အခန်း (၉၅၅)
Vol. 65 Ch. 955
ကျွင်းချောင်ရှောင်း တစ်ယောက် သူ၏ကိစ္စဝိစ္စများကို ပြုလုပ်ပြီးသည့်နောက် ဂြိုဟ်တိုက်ပွဲ တည်နေရာထဲသို့ ဝင်ရောက်လာခဲ့သည်။ အထဲတွင်ရှိသော အမွေအနှစ်များကို အကုန်ပြောင်သလင်းခါအောင် ယူဆောင်နေမှန်း သာ သိမည်ဆိုလျှင် ဂြိုဟ်တိုက်ပွဲတည်နေရာထဲရှိ သိုင်းကျင့်ကြံသူများသည် မျက်ရည်စက်လက်ဖြင့် ငိုယိုမိကြပေလိမ့်မည်။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ခံတပ် တည်နေရာကြီးကို ပိုမိုချဲ့ထွင်စေရန် အလို့ငှာ အမွေအနှစ်များကို တောက်လျှောက်ရှာဖွေလျက်ရှိနေတော့၏။ လက်နက်၊ သိုင်းနည်းစနစ်၊ ရတနာ၊ ဆေးပင်၊ ကျောက်ရိုင်း စသည်တို့အားလုံးသည် ရတနာရှာသည့်ပစ္စည်းပေါ်တွင် ပေါ်လာသည်နှင့်တပြိုင်နက် သူ၏လက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။
ဤကဲ့သို့ ရူးရူးမူးမူး ရှာဖွေရယူခဲ့သောကြောင့် အမွေအနှစ်များကို ရှာဖွေလျက် ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် ရူးမတတ်ပင် ဖြစ်မိနေကြ၏။ ၎င်းတို့သည် ရတနာများ တည်ရှိနေနိုင်သော အမွေအနှစ် တည်နေရာများသို့ ရောက်ရှိပြီး အထဲသို့ ဝင်ရောက်လိုက်သည်နှင့်တပြိုင်နက် ထိုနေရာသည် ပြောင်သလင်းခါလျက် ရှိနေ၏။
“သွားပြီ၊ တစ်ယောက်ယောက်က ရှေ့ကနေ ယူသွားပြန်ပြီ”
“ဘယ်သူများလဲ”
အားလုံးတို့သည် အချိန်အတော်ကြာ စဉ်းစားနေမိကြ၏။ တချို့သော ကျင့်ကြံသူများဆိုလျှင် မည်သို့မှ မခံစားနိုင်ကြတော့ဘဲ ဆံပင်များကိုပင် ဆုပ်ကိုင်ကာ မျက်ရည်ဝိုင်းလျက် အော်ဟစ်လျက် ရှိနေကြတော့သည်။
ဂြိုဟ်တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြသော သိုင်းကျင့်ကြံသူ တော်တော်များများတို့သည် ဤအမွေအနှစ် များကို ရရှိရန်အတွက် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။ တချို့သောသူများဆိုလျှင် နှစ်ပေါင်းများစွာကြာအောင် ရှာဖွေခဲ့ရ၏။ အဆုံးသတ်တွင် တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီးသည့်နောက် မည်သည့်အရာကိုမှ မရရှိခဲ့ပေ။ ထိုအရာသည် ရင်ဝကို ဆောင့်၍ ကန်လိုက်ခြင်းနှင့်ပင် ဆင်တူ၏။
“ဒီ နတ်ကောင်းကင် နှလုံးသား မြက်ပင်က မရင့်မှည့်သေးဘူးလေ၊ မျိုးစေ့ကန်ထဲကို ထည့်မှဖြစ်မယ်”
“ဒီဥက္ကာခဲ ကျောက်တုံးက ကီလိုဂရမ် ငါးရာလောက် လေးတာပဲ၊ ဒါကို တကယ့်ကို ကျွမ်းကျင်တဲ့ ပန်းပဲ သမားတွေနဲ့အတူ ထုဆစ်လိုက်မယ်ဆိုရင် များပြားလှတဲ့ လက်နက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ ထုလုပ်လို့ ရမှာပဲ”
“ဒီစိတ်ဝိညာဉ်စွမ်းအင် ကျွဲရိုင်းနည်းစနစ်ကတော့ ငါ ရှောင်ကျီနဲ့ လီယုဟွာတို့ကို ပေးမှဖြစ်မယ်၊ သူတို့တွေက ဒါကို ကျင့်ကြံနိုင်တယ်”
အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ရရှိခဲ့သော အမွေအနှစ်များအား မည်ကဲ့သို့ ဖြန့်ဝေရမည်ဆိုသည်ကို သေသေချာချာ စဉ်းစားလျက်ရှိ၏။ တချို့သောအရာများနှင့်ပတ်သက်၍ သူသည် စိတ်အလိုမကျချေ။ အဘယ်ကြောင့်ဆိုသော် လက်တွေ့အသုံးမဝင်သောကြောင့်ပင် ဖြစ်တော့၏။
ဂြိုဟ်တိုက်ပွဲတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများသည် အမွေအနှစ်များကို ရရှိသည်နှင့်တပြိုင်နက် ထခုန်မိ မတတ် ဝမ်းသာနေကြလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းဆိုသည့် အကောင်မှာတော့ စိတ်အလိုမကျပင် ဖြစ်မိနေသေး၏။ သောက်ကျိုးနည်းလှချေသည်တကား။
များပြားလှသော အမွေအနှစ်များကို ရယူပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် တော်တော်များများ ချဲ့ထွင်ပြီး ဖြစ်နေတော့၏။ လက်ရှိအခြေအနေတွင် ရွာလေးတစ်ခု အရွယ်အစားမှသည် တိုးတက်လာခဲ့ပြီဖြစ်သည်။
တိုက်ပွဲတည်နေရာကြီး၏ စည်းမျဉ်းစည်းကမ်းအရ ဆိုလျှင် အသစ်ဝင်ရောက်လာခဲ့သောဂြိုဟ်သည် ရွာအဆင့်အနေအထားကို ငါးနှစ်အတွင်းရောက်ရှိမည်ဆိုပါက တာဝန်ကို ပြည့်စုံသည်ဟု သတ်မှတ်ပြီး အထဲသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ကို ရရှိပေသည်။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ စွမ်းအားမြင့် ကျင့်ကြံသူများမှာတော့ ၎င်းတို့၏ ကိုယ်ပိုင်တည်နေရာခံတပ်ထဲသို့ ရောက်ရှိပြီး မကြာခင် မှာပင် ဝင်ထွက်သွားလာခွင့်ကို လွတ်လွတ်လပ်လပ် ရပေတော့မည်။
ဆွစ်
တည်နေရာပုံစံပြောင်းလဲခြင်းပစ္စည်းသည် အပြင်ဘက်သို့ လွင့်စင်သွားပြီးသည့်နောက်မှာတော့ …..
ဒွီး ဒွီး
ညမှ မနက်အထိ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်ကြီးသည် အသာလှုပ်ခါလျက် ရှိသည်။ ပြီးသည့်နောက် မှာတော့ မြေပေါ်တွင် ကြီးမားလှသော တောင်ကြီးတစ်ခု ပေါ်လာခဲ့တော့သည်။
ဘုန်း
နောက်တစ်နေ့မှာတော့ ရှောင်ကျီသည် ကြီးမားလှသော တောင်ကြီးအား သူ၏လက်နှစ်ဖက်ဖြင့် ကောက်ကာ မလိုက်သည်။ ကျွင်းချောင်ရှောင်းမှာတော့ ဓာတ်ငါးပါးအစီအရင်ကို ရေးဆွဲကာဖြင့် ထိုတောင်ကြီးအား လေထဲတွင် လွင့်မျောနေအောင် ပြုလုပ်ဖန်တီးတော့သည်။
လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ် တည်နေရာတွင် တောင်ကြီးငါးခု အတွဲလိုက် တည်ရှိနေပြီ ဖြစ်၏။
“ကောင်းကင်ဘုံ... နောက်ထပ် တောင်ကြီးတစ်တောင် ထပ်ပြီးပေါ်လာတာပဲ”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဒါကို ဘယ်လို လုပ်လိုက်တာလဲ”
မိုင်ရာချီအဝေးတွင် ရှိနေကြသော ကျင့်ကြံသူများသည် ထိုအရာကို လှမ်းကြည့်ပြီးသည့်နောက်မှာတော့ အံ့အားသင့်မိနေကြသည်။ ထိုကဲ့သို့ ဆန်းပြားလှသည့် မြင်ကွင်းကို မြင်ရချိန်မှာတော့ အားလုံးသည် မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်မိနေကြသည်။
“မနေ့က ငါဖြတ်သွားတုန်းက ဒီမှာတောင်လေးတောင်ပဲ ရှိတာပါ၊ ဘယ်လိုဖြစ်ပြီး တစ်ညတည်း နောက်ထပ်တောင် တစ်ခုပေါ်လာရတာလဲ”
ဤအရာမှာ အံ့အားသင့်စရာ မဟုတ်သေးချေ။ အဘယ်ကြောင့်ဆိုသော် အစသာ ရှိေဤနေရာတွင် တည်ရှိနေသော ထိပ်တန်းဂြိုဟ်ကြီးများ၏ ခံတပ်များကို ကျော်လွန်စေရန် အလို့ငှာ ကျွင်းချောင်ရှောင်းသည် အမွေအနှစ်များကို ကြိုးကြိုးစားစားနှင့် ရှာဖွေပြီး သူ၏ ခံတပ်တည်နေရာကြီးကို ချဲ့ထွင် နေသည်။ ထို့ကြောင့် မကြာခင်အချိန်အတွင်းတွင် များပြားလှသောတောင်များသည် မည်သည့်နေရာကမှန်း မသိဘဲ ပေါ်လာတော့မှာ သေချာတော့သည်။
................
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ ကုန်းရှန့်၏ ငွေညှစ်ခြင်းကို မခံရစေရန်အတွက် နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်းသည် တခြားသော တားမြစ်တည်နေရာဆီသို့ ရွေ့ပြောင်းလိုက်ခဲ့တော့သည်။ ပြီးနောက်မှာတော့ သူတို့ သည် လမ်းမှန်ဂိုဏ်းများအား စတင်၍ ရူးရူးမူးမူး အမဲလိုက် သတ်ဖြတ်ကြတော့သည်။ အချိန်အတိုင်းအတာတို အတွင်းမှာပဲ အဆင့်လေးဂိုဏ်း ငါးဂိုဏ် … ခြောက်ဂိုဏ်း …. ခုနှစ်ဂိုဏ်းတို့သည် ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။
ထိပ်တန်းဂိုဏ်းများ အားလုံးသည် အကူအညီမဲ့စွာဖြင့် ခံစားလျက် ရှိနေကြ၏။ ၎င်းတို့သည် ပူးပေါင်းခဲ့ကြသည်ဆိုသော်လည်း တစ်ဖက်လူ၏ တည်နေရာကို ရှာဖွေ၍ မရနိုင်ခဲ့ကြချေ။ ထို့ကြောင့် ဘယ်ကမှန်းမသိ ပေါ်လာပြီး အပြင်းအထန် တိုက်ခိုက်သွားခြင်းများကိုသာ ကြုံလျက် ရှိနေတော့၏။
နတ်ဆိုးဂိုဏ်း၏ ဤကဲ့သို့ ရှုပ်ထွေးနေအောင် ပြုမူနေခြင်းကိစ္စရပ်များ ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် ရှုပ်ယှက်ခတ်လျက် ရှိနေကြ၏။ မိမိကိုယ်ကို လမ်းမှန်ဂိုဏ်းသားများ ဟု ကြွေးကြော်လျက်ရှိနေသည့် လူများသည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေကြ၏။ တစ်နေ့တွင် ၎င်းတို့သည်လည်း အလုံးစုံ သုတ်သင်ဖျက်ဆီးခြင်း ခံရမည်ကို စိုးရွံ့လာကြတော့သည်။
ထိုကဲ့သို့သော အခြေအနေသည် အနောက်ဘက်ဒေသဆီသို့ပင် သက်ရောက်လာခဲ့တော့သည်။ ဂိုဏ်းတွင်းတွင် ရှိနေကြသော တပည့်များအားလုံးသည် ရံဖန်ရံခါပင် အပြင်ဘက်သို့ ထွက်လျက် ရှိနေကြတော့၏။
တစ်နှစ်ပတ်လုံး နှင်းတွေဖွေးဖွေးကျနေသော တည်နေရာကြီးတစ်ခုလုံးသည် အေးစက်ခြောက်ကပ်လျက် ရှိနေ၏။ သေးငယ်ပြီး ချောင်ကျလွန်းလှသော ရွာလေးတစ်ခုအတွင်းမှာတော့ လူငယ်များသည် အစားအစာအတွက် အမဲလိုက်ခြင်းကို အလုပ်ကိုပြုမူကြပြီး ကလေးများမှာတော့ ထိုအမဲလိုက်ရာမှာ ပြန်လာသည့်လူများကို ပျော်ရွှင်စွာဖြင့် ကြိုဆိုတတ်သည့် အလေ့အထတစ်ခု ရှိနေသည်။
“အိုး... ငါးအကြီးကြီးပါလား၊ ဒါက ငါ့အဖေ ဖမ်းလာတဲ့ အရာပဲ ဖြစ်ရမယ်”
“ပေါက်ကရ ဒါက ငါ့အဖေ ဖမ်းခဲ့တာ”
ငါးကိုမြင်သည့်နောက်မှာတော့ မည်သူဖမ်းခဲ့သည်ဖြစ်ကြောင်း အလုအယက်ဖြင့် ငြင်းခုန်လျက်ရှိနေသော ကလေးများ၏ မျက်နှာများသည် အအေးဒဏ်ကြောင့် နီရဲလျက် ရှိနေ၏။ လူရွယ်များမှာတော့ ထိုအအေးဒဏ်ကို ရှောင်ရှားရန်အလို့ငှာ ခပ်ပြင်းပြင်းဝိုင်များကို သောက်သုံးတတ်ကြတော့၏။
“လာကြ လာကြ”
အသက်လေးဆယ်နီးပါးခန့်ရှိသော ဗလခပ်တောင့်တောင့်နှင့် သက်လတ်ပိုင်းလူသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ဦးလေးဂေါင်က မင်းတို့ကို ဒီနေ့ပုံပြင်တစ်ပုဒ် ပြောပြမယ်”
သူသည် ရွာ၏ အမဲလိုက် အဖွဲ့ခေါင်းဆောင်လည်းဖြစ်သလို သိုင်းတာအိုကျင့်ကြံသော ရွာ၏ တစ်ဦးတည်းသောလူလည်း ဖြစ်နေတော့၏။ သူ၏ အားအင်အဆင့်သည် မရီဒန်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် တွင်သာ ရှိသည်ဆိုသော်လည်း ရွာထဲတွင်ရှိသော ကလေးများ၏ နှလုံးသားထဲမှာတော့ စစ်နတ်ဘုရား တစ်ပါးလိုပင် ဖြစ်သည်။
“ဦးလေးဂေါင်”
ဆယ်နှစ်နီးပါးခန့် ရှိသော ကလေးတစ်ယောက်က ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းအကြောင်း ပြောတာကို ကြားချင်တယ်”
“မင်းတို့ကောင်တွေ ဘာတွေကို နားထောင်ချင်လဲဆိုတာ ငါကောင်းကောင်း သိတာပေါ့၊ ဒါ့ကြောင့် ဦးလေးဂေါင်က မြို့ထဲကိုသွားတုန်း သေသေချာချာ မေးမြန်းခဲ့တယ်” ဦးလေးဂေါင်သည် ပြုံးကာ ပြောလိုက်တော့၏။
ကလေး များသည် ပျော်ရွှင်စွာဖြင့် အလျင်အမြန်ပဲ စုဝေးလာခဲ့ကြတော့သည်။
“အစ်မရှောင်အာ”
အသက်ဆယ်နှစ်အရွယ် ကလေးလေးတစ်ယောက်သည် ရိုးရှင်းလှသော အိမ်လေးဘက် လှည့်ကာ အော်လိုက်တော့၏။ “ဦးလေးဂေါင်က ပြိုင်စံရှားဂိုဏ်းအကြောင်း ပြောပြမှာတဲ့၊ လာပြီးနားထောင်”
ကျွီ
ရိုးရှင်းလှသော အိမ်သေးသေးလေးတစ်ခု၏ ယိုင်နဲ့နဲ့ တံခါးသည် အသာပွင့်သွားတော့၏။ အစားအစာများကို ချက်ပြုတ်ရန် အလုပ်များလျက်ရှိသည့်ပုံဟန်ဖြင့် ရင်ကာကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် အပြင်ဘက်သို့ လှမ်းလျှောက်လာခဲ့သည်။ သူမသည် အသက်နှစ်ဆယ်နီးပါးခန့်ရှိ၏။ ရိုးရှင်းစွာ ဝတ်ဆင်ထားခဲ့သည်ဆိုသော်လည်း သူမ၏ သွယ်လျပြီး လှပသော အသွင်သဏ္ဍာန်ကိုတော့ ဖုံးကွယ်မထား နိုင်ခဲ့ချေ။
“ဟို့စီလေး”
အမျိုးသမီးက ပြောလိုက်သည်။ “ဦးလေးဂေါင်က အခုမှ အမဲလိုက်ရာကနေ ပြန်လာတာလေ၊ နားဖို့ လိုသေးတယ်၊ မင်းတို့က ဒီလိုမျိုး သူ့ကို အပူကပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ”
“အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်” ဦးလေးဂေါင်သည် ပြုံးကာပြောလိုက်၏။
................
အမျိုးသမီးသည် ခေါင်းကို ခါယမ်းလိုက်၏။
“ကောင်မလေး”
ဦးလေးဂေါင်သည် ပြုံးကာ ပြောလိုက်၏။ “ဒီတစ်ကြိမ် မြို့ထဲကို သွားတုန်းက ပြိုင်စံရှားဂိုဏ်းကို သေသေချာချာ မေးခဲ့တယ်၊ အဲဒီဆီမှာ မင်းသိချင်နေတဲ့ လူတစ်ယောက်အကြောင်းတောင် ပါသေးတယ်”
“ဦးလေးဂေါင်.. အစ်မရှောင်အာ ပြောတဲ့လူက ဘယ်သူလဲ” ကလေးများသည် စပ်စုစွာဖြင့် မေးမြန်းလိုက်ကြ၏။
အမျိုးသမီး၏ မျက်နှာသည် နီရဲသွားခဲ့သည်။
ဦးလေးဂေါင်သည် ခပ်ပြင်းပြင်းအရက်တစ်ခွက်ကို ကောက်မော့လိုက်ပြီး သည့်နောက်မှာတော့ ပြောလိုက်၏။ “ဒီတစ်ကြိမ် ဦးလေးဂေါင်က မင်းတို့ကို ပြိုင်စံရှားဂိုဏ်းက နဂါးကျားတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့အကြောင်း ပြောပြမယ်”
ကလေးများအားလုံးသည် နဂါးကျားပြိုင်ပွဲဆိုတာ ဘာလဲ သေချာမသိချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းနှင့်ပတ်သက် နေသည့် အရာအားလုံးဆိုလျှင် သူတို့သည် ပျော်ရွှင်စွာဖြင့် နားထောင်ချင်မိကြသည်။
“ဇာတ်လမ်းကတော့ ဒီလိုကွ” ဦးလေးဂေါင်သည် သူကြားခဲ့ရသော အကြောင်းများကို တစ်လုံးတစ်လေမှ လွဲချော်ခြင်း မရှိဘဲနှင့် သေသေချာချာ ပြောပြခဲ့တော့၏။
ကလေးများအားလုံးသည် ဇာတ်လမ်းတစ်ခုလုံးကို သေသေချာချာဖြင့် စိတ်ပါဝင်စားစွာ နားထောင်နေကြသည်။
အမျိုးသမီးကလည်း နားထောင်လျက်ရှိသည်။ အထူးသဖြင့် သူမသိချင်နေမိသည့် နာမည်ကို ကြားရချိန်မှာတော့ အလွန်တရာ ပျော်နေခဲ့သည်။ “သူက အဲလောက်တောင် အားကောင်းနေပြီလား”
ပျော်ရွှင်မှုကို ခံစားပြီးသည့် နောက်မှာတော့ သူမသည် စိတ်ပျက်မှုကိုလည်း ခံစားနေမိသည်။ တစ်ဖက်လူသည် ချင်းယန်နိုင်ငံ၏ နံပါတ်တစ် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အလွန်ကျော်ကြားလှသော ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်သွားခဲ့၏။ ၎င်း၏ အနာဂတ်သည် အကန့်အသတ်မဲ့လှသည်။ တခြားတစ်ဖက်မှာဖြစ်သော သူမကတော့ သာမန်လူတစ်ယောက် ဖြစ်ပြီး အနာဂတ်တွင် မည်သည့်တက်လမ်းမှမရှိသော လူတစ်ယောက်ပင် ဖြစ်တော့၏။
“အစ်မရှောင်အာက ဘာလို့ ငိုနေတာလဲ”
“မဟုတ်ဘူး၊ မဟုတ်ဘူး”
အမျိုးသမီးသည် အလျင်အမြန်ပဲ မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ သူမ၏ အိမ်ကလေးဆီသို့ ပြေးဝင်သွားခဲ့တော့သည်။ ပြီးနောက် ပြောလိုက်တော့သည်။ “ဦးလေးဂေါင် ဆာနေလောက်ပြီ၊ ငါသွားပြီးတော့ ချက်ပြုတ်လိုက်အုံးမယ်”