← Chapters

အခန်း (၉၅၇)

Vol. 65 Ch. 957

အခန်း (၉၅၇)

Vol. 65 Ch. 957

ကြောက်လန့်နေကြသော ရွာသူရွာသားများအားလုံးသည် ဓားပြများ၏ အလောင်းများကို သန့်ရှင်းရေးပြုလုပ်ပြီး သည့်နောက်မှာတော့ နီရဲနေသော နှင်းများကိုပါ သန့်ရှင်းပြီး ဖြစ်နေကြတော့သည်။ လွန်ခဲတဲ့ညက ဖြစ်ပျက်ခဲ့သော အရာများသည် ၎င်းတို့အား မမေ့လျော့နိုင်စရာ အမှတ်တရအဖြစ် ဖြစ်စေခဲ့သည်။

အထူးသဖြင့် တိုက်ပွဲဝင် ဝတ်စုံကို ဝတ်ဆင် ထားသောလူသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီးနောက် များပြားလှသော ဓားပြများကို သတ်ဖြတ်ပစ်ခဲ့၏။

ဟို့စီလေးဟု ခေါ်သော ကလေးလေးသည် ပြတင်းပေါက်မှာ မတ်တပ်ရပ်ပြီးသည့်နောက်မှာတော့ အပြင်ဘက်သို့ ကြည့်ရှုနိုင်ရန် ကြိုးစားလျက်ရှိ၏။ သို့ပေမဲ့ သူ့အမေသည် သူ့အား အတင်းဆွဲခေါ်သွားခဲ့တော့သည်။

မူလအားဖြင့် ဒဏ်ရာရရှိထားသော ဦးလေးဂေါင်သည် တံခါးတစ်ခုရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီးသည့် နောက်မှာတော့ အရက်ပြင်း တစ်ပုလင်းကို ကိုင်ကာ သောက်လျက်ရှိနေ၏။

ထူးဆန်းလှချေသည်။ မနေ့တုန်းက သူသည် သေဆုံးတော့မည်ဟု တွေးတောမိ၏။ သို့ပေမဲ့ ဆေးလုံးတစ်လုံးကို သောက်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်သည် အလျင်အမြန်ပဲ ပြန်လည်ကောင်းမွန်ကာ လက်ရှိအခြေအနေတွင် ဘာမှမဖြစ်ခဲ့သော လူကောင်းအတိုင်းပင် ဖြစ်နေတော့သည်။

အခန်းထဲမှာတော့ ရှောင်အာသည် မင်သက်လျက်ရှိနေပြီး ဘာလုပ်ရမှန်း မသိတော့ချေ။ သူမ၏ အရှေ့မှာတော့ တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသော သူသည် သူ၏ မျက်နှာဖုံးကို ချွတ်ခဲ့ပြီးပြီဖြစ်၏။

ထိုသူသည် လီချင်းယန် ပင် ဖြစ်တော့၏။ သူသည် ရွာကလေးမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ လှည့်၍ ပြန်လာခဲ့သည်။ အတိအကျ ပြောရမည်ဆိုလျှင် သူသည် သူချစ်ခင်နှစ်သက်ရသောသူကို လက်မလွှတ်နိုင်ခဲ့ချေ။

“အစ်ကိုချင်းယန်”

ရှောင်အာက ပြောလိုက်သည်။ “ဘယ်လိုဖြစ်ပြီး အနောက်မြောက်လုကျိုးကို ရောက်လာရတာလဲ”

လီချင်းယန်သည် သူမအား သေသေချာချာ ကြည့်လိုက်၏။ “ဒီစကားကို မေးရမှာ ငါလေ”

ရှောင်အာသည် သူ့အား ထိပ်တိုက် မကြည့်ရဲတော့ချေ။ ခေါင်းကိုငုံ့ကာဖြင့် အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။ “ကျွန်မ... ကျွန်မ အမျိုးတွေကို ရှောင်ချင်လို့ ဒီနေရာကို ရောက်လာတာ”

ဤအရာသည် လိမ်ညာခြင်းတစ်မျိုးသာ ဖြစ်တော့သည်။

လီချင်းယန်သည် အရှေ့သို့ လှမ်းတက်ပြီးသည့်နောက်မှာတော့ သူမ၏ ပခုံးလေးများပေါ်သို့ အသာလက်တင် လိုက်၏။ ပြီးနောက် လေးနက်တည်ကြည်စွာ ပြောလိုက်တော့သည်။ “အရှေ့တောင်ရန်ကျူးကို ငါနဲ့လိုက်ခဲ့၊ ပြိုင်စံရှားဂိုဏ်းထဲမှာ ငါနဲ့အတူ လိုက်နေတော့”

ဓားပြများ၏ တိုက်ခိုက်မှုပြီးသည့်နောက်မှာတော့ ဤနေရာသည် အားနည်းလှသော မိန်းကလေးများအတွက် အလွန်ပင် အန္တရာယ်များလှသောနေရာဖြစ်ကြောင်း သိရှိလိုက်မိ၏။ ထို့အပြင် သူသည် သူမအား ဂိုဏ်းသို့ ခေါ်ဆောင်သွားမည်ဆိုပါက ဂိုဏ်းချုပ်က လုံးဝငြင်းပယ်လိမ့်မည် မဟုတ်ချေ။

“ကျွန်မ”

ရှောင်အာသည် သူမ၏ခေါင်းကို ငုံ့ထားဆဲဖြစ်၏။ “ရှင့်အတွက် အရှုပ်ထုပ် မဖြစ်ချင်ဘူး”

သူမသည် ဖေးအားညိနှင့် စေ့စပ်ထားသည့် မိန်းကလေးနှင့်ပင် ဆင်တူ၏။ နှစ်ယောက်လုံးသည် မည်သည့် ပါရမီနှင့် ပင်ကိုယ်စွမ်းရည်မှ မရှိသော သာမန်လူများသာဖြစ်ကြ၏။

သို့ပေမဲ့ သူတို့သည်သာ ကြာပန်းရေကန်တွင် မတွေ့ဆုံခဲ့ပါက ဤကဲ့သို့ ချစ်ကျွမ်းဝင်မှုမျိုး ဖြစ်ပေါ်လာခဲ့မည် မဟုတ်ချေ။ လီချင်းယန်သည် မည်သူမည်ဝါ ဖြစ်ကြောင်းကို ရှောင်အာသည် အစက သေသေချာချာ မသိခဲ့ပေ။

သိရှိလိုက်သည့် အချိန်မှာတော့ ချင်းယန်မြို့၏ လီမိသားစုဆီမှ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး တစ်မြို့လုံး၏ ပါရမီရှင် သိုင်းကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း သိရှိလိုက်သည့်အချိန်မှာတော့ သူမသည် အလွန်ပဲ စိတ်ဓာတ်ကျ သွားမိ၏။ သူမသည် သူ့အား ထားခဲ့ရန် စဉ်းစားခဲ့တော့သည်။

ထိုအချိန်မှာပဲ မိသားစုခေါင်းဆောင်လီသည် သူမဆီသို့ ရောက်ရှိလာပြီး ငွေတေးလ်တစ်သောင်းကိုပေးကာ ပြောခဲ့၏။ “ဒီပိုက်ဆံတွေကို ယူပြီးတော့ အရှေ့တောင်ရန်ကျူးကနေ ထွက်ခွာသွားတော့၊ ငါ့သားကို ထပ်ပြီး မနှောက်ယှက်နဲ့တော့”

ရှောင်အာသည် ထိုပိုက်ဆံများကို လက်မခံခဲ့ချေ။ သို့ပေမဲ့ ဤနေရာတွင် ဆက်၍ မနေနိုင်တော့ချေ။ အဝတ်အစားများကို ထုတ်ပိုးပြီးသည့်နောက် စာတစ်စောင်ကို ရေးသားကာ ထွက်ခွာသွားတော့၏။ သူမသည် ဘယ်သောအခါမှ အရှေ့တောင်ရန်ကျုးသို့ပြန်မလာရန် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်၏။

သူမသည် အရှေ့တောင်ရန်ကျူးနှင့် အဝေးဆုံးနေရာဖြစ်သည့် အနောက်မြောက်လုကျိုးဆီသို့ လာရောက် နေထိုင်ခဲ့သည်။ မည်သည့်သိုင်းကျင့်ကြံခြင်းနည်းစနစ်ကိုမှ တက်ကျွမ်းခြင်းမရှိသည့် မိန်းကလေး တစ်ယောက်အတွက် ကုန်းမြေတိုက်ကြီး၏ တစ်ဖက်ခြမ်းဆီသို့ လာရောက်ရသည့် ခရီးစဉ်သည် အလွန်ပဲ ခက်ခဲကြမ်းတမ်းလွန်းခဲ့သည်။

ပြိုင်စံရှားဂိုဏ်းသည်လည်း ထိုစဉ်က မကျော်ကြားသေးဘဲ လီချင်းယန်၏ နာမည်သည်လည်း သူမဆီသို့ မရောက်ခဲ့ပေ။ ထို့ကြောင့် ရှောင်အာသည် အပြင်ဘက်သို့ ထွက်သည့်အချိန်တိုင်း ဦးလေးဂေါင်အား စုံစမ်းရန် မေးမြန်းခဲ့လျက် ရှိတော့သည်။ သူမအနေနှင့် လီချင်းယန်၏ အကြောင်းများကို သိချင်နေမိသေး၏။ သို့ပေမဲ့ သူမတို့အနေနှင့် ရှေ့ဆက်ရန် အခြေအနေတော့ မရှိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ နှလုံးသား၏ စိတ်ဆန္ဒအတိုင်း သူမသည် မေ့ပျောက်၍တော့ မရနိုင်သေးချေ။

ရှောင်အာ အနေနှင့် သူမချစ်ခင်နှစ်သက်သော လူတစ်ယောက်နှင့် တစ်သက်လုံးနေချင်စိတ် ရှိနေမိသေး၏။ သို့ပေမဲ့ အခြေအနေအရပ်ရပ်သည် ထောင့်တစ်နေရာတစ်ခု၌ ပုန်းအောင်းပြီး သူမချစ်ခင်နှစ်သက်ရသူအား ဆိတ်ဆိတ်ငြိမ်ငြိမ်ဖြင့် ကြည့်ရှုရန်သာ တက်နိုင်သည့် အခြေအနေမျိုးပင် ဖြစ်သည်။ ဤအချင်းအရာကိုလည်း ဦးလေးဂေါင်က ကောင်းကောင်းသိရှိ၏။ ထို့ကြောင့်ပင် လွန်ခဲ့သည့်ညက မေ့လျော့ပစ်ရန် ပြောဆိုဆုံးမခဲ့ခြင်း ဖြစ်သည်။

ရှောင်အာသည်လည်း ဤအခြေအနေကို ရိပ်စားမိ၏။ ထို့ကြောင့် သူမ၏ နှလုံးသားတစ်ခုလုံးကို ပြင်ဆင်ကာ ဤစက္ကူကြိုးကြာရုပ်လေးကို လွှင့်ပစ်ခဲ့ခြင်းပင် ဖြစ်တော့သည်။ ဤစက္ကူကြိုးကြာရုပ်လေးသည် လီချင်းယန် ပေးအပ်ထားခဲ့သော အရာပင် ဖြစ်တော့၏။ ဤအရာသည် တန်ဖိုး မကြီးမားလှဘူးဆိုသော်လည်း အချစ်၏ သင်္ကေတပင် ဖြစ်၏။ သူမသည် မည်သို့ပင် လွှင့်ပစ်လိုက်သည်ဆိုဆို ဤစက္ကူရုပ်လေးအား မဖျက်ဆီးလိုက်ခြင်း အားဖြင့် လီချင်းယန်ကို မုန်းတီးရန် မဖြစ်နိုင်ကြောင်း ဆိုလိုနေခြင်းပင် ဖြစ်၏။

အမျိုးသားနှင့် အမျိုးသမီးတို့ကြားတွင် တည်ရှိနေသော အချစ်ရေး၊ အချစ်ရာများသည် အလွန်ပင် ရှုပ်ထွေးပြီး နက်နဲလွန်း လှသည်။ ထို့ကြောင့်ပင် ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းအား ဖွံ့ဖြိုးတိုးတက်ရန်သာ အာရုံစိုက်နေခြင်း ဖြစ်သည်။

“ငါက အခု သိုင်းအုပ်စိုးသူတစ်ယောက် ဖြစ်နေပြီလေ၊ ဘယ်လိုလုပ် မင်းက ငါ့အတွက် အရှုပ်ထုတ် ဖြစ်နေတော့မှာလဲ” လီချင်းယန်က ပြောလိုက်သည်။

ဤစကားသည် သာမန်ကာလျှံကာ ပြောဆိုခဲ့ခြင်းပင် ဖြစ်တော့သည်။ သို့ပေမဲ့ ထိုစကားကို ကြားလျက်ရှိသော တံခါးဝမှ ဦးလေးဂေါင်၏ ပါးစပ်မှ ဝိုင်များပင် ပြန်ထွက်လာ၏။

“သိုင်း... သိုင်းအုပ်စိုးသူ ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ အနောက်သို့ အချိန်အတော်ကြာ လိုက်ခဲ့ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် ဟန်လုပ်ကြွားဝါခြင်းကိုပင် ပြုလုပ်နေတတ်ပြီ ဖြစ်သည်။

“ရှင်... ရှင်က သိုင်းအုပ်စိုးသူ ဖြစ်နေပြီလား” ရှောင်အာသည် မျက်လုံးအပြူးသားဖြင့် မေးလိုက်မိ၏။ သူမသည် သိုင်းပညာကို မလေ့ကျင့်ဖူးဘူးဆိုသော်လည်း ကုန်းမြေတိုက်ကြီး၏ ကျင့်ကြံခြင်းအဆင့်များ အကြောင်းကိုတော့ ကောင်းကောင်းသိ၏။ သိုင်းအုပ်စိုးသူတစ်ယောက်ကို မဆိုထားနှင့်၊ သိုင်းဆရာတစ်ယောက်သည်ပင် သူမ အနေဖြင့် မော့ကြည့်ရမည့် အနေအထားမျိုးပင် ဖြစ်တော့၏။

“ငါသိတယ်၊ မင်းဆီကို အဖေ ရောက်လာခဲ့တယ်ဆိုတာလေ၊ ဒါပေမဲ့ အခုအချိန်မှာတော့ သူ ငါတို့ကို ငြင်းလို့ရမှာ မဟုတ်တော့ဘူး၊ ဒီတော့”

လီချင်းယန်သည် ရှောင်အာ အား အသာပွေ့ဖက်ကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်း ဆီကို ငါနဲ့ အတူတူ လိုက်ခဲ့တော့၊ မင်းအနေနဲ့ ငါနဲ့ မထိုက်တန်ဘူးလို့ ခံစားရတယ်ဆိုရင် ငါနဲ့ ထိုက်တန်တဲ့ လူတစ်ယောက်ဖြစ်အောင် ဂိုဏ်းချုပ်က ပြောင်းလဲပေးလိမ့်မယ်”

ဤအရာသည် ပြဿနာတစ်ခု မဟုတ်ပေ။ ဂိုဏ်းချုပ်သည်သာ စိတ်ဆန္ဒရှိမည် ဆိုပါက သာမန်လူတစ်ယောက်ကို မိနစ်ပိုင်းအတွင်း ပါရမီရှင် တစ်ယောက်ဖြစ်အောင် ပြောင်းလဲပေးနိုင်စွမ်း ရှိ၏။ လင်းယွမ်ခန်းမဆောင်ထဲသို့ ပထမဆုံး ဝင်ရောက်နိုင်ခဲ့သည့် တပည့်တစ်ယောက် ဖြစ်သည်မို့ လီချင်းယန်သည်သာ တောင်းဆိုမည်ဆိုပါက ကုန်းရှန့်သည် ကျိန်းသေပေါက် ငြင်းဆိုခဲ့လိမ့်မည် မဟုတ်ချေ။

“အစ်ကိုချင်းယန်”

ရှောင်အာသည် အသာမော့ကြည့်ကာ ပြောလိုက်တော့၏။ “ရှင်က ခန့်မှန်းလို့ မရအောင် အားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ချင်တယ်လို့ ပြောတယ်လေ၊ သိုင်းအုပ်စိုးသူအဆင့်ဆိုတာ အရမ်း အားကောင်းတယ်ဆိုပေမယ့် အတော်ဆုံးတော့ မဟုတ်သေးဘူး၊ ထပ်ပြီး ကြိုးစားဖို့ လိုအပ်နေသေးတယ်”

လီချင်းယန်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့၏။ ဤမိန်းကလေး၏ စကားဆိုလိုရင်းကို သူကောင်းကောင်း နားလည်မိသည်။

...................

ကျွီ

တံခါးဖွင့်ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် လျှောက်ထွက် လာခဲ့သည်။ သူသည် တစ်ချက်ကလေးမှ နောက်လှည့်မကြည့်ဘဲ ရွာငယ်ကလေးမှ ထွက်ခွာသွားခဲ့တော့သည်။

ရှောင်အာသည် အခန်းလေးထဲတွင် ထိုင်လျက်ရှိပြီး သူမ လွှင့်ပစ်ခဲ့သည့် စက္ကူကြိုးကြာရုပ်လေးအား ပြန်လည်ကာ ကိုင်ဆောင်ထား၏။ မျက်ရည်များသည် သူမ၏ ပါးပေါ်မှ ကျဆင်းလျက်ရှိ၏။

ဦးလေးဂေါင်သည် တံခါးဝတွင် ဆောင့်ကြောင့် ထိုင်နေရာမှ အထဲသို့ လျှောက်ဝင်လာခဲ့၏။ “သူက မင်းကို အရမ်းဂရုစိုက်တာလေ၊ ဘာလို့ ငြင်းလိုက်ရတာလဲ”

“သူနဲ့အတူ ပြိုင်စံရှားဂိုဏ်းထဲကို လိုက်သွားမယ်ဆိုရင် အစ်ကိုချင်းယန်က ကျင့်ကြံဖို့အတွက် ဘယ်လိုလုပ် စိတ်ပါတော့မှာလဲ” ရှောင်အာသည် ငိုရှိုက်ရင်း ပြောလိုက်တော့၏။

ဦးလေးဂေါင်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မိန်းကလေး မင်းက တစ်ဖက်လူအတွက် အရမ်းကို တွေးပေးလွန်းနေတယ်၊ အဆုံးသတ်မှာတော့ ဒါက မင်းကိုမင်း အရမ်းကို ထိခိုက်စေလိမ့်မယ်”

...............

“ဦးလေးဂေါင် ဟိုအစ်ကိုကြီးက ဘယ်သူလဲ”

“ဘယ်အစ်ကိုကြီးလဲ”

“ကောင်းကင်ပေါ်ကို တက်သွားနိုင်တဲ့ အင်မော်တယ်တစ်ယောက်လို အစ်ကိုကြီးလေ”

“အင်း ဟုတ်တယ် ဟုတ်တယ် …. အင်မော်တယ် တစ်ယောက်လိုမျိုး”

ကလေးများသည် အလွန်ချီးကျူးစွာဖြင့် ပြောဆိုလျက် ရှိနေကြသည်။ ဓားပြများသည် ၎င်းတို့၏ စိတ်ထဲတွင် အလုံးစုံ ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်စေခဲ့သည် ဆိုသော်လည်း ထိုလူ ပေါ်ပေါက်လာသည့် နောက်မှာတော့ ကြောက်မက်ဖွယ်ကောင်းသော အားအင်များကို ထုတ်ဖော်ပြသခဲ့၏။ ထို့ကြောင့် ရွာထဲတွင် ရှိသော ကလေးများ အားလုံးသည် အလွန်ပင် အားကျနေခဲ့ကြ၏။ သူတို့အနေနှင့် အလွန် အားကောင်းလှသော သိုင်းကျင့်ကြံသူကို မြင်ဖူးသည်မှာ ပထမဆုံးပင် ဖြစ်တော့၏။

“ကောင်လေးတို့”

ဦးလေးဂေါင်သည် ဝိုင်တစ်ခွက်ကို ကောက်မော့ကာ ပြောလိုက်၏။ “သူ့နာမည်က လီချင်းယန်တဲ့၊ သူက ပြိုင်စံရှားဂိုဏ်းရဲ့ ဒုတိယတပည့်ပဲ”

“အမ်... သူက လီချင်းယန်လား”

“ကောင်းကင်ဘုံ …. အဲတာကြောင့် အရမ်း အားကောင်းနေတာကိုး”

“ဦးလေးဂေါင် ….. ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်က ဘယ်လိုဖြစ်ပြီး အစ်မရှောင်အာကို သိရတာလဲ”

ဦးလေးဂေါင်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် အဓိပ္ပာယ်ပါသည့် လေသံဖြင့် ပြောလိုက်တော့သည်။ “သူတို့က မိတ်ဆွေတွေလေ၊ အရမ်းကို ရင်းနှီးတဲ့ လူတွေပေါ့”

.................

အအေးနန်းတော်

နန်းတော်သခင်နှင့် သူ၏ တပည့်များသည် တောင်၏ ဂိတ်တံခါးရှေ့တွင် စိတ်လှုပ်ရှားစွာဖြင့် ရပ်လျက်ရှိနေ၏။

လီချင်းယန်သည် အပြင်ဘက်ရှိသစ်ပင်ကြီးကိုမှီကာ သူ့အား ကြိုဆိုနေသည့်လူများကို လျစ်လျှူရှု ငေးငိုင်လျက် ရှိနေသည်။ သူသည် တွေးနေမိ၏။ “ငါ့ရဲ့ ကျင့်ကြံခြင်းတွေ နှောင့်နှေးမှာကို မင်းက စိုးရိမ်နေတယ်ဆိုရင် ငါ ကျင့်ကြံစရာ မလိုတော့တဲ့ အချိန်ရောက်ရင် မင်းဆီကို လာရှာခဲ့မယ်”

သူ့အနေနှင့် ကျင့်ကြံစရာ မလိုသည့်အချိန်ဆိုသည်မှာ မည်သည့် အချိန် ဖြစ်သနည်း။ သိုင်းနယ်မြေအဆင့်ဆီမှ ချိုးဖြတ်ရောက်ရှိပြီး သိုင်းအင်ပါယာတစ်ယောက် ဖြစ်လာခြင်းပင် ဖြစ်ပေလိမ့်မည်။

“ဘိုးဘေးအကြီးအကဲ”

အအေးနန်းတော်သခင်က နှုတ်ခွန်းဆက်လိုက်သည်။ “နောက်ဆုံးတော့ ပြန်လာပြီ”

ကုန်စွန်းဟောင်းဟိုင်သည် အနည်းငယ် စိတ်လှုပ်ရှားလျက် ရှိ၏။ သို့ပေမဲ့ သူသည် သူ၏စိတ်ကို ထိန်းချုပ်ကာ ပြောလိုက်၏။ “ငါ ဒီကို လာကြည့်ရုံ သက်သက်ပဲ၊ ဖြစ်နိုင်ရင် ပြိုင်စံရှားဂိုဏ်းဆီကို မြန်မြန် ပြန်ရမယ်”

“ဘိုးဘေးအကြီးအကဲ”

အအေးနန်းတော်သခင်သည် တွေဝေငေးငိုက်လျက်ရှိသော လီချင်းယန်အား လှမ်းကြည့်ကာ တီးတိုး မေးလိုက်၏။ “ဒီရောင်းရင်း ကြည့်ရတာ တစ်ခုခု ဖြစ်နေပုံပဲ”

“သူက အချစ်နာကျနေတာပေါ့ကွာ”

ကုန်းစွန်းဟောင်းဟိုင်သည် ခေါင်းကို ခါယမ်းလိုက်မိ၏။ သူ့အနေနှင့် အအေးနန်းတော်ထဲတွင် အချိန်အတော်ကြာ မနေခဲ့ချေ။ လီချင်းယန်နှင့်အတူ ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လည် ထွက်ခွာလာခဲ့တော့သည်။ သို့ပေမဲ့ မထွက်ခွာခင်မှာ သူသည် နန်းတော်သခင်အား တစ်စုံတစ်ခု ပြုလုပ်ရန် မှာကြားခဲ့တော့၏။

..............

သေးငယ်လှသော ရွာကလေးသည် ထုံးစံအတိုင်း တည်ငြိမ်အေးချမ်းစွာဖြင့် နေထိုင်လျက်ရှိနေကြ၏။ ရွာသူရွာသားများ အားလုံးသည် နေထွက်ချိန်မှစ အလုပ်လုပ်ကာ နေဝင်ချိန်တွင် အနားယူကြ၏။

သို့ပေမဲ့ ရက်အနည်းငယ် ကြာပြီးသည့်နောက် အအေးနန်းတော်မှ အကြီးအကဲနှင့် တပည့် အနည်းငယ်တို့သည် ရုတ်တရက် ဤနေရာသို့ ရောက်ရှိလာပြီးသည့်နောက် ဂိုဏ်းမှ တစ်နှစ်ပတ်လုံး သူတို့ ကာကွယ်ပေးမည့် အကြောင်း ကြေညာခဲ့သည်။

ချောင်ကျလှသော တည်နေရာလေးတွင် ရှိသည့် ရွာလေးတစ်ခုသည် အဆင့်ခုနှစ်ဂိုဏ်းတစ်ခု၏ ပိုင်ဆိုင်သည့် တည်နေရာထဲတွင် တည်ရှိ၏။ သို့ပေမဲ့ အဆင့်လေးဂိုဏ်းတစ်ခုမှ လူများ ရောက်ရှိလာသည်ကို သိရှိပြီးသည့်နောက် ထိုလူများသည် ချက်ချင်းပဲ ရောက်ရှိလာပြီးသည့်နောက် လာရောက်တွေ့ဆုံကြတော့သည်။

“အကြီးအကဲစွန်း”

အအေးနန်းတော်မှ အကြီးအကဲက အေးစက်စက် ပြောလိုက်၏။ “ခင်ဗျား ဒီရွာကို မကိုင်တွယ်နိုင်ဘူး၊ ကျုပ်တို့က ဒီနေ့ ဒီရွာကို ထိန်းသိမ်းထားရလိမ့်မယ်”

“ကောင်းပါပြီ၊ ကောင်းပါပြီ” ဂိုဏ်းခေါင်းဆောင်စွန်းသည် လျင်လျင်မြန်မြန်ပဲ ဦးညွတ်ကာ ခေါင်းညိတ်လိုက် တော့၏။ အဆင့်လေးဂိုဏ်းတစ်ခုသည် ကျွမ်းကျင်သူများကို စေလွှတ်ကာ ဤရွာလေးကို ကာကွယ်ပေးထား၏။ ဖြစ်နိုင်သည်မှာ ဤတည်နေရာတွင် ၎င်းတို့သွား၍ရှုပ်လို့မရနိုင်သော အရေးကြီးသည့် တစ်စုံတစ်ယောက် တည်ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။

All Chapters