← Chapters

အခန်း (၉၆၅)

Vol. 65 Ch. 965

အခန်း (၉၆၅)

Vol. 65 Ch. 965

မူဟုန်လင်၊ လီထျန်းထျန်းနှင့် တခြားသောသူများသည် လှိုင်းအဆောင်ကို ချိုးဖြတ်ပြီးသည့်နောက် ဂြိုဟ်တိုက်ပွဲ တည်နေရာထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ၎င်းတို့သည် ချပ်ဝတ်အပြည့်အစုံနှင့် တိုက်ခိုက်ရေးဝိညာဉ်များကို မြင်ရ သည့်အချိန်မှာတော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားခဲ့တော့၏။ ထို့အတူ ၎င်းတို့၏ စိတ်ထဲတွင် ပျော်ရွှင်မှုကို ခံစားကြရ၏။ ၎င်းတို့သည် နောက်ဆုံးတွင် အဆင့်မြင့် ကျင့်ကြံသူများနှင့် စိတ်လိုလက်ရ တိုက်ခိုက်နိုင်ကြမည်ဖြစ်၏။

“ချင်းယန်၊ ရှောင်ကျီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းတို့ လီထျန်းထျန်းတို့ကို ကူညီပြီးတော့ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတွေကို ရင်ဆိုင်ကြ”

တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် အားကောင်းလှသည်မဟုတ်သော်လည်း နှစ်ရာကျော်လောက် ရှိနေ၏။ တပည့် များသည် တိုက်ပွဲအတွက် တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ လုံခြုံမှုကို အရေးပေးရမှာဖြစ်၏။

“ကောင်းပါပြီ”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် လက်နက်အပြည့် ကိုင်ဆောင်ထားကြ၏။ ၎င်းတို့သည် မြေအဆင့်စွမ်းအားမြင့် လက်နက်များကို ကိုင်ဆောင်ထားကြသူများဖြစ်ကြသောကြောင့် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိကြသူများဖြစ်၏။ ထို့ကြောင့် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူကို ရင်ဆိုင်ရသည်ဆိုသည်မှာ လွယ်ကူလွန်းလှ၏။

“ဟောခန်းသခင်ကျိ၊ အဘိုးကြီးတင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ငါးယောက်ကို ခင်ဗျားတို့တာဝန် ထားလိုက်မယ်”

ခရမ်းရောင်ဘုရင်က ပြောလိုက်၏။ “အဘိုးကြီးတင်း ဘာမှလုပ်စရာမလိုဘူး၊ ကျုပ် တစ်ယောက်တည်းနဲ့ ကိုင်တွယ်နိုင်တယ်” သူသည် ဤကဲ့သို့ တိုက်ခိုက်ပွဲများကို အသားကျနေပြီဖြစ်သောကြောင့် ယုံကြည်ချက်လည်း များပြားလို့နေသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီတိုက်ခိုက်ရေးဝိညာဉ်တွေက ခန္ဓာကိုယ်ရှိတာ မဟုတ်ဘူး၊ သာမန်ထက် ပိုတဲ့ ချပ်ဝတ်တွေကိုလည်း ဝတ်ဆင်ထားသေးတယ်၊ ဒီတော့ သာမန် မြေအဆင့် သိုင်းကျင့်ကြံသူတွေထက် ပိုပြီး အားကောင်းမှာ ကျိန်းသေပဲ၊ သတိ မပြတ်စေနဲ့”

“နားလည်ပါပြီ” ခရမ်းရောင်ဘုရင်သည် အားကောင်းလွန်း၏။ သို့ပေမဲ့ သူသည် ဦးနှောက်ယိုယွင်းနေသူ တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ဂိုဏ်းချုပ်ပြောသည်ကို သူကောင်းကောင်းနားလည်နိုင်စွမ်း ရှိတော့၏။

ကျွင်းချောင်ရှောင်းသည် မလိုအပ်သည့်ကိစ္စရပ်များကို မဖြစ်စေချင်ပေ။ ထို့ကြောင့် သေသေချာချာ စဉ်းစား ဆုံးဖြတ်နေခြင်းပင်ဖြစ်သည်။

“အကြီးအကဲကုန်းစွန်း၊ အကြီးအကဲညို... ကျန်တဲ့လူတွေကို ခင်ဗျားတို့ တာဝန်ယူလိုက်တော့”

“ကောင်းပါပြီ”

ကျွင်းချောင်ရှောင်းသည် ရိုးရှင်းသည့် အမိန့်ပေးမှုများကို ပြုလုပ်လျက်ရှိနေ၏။ အတွင်းစည်းတပည့်များနှင့် လီထျန်းထျန်းတို့သည် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူများကို ရင်ဆိုင်ကြပြီး ကျန့်ရာ၊ ကုန်းစွန်းဟောင်းဟိုင် တို့ အားလုံးသည် အဆင့်မြင့် အဝါရောင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများကို ရင်ဆိုင်ကြ၏။ ခရမ်းရောင်ဘုရင်နှင့် အဘိုးကြီးတင်းမှာတော့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများကို ရင်ဆိုင်ကြရသည်။

နဂါးလေးနှင့် ရှောင်မိုရှန်း တို့သည်လည်း ကျိန်းသေပေါက် ဝင်ရောက်တိုက်ခိုက်နေကြ၏။ ဤပဋိညာဉ်သားရဲနှစ်ကောင်သည် အဝါရောင် အဆင့် သိုင်းကျင့်ကြံသူများထက် ပိုမို၍ အားကောင်းသည်မှာ သေချာ၏။

“ဒင်... သီးခြားတာဝန် အသက်ဝင်”

ကျွင်းချောင်ရှောင်းသည် အရာအားလုံးကို စီစဉ်ပြီးပြီးချင်းမှာပဲ စနစ်၏ သတိပေးသံသည် သူ၏နားထဲသို့ ဝင်ရောက် လာခဲ့၏။ “တိုက်ခိုက်ရေးစိတ်ဝိညာဉ် နှစ်ရာငါးဆယ့်ငါးယောက်အား သတ်ဖြတ်ပစ်ရန် - အထူးတာဝန်”

“ကျွတ် ကျွတ်”

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ “ဒါက အတွေ့အကြုံတွေ အများကြီး လာပေးတဲ့လူတွေတင်မကဘူး၊ အကျိုးကျေးဇူးတွေအများကြီး လာပေးတဲ့လူတွေ ဖြစ်နေတာကိုး၊ တပည့်တို့ ငါ့ အမိန့်ကို နားထောင်ကြ”

ဆွစ် ဆွစ်

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ကျောများကို မတ်မတ်ရပ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် ခံတပ်၏ အပြင်ဘက်ဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်တော့သည်။ “ငါ့အတွက် ဒီလူတွေ အကုန်လုံးကို သတ်ဖြတ်ပစ်လိုက်တော့”

“ကောင်းပါပြီ” တပည့်များအားလုံးသည် လွင့်မျောနေသည့်တောင်ကြီးပေါ်မှ ခုန်ဆင်းလိုက်သည့်နောက်မှာတော့ ခံတပ်၏ မြေကွက်ဆီသို့ ရောက်ရှိသွား၏။ ၎င်းတို့သည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များနှင့် ပေတစ်ရာ အကွာအဝေးတွင် ရပ်တန့်လိုက်ကြသည်။

“ဂိုဏ်းချုပ်”

ကျန်းတယ်ကျွင်းသည် အသာလျှောက်လာပြီး မေးလိုက်၏။ “မိုးကြိုးအစီအရင်ကို စီရင်ထားလိုက်ရ မလား”

“မလိုဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ များပြားလှသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ ရှိနေသည် ဆိုသော်လည်း တပည့်များအနေနှင့် လေ့ကျင့်ရန်အတွက် အကောင်းဆုံး အသုံးပြုမှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ပျင်းစရာကောင်းပေလိမ့်မည်။ ထို့အပြင် ၎င်းတို့အားလုံးသည် ချပ်ဝတ်များကို ဝတ်ဆင်ထားကြ၏။ ထို့ကြောင့် ၎င်းတို့၏ အကာအကွယ်မှာ သာမန်ထက်ပိုနေမှာ ကျိန်းသေလှ၏။ သာမန်မိုးကြိုးအစီအရင်များ အားလုံးသည် သူတို့အတွက် အသုံးဝင်လိမ့်မည် မဟုတ်ချေ။ အသစ်ဖန်တီးထားသော မိုးကြိုးအစီအရင်ကို အသုံးပြုလိုက်လျှင် လည်း ဖြုန်းတီးလွန်းရာ ကျပေလိမ့်မည်။

.............

ခံတပ်ကြီး၏ အပြင်ဘက်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ် ရာကျော်တို့သည် ပြိုင်စံရှားဂိုဏ်းတပည့် တစ်ဒါဇင် ကျော်တို့နှင့် မျက်နှာချင်းဆိုင် ရပ်တန့်နေကြ၏။ ၎င်းတို့အားလုံးသည် စတင် မတိုက်ခိုက်ရသေးဘူး ဆိုသော်လည်း အခြေအနေသည် အလွန်တရာ တင်းမာခက်ထန်နေခဲ့၏။

ရွှီး ရွှီး

ထိုအချိန်မှာပဲ များပြားလှသော ကျင့်ကြံသူများသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းရောက်ရှိလာကြ၏။ ၎င်းတို့သည် အဝေးတစ်နေရာရှိ လေထုထဲတွင် မတ်တပ်ရပ်လိုက်ကြ၏။

“ဒီလူတွေ”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် အသာတွေးလိုက်မိ၏။ “ဒါ ငါတို့ကို လှောင်ချင်လို့ လာကြည့်တာပဲ”

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်၏ ပင်လယ်ပြာနန်းတော်သခင်သည် သူ၏လူများနှင့်အတူ ရောက်ရှိလာခဲ့၏။ လက်နက်အပြည့် ဝတ်ဆင်ထားကြသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များကို မြင်ရသည့် အချိန်မှာတော့ သူ၏ မျက်နှာပေါ်တွင် အေးစက်သည့်အပြုံးတစ်ခု ဖြစ်တည်လာသည်။

“နန်းတော်သခင်... တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေကလည်း အရမ်းအားမကောင်းဘူး။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေကလည်း ငါးယောက်ပဲပါတယ်” အကြီးအကဲတစ်ယောက်သည် ဇဝေဇဝါဖြင့် ပြောလိုက်၏။

ဟုန်ရောင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “အထက်နယ်မြေက ရောက်လာတယ်ဆိုမှတော့ သာမန်ထက်ပိုပြီး အားကောင်းတဲ့ စိတ်ဝိညာဉ်တွေပဲ ဖြစ်ရမှာပေါ့”

ဝှစ် ဝှစ် ဝှစ်

လင်းယွမ်ကုန်းမြေတိုက်နှင့် အင်ပါယာဓားကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများလည်း ပျံသန်းရောက်ရှိလာခဲ့ ကြ၏။ မနီးမဝေးတွင်တော့ စွမ်းအားမြင့်ကျင့်ကြံသူတချို့လည်းရှိနေ၏။ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုပြီးသည့်နောက် မျက်နှာပေါ်တွင် အပြုံးများဝေလျက်ရှိနေ၏။

အားလုံးသည် ကျွင်းချောင်ရှောင်း နှိပ်စက် လွန်းသောကြောင့် အပြင်ဘက်သို့ မထွက်ရဲသည့် လူများပင်ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ပွဲကိုလာကြည့်ရုံ သာမက ရင်ထဲမှာလည်း အလွန်တရာ ပျော်ရွှင်လျက်ရှိ၏။ ကျွင်းချောင်ရှောင်း၏ ကြယ်ကြွေကုန်းမြေ တိုက်ကြီး တစ်ခါတည်း ဖျက်ဆီးခံရမည့်အရာကို သူတို့သည် မျက်ဝါးထင်ထင် မြင်တွေ့ချင်နေမိ၏။ ထိုမှသာလျှင် ခံစားခဲ့ရသော စိတ်ခံစားချက်များသည် ဖြေဖျောက်နိုင်မှာ ဖြစ်သည်။

“ဒါက တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေလား၊ သူတို့ဝတ်ထားတဲ့ စွမ်းအားချပ်ဝတ်တွေက သာမန်ထက်ပိုတာ ရှင်းလင်းတယ်လေ”

“ချီးတဲ့မှ... ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့သိုင်းကျင့်ကြံသူတွေ ဝတ်ထားတာတွေက ပိုတောင်ကောင်းတယ်၊ ဒါတွေအကုန်လုံးက မြေအဆင့် လက်နက်တွေ၊ ချပ်ဝတ်တွေ မဟုတ်လား”

အားလုံးသောသူများသည် လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ ဝတ်ဆင်ထားသည်ကို ကြည့်ပြီးသည့် နောက်မှာတော့ မနာလိုမှုများ ဖြစ်မိနေကြ၏။ ထို့အတူ ၎င်းတို့မျက်လုံးထဲတွင် အမုန်းတရားများသည်လည်း ပိုမို၍ ထွန်းတောက်လာခဲ့၏။ တိုက်ခိုက်ရေးတည်နေရာထဲတွင် မြေအဆင့်လက်နက်များကို ဝတ်ဆင်ထားနိုင်သည် ဆိုခြင်းမှာ မနာလိုစရာ ကောင်းလွန်းလှ၏။

“နန်းတော်သခင်”

ပင်လယ်ပြာနန်းတော်၏ အကြီးအကဲသည် တီးတိုးပြောလိုက်၏။ “ဒီလူတွေ ဝတ်ထားတဲ့ ဟာတွေက အရမ်းကောင်းတယ်၊ အသတ်ခံရပြီဆိုရင် ကျုပ်တို့တွေ ယူသွားရအောင်”

ဟုန်ရောင်က ပြောလိုက်၏။ “နေအုံး၊ ငါ အချက်ပြတာကို စောင့်ကြည့်နေကြ”

“ကောင်းပါပြီ” ပင်လယ်ပြာနန်းတော်မှ လူများ၏မျက်လုံးများသည် ပြိုင်စံရှားဂိုဏ်းမှလူများ၏ ချပ်ဝတ်များ ပေါ်တွင် အကြည့်ရောက်လျက် ရှိနေကြ၏။ ထို့အတူ အခြားသောတည်နေရာများတွင်ရှိသော ကျွမ်းကျင်သူများ မှာလည်း ဤကဲ့သို့ပင် တွေးတောနေမိကြသည်။

ဟုတ်ပေသည်။ ၎င်းတို့အနေနှင့် လက်ရှိအခြေအနေတွင် မတိုက်ခိုက်ရဲပေ။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် တစ်ဖက်လူများအား သုတ်သင်ရှင်းလင်းပြီးသည်အထိ စိတ်ရှည်ရှည် စောင့်မျှော်ရန် စဉ်းစားနေမိကြ၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ဘက်တွင် ကြည့်မည်ဆိုလျှင်လည်း သူရင်ဆိုင်နေရသည်မှာ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ တင်မကဘဲ များပြားလှသောဂြိုဟ်များအသီးသီးမှ သိုင်းကျင့်ကြံသူများပင်လျှင် ဖြစ်လို့နေတော့သည်။

ဝှစ် ဝှစ်

ထိုအချိန်မှာတော့ သေသေချာချာ စီစီရီရီ ရပ်နေကြသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် စတင်ကာ လှုပ်ယမ်း လာကြ၏။ ၎င်းတို့ မျက်လုံးထဲတွင်ရှိသော အနက်ရောင်အလင်းများသည် ပိုမိုကာ တောက်ပလာ၏။ စည်းများ ဖြည်ပြီးသည့်နောက်မှာတော့ သူတို့သည် အသက်ဝင်သွားခဲ့သလိုပင်ဖြစ်သွား၏။

“တိုက်ခိုက်တော့မယ်” တစ်စုံတစ်ယောက်က ပြောလိုက်၏။ ပွဲလာကြည့်သည့် သိုင်းကျင့်ကြံသူများသည် မျက်လုံး အပြူးသားဖြစ်သွားမိသည်။ ၎င်းတို့အားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး သုတ်သင်ရှင်းလင်းခံရမည်ကို မလွတ်တမ်း ကြည့်ရှုချင်နေမိကြသည်။

ဝှစ် ဝှစ်

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ရာကျော်တို့အားလုံးသည် အသက်ဝင်သွားပြီးသည့်နောက်မှာတော့ ၎င်းတို့လက်များကို မြှောက်လိုက်၏။ လက်ဝါးထက်တွင် အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက် လေထုထဲတွင် အမဲရောင် အလင်းတန်းများ ပေါ်ပေါက်လာခဲ့တော့သည်။

အရှေ့ဆုံးတွင်ရှိနေသော စိတ်ဝိညာဉ် ငါးကောင်တို့သည် ခေါင်းကို မော့ပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်နှင့် အဘိုးကြီးတင်းကို ပစ်မှတ်ထားလိုက်ကြ၏။

ဒွီး

တည်နေရာကြီးသည် အသာလှုပ်ခါပြီးသည့်နောက် ၎င်းတို့သည် လေထုထဲမှာတင် ပျောက်ကွယ်သွားကြ၏။

ဘုန်း ဘုန်း

ချက်ချင်းပဲ ကောင်းကင်ယံထက်တွင် ကြီးမားလှသော ပေါက်ကွဲမှုကြီး ဖြစ်တည်လာခဲ့၏။ ခရမ်းရောင်ဘုရင်၊ အဘိုးကြီးတင်းတို့ အားလုံးသည် အပေါ်ဘက်သို့ ရောက်ရှိနေကြပြီး မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးယောက်တို့နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

ဝှစ် ဝှစ်

စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားပြီးသည့်နောက် အလွန်ပြင်းထန်သည့် လေလှိုင်းများသည် တိုက်ခိုက်လျက် ရှိသည်။ ကြည့်ရှုနေသူများ အားလုံးသည် မျက်လုံးပြူးမိနေကြ၏။

ခရမ်းရောင်ဘုရင်၏ အဝတ်အစားများသည် ချက်ချင်းပဲ ပေါက်ကွဲထွက်သွားပြီးသည့်နောက်မှာတော့ အနီရောင်အတွင်းခံသာ ကျန်ရှိတော့၏။ ထို့ပြင် ၎င်းသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ငါးကောင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ၏။ အံ့အားသင့်စရာကောင်းလွန်းလှသည်။

ဘုန်း

ခရမ်းရောင်ဘုရင်၏ လက်သီးချက်သည် တစ်ဖက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ချပ်ဝတ်ပေါ်သို့ ကျဆင်းသွား၏။ ထိုသူသည် လွင့်စင်သွားသည်ဆိုသော်လည်း မြန်မြန်ဆန်ဆန်ပဲ အပေါ်သို့ တက်လာခဲ့၏။ အမြန်နှုန်းကို ကြည့်မည် ဆိုလျှင် ပြင်းထန်သည့် ဒဏ်ရာမျိုး ရရှိသည့်ပုံ မပေါ်ပေ။

“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အကာအကွယ်က အရမ်းကို အားကောင်းလွန်းတယ်”

ကျွတ်

ခရမ်းရောင်ဘုရင်က နှာခေါင်းရှုံလိုက်သည်။ ခရမ်းရောင်မွန်းစတားအော်ရာများ ထွက်ပေါ်လာပြီးသည့်နောက် ကောင်းကင်ပေါ်တွင် ခရမ်းရောင်လက်သီးကြီး ပေါ်လာတော့သည်။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ၎င်းသည် ပြင်းပြင်းထန်ထန်နှင့် ထိုးနှက်တိုက်ခိုက်ခြင်းကို ပြုမူတော့၏။ သို့ပေမဲ့ ဤမျှကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်မှုကို ကြုံနေရသည်ဆိုသော်လည်း တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် အနောက်ဘက်သို့ လွင့်စင်သွားသည်သာရှိ၏။ ဒဏ်ရာ ရရှိခြင်းမရှိချေ။

စိတ်ဓာတ်အကျဆုံးလူမှာ တင်းရှင်းဝမ်ပင် ဖြစ်တော့သည်။ ၎င်းသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်နှင့် ပြင်းပြင်း ထန်ထန် တိုက်ခိုက်နေပြီး ရတနာငါးပါးလက်ဝါးကို အသုံးပြုကာ တိုက်ခိုက်ခြင်းကို ထုတ်ဖော်နေ၏။ သို့ပေမဲ့ သူမည်မျှ တိုက်ခိုက်၊ တိုက်ခိုက် တစ်ဖက်လူသည် ဘာမှ မဖြစ်ခဲ့ချေ။ လူသားတစ်ယောက်သာဆိုပါက တစ်ဖက်လူ သည် မိစ္ဆာချီများ၏ လွှမ်းမိုးမှုကို ခံရမှာသေချာသည်။ သို့ပေမဲ့ တစ်ဖက်လူသည် ကိုယ်ခန္ဓာ အလုံးအထည် မတည်ရှိသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ ဖြစ်နေ၏။ ထို့ကြောင့် သူ၏ မိစ္ဆာချီများသည် တစ်ဖက်လူအပေါ် သက်ရောက်မှု မရှိချေ။

...............

မြေအဆင့် တိုက်ခိုက်ရေးတိုက်ပွဲသည် အချိန်အနည်းငယ် ကြာမြင့်သည်။

ကျန့်ရာ၊ ကုန်းစွန်းဟောင်းဟိုင်တို့ဆီကို လှမ်းကြည့်သည့်အချိန်မှာတော့ ၎င်းတို့၏ ပြိုင်ဘက်များနှင့် ရင်ဆိုင်တိုက်ခိုက်နေကြပြီဖြစ်သည်။ ၎င်းတို့၏ ချပ်ဝတ်များသည် မြေအဆင့်တိုက်ခိုက်ရေး စိတ်ဝိညာဉ် များလောက် အားမကောင်းလှဘူး ဆိုသော်လည်း ဒူပေနာပေ တော့ ခံနိုင်လွန်းလှ၏။

နဂါးလေးသည် မီးတောက်များကို ထုတ်ဖော်၍ မီးလောင်တိုက် သွင်းခဲ့သည်တောင်မှ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ ချပ်ဝတ်များသည် ဘာတစ်ခုမှ မဖြစ်ခဲ့ချေ။

လီချင်းယန်က အော်လိုက်သည်။ “သွားစို့”

All Chapters