောက်လျက်ရှိနေတော့သည်။
“ဂိုဏ်းချုပ်ကျွင်း စိတ်မပူပါနဲ့။ ကျုပ်တို့ နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းက လမ်းမှန်ဂိုဏ်းတွေကိုဘဲ ပစ်မှတ်ထားတာပါ။ ကျိန်းသေပေါက် ခင်ဗျားရဲ့ ဂုဏ်ယူရလောက်တဲ့ဂိုဏ်းကို ပြဿနာမရှာပါဘူး။” ယွမ်ဖန်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ယွမ်သခင်လေး ခင်ဗျားနဲ့ကျုပ်နဲ့ပဲ သိသင့်တဲ့ ကိစ္စတစ်ချို့ရှိတယ်။ ဒီသတင်းတွေသာ ပေါက်ကြားသွားမယ်ဆိုရင် ကျုပ်က ခင်ဗျားဆီကို လာလည်ရလိမ့်မယ်။”
ယွမ်ဖန်သည် တစ်ဖက်လူပြောနေသည့် အကြောင်းအရာကို ကောင်းကောင်းနားလည်၏။ ရောင်မုံယဉ်၏ အကြောင်း သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အလောတကြီးဖြင့် အသံပို့လွှတ်လိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့ရဲ့ သခင်အပေါ် ကျုပ်တို့က သစ္စာရှိရမှာပါ။”
“ဒီကိစ္စသာ ပျံ့နှံ့သွားမယ်ဆိုရင် ခင်ဗျားတို့လည်းမဟုတ်ဘူး။ သူမကိုလည်း ထိခိုက်စေမှာလေ။”
“ဒါဆိုရင်ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ပြီးသည့်နောက် ပြောလိုက်၏။ “မနှောင့်ယှက်တော့ပါဘူး။ အရင်ဆုံးထွက်သွားတော့မယ်။”
ပြောပြီးသည့်နောက်မှာတော့ သူသည် တပည့်များနှင့်အတူ ထွက်ခွာသွားခဲ့တော့သည်။ အချက်အလက်အားဖြင့် ရောင်မုန့်ယဉ်တစ်ယောက် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြောင်း ပေါ်ပေါက်သွားမည်ကို မစိုးရိမ်ချေ။ ထို့အပြင် သူ့တွင် ထိပ်ဆုံးဂိုဏ်းများနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အားအင်များကို ပိုင်ဆိုင်နေသည်မဟုတ်ပါလား။
သိုပေမဲ့ သိုသိုသိပ်သိပ်ဖြင့် ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင်တော့ လုပ်ဆောင်ချင်နေသေးသည်။ ထိုမှသာလျှင် ပြဿနာများ လျော့ပါးပေလိမ်မည်။
ကျွင်းချောင်ရှောင်းနှင့်သူ၏ တပည့်များသည် ပျောက်ကွယ်သွားသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျန့်လင်ချန် နှင့်တစ်ခြားသောအကြီးအကဲများအားလုံးတို့သည် ၎င်းတို့၏ ဒေါသများကို ထုတ်ဖော်လာခဲ့တော့၏။
“ယွမ်သခင်လေး”
အကြီးအကဲတစ်ယောက်က အေးစက်စက်နှင့်ပြောလိုက်၏။ “တကယ်လို့ ဒီကိစ္စကို ဂိုဏ်းချုပ်က သိမယ်ဆိုရင် ကျိန်းသေပေါက် မင်းကို စိတ်ပျက်လိမ့်မယ်။”
“ချီးတဲ့မှ။ ခင်ဗျားတို့ဆီမှာ ဒီလို ပြောရလောက်တဲ့ အခွင့်အရေးရှိလို့လား။ အစောကြီးထဲက ကျုပ်ပြောသလို ပြိုင်စံရှားဂိုဏ်းကိုသာ ပစ်မှတ်မထားဘူးဆိုရင် ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူး။”
ယွမ်ဖန်သည် တိကျခိုင်မာစွာပြောလိုက်၏။ “ဂိုဏ်းချုပ်က ကျုပ်ကို ကျိန်းသေပေါက်နားလည်ပေးလိမ့်မယ်။”
ကျန့်လင်ချန်သည် တင်းမာခက်ထန်လှသည့် မျက်နှာဖြင့် ပြောလိုက်သည်။ “ဒီအဘိုးကြီးက အခုသံသယတောင် ဝင်နေတယ်။ ကျုပ်တို့ရှိနေတဲ့နေရာကို ကျွင်းချောင်ရှောင်းတစ်ယောက် လွယ်လွယ်ကူကူ ရှာတွေ့သွားတယ်ဆိုတာ သတင်းအချက်အလက်တွေ ပေါက်ကြားသွားလို့များလား။”
“တော်စမ်း”
ယွမ်သခင်လေးသည် မည်သို့မျှ မခံစားနိုင်တော့ဘဲ ထ၍ အော်ဟစ်လိုက်တော့သည်။ “ကျုပ် ယွမ်ဖန်က နတ်ဆိုးအင်ပါယာအပေါ်မှာ အမြဲတမ်းသစ္စာရှိတယ်လေ။ ပြီးတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအပေါ်မှာ သစ္စာဖောက်ရမယ့် အလုပ်မျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။”
သို့ပေမဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ အထက်အကြီးအကဲများသည်မှာတော့ မယုံကြည်ကြချေ။ ၎င်းတို့အားလုံး သည် သံသယအပြည့်ဖြင့် ကြည့်လျက်ရှိနေကြတော့၏။
“အားလုံးပဲ။”
အကြီးအကဲတစ်ယောက်က ပြောလိုက်၏။ “ဂိုဏ်းရဲ့တည်နေရာက သိသွားကြပြီဆိုတော့ ကျုပ်တို့ရဲ့ ပထမဦးဆုံး ဦးစားပေးပြုလုပ်ရမယ့်အရာကတော့ ပိုပြီး ကောင်းမွန်တဲ့နေရာကို ရှာပြီး ပုန်းအောင်းနေဖို့ပဲ။ မဟုတ်ရင် ဒီကောင်က အားတိုင်းလာပြီး ကျုပ်တို့ဆီက ပစ္စည်းတွေကို လုယက်နေလိမ့်မယ်။ ဒါဆိုရင် ပိုက်ဆံတွေဖြုန်းတာနဲ့အတူတူပဲလေ။”
ပြောနေစရာပင် မလိုချေ။ ဂိုဏ်းချုပ်ကျွင်းသည် ဤကဲ့သို့သော အစီအစဉ်မျိုး အမှန်ပင်ရှိနေ၏။ သူ့အနေနှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား ခက်ခဲသည့်ကိစ္စမျိုးဖြစ်စေရန် မပြုလုပ်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သိုင်းပညာနှင့်ပတ်သက်သည့် အရင်းအနှီးများကြောင့်ပင်ဖြစ်တော့၏။ တစ်ဖက်လူများအားလုံးအား လမ်းမှန်ဂိုဏ်းသား များနှင့် ပွင့်ပွင့်လင်းလင်းတိုက်ခိုက်စေခဲ့၏။ ထိုမှသာလျှင် သူသည် ထိုသူတို့ရရှိထားသော ပစ္စည်းများအားလုံးကို ပြန်လည်၍ လုယူနိုင်မည် မဟုတ်ပါလား။
ကျန့်လင်ချန်က ပြောလိုက်၏။ “ကျွင်းချောင်ရှောင်းဆီမှာ ဒီနေရာကို ရှာဖွေဖို့အတွက် အထူးနည်းလမ်းတစ်ချို့ရှိမှာ ကျိန်းသေတယ်။ ဒီတော့ ငါတို့ ပိုပြီး အန္တရာယ်များတဲ့နေရာတစ်ခုခုကို ရှာဖွေပြီး ရွှေ့ပြောင်းရအောင်။ အရမ်းရှုပ်ထွေးလွန်းတဲ့ တားမြစ်တည်နေရာ တစ်ခုခုကိုပေါ့။”
…
“ဂိုဏ်းချုပ်”
ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လာရာလမ်းမှာတော့ အဘိုးကြီးတင်းက ပြောလိုက်၏။
“နတ်ဆိုးဂိုဏ်းရဲ့ကျင့်ကြံသူတွေက ရောင်မိန်းကလေးကို အရမ်းကြောက်ရပုံပေါ်တယ်။ ဘာလို့အခွင့်အရေးကို အရယူ ပြီးတော့ သူတို့ကို အသုံးမပြုခဲ့တာလဲ။”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ယွမ်သခင်လေးနဲ့ တစ်ချို့တပည့်တွေကလွဲပြီးတော့ ကျန်တဲ့ သိုင်းနယ်မြေအဆင့်ကျင့်ကြံသူတွေအကုန်လုံးက သဘောမတူကြဘူးလေ။ ဒါကြောင့် အတင်းကြီးတွန်းအားပေးမယ်ဆိုရင်တောင်မှ တစ်ချိန်ချိန်မှာ ပြန်ပြီးတော့ ပုန်ကန်တာတွေဖြစ်လာနိုင်တယ်။”
ခရမ်းရောင်ဘုရင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “သူတို့လက်မခံဘူးဆိုတော့လည်း ဖျက်ဆီးလိုက်ကြတာပေါ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“နတ်ဆိုးအင်ပါယာဂိတ်တံခါးဂိုဏ်းက လွယ်လွယ်ကူကူနဲ့ ဖျက်ဆီးလို့ရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်း လောက်ထဲကနေ အခုချိန်ထိ တည်ရှိနေမှာမဟုတ်ဘူး။”
တိုက်ပွဲသည် ယခုမှစတင်သည်ဖြစ်သော်လည်း ၎င်းတို့၏ ထိပ်တန်းပိုင်း စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်ခြား သောသူများအားလုံးထက် ပိုမို၍ အားကောင်းနေ၏။ ထို့ကြောင့် နတ်ဆိုးအင်ပါယာဂိတ်တံခါးဂိုဏ်းတွင် နောက်ခံ အစီအစဉ်များ တည်ရှိနေမည်လားဆိုသည်ကို မည်သူမျှမသိနိုင်ချေ။ ထို့အပြင် ဘယ်သူမှန်းမသိသည့် ဂိုဏ်းချုပ်တစ်ယောက်ကလည်းရှိနေသေး၏။ ၎င်း၏ကျင့်ကြံခြင်းအဆင့်သည် မည်မျှ မြင့်မားမည်ဆိုသည်ကို မည်သူက သိရှိနိုင်မည်နည်း။
ယခု နတ်ဆိုးအင်ပါယာဂိတ်တံခါးဂိုဏ်းဆီမှ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး နှင့် သိုင်းပညာ၏ အရင်းအမြစ်များကို ရရှိလာခြင်းသည် ကောင်းမွန်သည့် အရာဟုပင် တွက်ချက်နိုင်၏။
၎င်းတို့အနေနှင့် ချောင်ပိတ်ရိုက်ပြီး တစ်ခြားသောကိစ္စများကို ပြုလုပ်နေမည်ဆိုပါက ဘာတစ်ခုမရဘဲ အကုန် ဆုံးရှုံးသွားနိုင်သည်။
ကျွင်းချောင်ရှောင်းသည် ပုခုံးကို တွန့်ကာ ပြောလိုက်၏။ “သူတို့ကို ရှာဖွေတွေ့ရှိပြီးပြီဆိုတော့ ထပ်ပြီးတော့ အကြိမ်ကြိမ် ထပ်ရှာကြတာပေါ့။ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ရှိနေသရွေ့ သူတို့က ကျုပ်လက်ကနေ မလွတ်မြောက်နိုင်ဘူး။”
သူ့အနေနှင့် ကြွားဝါ၍ ပြောဆိုနေခြင်းမဟုတ်ပေ။ ထိုကဲ့သို့သော ပြုလုပ်ရန် စွမ်းဆောင်ရည်သည် သူ့ဆီ ရှိလို့နေ၏။
လူရိုင်းနှင့်သရဲတို့ဆီမှ သတင်းအချက်အလက်များကို မရရှိလျှင်ပင် ကျန့်ရာ၏ အစွမ်းအစဖြင့် သူသည် နတ်ဆိုး အင်ပါယာဂိတ်တံခါးဂိုဏ်းအနေဖြင့် နေဝင်ကျီးကန်းတောတန်းထဲတွင် တည်ရှိနေသည်ဖြစ်ကြောင်းကို သိရှိနိုင်စွမ်း ရှိနေသည်။
ကျင့်ကြံခြင်းအဆင့် နားလည်လာသည်နှင့်အမျှ ကျန့်ရာသည် ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုမိုကာ နားလည်လာခဲ့တော့၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဂိုဏ်းအသစ်တစ်ခုကို ရှာဖွေရသည်ကိုမဆိုနှင့် အပ်တစ်ခု ပျောက်သွားလျှင်ပင် ရှာဖွေနိုင်စွမ်းရှိသည်။
“အခု”
ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။ “အေးအေးဆေးဆေးစောင့်ပြီး ပွဲကြည့်ကြတာပေါ့။”
ပြီးသည့်နောက်မှာတော့ သူသည် မျက်လုံးများ ပုံမှန်အဖြစ်သို့ ပြန်လည်ပြောင်းသွားပြီဖြစ်သော ရောင်မုန့်ယဉ်ကို လှည့်ကြည့်လိုက်၏။ ပြီးနောက်ပြောလိုက်မိသည်။ “ကောင်မလေး ငါက နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက နတ်ဆိုးကျင့်ကြံသူတွေကို ဂိုဏ်းဆီကို အတင်းတွန်းအားပေးပြီး မခေါ်ခဲ့ဘူး။ ဒီကိစ္စကို မင်းအပေါ်မှာ လွှဲအပ်ထားလိုက်မယ်။ အနာဂတ်မှာ မင်းဆီမှာ လုံလောက်တဲ့ အားအင်အဆင့်တွေ ရှိတယ်ဆိုတာနဲ့ သူတို့ဆီကို ပွင့်ပွင့်လင်းလင်းဘဲ သွားပြီးတိုက်ခိုက်။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်အောင်လုပ်ခဲ့။”
………
ပြိုင်စံရှားဂိုဏ်း …….။
ကျွင်းချောင်ရှောင်း ပြန်ရောက်ပြီးသည့်နောက်မှာတော့ သူသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ၅သန်းအား ပစ္စည်းလဲလှယ်ခြင်းစက်ထဲသို့ ထည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ လဲလှယ်၍ရနိုင်သော ဂိုဏ်းစုဆောင်းမှတ်များ အရေအတွက်ကို သတ်မှတ်ပေးလိုက်တော့၏။ ထိုမှသာလျှင် တပည့်များအနေနှင့် လဲလှယ်၍ အသုံးပြုနိုင်မှာ ဖြစ်တော့၏။
နတ်ဆိုးအင်ပါယာဂိတ်တံခါးဂိုဏ်းဆီသို့ သွားရောက်လည်ပတ်သည့်အကြောင်းကိုတော့ အပြင်လောကတွင် မည်သူကမျှ မသိရှိကြချေ။
ထို့ကြောင့် များပြားလှသော ဂိုဏ်းများအားလုံးသည် တက်တက်ကြွကြွဖြင့် နတ်ဆိုးအင်ပါယာဂိတ်တံခါးဂိုဏ်း၏ ဖုံးကွယ်နေသည့်နေရာကို ရှာဖွေလျက်ရှိနေသည်။
“အကြီးအကဲကျန့်”
ပြန်ရောက်ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် ကျန့်ရာဆီသို့ ရောက်ရှိလာကာ ပြောလိုက်တော့၏။ “သူမဆီက သတင်းတွေရသေးလား။ သူမကို ရှာတွေ့ပြီလား။”
ကျန့်ရာက ပြောလိုက်သည်။ “အင်း …..”
လီချင်းယန်သည် ပျော်ရွှင်သွားမိ၏။
“ဒါပေမဲ့”
ကျန့်ရာက ပြောလိုက်သည်။ “ဒီမိန်းကလေးက အရမ်းကို ခြောက်ကပ်နေတဲ့ရွာလေးတစ်ခုမှာ တစ်ယောက်တည်းနေနေတာ။ အရမ်းကို ခက်ခဲ နေတယ်။”
“ဘယ်မှာနေနေတာလဲ။”
“အနောက်မြောက်ရဲ့ ရွာလေးတစ်ရွာမှာလေ။”
…….
လီချင်းယန်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူသည် အရှေ့တောင်ရန်ကျူးတွင် နေပြီး သူမမှာတော့ အနောက်မြောက်ဟယ်ကျူးတွင် သွား၍ နေခဲ့၏။ သူနှင့်ဝေးကွာစေရန် ဖြစ်နိုင်သမျှ အဝေးဆုံးဆီသို့ သွားရောက်နေသည်လား။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အပြင်ဘက်ဟောခန်းဆီမှ လျှောက်ဝင်လာပြီးသည့်နောက် ပြောလိုက်တော့သည်။ “တပည့်က ရက်အနည်းငယ်လောက် ခွင့်ယူချင်တယ်။”
“မင်းဆုံးဖြတ်ပြီးသွားပြီလား။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူမကို သွားရှာမလို့ မဟုတ်လား။”
“တပည့်က အဝေးကနေ သွားကြည့်ရုံပါပဲ။” လီချင်းယန်က ပြောလိုက်၏။
“အကြီးအကဲကုန်းကို ခေါ်သွား။ ပြီးတော့သူကလည်း အနောက်မြောက် ဟယ်ကျူးကပဲ။ အဲတည်နေရာတွေကို ရင်းနှီးနေလိမ့်မယ်။” ကျွင်းချောင်ရှောင်းက မှာလိုက်သည်။
လီချင်းယန်နှင့် ကျန့်ရာတို့ပြောနေသည့် စကားများသည် သူ၏နားထဲသို့ ကျိန်းသေပေါက် ရောက်ရှိနေ၏။
“ကောင်းပါပြီ။”
ထိုရက်မှာပဲ လီချင်းယန်နှင့် ကုန်းစွန်းဟောင်ဟိုင်တို့သည် ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ အနောက်မြောက် ဟယ်ကျူးဆီသို့ ဦးတည်ကာ သွားခဲ့ကြသည်။
ကုန်းစွန်းဟောင်ဟိုင်သည် အလွန်ပင်စိတ်လှုပ်ရှားလျက်ရှိသည်။ ထို့အပြင် သူသည် ပြိုင်စံရှားဂိုဏ်းနှင့် နေထိုင်တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၎င်း၏ မွေးရပ်မြေဆီသို့ မပြန်သည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်၏။
……..
ကျွင်းချောင်ရှောင်းသည်မှာလည်း အလကားမနေပေ။ နတ်ဆိုးအင်ပါယာဂိတ်တံခါးဂိုဏ်းဆီမှ ရရှိခဲ့သော အရင်းအမြစ် များအားလုံးကို ပြန်လည်ဖြန့်ဝေပေးလျက်ရှိသည်။
ပြီးသည့်နောက်မှာတော့ သူသည် ဂြိုဟ်တိုက်ပွဲတည်နေရာဆီသို့ သွားရောက်ပြီးသည့်နောက် ရတနာရှာဖွေသည့် ပစ္စည်းကို အသက်သွင်းကာဖြင့် အမွေအနှစ်များကို ရှာဖွေကာ သိမ်းဆည်းလျက်ရှိနေ၏။
ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံးမှာလည်း တက်တက်ကြွကြွဖြင့် ဂိုဏ်း၏ တာဝန်များကို ပြုလုပ်လျက်နေ၏။ ၎င်းတို့၏ ဂိုဏ်းအောင်မြင်မှုတန်ဖိုးများသည် ပိုမိုတိုးတက်လာသည်နှင့်အမျှ ပစ္စည်းလဲလှယ်နိုင်သော ဂိုဏ်းစုဆောင်း အမှတ်များသည်လည်း ပိုမိုကာ များပြားလာခဲ့တော့သည်။