← Chapters

အခန်း (၉၆၇)

Vol. 65 Ch. 967

အခန်း (၉၆၇)

Vol. 65 Ch. 967

ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ခံတပ်ဆီသို့ ရောက်ရှိလာခဲ့သော သိုင်းကျင့်ကြံသူများသည် အနည်းဆုံး တစ်သောင်းနီးပါးခန့်ရှိ၏။ ထိုထဲတွင် ကိုးဆယ်ရာခိုင်နှုန်းတို့သည် ၎င်းတို့အား အမြဲ နှိပ်စက်တိုက်ခိုက်တတ်သည့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူများသေဆုံးသည်ကို အားရပါးရ လာရောက်ကြည့်ရှုရန် ရောက်ရှိလာသည့် သူများဖြစ်ကြောင်း သိသာလှသည်။

အထူးသဖြင့် ထိုသူများထဲတွင် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကဲ့သို့ ၎င်းတို့နှင့်ရန်ငြိုးရှိနေသည့် ဂြိုဟ်ကြီးမှ သိုင်းကျင့်ကြံသူများလည်း ရောက်ရှိလို့နေသေး၏။

“ကြည့်”

သူလုပ်သည်မှာ မှန်ကန်ပေသည်။

သူ၏ ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံးသည် အလုံးစုံအားအင်များကို ထုတ်ဖော်ကာ တိုက်ခိုက်ခြင်းကို ပြုမူနေရ၏။ ထိုသို့သောအခြေအနေမျိုးကို လာရောက်ကြည့်ရှုပြီးသည့်နောက်မှာတော့ ဤအတိုင်း ထွက်ခွာသွားရန် သင့်တော်သည်လား။ အနည်းဆုံးတစ်စုံတစ်ခုတော့ ပြန်လည်ပေးဆပ်ခဲ့မှဖြစ်ပေလိမ့်မည်။ ပွဲကြီးပွဲကောင်း ကြည့်ရှုချင်သည် ဆိုလျှင် အနည်းဆုံးတော့ ပွဲကြည့်ခ ပေးသင့်သည် မဟုတ်လား။

ကံကောင်းစွာဖြင့် ကုန်းရှန့်သည် အမြင်စူးရှသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အကြီးအကဲကျန့်အား အစီအရင်များကို ကြိုတင်စီရင်ခိုင်းနေခြင်းပင်ဖြစ်တော့သည်။ မဟုတ်ပါက ထိုသူများအားလုံးသည် ပွဲပြီးသည့်နှင့် တစ်ပြိုင်နက် ထွက်ပြေးသွားကြမှာသေချာ၏။ ထိုအချင်းအရာကို သူကောင်းကောင်း သိရှိလို့နေသည်။

ဝှစ် ဝှစ်

ခရမ်းရောင်ဘုရင်နှင့်တင်းရှင်းဝမ်တို့သည် ပျံသန်းရောက်ရှိလာပြီးသည့်နောက်မှာတော့ အစီအရင်၏ အပြင်ဘက်ရှိ လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းတို့သည် ၎င်းတို့၏ အော်ရာများကို ထုတ်ဖော်ကာဖြင့် တည်နေရာတစ်ခုလုံး ကို လွှမ်းခြုံထားခဲ့ပြီး ဒုတိယမြောက် အတားအဆီးအကာအကွယ်ကြီးတစ်ခုအဖြစ် ဖန်တီးထား ခဲ့ကြ၏။

အရှေ့တွင် မိုးကြိုးအစီအရင်တစ်ခု တည်ရှိလို့နေပြီး အနောက်တွင်တော့ မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများ၏ အော်ရာအစီအရင်သည် တည်ရှိနေခဲ့တော့၏။ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက် ဆီမှ သိုင်းကျင့်ကြံသူများသည် ချက်ချင်းဘဲ တည်နေရာလေးတစ်ခုစီသို့ ကြုံ့ကာ နေလိုက်ကြ၏။

လာရောက်ကြည့်ရှုကြသည့်လူများထဲတွင် ၎င်းတို့သည် အနည်းငယ်လူများသည်ဟုဆိုရမည်။ ဟုန်ရောင်၏ အမူအရာ သည် ပိုမို၍ ပျက်ယွင်းသွားခဲ့ကြ၏။ ၎င်းအနေနှင့် ခံတပ်ထဲတွင် အေးအေးဆေးဆေး ရေနွေးကြမ်းသောက်၍ ရနေသည် မဟုတ်လား။ အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိလာ၍ ပွဲကြည့်ရှုရန် စီစဉ်ခဲ့လေသနည်း။ လက်ရှိမှာတော့ ၎င်းတို့အားလုံးသည် ဝိုင်းရံဖမ်းဆီးခြင်းကို ခံထားရပြီဖြစ်သည်။

ဤနေရာမှ အတင်းလွတ်မြောက်ရန် ထွက်ပြေးသွားမည်ဆိုလျှင်တောင်မှ ကြီးမားသည့်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာမှာ သေချာတော့သည်။ လင်းယွမ်ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများနှင့် အင်ပါယာဓားကုန်းမြေတိုက်မှ ကျွမ်းကျင်သူများသည် ဤနေရာဆီသို့ အပျော်သဘောဖြင့် လာရောက်ကြည့်ရှုမိသည်ကို နောင်တရ လျက်ရှိနေသေး၏။ မဟုတ်ပါက ဤကဲ့သို့ အခြေအနေမျိုးနှင့် အဆုံးသတ်လိမ့်မည်မဟုတ်ချေ။

အချက်အလက်အားဖြင့် ဘုံကိုးပါးကုန်းမြေတိုက်ဆီမှ မိုရှန်ရှမ်းသည် အလွန်တရာပါးနပ်လှသူတစ်ယောက်ဖြစ်သည်။ သူသည် အစမှ အဆုံးထိ သူ၏ ခံတပ်ထဲတွင်သာ ထိုင်လျက်ရှိပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အခြေအနေကို သတင်းသာ နားစွင့်နေခဲ့၏။

“ကျွင်းချောင်ရှောင်း”

ဟုန်ရောင်သည် အေးစက်သည့်မျက်နှာပေးဖြင့် ပြောလိုက်၏။ “ဒါဘာကို ဆိုလိုတာလဲ။”

တစ်ခြားသောဂြိုဟ်များမှ သိုင်းကျင့်ကြံသူများသည် သူ့ကို လှမ်း၍ ကြည့်ရှုလိုက်ကြ၏။ အခြေအနေသည် အန္တရာယ်များလှသည်ဆိုသော်လည်း သူ့အနေနှင့် ဟန်ကိုယ့်ဖို့ ပြောဆိုမှ ဖြစ်ပေလိမ့်မည်။

ဘုန်း

ထိုအချိန်မှာတော့ မိုးကြိုးအစီအရင်တစ်ခုသည် တိုက်ရိုက်ပဲ ပေါက်ကွဲသွားခဲ့တော့သည်။ ချက်ချင်းပဲ တည်နေရာ ပတ်ဝန်းကျင်တွင် ရှိနေသော အရာဝတ္ထုအပိုင်းအစများအားလုံးသည် အပိုင်းပိုင်းဖြစ်တည်ကုန်ပြီး ကြမ်းတမ်းလွန်းလှ သော မိုးကြိုးဓာတ်သဘာဝများအားလုံးသည် ပျံ့နှံ့လွှမ်းခြုံသွားခဲ့၏။

ကျန်းတယ်ကျွင်းသည် မိုးကြိုးအစီအရင်၏ အမျိုးအစားအသစ်တစ်ခုအား ဖောက်ခွဲပစ်လိုက်ခြင်းပင်ဖြစ်တော့သည်။ ဤအရာသည် အထဲတွင်ရှိနေသောလူများကို သက်ရောက်မှုမရှိလှသော တည်နေရာတစ်ခုဖြစ်သည်ဆိုသော်လည်း ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးသည် တုန်ခါသွားခဲ့တော့သည်။

“အားလုံးပဲ။”

ကျွင်းချောင်ရှောင်းက တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်၏။ “ကျုပ်ကို ပိုက်ဆံပေးမှာလား။ မပေးဘူးလားဆိုတာ ခင်ဗျားတို့သဘောပဲ။ ပြိုင်စံရှားဂိုဏ်းက ခင်ဗျားတို့ကို အတင်းကြီး ဖိအားပေးနေမှာမဟုတ်ဘူး။”

စနစ် “….…”

ကျန်းတယ်ကျွင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် ကြောက်လန့်သွားစေရန် မိုးကြိုးအစီအရင်အား ဖောက်ခွဲပစ်ခဲ့၏။ လက်ခံသူသည် ထိုအရာကို အရှက်မဲ့စွာဖြင့် တွန်းအားမပေးဟု ဆိုနေပြန်သည်။

သောက်ကျိုးနဲလှချေသည်တကား။

မူလအားဖြင့် တင်းခံရန်ကြိုးစားနေကြသော ဟုန်ရောင် နှင့် တစ်ခြားသူများ၏ အမူအရာသည် ပြောင်းလဲသွားခဲ့ကြ သည်။ ၎င်းတို့သည် အသစ်ဖန်တီးထားသော မိုးကြိုးအစီအရင်ကြီး၏ စွမ်းအားကို မြင်လိုက်ရသည့်အချိန်မှာတော့ အလုံးစုံ ထိတ်လန့်နေမိကြ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ်လို့ ပွဲကြည့်မယ်ဆိုရင် ခင်ဗျားတို့လက်မှတ်ဝယ်သင့်တယ်လေ။ လက်မှတ်ဖိုးပေးပြီးပြီဆိုရင်တော့ လုံလုံခြုံခြုံ နဲ့ပြန်ပြီးထွက်ခွာသွားလို့ရပြီ။”

လက်ရှိအခြေအနေမှာတော့ ၎င်း၏ ခံတပ်ကြီးသည် အတိုင်းအတာတစ်ခုအထိ ပိုမိုကာ ကျယ်ပြန့်လာခဲ့ပြီးဖြစ်၏။ ထို့ကြောင့် လူများစွာကို ထပ်မံ၍ အလုပ်ရှုပ်ခံကာ မသတ်ဖြတ်ချင်တော့ပေ။ လက်ရှိသူသည် ဤကျင့်ကြံသူများအားလုံးကို ဝိုင်းပတ်၍ ဖမ်းဆီးထားခဲ့သည်မှာ ငွေညှစ်ချင်၍ ဖြစ်ပေတော့၏။

“ဂိုဏ်းချုပ်ကျွင်း”

ဂိုဏ်းတစ်ခု၏ အကြီးအကဲတစ်ယောက်သည် ရှေ့ကို လှမ်းထွက်လာပြီးတော့ ပြောလိုက်တော့သည်။ “ဘယ်လောက်ပေးရမှာလဲ။”

“လူတစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်”

အရိုးသားဆုံးပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ ဈေးနှုန်းသည် ဈေးမကြီးလှပေ။ သို့ပေမဲ့ ဤနေရာတွင် ရှိနေသည်မှာ သိုင်းကျင့်ကြံသူ နှစ်ရာနီးပါးခန့်ရှိနေ၏။ ထို့ကြောင့် ရရှိမည့်ပမာဏမှာ မနည်းလှချေ။

“ကောင်းပြီ။”

ခနလောက်စဉ်းစားပြီးသည့်နောက်မှာတော့ ထိုအကြီးအကဲသည် အံ့ကိုကြိတ်ကာဖြင့် ပြောလိုက်၏။ “ကျုပ်တို့က ပေးမယ်။”

အဝါရောင်ကျင့်ကြံသူများအတွက် အသက်တစ်သက်လျှင် စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင် ကုန်ဆုံးမည် ဖြစ်သည်။ ဤအရာသည် ထိုက်တန်သည့် ဈေးနှုန်းဟုဆိုရမည်။

ဆွစ်

ထိုသူသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ် တစ်ဒါဇင်ခန့်ကို လှမ်း၍ ပစ်ပေးလိုက်တော့ သည်။

“စုစုပေါင်း ကျုပ်တို့ကုန်းမြေတိုက်ကြီးဆီက လူ ၂၂၀ ရှိတယ်။ ဒီတော့ ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံး ၂၂၀၀၀၀။ ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါအုံး။”

ကျွင်းချောင်ရှောင်းသည် ထိုအရာများကို လှမ်း၍ ယူပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်ထဲသို့ အာရုံခံကာ စစ်ဆေးကြည့်လိုက်၏။ အထဲတွင် သူတို့၏ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးထက် ပိုမို၍ အားကောင်းလှသော စိတ်ဝိညာဉ်အမျိုးအစားကျောက်တုံးများကို မြင်ရသည့်အချိန်မှာတော့ ပြုံးကာပြောလိုက်၏။

“ကောင်းပါပြီ။ ခင်ဗျားတို့ လုံလုံခြုံခြုံနဲ့ထွက်ခွာသွားလို့ရပါပြီ။”

“နှုတ်ဆက်ပါတယ်။”

ထိုစွမ်းအားမြင့်ကျင့်ကြံသူသည် လက်သီးကိုဆုပ်ကာဖြင့် နောက်လိုက်နောက်ပါ ၂၀၀ ကျော်တို့ကို ခေါ်ဆောင်ကာ မိုးကြိုးအစီအရင်ထဲမှ ထွက်ခွာသွားခဲ့တော့သည်။

ခရမ်းရောင်ဘုရင်နှင့် အဘိုးကြီးတင်းတို့သည် ထိုသူများထွက်ခွာသွားသည်ကို မမြင်ချင်ယောင်ဆောင်ထားကြ၏။

“ဂိုဏ်းချုပ်ကျွင်း”

မိုးကြိုးအစီအရင်ထဲမှ ထွက်ခွာသွားပြီးသည့်နောက်မှာ ထိုစွမ်းအားမြင့်ကျင့်ကြံသူသည် အသံပို့လွှတ်လိုက်ကြသည်။ “သဘောတူညီမှုဖြစ်ပြီနော်။ ကျုပ်ရဲ့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်ဝက်ကို ပြန်ပေးရမယ်။”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “စိတ်မပူနဲ့။ ကျုပ်က ကတိစကားကို တည်တဲ့လူတစ်ယောက်ပဲ။”

သူသည် အစောကြီးထဲက တစ်စုံတစ်ယောက်ကို ဟန်ပြပိုက်ဆံပေးစေရန် ညှိနှိုင်းခဲ့ခြင်းပင် ဖြစ်တော့၏။ ထိုအကျိုး သက်ရောက်မှုသည် အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းမွန်လွန်းလှ၏။

“ဂိုဏ်းချုပ်ကျွင်း”

စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် စဦးပြောဆိုလိုက်တော့၏။ “ကျုပ်တို့ဘယ်လောက်ပေးရမလဲ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးနဲ့ ရန်ငြိုးမရှိတဲ့ ဂြိုဟ်က လူတွေအကုန်လုံး လူတစ်ယောက်ကို သဘာဝစိတ်ဝိညာဉ် ကျောက်တုံး ၁၀၀၀ ပဲ။”

“ရော့ ဒီမှာ”

စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီးသည့်နောက်မှာတော့ သဘာဝစိတ် ဝိညာဉ်ကျောက်တုံးများကို ပေးအပ်လိုက်တော့၏။ တစ်ခြားသောဂြိုဟ်မှ သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအချင်း အရာကို မြင်လိုက်သည့်အချိန်မှာတော့ ၎င်းတို့၏ စိတ်ထဲတွင်ရှိနေသော ခေါင်းမာမှုများအားလုံးသည် ပျောက်ကွယ် သွားခဲ့ကြ၏။ ထို့ကြောင့် လိမ်လိမ်မာမာနှင့်ပဲ ၎င်းတို့ သိမ်းဆည်းထားသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ဖော်ကာ ပေးလိုက်ကြတော့၏။ အဓိကအားဖြင့် ၎င်းတို့သည် အားမကုန်ခမ်း ချင်ပေ။

ထို့ကြောင့် ဘေးအန္တရာယ်ကပ်ဘေးကြီးကို ရှောင်လွှဲရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရမည် ဆိုလျှင်တောင် ထိုက်တန်သည်ဟု ဆိုရမည်။

ကုန်းရှန့်သည် လူများဆီမှ မည်ကဲ့သို့ ငွေညှစ်ရမည်ဆိုသည်နှင့်ပတ်သက်၍ အလွန်ကျွမ်းကျင်နေပြီဖြစ်၏။ ထို့ကြောင့် တစ်ခြားသူများတတ်နိုင်မည့် ဈေးနှုန်းများကိုသာ သူသတ်မှတ်ပေးခဲ့ခြင်းပင် ဖြစ်၏။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်၊ လင်းယွမ်ကုန်းမြေတိုက်နှင့် အခြားသောကုန်းမြေတိုက်များသည် စကားမဆိုကြပေ။ ၎င်းတို့အနေဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ရန်ငြိုးအနည်းငယ် ရှိလို့နေသည်။ ၎င်းတို့၏ ကပ်ဘေးကြီးကို ရှောင်လွှဲနိုင်ရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုမည်ဆိုပါက ပိုမိုများပြား သည့်အရာများကို ပေးရတော့မှာသေချာသည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ဟုန်ရောင်နှင့်တစ်ခြားသောသူများကို ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ကတော့ ကျုပ်နဲ့ ရန်ငြိုးနည်းနည်းနက်ရှိုင်းတယ်။ ဒီတော့ တစ်ယောက်ကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပဲ။”

ထင်မှတ်ထားသည့်အတိုင်းပဲ ဂိုဏ်းချုပ်ကျွင်းသည် ဆယ်ဆပိုမိုများပြားသော ပမာဏကို တောင်းဆိုလျက်ရှိနေသည်။

“ကျွင်းချောင်ရှောင်း”

ဟုန်ရောင်၏ မျက်နှာသည် နီရဲကာဒေါသတကြီးဖြင့် ပြောလိုက်တော့၏။ “အရမ်းကြီးလွန်မလာနဲ့။”

သူ့အနေနှင့် လူကြောက်တစ်ယောက်ဟု သတ်မှတ်မခံချင်ပေ။ ထို့အပြင် တစ်ဖက်လူသည် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကိုတောင် တောင်းဆိုလျက်ရှိနေ၏။ ထိုအရာကို သူမပေးနိုင်ပေ။

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားက ကျွမ်းကျင်သူတွေ အကုန်လုံးကို ခေါ်လာတယ်လေ။ သူတို့ရဲ့ အသက်တွေအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ဆိုတာက ထိုက်တန်ပါတယ်။”

“………” ဟုန်ရောင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးဆီမှ ရောက်ရှိလာသော လူများသည် များများစားစားမဟုတ်ပေ။ ၂၀ နှင့် ၃၀ နီးပါးသာရှိ၏။ သို့ပေမဲ့ ထိုသူများအားလုံးသည် ပင်လယ်ပြာနန်းတော်ဆီမှ အဆင့်မြင့်အကြီးအကဲများပင် ဖြစ်ကြ၏။ တစ်စုံတစ်ခုသာဖြစ်မည်ဆိုပါက သူ၏ ဂိုဏ်း၏အခြေခံတစ်ခုလုံးသည် ပျက်စီးယိုယွင်းသွားမှာ သေချာတော့သည်။

မူလအားဖြင့် သူသည် လူပေါင်းများစွာကို ခေါ်ဆောင်လာခဲ့ပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အခြေအနေကို ရယ်မောဖို့ရာ လာခဲ့ခြင်း ဖြစ်သည်။

မဖြစ်သေးပေ။ သူ့အနေနှင့် တောင့်ခံထားရမည်။ တစ်ခြားသောဂြိုဟ်တွေနှင့် ပူးပေါင်းပြီး သေသည်အထိ တိုက်ခိုက် နိုင်မည်ဆိုလျှင်လည်း မဆိုလှချေ။

“ဂိုဏ်းချုပ်ကျွင်း”

သူစဉ်းစားနေတုန်းမှာဘဲ ရုတ်တရက် လင်းယွမ်ကုန်းမြေတိုက်ဆီမှ စွမ်းအားမြင့်ကျင့်ကြံသူသည် လှမ်း၍ ပြောလိုက် ၏။ “ကျုပ်ပေးပါမယ်။”

“ဝေါ့” ဟုန်ရောင်သည် သွေးပင် အန်ထွက်လာခဲ့၏။

အင်ပါယာဓားကုန်းမြေတိုက်ကလည်း ပူးပေါင်းပါဝင်ခဲ့တော့သည်။ ထိုထဲမှ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က လှမ်း၍ ပြောလိုက်သည်။ “ကျုပ်တို့လည်းပေးမယ်။”

“……..”

ဟုန်ရောင်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ခက်ခက်ခဲခဲပြောလိုက်တော့သည်။

“ရော့”

ရန်ငြိုးရှိသော ဂြိုဟ်အနည်းငယ်တို့သည် အဆတစ်ရာပိုမိုများပြားသော စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ကာ ပေးနေတော့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် မတူညီသည့် နာမည်အမျိုးမျိုးနှင့် စိတ်ဝိညာဉ် ကျောက်တုံး ၁.၅ သန်းလောက် ရရှိလာခဲ့သည်။

ဤအရာမှာ မဆိုးလှချေ။ ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ သဘောကျနှစ်ခြိုက်နေပြီဖြစ်တော့၏။ ၎င်းတို့ဆီမှ ရရှိ ထားသော စိတ်ဝိညာဉ်ကျောက်တုံးများ၏ စွမ်းအင်များသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သဘာဝစိတ်ဝိညာဉ် ကျောက်တုံးထက် ၂ဆလောက် ပိုမိုကာ အားကောင်းလွန်းလှ၏။

သေချာစဉ်းစားကြည့်မည်ဆိုလျှင် နတ်ဆိုးအင်ပါယာဂိတ်တံခါးဂိုဏ်း၏ ယွမ်သခင်လေးသည် ဂိုဏ်းချုပ်ကျွင်းကို ဖိတ်ခေါ်၍ သူနှင့် အတူ အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့ဖူး၏။ ဂိုဏ်းချုပ်ကျွင်း ဆိုသည့်သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကိုမဆိုနှင့် တစ်ခြားသော ဂြိုဟ်အသီးသီးဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများဆီကပင် ငွေညှစ်လျက်ရှိနေသေး၏။ အမှန်တကယ်သာ ပူူူပေါင်းနိုင်မည် ဆိုလျှင် အလွန်ကောင်းမွန်သည့် အရာပင် ဖြစ်ပေလိမ့်မည်။ ယွမ်သခင်လေးသည် အမှန်ပင် အမျှော်အမြင်ကြီးမားလှသည်။

“အားလုံးပဲ။”

စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်ပြီးသည့်နောက် မတူညီသည့် ဂြိုဟ်အသီးသီးဆီမှ သိုင်းကျင့်ကြံသူများ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် သူ၏ စပီကာနှင့်မိုက်ကြီးကို အသာကောက်ယူ ကာဖြင့် ပြောလိုက်၏။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးက နောက်တစ်ချိန် ခင်ဗျားတို့ လာရောက်တာကို ကြိုဆိုပါတယ်။ တကယ့်ကို လေးလေးနက်နက်နဲ့ ကြိုဆိုပါတယ်။”

ချီးတဲ့မှ …. ဘာကိုကြိုဆိုတာလဲ။ မလာတော့ဘူး။

အားလုံးသည် စိတ်ထဲမှာ ကြိတ်ကာ ကျိန်ဆဲမိ၏။

တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ၏ အပြစ်ပေးမှုပြီးဆုံးသွားခဲ့ပြီ။

လီထျန်းထျန်းနှင့် အခြားသောသူများအားလုံးသည် လှိုင်းအဆောင်သက်တမ်းကုန်ဆုံးသွားပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတော့၏။ ၎င်းတို့သည် ထိုအစစ်အမှန်လေ့ကျင့်မှုဆီမှ များပြားလှသည့် အတွေ့အကြုံများကို ရရှိခဲ့ကြ၏။ ထိုအရာသည် ပိုက်ဆံနှင့်ဝယ်ယူ၍ မရနိုင်သော အတွေ့အကြုံများ ပင် ဖြစ်တော့၏။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်၏။

“တည်နေရာခံတပ်ကြီးက တော်တော်ကြီးကို ကျယ်ပြန့်သွားပြီ။ ရွာအဆင့်နီးပါးလောက်တောင် ရောက်လာပြီ။”

မီတာအနည်းငယ် ပိုမိုကာ ကျယ်ပြန့်သွားခဲ့သော တည်နေရာခံတပ်ကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ဖြစ်မိနေတော့၏။

…

“အဖေ ဘာလို့ရောက်လာတာလဲ။”

“ဟုန်လင် ဘာမှ မဟုတ်ပါဘူး။ လာတွေ့တာ။ သမီးကို လာတွေ့တာလေ။”

“အဖေ စိတ်ထဲမှာတစ်စုံတစ်ခုဖြစ်နေလို့လား။”

“မဖြစ်ပါဘူး။”

မူချန်းဟုန်သည် သူ၏ အသုဘအတွက် ကြိုတင်ပြင်ဆင်စရာရှိသည်များကို ပြုလုပ်ချင်မိ၏။ သို့ပေမဲ့ သူ့သမီး၏ ပြုံးရွှင်နေသည့် မျက်နှာကို မြင်ရသည့်အချိန်မှာတော့ ထိုစကားများကို ပြောဆိုရန်အင်အားမရှိတော့ချေ။ သူ့အတွက် သူ့သမီးဝမ်းနည်းသွားမည်ကို စိုးရွံ့နေမိသည်။

“အဖေ”

မူဟုန်လင်က အသာပြောလိုက်မိ၏။ “ဂိုဏ်းချုပ်က ကျွန်မတို့ကို လေ့ကျင့်ဖို့အတွက် ခေါ်သွားတာလေ။ အဲမှာ အရမ်းကို အားကောင်းလွန်းတဲ့ စိတ်ဝိညာဉ် သားရဲတွေရှိနေတယ်။ တိုက်ခိုက်ရတာ ပျော်စရာကြီး။”

ပြိုင်စံရှားဂိုဏ်း၏ တပည့်အနေနှင့် လျှို့ဝှက်ထားသင့်သည့်အရာများရှိနေ၏။ ထို့ကြောင့် သူမသည် ဖြစ်သမျှ အကြောင်းနှင့် ဂြိုဟ်တိုက်ပွဲကြီးအကြောင်းအား သူမ၏အဖေအား ပြန်၍ မပြောခဲ့ချေ။ ထိုအစားကြမ်းတမ်းလှသည့် စိတ်ဝိညာဉ်သားရဲများဟုသာ ပြောဆိုခဲ့ခြင်းဖြစ်တော့၏။

“ဪ ဟုတ်လား။”

မူချန်းဟုန်သည်ပြန်လည်ပြောဆိုလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည်နှလုံးသားထဲတွင် နာကျင်စွာ ခံစားနေရ၏။ အဲဒီ စိတ်ဝိညာဉ်သားရဲတွေ ဘယ်လောက် အားကောင်း အားကောင်း ဂြိုဟ်တိုက်ပွဲထဲမှာရှိတဲ့ အဝါရောင်အဆင့် ကျင့်ကြံသူတွေလောက်တော့ ဘယ်လိုလုပ်အားကောင်းနေမှာလဲ။

All Chapters