အခန်း (၉၆၈)
Vol. 65 Ch. 968
တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးခံတပ်ကို မည်သည့်ထိခိုက်မှုကိုမျှ မဖြစ် နိုင်စေခဲ့ရုံသာမက ကျွင်းချောင်ရှောင်းတို့အား သိုင်းတိုက်ခိုက်ခြင်းအတွေ့အကြုံများ၊ တာဝန်များနှင့် စိတ်ဝိညာဉ် ကျောက်တုံးများကို ပေးစွမ်းလျက်ရှိနေသည်။
ဤအရာသည် အလွန်ပင်အံ့အားသင့်စရာကောင်းနေ၏။
“အတွေ့အကြုံ အဆောင် ၂ ခု၊ ဒါပေမဲ့ ဒါကအသုံးမဝင်ဘူး။”
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ရင်းနှင့် မျက်မှောင်ကုတ်လျက်ရှိနေ၏။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအားလုံးကို သုတ်သင်ရှင်းလင်းပြီးသည့်နောက်မှာတော့ သီးခြားတာဝန်သည် ပြည့်စုံသွားခဲ့၏။
ထို့ကြောင့် သူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀ နှင့် အတွေ့အကြုံအဆောင် ၂ ခုကို ရရှိခဲ့၏။ ဂိုဏ်းဆောင်းမှတ်များမှာ အကန့်အသတ်မရှိချေ။များများစားစားရလေ ကောင်းလေဖြစ်သည်။ သို့ပေမဲ့ အတွေ့အကြုံ အဆောင်မှာတော့ မည်သည့် တိုးတက်မှုကိုမျှ မဖြစ်စေနိုင်ခဲ့ချေ။
ဤအရာသည် ကုန်းရှန့်အား အလွန်အမင်းစိတ်ဓာတ်ကျဆင်းစေ၏။ ဤတစ်ကြိမ်မှာတော့ သူသည် အလွန်အားကောင်းလွန်းလှသော လက်နက်များ၊ ဆေးလုံးများ၊ အဆောင်ဖော်မြူလာများနှင့် တစ်ခြား ဆန်းကြယ်လှသောပစ္စည်းများကို ရရှိရန် စိတ်အားထက်သန်နေမိ၏။
“ပစ္စည်းတစ်ခုခုရတာပဲ ကံကောင်းနေပြီလေ။ မင်းကတဖြည်းဖြည်းနဲ့မောက်မာနေပြီ။” စနစ်က စောဒကတက်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် စနစ်ကို လစ်လျူရှုထား၏။ ပြီးသည့်နောက်မှာ တော့ သူသည် အတွေ့အကြုံအဆောင် ၂ ခုအား တစ်ခုပြီးတစ်ခု အသုံးပြုလိုက်၏။
ထင်မှတ်ထားသည့်အတိုင်းပင် သူ၏ အားအင်အဆင့်များသည် တိုးတက်လာခဲ့သည်ဆိုသော်လည်း အလုံးစုံသော စွမ်းအင်အရဆိုလျှင် သိပ်၍ မသိသာလှချေ။ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူအဆင့်နှင့် သီးခြားအဆင့်များဟူ၍ မရှိချေ။ ထို့ကြောင့်မည်သည့်အချိန်တွင် သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ် ရောက်ရှိမည်ကို သူမသေချာလှပေ။
ဒင်
သီးခြားတာဝန်အသက်ဝင်
ထိုအချိန်မှာတော့ စနစ်၏ သတိပေးအသံသည် သူ၏နားထဲသို့ တိုးဝင်လာခဲ့၏။ ကျွင်းချောင်ရှောင်းက အံ့အားသင့်မိသွား၏။ “ထပ်ပြီးလာပြန်ပြီလား။”
သူသည် အသာဖွင့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ် ၂၅၅ ကောင်တို့အား သတ်ဖြတ်ပစ်ရန် အထူးတာဝန်ဆို၍ ပေါ်နေလေ၏။ တာဝန်သည် ပြီးဆုံးခဲ့လေသည်မဟုတ်လား။ အဘယ့်ကြောင့် ထပ်မံ၍ ပေါ်ပေါက်လာရသနည်း။ စနစ်သည် တစ်ခုခုလွဲမှားနေခြင်းသာဖြစ်နေသည်လား။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသံပို့လွှတ်လိုက်တော့၏။ “တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေအများကြီးက ခံတပ်ရဲ့ အပြင်ဘက်မှာ ပေါ်လာတယ်။”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်ထဲသို့ ဝင်ရောက် လိုက်သည့်အချိန်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ရာချီတို့ကို မြင်လိုက်ရတော့၏။ ထိုသူတို့သည် မနေ့ကအတိုင်းပင် တူညီသည့်အားအင်အဆင့်နှင့် တူညီသည့် လူစာရင်းအတိုင်းပင် ရှိနေတော့သည်။ ထို့ကြောင့် သူသည် အားရပါးရနှင့်ပြောလိုက်မိ၏။ “အတွေ့အကြုံအဆောင်တွေလာပေးပြီ။”
ဤတစ်ကြိမ်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များအားလုံးသည် ပေါ်ပေါက်လာသည်နှင့် ကောင်းကင် ပေါ်တွင် ကျယ်လောင်လှသော အသံကြီးထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် တခြားသောကုန်းမြေတိုက်ကြီး ဆီမှ လူများသည် မသိရှိကြချေ။
ဟုတ်ပေသည်။ သိရှိကြသည်ဆိုလျှင်တောင်မှ သူတို့သည် လာရောက်ရဲလိမ့်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤပွဲကို ကြည့်ရှုရန်အတွက် ပွဲကြည့်လက်မှတ်သည် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ တောင် ကျသင့်သည်။ အလွန်ဈေးကြီးလွန်းအားကြီး၏။
“လီထျန်းထျန်း နဲ့ တစ်ခြားသူတွေကို ခေါ်လိုက်တော့။” ကျွင်းချောင်ရှောင်းကပြောလိုက်သည်။
“ကောင်းပါပြီ။”
လီချင်းယန်သည် အလောတကြီးနှင့် ထွက်ခွာသွားခဲ့၏။ မကြာခင်မှာပဲ လီထျန်းထျန်း၊ မူဟုန်လင်နှင့် တစ်ခြားသောသူများအားလုံးသည် ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ကျန်းယန်ဝတ်စုံနှင့် စတီး အတောင်ပံများကို ဝတ်ဆင်ထားကြသည်။
တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် တူညီသည့်အဆင့်နှင့် တူညီသည့်လူအရေအတွက်ရှိသည်ကို မြင်လိုက်ရသည့်အချိန်မှာတော့ အားလုံးတို့၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။
မနေ့တုန်းက တိုက်ခိုက်ခဲ့သော တိုက်ပွဲသည် ၎င်းတို့အား အကျိုးကျေးဇူးများ ရရှိစေခဲ့၏။ ၎င်းတို့သည် မိမိတို့၏ ကုန်းမြေတိုက်ကြီးဆီသို့ပြန်လာပြီးသည့်နောက်မှာတော့ အလွန်တရာနက်နဲလှသောနားလည်မှုများကို ရရှိခဲ့ပေ သည်။ ယခု ထပ်မံ၍ တိုက်ခိုက်ရမည်ဆိုလျှင် သူတို့အနေနှင့် သိုင်းအုပ်စိုးသူအဆင့်ကို လွယ်လွယ်ကူကူ နှင့်ချိုးဖြတ်နိုင်တော့မှာ သေချာသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းတို့စိတ်လိုလက်ရ တိုက်ခိုက်ကြတော့။”
ရွှီ
ရွှီ
တပည့်များနှင့်အကြီးအကဲများအားလုံးသည် အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားခဲ့ပြီးသည့်နောက်မှာတော့ နောက်ထပ်ကြမ်းတမ်းလှသော တိုက်ပွဲတစ်ခု စတင်ကာဖြစ်တည်ခဲ့တော့၏။ ဤဖြစ်စဉ်အခြေ အနေအား အသေးစိတ်ပြောပြနေစရာမလိုတော့ချေ။
တပည့်များအားလုံးသည် မနေ့က တိုက်ပွဲတုန်းက အတွေ့အကြုံများကို ရရှိခဲ့ပြီးပြီဖြစ်တာကြောင့် ယနေ့ တိုက်ခိုက်ပွဲတွင် ပိုမိုမြန်ဆန်စွာ တိုက်ခိုက်လာနိုင်ခဲ့ကြ၏။
လီထျန်းထျန်း၊ တစ်ခြားသူများကို မဆိုနှင့်။ ခရမ်းရောင်ဘုရင်နှင့် လီချင်းယန်တို့သည်ပင် အတွေ့အကြုံ များ ရရှိနေကြတော့၏။
ဟူး ဟူး
ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်အပြင်ဘက်တွင် ပြန့်နှံ့လျက်ရှိနေ၏။
တိုက်ခိုက်ရေးစိတ်ဝိညာဉ်များကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး ၏ တည်နေရာခံတပ်သည် တဖြည်းဖြည်းနှင့် ပိုမိုကာ ချဲ့ထွင်လာခဲ့တော့ သည်။ ရွာတစ်ခု အဆင့် တည်နေရာအဖြစ်သို့ ရောက်ရှိရန် ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။
စောင့်ကြည့်ရေးမျှော်စင်ထဲတွင်ရှိသော မြေစိတ်ဝိညာဉ်ပစ္စည်းမှာတော့ ပြိုင်စံရှားဂိုဏ်းသားများသည် ၎င်း၏ ပြိုင်ဘက်များကို အနိုင်ယူတိုက်ခိုက်လိုက်သည့်အချိန်တိုင်း ထိုပစ္စည်းအချိန်ကာလသည် တဖြည်းဖြည်းနှင့် တိုတောင်းလာခဲ့သည်။ ၁၂၅ ရက်မှသည် ၁၀၀ ရက်ဆီသို့ တိုးတက်သွား၏။
ပထမဦးဆုံး တိုက်ပွဲတွင် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ သေဆုံးပြီးတိုင်း သေဆုံးပြီးတိုင်း တဖြည်းဖြည်းနှင့် အချိန်သည် လျော့ကျလာခဲ့တော့၏။ ဤကဲ့သို့ အထဲသို့ ဝင်ရမည့်အချိန် လျော့ကျလာမှုသည် တစ်ခြားသော ဂြိုဟ်များအတွက် နှေးကွေးလွန်းလှသည်ဟု တွက်မည်ဆိုသော်လည်း ကြယ်ကြွေကုန်းမြေတိုက် ကြီးတွင်ရှိသော လူများအတွက်မူ အလွန်ဆိုးရွားသည့်အခြေအနေတစ်ခုသို့ ရောက်ရှိရန်အတွက် တဖြည်းဖြည်း နီးကပ်လာခြင်းဖြစ်သည်ဟု တွေးနေကြသည်။
ဒင်
“သီးခြားတာဝန်ပြည့်စုံပြီ။”
“ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ ရရှိပါသည်။”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် ၃၉၀၀၀/၇၀၀၀၀”
ဒင်
“လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် အတွေ့အကြုံအဆောင် ၁ ခု ကို ရရှိသည်။”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “တာဝန်ကလည်းအတူတူပဲ။ ဘာလို့ ဆုလာဘ်ကျမှ တစ်ဝက်လျော့သွားရတာလဲ။”
“ဘာလို့လဲ ဆိုတော့ ဒီတာဝန်က ထပ်နေလို့လေ။” စနစ်က ရှင်းပြလိုက်၏။
…
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားသည်ဆိုသော်လည်း အလကားရသည့်အရာအတွက် ဂျေးများ မနေတော့ချေ။ သူသည် သူ၏ တပည့်များ၏ တိုက်ခိုက်ရေးအတွေ့အကြုံ ပိုမိုတိုးတက်စေသည့်အရာကို စဉ်းစားမိလိုက်သည့်အချိန်မှာတော့ အကြိမ်တစ်သောင်းလောက် ထပ်မံ၍ ဤတာဝန်ကို ထမ်းဆောင်ရ မည်ဆိုလျှင်လည်း ငြိုငြင်လိမ့်မည် မဟုတ်ချေ။
နောက်တစ်ရက်မှာတော့ သီးခြားတာဝန်သည် ထပ်မံကာ ဖြစ်ပေါ်လာခဲ့၏။ တိုက်ခိုက်ရေးဝိညာဉ်များသည် ထပ်မံ၍ ရောက်ရှိလာခဲ့ကြ၏။ တူညီသည့် လူစာရင်း၊ တူညီသည့်အားအင်အဆင့်ကို မြင်ရသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် မတ်မတ်ရပ်၍ အတွေးနက်နေမိတော့သည်။ ငါက အရမ်းချောလို့များလား။ ဒါကြောင့် အထက်နယ်မြေက လူတွေက နေ့စဉ်နေ့တိုင်း အတွေ့အကြုံ အဆောင်တွေ ရအောင်လို့ လာလာပြီးတော့ ပို့ပေးနေတာနဲ့တူတယ်။
စနစ်သည် ဆွံ့အသွားမိ၏။
ကျွင်းချောင်ရှောင်းသည် ဆေးပြင်းလိပ်ကို မီးညှိပြီးသည့်နောက်မှာတော့ အသာရှိုက်လိုက်၏။ “ငါချောတယ် ဆိုတဲ့သတင်းဟာ ဘယ်လိုလုပ် ပျံ့နှံ့သွားတာလဲ။”
စနစ်သည် အလုံးစုံ ဆွံ့အနေမိသည်။ နေ့စဉ်နေ့တိုင်း အတွေ့အကြုံအဆောင်များ လာရောက်ပေးနေ သည်ဆိုမှတော့ သူသည် ကျိန်းသေပေါက်လက်ခံရပေလိမ့်မည်။ ထို့ကြောင့် ရက်အနည်းငယ်အတွင်းမှာဘဲ လီထျန်းထျန်းနှင့် တစ်ခြားသောသူများအားလုံးသည် လှိုင်းအဆောင်များကို ချိုးခြေပြီးသည့်နောက်မှာတော့ အထဲဆီသို့ ဝင်ရောက်တိုက်ခိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်၍ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲကို ဝင်ကာ ၎င်းတို့၏ အတွေ့အကြုံများကို နားလည်မှုရရှိအောင် ကြိုးစားကြတော့၏။
ဟုတ်ပေသည်။ သီးခြားတာဝန်သည် ဆက်တိုက်ဖြစ်တည်နေသော်လည်း ဆုလာဘ်အပိုင်းတွင်တော့ လျော့ကျလာခဲ့၏။ တတိယအကြိမ်တွင် ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀ သာ ရရှိခဲ့၏။ စတုတ္ထအကြိမ်တွင် ၂၅၀၀ သာရရှိ၏။ ပဉ္စမအကြိမ်တွင် ၁၂၅၀ သာ ရရှိခဲ့တော့သည်။ ထို့အပြင် အတွေ့အကြုံအဆောင်သည်လည်း တစ်ခုတည်းသာ ရရှိတော့၏။ ခြောက်ကြိမ်မြောက်မှာတော့ ဘာမှ မရရှိတော့ချေ။
ခံတပ်၏ အပြင်ဘက်တွင် ပေါ်ပေါက်လာသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည်လည်း ထုံးစံအတိုင်း ရောက်ရှိလာကြပြီဖြစ်သော်လည်း သီးခြားတာဝန်တောင်မှ ထပ်မံ၍ မပေါ်ပေါက်တော့ချေ။
တပည့်များသည် ခံတပ်၏ အပြင်ဘက်တွင် ရူးရူးမူးမူး တိုက်ခိုက်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ မူလအားဖြင့် ဂိုဏ်းစုဆောင်းမှတ် ၁၉၀၀၀ ရှိနေရာမှ ၅၇၇၅၀ ထိ တိုးတက်ရောက်ရှိသွားခဲ့ပြီဖြစ်၏။
သူသည် ချက်ချင်းပင် ပြုံးလိုက်မိတော့သည်။ “ငါ ရှောင်ကျီအတွက် သီးသန့်နတ်ဘုရားလက်နက်တစ်ခုခုကို ဝယ်ဖို့စဉ်းစားရမယ်။”
သူသည် နတ်ဘုရားလက်နက်ခန်းမဆောင်ကို ဖွင့်၍ သေသေချာချာ ရှာဖွေလိုက်တော့၏။ မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် နတ်ဘုရားအိမ်မက်ဆိုသည့်အရာအား မြင်လိုက်ရ၏။ ပြီးသည့်နောက်မှာတော့ သူသည် အလုံးစုံ အံ့အားသင့်မိနေ၏။
“ဒါကယောင်းမကြီးပါလား။”
သူသည် အသေးစိတ်ကို လှည့်ကာ ကြည့်ရှုလိုက်သည်။
နတ်ဘုရားလက်နက် - နတ်ဘုရားအိမ်မက်
အဆင့် - စဦး နတ်ဘုရားအဆင့်။
အခြေအနေ - အသုံးပြုသူသည် လင်းယွမ်ခန်းမဆောင်မှ တပည့်ဖြစ်ရမည်။
မှတ်ချက် - ဤပစ္စည်းသည် ချက်ပြုတ်ရန်အတွက်သာ အသုံးပြု၏။ တိုက်ခိုက်ရာတွင် အကျိုး သက်ရောက်မှုမရှိချေ။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀။
မှတ်ချက်ကို မြင်ရပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “နတ်ဘုရားလက်နက်ခန်းမဆောင်ထဲမှာ ဟင်းချက်လို့ရတဲ့ပစ္စည်းတွေရှိနေလိမ့်မယ်လို့ ငါမထင်မိဘူး။ တကယ့်ကို အံ့အားသင့်စရာပဲ။”
စနစ်ကပြောလိုက်သည်။ “လက်ခံသူအနေနှင့် ဒယ်အိုးကြီးတစ်အိုးလောက် မရတာ ကံကောင်းတယ် လို့ပြောရမယ်။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် အောက်ဘက်ရှိနေရာတစ်ခုဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။ “ဒါက ဒယ်အိုးကြီးမဟုတ်ဘူးလား။
“ချီးတဲ့မှ”
စနစ်သည် ရုတ်တရက် နင့်ခနဲဖြစ်သွား၏။ “တကယ့်ဒယ်အိုးကြီးရှိနေတာပဲ။”
ဤအိုး၏ နာမည်သည် တိမ်လေဟုခေါ်၍ အသုံးပြုသူသည် လင်းယွမ်ခန်းမဆောင်မှ တပည့်တစ်ယောက် ဖြစ်ရမည်ဖြစ်၏။ သို့ပေမဲ့ ဤအရာသည် ချက်ပြုတ်ရန်အတွက် အသုံးပြုသည့်အရာမဟုတ်ပေ။ အကာ အကွယ်နတ်ဘုရားလက်နက်တစ်မျိုးသာ ဖြစ်တော့သည်။
“ကောင်မလေးက ဂိုဏ်းရဲ့တပည့်တွေ နေ့စဉ်နေ့တိုင်း စားသုံးဖို့အတွက် အစားအစာတွေ ချက်ပြုတ်ရင်း အလုပ်များနေတယ်။ ဒီတော့ ချက်ပြုတ်ဖို့အတွက် သူမကို ယောင်းမတစ်ခုလောက် ဝယ်ပေးရမယ်။” ကျွင်းချောင်ရှောင်းက ဆုံးဖြတ်လိုက်သည်။
ဒင်
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ အားအသုံးပြု၍ နတ်ဘုရားအိမ်မက်ယောင်းမအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပေးလိုက်ပါပြီ။”
ဒင်
“ဂိုဏ်းစုဆောင်မှတ် ၄၇၇၅၀/၇၀၀၀၀”
နတ်ဘုရားအိမ်မက် ယောင်းမသည် သာမန်ယောင်းမများထက် ပို၍ အနည်းငယ်ကြီးမား၏။ ကြီးမားသော အိုးကြီးထဲတွင် ထည့်၍ မွှေရန် လိုက်ဖက်ညီလွန်းလှသည်။ အရောင်သည် နက်ရွှေရောင်ဖြစ်နေ သည်။ ကြည့်ရှုလိုက်သည်နှင့် အဆင့်အတန်းမြင့်မားလှသည့် ယောင်းမတစ်ခုဖြစ်ကြောင်း သိရှိနိုင်၏။
ကျွင်းချောင်ရှောင်သည် လင်းယွမ်ခန်းမဆောင်၏ တပည့်များအတွက် သင့်တော်သည့် လက်နက်များကို ထပ်မံကာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက်မှာတော့ အကာအကွယ် နတ်ဘုရားလက်နက်မျိုးကို ထပ်၍ ရှာမတွေ့တော့ချေ။ ထို့ကြောင့် တိမ်လေဟုခေါ်သော လက်နက်ကိုသာ သူဝယ်ယူလိုက်တော့၏။
“ငါဒါကို ရှောင်ကျီအတွက် ဝယ်ရမယ်။”
ဒင်
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ အားအသုံးပြု၍ တိမ်လေအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။”
ဒင်
ဂိုဏ်းစုဆောင်မှတ် ၃၇၇၅၀/၇၀၀၀၀
အချိန်အတိုင်းအတာအတိုအတွင်း ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀ အားအသုံးပြုခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ သူသည် ရင်နာမှုကို မခံစားရချေ။ ထို့အပြင် သီးခြားတာဝန်များသည် သူ့အတွက် ဂိုဏ်းစုဆောင်းမှတ်များ အများကြီး ပေးစွမ်းထားသည်မဟုတ်လား။
တိမ်လေသည် ကြီးမားလှသည့် ဒယ်အိုးကြီးတစ်ခုဖြစ်သည်။ အရောင်အဆင်းသည် နတ်ဘုရားအိမ်မက် ကဲ့သို့ပင် နတ်ရွှေရောင်တောက်ပလျက်ရှိနေတော့၏။ ထိုအိုးကြီး၏ အောက်ခြေတွင်တော့ သူရဲကောင်း ဆိုသည့် စကားလုံးကို ရေးထိုးထားခဲ့၏။
ကျွင်းချောင်ရှောင်းသည် ငိုရမလား၊ ရယ်ရမလားပင်မသိတော့ချေ။
“ငါ့ရဲ့တပည့်ကတော့ တကယ်မလွယ်ဘူး။ ဒါကြီးနဲ့တိုက်ခိုက်ရမယ်ဆိုရင်”
…
တိုက်ခိုက်ရေးဝိညာဉ်များသည် နောက်တစ်ကြိမ်သေဆုံးသွားခဲ့ကြပြီဖြစ်၏။ လီထျန်းထျန်းနှင့် တစ်ခြားသူ များအားလုံးသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်၍ ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည်ကာ သုံးသပ် နေကြ၏။
ကျွင်းချောင်ရှောင်းသည် အတွင်းစည်းတပည့်များအားလုံးကို ခံတပ်၏ အဓိကတောင်ထွတ်ပေါ်သို့ ခေါ်ယူပြီးသည့်နောက်မှာတော့ ကြေညာလိုက်တော့သည်။
“လက်ရှိ ဒီအတောအတွင်း ရှောင်ကျီ၏ လုပ်ဆောင်မှုတွေက အရမ်းကို အားကောင်းတယ်။ ဒီတော့ ငါသူ့ကို နတ်ဘုရားလက်နက်တစ်ခုပေးရမယ်။”
ရှောင်ကျီသည် ပျော်ရွှင်သွားမိ၏။
ရီရှင်းချန်နှင့် ဟယ်ဝူတီတို့၏ မျက်လုံးများတွင် မနာလိုမှုများနှင့် ပြည့်နှက်သွားခဲ့သည်။
ဤကာလအတောအတွင်း သူတို့သည် ခံတပ်၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကာ ကူညီပေးခဲ့ကြ၏။ ဤအရာကို ဂိုဏ်းချုပ်သည်လည်း ကောင်းကောင်းမြင်နေ၏။ အချိန်ရောက်လာသည်ဆိုပါက သူတို့အား နတ်ဘုရားလက်နက်တစ်ခု ကျိန်းသေပေါက် ပေးမှာသေချာ၏။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ရှေ့ကို နည်းနည်းတက်ခဲ့။”
ရှောင်ကျီသည် ရှေ့ကို လှမ်းတက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တောင်ထွတ်ကြီးတစ်ခုအလား မားမားမတ်မတ်နှင့် ရပ်လျက်ရှိ၏။
ဂိုဏ်းချုပ်သည် ဒုတိယစီနီယာအစ်ကိုအား မိုးကြိုးဓားလက်နက်ကို ပေးစွမ်းခဲ့၏။ ဤအရာသည် နတ်ဘုရားလက်နက်လည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ၏ နတ်ဘုရားလက်နက်သည်လည်း ကျိန်းသေပေါက် အားနည်းလိမ့်မည်မဟုတ်ချေ။
ဆွစ်
ကျွင်းချောင်ရှောင်းသည် လက်ကိုရမ်းခါပြီးသည့်နောက်မှာတော့ လေထုထဲတွင် ကြီးမားလှသည့် ဒယ်အိုးကြီးတစ်ခုပေါ်ပေါက်လာခဲ့၏။
ရှောင်ကျီသည် ထိုအရာကို လှမ်းဖမ်းလိုက်ပြီးသည့်နောက်မှာတော့ ရုတ်တရက် ကြောင်တောင်တောင်နှင့် ဖြစ်မိနေသည်။
ဂိုဏ်းချုပ်သည် သူ့အား ဓားတစ်လက် ပေးသည်မဟုတ်ဘဲ အိုးကြီးတစ်လုံးပေးတာဖြစ်ကြောင်း သိရှိလိုက်ရ၏။
လီချင်းယန်နှင့် အခြားသောသူများအားလုံးသည်လည်း ဆွံ့အသွားမိသည်။
“ဒါက”
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက်မှာတော့ အဓိကတောင်ထွတ်ပေါ်ရှိ အားလုံးသည် သံပြိုင်ဆိုသလိုဘဲ အော်ဟစ်လိုက်မိကြ၏။ “ဒယ်အိုးကြီးဟ။”