အခန်း (၉၆၄)
Vol. 65 Ch. 964
တစ်ဖက်လူသည် သူမ၏ စကားကြောင့် တွန့်ဆုတ်သွားသည်ကို သူမသည် ကောင်းကောင်းသိ၏။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးအပေါ်တွင် ကြမ်းတမ်းသည့် အပြစ်ပေးမှုများပေးမခိုင်းရဲတော့ချေ။ ထို့ပြင် အုပ်ချုပ်ရေးဟောခန်းမှ လူများသည် ကောင်းကင်၏ ဆန္ဒကို မငြင်းပယ်နိုင်ကြချေ။
ကျက်သရေရှိလှသော အမျိုးသမီး သည် သူမ၏ နန်းတော်ဆီသို့ ရောက်ရှိသည့်အချိန်မှာပဲ သလွန်တစ်ခုပေါ်တွင် အသာမှေးကာဖြင့် တွေးလိုက်မိသည်။ “ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲမှာ ရုတ်တရက် သူတို့ ပေါ်ပေါက်လာပြီး သွားချင်သလိုသွား၊ လာချင်သလို လာနေတာက ကောင်းကင်ရဲ့ဆန္ဒပဲ ဖြစ်နေမလား မသိဘူး”
“သခင်”
အကြီးအကဲတစ်ယောက်က ရောက်ရှိလာပြီး ပြောလိုက်သည်။ “အုပ်ချုပ်ရေးဟောခန်းက ပေါ့ပေါ့ပါးပါး အပြစ်ကို ပေးစေချင်တယ်ဆိုတော့ ဘာလုပ်ကြမလဲ”
ကျက်သရေရှိလှသော အမျိုးသမီးသည် ခဏလောက်စဉ်းစားကာ ပြောလိုက်မိ၏။ “ဒီနေရာရဲ့ တာဝန်ကိုယူထားတဲ့ အခွင့်အာဏာရှိသူတစ်ယောက်အနေနဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီဆိုတာနဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေကို လွှတ်ပြီးတော့ ကုန်းမြေကို တိုက်ခိုက်ခိုင်းလို့ရတယ်”
“သခင်.... တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေကို ဘယ်လိုအဆင့်မျိုး ထားမှာလဲ”
“အဓိကအားဖြင့်တော့ အဝါရောင်အဆင့်တွေကို အဓိကထားခိုင်းရမှာပေါ့၊ မြေအဆင့်တွေကိုတော့ အထောက်အပံ့အနေနဲ့ လွှတ်လိုက်”
“ကောင်းပါပြီ”
အကြီးအကဲသည် လျင်လျင်မြန်မြန်ပဲ ထွက်ခွာသွားခဲ့တော့၏။ သူ၏ သခင်သည် အပြစ်ဒဏ်အား အပေါ့ပါးဆုံးဖြစ်အောင် လျော့ချပေးခဲ့၏။ ထို့ပြင် အုပ်ချုပ်ရေးဟောခန်းသည် သူတို့ကို ဘာမှထပ်၍ ပြောနိုင်တော့မည် မဟုတ်ချေ။
“ကြယ်ကြွေကုန်းမြေတိုက်”
အကြီးအကဲက ပြောလိုက်သည်။ “မင်းတို့အနေနဲ့ ငါ့သခင်ရဲ့ ကာကွယ်မှုကို ရရှိထားတာ အရမ်း ကံကောင်းတယ်”
...............
လီချင်းယန်၏ ကိုယ်ပိုင်နတ်ဘုရားလက်နက်သည် တပည့်များ အားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ထို့ကြောင့် ဂိုဏ်းကို ပိုမို၍ အကျိုးပြုစေရန် အလို့ငှာ အားလုံးသောလူများသည် အလုပ်ကြိုးစားလျက် ရှိနေကြ၏။
ပိုမို၍ ဇွဲကောင်းကောင်းနှင့် ပြုမူနေကြသူများမှာ ရီရှင်းချန်နှင့် ဟယ်ဝူတီသာ ဖြစ်တော့၏။ ၎င်းတို့နှစ်ယောက်သည် သိုင်းကျင့်ကြံသူများ၏ အားအင်အဆင့်ကို လက်နက်သည် မည်မျှ ထောက်ပံ့ပေးနိုင်သည် ဖြစ်ကြောင်းကို ကောင်းကောင်းသိရှိကြပြီးသူများ ဖြစ်ကြ၏။
ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ အဆောက်အဦ များသည် လွင့်မျောနေသော တောင်တန်းကြီးသုံးခု၏အပေါ်တွင် ဖြစ်တည်လာခဲ့ကြတော့သည်။ တဖြည်းဖြည်းနှင့် ဤတည်နေရာကြီး သည်လည်း ရွာတစ်ခု အရွယ်အစားအဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
တပည့်များ အားလုံးသည် အလုပ်များနေတုန်းမှာပဲ ကုန်းရှန့်သည် အလကားမနေချေ။ အချိန်ရသည်နှင့်တပြိုင်နက် သူသည် ရတနာရှာသည့် ပစ္စည်းကို အသုံးပြုကာဖြင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး တွင်ရှိနေသော တခြားသောပစ္စည်းများ ကို လိုက်လံရှာဖွေလျက်ရှိနေ၏။
လီထျန်းထျန်း၊ မူဟုန်လင်နှင့် တခြားသောသူများ အားလုံးသည် ပြိုင်ဘက်ကို ရှာဖွေ မတွေ့ရှိနိုင်သောကြောင့် ဤနေရာသို့ ထပ်၍ မလာကြတော့ချေ။ လှိုင်းအဆောင်ကို ဖြုန်းတီးရာ ရောက်မည် ဖြစ်သောကြောင့် ဂိုဏ်းထဲ၌သာလျှင် လုံလုံခြုံခြုံနှင့် လေ့ကျင့်လျက် ရှိနေကြ၏။
“ဒီလို မဖြစ်သေးဘူး”
အမွေအနှစ် တော်တော်များများကို ရှာဖွေတွေ့ရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်မိ၏။ “ဂြိုဟ်တိုက်ပွဲကြီးရဲ့ တည်နေရာဆိုတာက ငါ့ရဲ့ဂိုဏ်းသားတွေကို ပိုပြီး လေ့ကျင့်စေဖို့လေ၊ ယှဉ်ပြိုင်ဘက်မရှိဘဲနဲ့ သူတို့တွေက ဘယ်လိုဖြစ်ပြီး အဆင့်မြင့်တက်လာမှာလဲ”
သူ့အနေနှင့် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးနှင့် လင်းယွမ်ကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူ များအား သူ့တပည့်များနှင့် တိုက်ခိုက်စေချင်စိတ် ရှိနေမိသည်။ ကံဆိုးစွာဖြင့် သူ၏ အကြီးအကျယ်ဆုံးသော တိုက်ခိုက်သတ်ဖြတ်မှုကြီး အောက်မှာတော့ ထိုဂြိုဟ်နှစ်ခု မပြောနှင့် ပထမနှင့် ဒုတိယအဆင့် ဂြိုဟ်များပင်လျှင် သူ့ကို တွေ့သည်ဆိုသည်နှင့် ကြောင်ကိုတွေ့သော ကြွက်သကဲ့သို့ ထွက်ပြေးလျက်ရှိနေ၏။
လက်ရှိအခြေအနေမှာတော့ သူသည် အကြီးအကျယ် နာမည်ကြီးနေပြီဖြစ်သည်။ မည်သူမှသည် သူနှင့် ကစားချင်စိတ် မရှိကြတော့ချေ။
လီချင်းယန်သည် အလျင်အမြန်နှင့် လျှောက်ဝင်လာကာ ပြောလိုက်၏။ “အပြင်ဘက်မှာ မွန်းစတားအဖွဲ့တစ်ခု ရုတ်တရက် ပေါ်လာတယ်”
“မွန်းစတားတွေ ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် သူ၏ စိတ်ဝိညာဉ် အာရုံများကို ဖြန့်ကျက်ကာ ကြည့်လိုက်သည်။ ခံတပ်၏ အပြင်ဘက်တွင်တော့ ချပ်ဝတ်အပြည့်အစုံနှင့် တပ်သား ရာချီတို့သည် မည်သည့်နေရာက ပေါ်လာမှန်းမသိဘဲ ပေါ်ပေါက်လာခဲ့ကြ၏။ ချပ်ဝတ်များသည် လူ၏ ခန္ဓာကိုယ် ပေါ်တွင် ဖြစ်တည်နေခြင်း မဟုတ်၊ အရိပ်တစ်ခုကဲ့သို့ ဖြစ်တည်နေကြခြင်းဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများသည် လင်းလက်နေသည့် အလင်းတန်းများနှင့် တောက်ပနေသည်။
“ဒါက ဘာတွေလဲ” ကျွင်းချောင်ရှောင်းသည် အံအားတသင့် ဖြစ်သွားမိ၏။
စနစ်က ပြောလိုက်သည်။ “ဒါက လူသားတွေတော့ မဟုတ်ဘူးပဲ”
“အဲတာတော့ မင်းပြောမှလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အမျိုးသမီးစနစ်က ပြောလိုက်၏။ “ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... အထက်နယ်မြေဆီမှ အထူးကျွမ်းကျင်သူ တစ်ယောက်က တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေကို ဖန်တီးခဲ့တယ်၊ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တဲ့ ကုန်းမြေ တစ်ခုခုနဲ့တွေ့ရင် သူတို့အနေနဲ့ ယှဉ်ပြိုင် တိုက်ခိုက်တယ်”
“ကျုပ်သိပြီ”
ကျွင်းချောင်ရှောင်း၏ မျက်နှာ အမူအရာများသည် ပြောင်းလဲသွားသည်။ သူသည် ထိတ်လန့် တုန်လှုပ် စွာဖြင့် ပြောလိုက်မိသည်။ “သူတို့က ခံတပ်အပြင်မှာ ပေါ်လာတယ်ဆိုတော့ ငါက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာပေါ့”
“အမှန်ပါပဲ” အမျိုးသမီးစနစ်က ပြောလိုက်၏။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ငါက မိုးကြိုးအပြစ်ပေးမှုကို ခံရတယ် ဆိုမှတော့ ရှိနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ကိစ္စက ပြီးသွားပြီ မဟုတ်လား၊ ဘယ်လိုဖြစ်ပြီးတော့ စည်းမျဉ်းစည်းကမ်းကို ထပ်ပြီး ချိုးဖောက်မိတာလဲ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက အမွေအနှစ်တွေကို အားရပါးရ လိုက်ခိုးနေလို့ နေမှာပေါ့”
...............
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ သူသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ဝင်ရောက်ပြီးသည့် နောက် အမွေအနှစ်များကို ခိုးယူခဲ့၏။ သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ရှာဖွေရယူခြင်းသည် မည်သည့်အရာများ မှားယွင်းနေသနည်း။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဘာမှန်းမသိတဲ့ တရားမဝင် နည်းလမ်းကို အသုံးပြုပြီး ဂြိုဟ်တိုက်ပွဲ တည်နေရာထဲကို ဝင်ရောက်လာခဲ့တယ်၊ သူတို့က အထက်နယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ အထဲမှာ ရှိနေတဲ့ မျှခြေကို ချိုးဖောက်ခဲ့တယ်၊ ဒါကြောင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေရဲ့ အပြစ်ပေးမှုကို ကျိန်းသေပေါက်ခံရလိမ့်မယ်” လေးနက်သော အသံတစ်ခုသည် ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့၏။
ကျွင်းချောင်ရှောင်း “....”
ဤကဲ့သို့ ကြီးကြီးကျယ်ကျယ်များ ကျယ်လောင်စွာ ပြောနေသည်ဆိုမှတော့ ဂြိုဟ်တိုက်ပွဲတည်နေရာ တစ်ခုလုံးသည် ထိုအချင်းအရာကို ကြားပေလိမ့်မည်။ ဤအရာမှာ အမှန်ပင်ဖြစ်၏။
လေးနက်လှသော အသံကျယ်ကြီး ထွက်ပေါ်လာပြီးသည့်အချိန်မှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာထဲတွင် ရှိနေသော များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာမျိုး ဖြစ်တည်လာခဲ့တော့၏။ “ကောင်းကင်ဘုံ... ကြယ်ကြွေကုန်းမြေတိုက်ကြီးကတော့ ဒီနေရာမှာ သေပြီပဲ”
“ဂြိုဟ်တိုက်ပွဲထဲကို လူအနည်းပဲ ဝင်လာကတည်းက ဘယ်လိုဖြစ်လဲ ငါ စဉ်းစားနေတာ၊ သူတို့က တရားမဝင် နည်းလမ်းကို အသုံးပြုပြီး ဝင်လာကြတာကိုး”
“အထက်နယ်မြေက တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေကို ပေါ်လာခဲ့တယ်၊ ဒါကတော့ လုံးဝ ပွဲကြီးပွဲကောင်းပဲ”
“တိုက်ခိုက်ရေး စိတ်ဝိညာဉ်က ဘာလဲ”
“တိုက်ခိုက်ရေး စိတ်ဝိညာဉ်ဆိုတာ အထက်နယ်မြေရဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေ ဖန်တီးထားတဲ့ သတ္တဝါတွေပဲ၊ သူတို့က အားကောင်းရုံတင် မဟုတ်ဘူး၊ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတစ်ခုလုံးကို အနိုင်ယူတိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေလဲ ရှိတာလေ၊ သူတို့ကိုယ်တိုင် အပြစ်ပေးပြီဆိုရင် ဖြစ်လာနိုင်တဲ့ အဆုံးစွန်သော ရလဒ်တစ်ခုကတော့ ခံတပ်ကြီးတစ်ခုလုံး ဖျက်ဆီးခံလိုက်ရခြင်းပဲ”
“အဲလောက်ကြီး အားကောင်းတာလား”
“ဂြိုဟ်တိုက်ပွဲတည်နေရာကြီး ပေါ်လာကာစက စွမ်းအားမြင့်ဂိုဏ်းတစ်ခု က မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ထောင်ကို စေလွှတ်ခဲ့တယ်၊ ပြီးတော့ ဂြိုဟ်တိုက်ပွဲရဲ့ မျှချေကို ဖျက်ဆီးခဲ့တယ်လေ၊ ဒါကြောင့်မို့ သူတို့က တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေရဲ့ အပြစ်ပေးခြင်းကို ခံလိုက်ရတယ်၊ ရက်အနည်းငယ်အတွင်းမှာပဲ သူတို့ရဲ့ ဂြိုလ်ခံတပ်ကြီး တစ်ခုလုံး ဖျက်ဆီးခံလိုက်ရတယ်”
“ဒါဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးကတော့ ကံဆိုးပြီပဲ”
“သိပ်ဟုတ်တာပေါ့”
“ဒါဆိုရင် ဘာစောင့်နေတာလဲ၊ သွားကြည့်ရအောင်”
“သွားကြစို့”
အားလုံးသည် မြန်မြန်ဆန်ဆန်ပဲ အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့ကြသည်။ များပြားသည့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူအားလုံး ပျံသန်းထွက်ခွာလာပြီးသည့်နောက် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ လက်ချက်ဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး မည်ကဲ့သို့သော ပုံစံမျိုးနှင့် ပျက်ဆီးသွားမည်နည်း ဆိုသည်ကို ကြည့်ချင်စိတ်တွေ တိုးလာကြသည်။ ၎င်းတို့၏ စိတ်ထဲမှာတော့ အလွန်လည်း ဝမ်းသာပျော်ရွှင်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် အမွေအနှစ်အတွက် လုယူယှဉ်ပြိုင်ခဲ့သည့်နေရာတွင် များပြားလှသည့် လူများကို တိုက်ခိုက်ခဲ့သည်ဖြစ်သောကြောင့် အထက်နယ်မြေ၏ အပြစ်ပေးမှုကို ခံရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှု နေသူများ အားလုံးသည် အလွန်တရာ ပျော်ရွှင်နေမိ၏။
အပျော်ရွှင်ဆုံးသော လူများမှာတော့ ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ် ကုန်းမြေတိုက်မှ လူများပင် ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ အနိုင်ကျင့် နှိပ်စက်ခြင်းကို အခံရဆုံးသော လူများလည်းဖြစ်သည်။
အထက်နယ်မြေသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို မည်သို့မှ သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်ရေး စိတ်ဝိညာဉ် များကိုလွှတ်ကာ အပြစ်ပေးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဒေါသတရားများကို ဖြေလျော့နိုင်ပေတော့မည်။
“ကောင်လေး”
အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေသော ဟုန်ရောင်သည် နှာခေါင်းကိုရှုံ့လိုက်၏။ “မင်း အဆင်ခြင်မဲ့တွေ ဆက်ပြီး လျှောက်လုပ်လိုက်အုံး”
“နန်းတော်သခင်”
အကြီးအကဲတစ်ယောက်သည် အလျင်အမြန် ရောက်ရှိလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက် သည်။ “သူလျှိုတွေဆီက ရခဲ့တဲ့ သတင်းအချက်အလက်တွေအရဆိုရင် တိုက်ခိုက်ရေးစိတ်ဝိညာဉ် တစ်ရာကျော်က ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ခံတပ်အပြင်မှာ ပေါ်နေတယ်၊ သူတို့တွေ တိုက်ခိုက်ကြတော့မယ်”
ဟား ဟား ဟား ဟား
ဟုန်ရောင်သည် မတ်မတ်ရပ်ကာ ရယ်လိုက်မိ၏။ “ဒါဆိုလို့ရှိရင်လည်း ပွဲကြည့်ကြတာပေါ့”
ပုံမှန်အခြေအနေအရဆိုလျှင် သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပွင့်ပွင့်လင်းလင်း မသွားရဲချေ။ လက်ရှိ အခြေအနေမှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ခံတပ်၏အပြင်ဘက်တွင် ပိတ်ဆို့ကာ နေရာယူထားကြပြီ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် ခပ်ဝေးဝေးဆီမှ သွားကြည့်ရန်ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်တော့ချေ။
လင်းယွမ်ကုန်းမြေတိုက်၊ အင်ပါယာဓားကုန်းမြေတိုက်၊ တခြားသောဂြိုဟ်အသီးသီးမှ ကျွင်းချောင်ရှောင်းနှင့် ရန်ငြှိုးရှိခဲ့သော ကျင့်ကြံသူများအားလုံးသည် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် ပွဲကြီးပွဲကောင်းကို ပျော်ပျော်ပါးပါး ကြည့်ရတော့မည်။
“မြို့တော်ဝန်”
ဘုံကိုးပါး ကုန်းမြေတိုက်ကြီး၏ အဓိကဟောခန်းထဲမှာတော့ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေ ပေါ်မလာတာကြာပြီ၊ သူတို့က ဒီတစ်ကြိမ်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တကယ်ပဲ တိုက်ခိုက်နိုင်ပါတော့မလား”
မိုရှန်ရှမ်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “အရူးတွေပဲ သွားလိမ့်မယ်လေ”
အကြီးအကဲသည် ကြောင်သွားသည်။ “ဘာကြောင့် အဲလိုပြောတာလဲ”
မိုရှန်ရှမ်းသည် ထိုင်ခုံပေါ် အသာမှီကာထိုင်ရင်း ပြောလိုက်၏။ “ဒီတစ်ကြိမ် ဂြိုဟ်တိုက်ပွဲကြီးကို တာဝန်ယူထားတဲ့ လူက ကြယ်ကြွေကုန်းမြေတိုက်ကြီးကနေ လှမ်းတက်လာတဲ့ အထက်နယ်မြေက ကျွမ်းကျင်သူပဲ၊ ဒါကြောင့်လည်း သူမရှိဘဲနဲ့ ဘယ်လိုဖြစ်ပြီး တရားမဝင် ဒီထဲကို ဝင်လာလို့ ရမှာလဲ”
“ဒါဆိုရင်”
အကြီးအကဲသည် ခဏလောက် ရပ်ကာဖြင့် စဉ်းစားလိုက်မိ၏။ “ဟုတ်တယ် သူကျိန်းသေပေါက် သိရမှာပေါ့”
မိုရှန်ရှမ်းက ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဒီထဲကို ဝင်လာတာ တစ်ရက်နှစ်ရက် မကတော့ဘူးလေ၊ ဒီအတောအတွင်း များပြားလှတဲ့လူတွေကို သတ်ပြီးတော့ မိုးကြိုးအပြစ်ပေးမှုကိုတောင် ခံရသေးတယ်၊ အရာအားလုံး အဆင်ပြေနေတာပဲ မဟုတ်ဘူးလား”
အကြီးအကဲက ပြောလိုက်သည်။ “မြို့တော်ဝန်... ဒါဆိုရင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို တာဝန်ယူထားတဲ့လူက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပစားပေးထားတာပေါ့”
မိုရှန်ရှမ်းက ပြောလိုက်သည်။ “သူက အဲကနေ ဆင်းသက်လာတယ်ဆိုပေမယ့် သူနေခဲ့ဖူးတဲ့ဂြိုဟ်ပဲလေ၊ ဒါကြောင့် ပစားပေးထားတယ်ဆိုတာက ယုတ္တိတန်တာပဲ”
“ဒီလိုဆိုရင် ဘာလို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို အပြစ်ပေးဖို့အတွက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေကို စေလွှတ်လိုက်တာလဲ” အကြီးအကဲသည် ဇဝေဇဝါ ဖြစ်သွားမိ၏။
မိုရှန်ရှမ်းသည် ခဏလောက် ရပ်တန့်ကာ စဉ်းစားလိုက်မိသည်။ “ကျုပ်အထင် မမှားဘူးဆိုရင် ကြယ်ကြွေကုန်းမြေ တိုက်ကြီးက အရမ်းကို မောက်မာလွန်းတယ်လေ၊ ဒီတော့ အထက်နယ်မြေက ဒီကိစ္စကို သိသွားတာပေါ့၊ ဂြိုဟ်တိုက်ပွဲကို တာဝန်ယူထားတဲ့လူက မဖြစ်မနေ အရေးယူရတော့တာပေါ့”
“ခံတပ်ကြီး မဖျက်ဆီးမခံရမချင်း တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆိုတာ ရပ်တန့်တက်တဲ့ အရာမျိုး မဟုတ်ဘူးလေ”
အကြီးအကဲက ပြောလိုက်၏။ “တကယ်လို့ ဟန်ပြလုပ်မယ်ဆိုရင်တောင် ကြယ်ကြွေကုန်းမြေတိုက်ကြီးကတော့ သွားပြီပဲ”
မိုရှန်ရှမ်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆိုတာက အဆင့်တွေ အများကြီး ခွဲခြားထားသေးတယ်၊ အဆင့်မြင့် မဟုတ်ဘူးဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
“မြို့တော်ဝန်”
ထိုအချိန်မှာပဲ နောက်လိုက်တစ်ယောက်သည် လျှောက်ဝင်လာကာ ပြောလိုက်၏။ “ရရှိထားတဲ့ သတင်းအချက်အလက်အရဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အပြင်ဘက်ဆီမှာ တိုက်ခိုက်ရေး စိတ်ဝိညာဉ် နှစ်ရာငါးဆယ်ငါးယောက်တောင် ပေါ်လာတယ်၊ တစ်ရာ့ငါးဆယ်က အဝါရောင်အဆင့်တွေ ဖြစ်ပြီးတော့ တစ်ရာက အမဲရောင်အဆင့်တွေ၊ ငါးယောက်ကတော့ မြေအဆင့်ပဲ”
“ကြည့်”
မိုရှန်ရှမ်းသည် အံ့အားမသင့်ချေ။ ထို့ကြောင့် ပြောလိုက်၏။ “ငါခန့်မှန်းတာ မှန်တယ် မဟုတ်လား၊ ဒီကိစ္စက ဟန်ပြသက်သက်ပါပဲဆိုတာ”
တိုက်ခိုက်ရေးစိတ်ဝိညာဉ် တစ်ရာကျော်တို့သည် ဘာတစ်ခုမှ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သူရှင်းရှင်းလင်းလင်း သိ၏။ ထို့အပြင် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ငါးယောက်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို မည်သို့မှ ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်သောသူများသည် စွမ်းအားမြင့်ကျင့်ကြံသူ တစ်သောင်း ကျော်ကိုတောင် သတ်ဖြတ်ခဲ့သူများဖြစ်သည်။
“ကြယ်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နဲ့ လင်းယွမ်ကုန်းမြေတိုက်တို့ကတော့ အပြေးအလွှားသွားကြည့်တယ်၊ ဒီတိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဘာမှမလုပ်နိုင်ဘူးဆိုရင် သူတို့ပါ ဒုက္ခရောက် ပြီပဲ”
မိုရှန်ရှမ်းက ပြောလိုက်သည်။ “ဒီတော့ အဲကို ပွဲသွားကြည့်တဲ့လူတွေ အကုန်လုံးက ခေါင်းကို မြည်းကန် ခံထားရတဲ့ကောင်တွေပဲလေ”
အကြီးအကဲသည် လေးလေးစားစားဖြင့် ပြောလိုက်၏။ “မြို့တော်ဝန်... တကယ့်ကို ဉာဏ်ကောင်းလှတယ်၊ ကျုပ် ချီးကျူးမိပါတယ်”
................
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ထဲမှာတော့ များပြားလှသော ဝိညာဉ်စစ်သားများ အားလုံးသည် ချပ်ဝတ်များကို ဝတ်ဆင်ကာဖြင့် ညီညီညာညာ ရပ်လျက်ရှိကြ၏။ ၎င်းတို့သည် ချက်ချင်းတိုက်ခိုက်ခြင်းကို မပြုလုပ်ဘဲ အထက်ဆီမှ အမိန့်ကို စောင့်မျှော်နေကြပုံပေါ်သည်။
“ဒီမှာ လူတွေအများကြီး ရှိတယ်ဆိုပေမယ့် အရမ်းအားကောင်းလှပုံ မပေါ်ဘူး” ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။
“ချင်းယန်... လီထျန်းထျန်းနဲ့ တခြားသူတွေကို လှိုင်းအဆောင်ကို ချိုးပြီး အထဲကို ဝင်ခဲ့ဖို့ ပြောလိုက်”
“ကောင်းပါပြီ” ချင်းယန်သည် အလောတကြီးဖြင့် ထွက်ခွာသွားခဲ့တော့သည်။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အပြင်ဘက်တွင် ထိုင်ခုံတစ်ခုံချကာ ထိုင်လိုက်၏။ ပြီးသည့်နောက် မှာတော့ ပြုံးကာ ပြောလိုက်သည်။ “တိုက်ခိုက်ဖို့အတွက် ယှဉ်ပြိုင်ဘက်တစ်ယောက်ကို လိုက်ရှာနေရတာ၊ အခုတော့ တကူးတက အတွေ့အကြုံတွေ ပေးမယ့်လူတွေ ရောက်လာခဲ့ပြီကိုး”