အခန်း (၉၆၆)
Vol. 65 Ch. 966
တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ အားလုံးသည် အထက်နယ်မြေမှ ဖန်တီးခဲ့သည် ဖြစ်သော်လည်း ခန္ဓာကိုယ် မရှိကြချေ။ ၎င်းတို့သည် တိုက်ခိုက်ရေးနည်းလမ်းမျိုးစုံနှင့် တိုက်ခိုက်ရေး နည်းစနစ်များကို ထုတ်ဖော်အသုံးပြုနိုင်ခဲ့သည်ဆိုသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသော အဓိကလက်နက်များ အပေါ်တွင် အမှီခို ပြုနေရသေးသည်။
လီထျန်းထျန်း၊ မူဟုန်လင်နှင့် တခြားသောသူများသည် စိတ်လိုလက်ရ တိုက်ခိုက်လျက်ရှိ၏။ ၎င်းတို့၏ အတွေ့အကြုံများသည် ဆထက်ထမ်းပိုး ပိုမိုတိုးတက်လာသည်သာမက သိုင်းပညာနှင့်ပတ်သက်သော နားလည်မှု များသည်လည်း ထပ်တလဲလဲ ထပ်တိုးရရှိလာခဲ့ကြသည်။ သိုင်းကျင့်ကြံခြင်းနည်းစနစ်အတွက် အရေးကြီးဆုံးမှာ အစစ်အမှန် တိုက်ခိုက်ခြင်းပင် ဖြစ်တော့၏။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ကျွင်းချောင်ရှောင်း ထောက်ပံ့ပေးထားသော များပြားလှသည့် အရင်းအမြစ်များကို အမှီအခိုပြု၍ ၎င်းတို့၏ သိုင်းကျင့်ကြံခြင်းအဆင့်များသည် ပိုမိုကာ တိုးတက် လာခဲ့ကြ၏။ သို့ပေမဲ့ အကြီးမားဆုံး လိုအပ်ချက်သည် အစစ်အမှန် တိုက်ခိုက်ခြင်းပင် ဖြစ်တော့၏။ ယခု တိုက်ခိုက်ရေး စိတ်ဝိညာဉ်ရာချီ တို့နှင့်တိုက်ခိုက်နေရသည့်အချိန်မှာတော့ ဤအရာများသည် စုစည်းရယူနေခြင်းနှင့်ပင် ဆင်တူနေသည်။
“စိတ်လိုလက်ရ တိုက်ခိုက်ကြ၊ စိတ်လိုလက်ရ တိုက်ခိုက်ကြ”
အဓိကဟောခန်း၏ အပြင်ဘက်တွင် ထိုင်လျက် ရှိသော ကျွင်းချောင်ရှောင်းသည် ပြုံးပြုံးလေးပြောလိုက်မိ၏။ ဂိုဏ်းတစ်ခုသည် ပိုမို၍ အားကောင်းချင်သည်ဆိုပါက တပည့်များအနေနှင့် သေခြင်းရှင်ခြင်း လေ့ကျင့်ခန်းများကို မဖြစ်မနေ ပြုလုပ်ရန် လိုအပ်တော့၏။ ထိုမှသာလျှင် အစစ်အမှန် တိုက်ခိုက်ပွဲများတွင် သူတို့သည် ပိုမိုသတ်ဖြတ်တိုက်ခိုက်မှုကို ပြုလုပ်တတ်တော့မှာဖြစ်တော့၏။
ဘုန်း ဘုန်း
စွမ်းအင်မျိုးစုံတို့သည် ခံတပ်၏အပြင်ဘက်တွင် ဖြစ်တည်လျက်ရှိနေသည်။ လောကကြီးတစ်ခုလုံးသည် ရောင်စုံ အလင်းတန်းများနှင့် ပြည့်နှက်နေသည်။
သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အနေမိကြ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့် တစ်ဒါဇင်ကျော်တို့သည် အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်ကို မပိုင်ဆိုင်ကြချေ။ သို့ပေမဲ့ ၎င်းတို့၏ ခန္ဓာကိုယ် နှင့် တိုက်ခိုက်ရေးနည်းစနစ်များသည်လည်း သာမန်ထက် ပိုမို၍ သာလွန်နေကြသည်။
၎င်းတို့သည် ဤကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိရန်အတွက် မည်ကဲ့သို့သော ကျင့်ကြံနည်းမျိုးကို ကျင့်ကြံခဲ့သနည်း။ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ရယ်ပွဲဖွဲ့ရန် လာခဲ့သောသူများသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ထပ်တလဲလဲ သတ်ဖြတ်ခံ ရသည်ကို မြင်ရပြီးသည့်နောက်မှာတော့ ကြက်သီးများပင် ထနေမိကြ၏။
ဘုန်း ဘုန်း
ကောင်းကင်ယံ၏ အထက်မှာတော့ ခရမ်းရောင်မွန်းစတားဘုရင်သည် ကြမ်းကြမ်းရမ်းရမ်းဖြင့် တိုက်ခိုက်ရင်းမှ နောက်ထပ် စွမ်းအားမြင့် မြေအဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ကောင်အား သတ်ဖြတ်ပစ်ခဲ့၏။ အထက် နယ်မြေဆီမှ ကျဆင်းလာပြီးပြီးချင်း သိုင်းအဆင့်များကို ပြန်လည်ရရှိပြီးသည့်နောက်မှာတော့ ၎င်းသည် များပြား လှသည့် ရန်ဘက်များနှင့်အတူ တိုက်ခိုက်ပွဲများကိုရင်ဆိုင်ပြီး အတွေ့အကြုံ ရရှိခဲ့ပြီဖြစ်သည်။
ယနေ့မှာတော့ သူသည် အလွန်ကြမ်းတမ်းလှသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်လေးကောင်နှင့် တိုက်ခိုက်နေပြီး နှစ်ကောင်ကို သတ်ဖြတ်ပြီးဖြစ်နေတော့၏။ တစ်ဖက်သောသူများသည်သာ ထွက်မပြေးပါက ကျိန်းသေပေါက် သူသည် ထပ်မံကာ သတ်ဖြတ်နိုင်မည်မှာ သေချာ၏။
“ပြီးတော့ သူက လက်ကြီးသီးသန့်ပဲ တိုက်ခိုက်နေတာလေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။ “တကယ်လို့ ဟောခန်းသခင်ကျိကိုသာ နတ်ဘုရားလက်နက်တစ်ခုခု တပ်ဆင်ပေးထားလိုက်မယ်ဆိုရင် သူက ရှိရှိသမျှ အရာအားလုံးကို သတ်ဖြတ်ပစ်နိုင်မှာ သေချာတယ်”
“မီးတောက်မုန်တိုင်း”
နဂါးလေး၏ ကလေးကဲ့သို့ အော်သံသည် ထွက်ပေါ်လာခဲ့တော့သည်။ ကောင်းကင်၏ အလယ်တွင်တော့ ခရမ်းရောင်မီးတောက်များ ဖြစ်ပေါ်လာခဲ့ပြီးသည့်နောက် ဆယ်မိုင် အကွာအဝေးအတွင်း အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့၏။
တစ်ဖက်မှ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် အလွန်ကောင်းမွန်လှသည့် အကာအကွယ်များကို ပိုင်ဆိုင်ကြသည် ဆိုသော်လည်း အဆုံးမဲ့သော စွမ်းအင်များ၏ အောက်မှာတော့ မည်သို့မှ မတတ်နိုင်ကြချေ။ ၎င်းတို့၏ အနက်ရောင်တောက်နေသော မျက်လုံးများသည် မှေးမှိန်သွားပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ကြသည်။
ဘုန်း ဘုန်း
တခြားတစ်ဖက်မှာတော့ ၎င်းတို့ ဝတ်ဆင်ထားသော ချပ်ဝတ်များသည် ကောင်းကင်ယံထက်ဆီမှ အောက်သို့ ကျဆင်းလာခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည် ရင်နာသလို ခံစားနေမိ၏။ ဤအရာများသည် တိုက်ခိုက်ပွဲပြီးနောက် ရရှိမည့်အရာများဟု သုံးသပ်၍ ရသည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ နဂါးလေး၏ မီးတောက်အောက်တွင် အရည်ေ“ကြောက်စရာပဲ၊ ဘယ်လို မွန်းစတားတွေပါလိမ့်”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဘယ်လိုဂြိုဟ်မျိုးမို့လဲ”
များပြားလှသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ဤအရာကို သေချာကြည့်ရှုပြီးသည့်နောက် ဂိုဏ်းချုပ်ကျွင်းတို့၏ ဂြိုဟ်သည် မည်မျှကြောက်မက်ဖွယ်ရာများနှင့် ဖွဲ့စည်းထားသည် ဖြစ်ကြောင်းကို ဆက်လက်ကာ စဉ်းစားနေမိတော့သည်။ အတိုင်းအတာတိုအတွင်း ဤကဲ့သို့ များပြားလှသော ပါရမီရှင်များကို မွေးထုတ်နိုင်ဖို့ ဆိုသည်မှာ ကျိန်းသေပေါက် သာမန်လောကတစ်ခု ဖြစ်ပုံမပေါ်ပေ။
……………………
ပြိုင်စံရှားဂိုဏ်းသည် ၎င်းတို့၏ အလုပ်ကို အကောင်းဆုံးပြုလုပ်ပေးပြီးသည့်နောက် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို သတ်ဖြတ်လျက် ရှိနေကြ၏။ ထို့ကြောင့် အလယ်ပိုင်းဒေသ၏ စောင့်ကြည့်ရေးမျှော်စင်ပေါ်မှာတော့ မြေစိတ်ဝိညာဉ်ပစ္စည်းပေါ်ရှိ အချိန်ကာလသည်လည်း တဖြည်းဖြည်းနှင့် ယုတ်လျော့လာခဲ့၏။
ထိပ်တန်းအကြီးအကဲနှင့် တခြားသူများ အားလုံးတို့သည် အားပြတ်စွာဖြင့် နံရံကိုမှီလျက် ရှိနေကြေတော့သည်။ ရက်အနည်းငယ်အတွင်း ငါးနှစ်ဆိုသော အချိန်ကာလသည် ကုန်ဆုံးတော့မှာဖြစ်ပြီး ဤအရာသည် မတရားဆန်းကြယ်လွန်းနေသည်။
“ခေါင်းဆောင်”
အကြီးအကဲသည် ဝမ်းနည်းစွာဖြင့် ပြောလိုက်မိ၏။ “အထက်နယ်မြေက ကျုပ်တို့ သေဖို့အတွက် မစောင့်စေချင်တော့ဘူးနဲ့တူတယ်၊ ကျုပ်တို့ တစ်စုံတစ်ယောက်ကိုများ အပြစ်ပြုခဲ့မိသေးလား၊ ဒါကြောင့်မို့လို့ ဒီလို့ရက်ရက်စက်စက် အပြစ်ပေးခံရတာများလား”
အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ အထဲသို့ ဝင်ရောက်ရမည့်ရက်သည် တစ်ရာနှစ်ဆယ့်ငါးရက်ဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ နှလုံးသားများ အားလုံးသည်လည်း အေးစက်လျက်ရှိနေကြ၏။ ပထမတုန်းက နှစ်နှစ်နီးပါး လိုအပ်နေသေး၏။ သို့ပေမဲ့ နှစ်နာရီနီးပါးအတွင်းမှာပဲ တစ်ရာနှစ်ဆယ့်ငါးရက်ဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ဤကဲ့သို့ ပြောင်းလဲမှုသည် ၎င်းတို့အားလုံးအား သွေးပွက်ပွက် အန်စေသည်အထိ ခံစားရစေတော့သည်။ သူတို့သည် တစ်စုံတစ်ယောက်ကို အပြစ်ပြုမိခဲ့ခြင်းပင် ဖြစ်ရမည်။ ဤအရာမှာ ကျိန်းသေ၏။
“ဘာ… ဂြိုဟ်တိုက်ပွဲတည်နေရာထဲကိုဝင်ဖို့ လေးလပဲ ကျန်တော့တယ် ဟုတ်လား” ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ အဓိက ဂိုဏ်းများနှင့် မိသားစုကြီးများ အားလုံးသည် ထိုသတင်းကို သိရှိလိုက်ရသည့်အချိန်မှာတော့ အလုံးစုံဆွံအလျက် ရှိနေကြ၏။
“ယွမ်သခင်လေး”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ခြံဝန်းထဲမှာတော့ နောက်လိုက်တစ်ယောက်သည် ပျော်ရွှင်စွာဖြင့် သတင်းပေးပို့လိုက်သည်။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ဝင်ရမယ့်ရက်က နှစ်နှစ်ကနေပြီးတော့ ရက်တစ်ရာနီးပါး လောက်အထိကို ယုတ်လျော့သွားတယ်တဲ့”
“ဒါက သတင်းကောင်းပဲ” ယွမ်သခင်လေး၏ မျက်လုံးများသည် လင်းလက်သွားသည်။ သူ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပေါ်ပေါ်တင်တင်ဖြင့် ထွက်ပေါ်လာရခြင်း၏ ရည်ရွယ်ချက်သည် ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးအကြောင်းကို ကြားသိ၍ဖြစ်ပြီး သူ့အနေနှင့် ဤကဲ့သို့ ပြဿနာတက်နေသည့် အခြေအနေကို အခွင့်ကောင်းယူနိုင်မည်ဟု သတ်မှတ်မိသည်။
ထိုကဲ့သို့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်ရမည့်အချိန်တွင် စွမ်းအားမြင့် ကျင့်ကြံသူများသည် နည်းပါးနေလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် စွမ်းအားမြင့် ကျင့်ကြံသူများသည် ကုန်းမြေတိုက်ကြီး၏ လုံခြုံရေးကို ဂရုစိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့သောအချိန်တွင် သူသည် အလုံးစုံလက်စားချေခြင်းကို ပြုမူနိုင်ပေလိမ့်မည်။
ယခု ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်ရမည့်အချိန်သည် နည်းပါးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အကောင်းဆုံးစွမ်းအားပြရမည့်အချိန်ကို ရောက်ရှိလာပြီဟု တွေးကာ ပျော်နေမိ၏။
“အမိန့်ပေးလိုက်တော့၊ တခြားဂိုဏ်းခွဲတွေ အကုန်လုံးကို အလျင်စလို မလုပ်နဲ့အုံးလို့” နှစ်ပေါင်းထောင်ကျော် စောင့်ပြီးသည့်နောက်မှာတော့ နှစ်တစ်ရာလောက် စောင့်ရသည်မှာ ကိစ္စကြီး မဟုတ်တော့ချေ။ ၎င်းတို့အနေနှင့် အကြီးကျယ်ဆုံး တိုက်ခိုက်ပွဲများကို မပြုလုပ်ခင်တွင် အားအင်များကို မွေးထားရမှာ ဖြစ်တော့သည်။
“အခွင့်အရေးဆိုတာ တစ်သက်မှာ တစ်ခါပဲလာတာ”
ယွမ်သခင်လေးက ပြောလိုက်သည်။ “နတ်ဆိုးဂိုဏ်း ပြန်လည်ရှင်သန်လာဖို့ မျှော်လင့်ချက်ပဲ၊ ဒါက”
……………….
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ် အပြင်ဘက်မှာတော့ ပျက်စီးနေသော ချပ်ဝတ်များသည် မြေပေါ်တွင် ပျံ့နှံ့လျက်ရှိ၏။ တချို့သောခေါင်းစွပ်များသည် ဓား သို့မဟုတ် လှံများဖြင့် ထိုးနှက်ခြင်းကို ခံထားရပြီး အားလုံးသည် ၎င်းတို့၏ အကျိုးသက်ရောက်မှုများ ကုန်ဆုံးသွားခဲ့၏။ သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အလျက် ရှိနေကြ၏။ ၎င်းတို့သည် တည်နေရာထဲတွင် အေးခဲလျက် ရှိနေကြ၏။ မျက်လုံးများတွင်တော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ နှစ်နာရီ မကြာခင်မှာပဲ တိုက်ခိုက်ရေး စိတ်ဝိညာဉ် နှစ်ရာငါးဆယ်ငါးကောင်တို့သည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ တိုက်ခိုက်သုတ်သင်ခြင်းကို ခံခဲ့ရတော့သည်။ ခေါင်းဆောင်ဖြစ်သော ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးပင် မလှုပ်ရှားခဲ့ချေ။ ဤအမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းနေ၏။
ပင်လယ်ပြာနန်းတော်သခင်၏ နှုတ်ခမ်းများသည် ကြမ်းကြမ်းတမ်းတမ်း တုန်ယင်နေ၏။ ဤတစ်ကြိမ်တွင် သူသည် လူပေါင်းများစွာကို ခေါ်ဆောင်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းတစ်ယောက် သတ်ဖြတ်ခံရသည် ကို အားရပါးရ ကြည့်ရှုရန် ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ သူသည်သာလျှင် ထိတ်လန့်အံ့ဩစွာ ကျန်ရှိနေတော့သည်။
“နေအုံး”
ရုတ်တရက် ဟုန်ရောင်သည် တစ်စုံတစ်ခုကို သတိရလိုက်မိ၏။ သူ၏ နောက်လိုက်များကို မြန်မြန်ဆန်ဆန် အချက်ပြလိုက်မိသည်။ “ငါတို့ ခံတပ်ဆီကို ပြန်ရအောင်”
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် များပြားလှသော ထိခိုက်မှုများ ဖြစ်ပေါ်လိမ့်မည်ဟု သူတွေးထားမိ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ လာရောက်တိုက်ခိုက်ကြသည့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသာ အဆုံးသတ် သွားခဲ့ကြသည်။ ထိုသို့ဆိုလျှင် သူနှင့် ဤနေရာတွင် ရှိနေသော နောက်လိုက်များသည် မည်သို့ ဖြစ်သွားနိုင်သနည်း။
ဝှစ် ဝှစ်
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် နန်းတော်သခင်၏ အချက်ပြမှုကို ရရှိပြီးသည့်နောက်မှာတော့ သူတို့သည် ခံတပ်ဆီသို့ တတ်နိုင်သမျှ အမြန်ဆုံးပျံသန်းကြတော့သည်။
လင်းယွမ်ကုန်းမြေတိုက်၊ အင်ပါယာဓားကုန်းမြေတိုက်များသည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိကြ၏။ ထို့ကြောင့် သူတို့သည် ချက်ချင်းပဲ အပြင်ဘက်သို့ ထွက်ခွာ၍ ကိုယ့်နေရာဆီကိုယ်ပြန်ရန် စဉ်းစားလိုက်မိကြသည်။ သို့ပေမဲ့ ၎င်းတို့၏ ခန္ဓာကိုယ်ထဲရှိ ချီများကို အသက်သွင်း၍ လှုပ်ရှားရန် ပြင်ဆင်လိုက်သည့်အချိန်မှာပဲ လောကကြီးတွင် ရှိနေသော စွမ်းအင်များသည် ၎င်းတို့ တည်နေရာကြီးကို ဖုံးလွှမ်းသွားပြီးသည့်နောက်မှာတော့ မိုးကြိုးအစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို အံအားသင့်ဖွယ် တွေ့လိုက်ရ၏။
ဟား ဟား ဟား ဟား
ခပ်ဝေးဝေးရှိ တောင်ကုန်းတစ်ခုပေါ်မှာတော့ ကျန်းတယ်ကျွင်းသည် ၎င်း၏မျက်နှာကို အုပ်ကာကာဖြင့် ထူးဆန်းစွာ ရယ်မောနေ၏။
“မင်းတို့က ဒီကို ပွဲကြည့်ဖို့ လာခဲ့ကြတာ မဟုတ်လား၊ ဒါကြောင့် တစ်ယောက်ယောက်က ကြိတ်ပြီး အစီအရင်တွေ ဖန်တီးခဲ့တာတောင် သတိမပြုမိခဲ့ဖူးပေါ့”
ဟား ဟား ဟား ဟား
ရွှီ ရွှီ
ကြီးမားလှသော တည်နေရာကြီးသည် မိုးကြိုးအစီအရင်၏ အုပ်ဆိုင်းခြင်းကို ခံနေရ၏။ တဖြတ်ဖြတ်ပြေးလျက်ရှိသော အလင်း အတားအဆီးကြီးသည် တစ်စုံတစ်ယောက်၏ နှလုံးသားကို ထိတ်လန့်ခြောက်ခြားစေသည်အထိ ဖြစ်စေခဲ့သည်။
အထဲဝင် ပိတ်မိလျက်ရှိသော ဟုန်ရောင်နှင့် တခြားသူများ အားလုံးတို့၏ မျက်နှာအမူအရာများသည် ပျက်ယွင်းသွားခဲ့ကြ၏။ “မဟုတ်တော့ဘူး”
“အားလုံးပဲ”
အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ၎င်း၏ လက်ထဲတွင် အသင့်ပြင်ဆင်ထားပြီးသော စပီကာနှင့် မိုက်ကို ကိုင်ဆောင်ကာဖြင့် ပြောလိုက်တော့သည်။ “ဒီလောကကြီးမှာ အလကားရတယ်ဆိုတာ ဘာမှ မရှိဘူး၊ အဝေးကလာပြီးတော့ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်း တိုက်ခိုက်တာကို လာပြီးကြည့်ကြသေးတယ်၊ ပြီးတော့ ပိုက်ဆံမပေးဘဲ ထွက်သွားချင်တာလား”