← Chapters

ဆက်စောင့်ကြည့်ခြင်း

Vol. 009 Ch. 873

ဆက်စောင့်ကြည့်ခြင်း

Vol. 009 Ch. 873

ရှီမာယူယူသည် သတင်းပေးရန်မုန့်ဆန်းချွယ်ကို သွားရှာခဲ့သည်။ သို့သော် သူ၏တုန့်ပြန်မှုမှာ အံ့သြစရာပင်။

မုန့်ဆန်းချွယ် ပြောလိုက်သည် “အခုကစပြီး ရှောင်ချီ့ကို သူမဘာသာ တစ်ယောက်တည်း သွားခွင့်မပြုတာကောင်းမယ်”

ဆိုလိုတာက သူက ဂိုဏ်းနယ်မြေမှာ တစ်ယောက်ယောက်ပုန်းနေတယ် ဆိုတာ သူသိပြီးသားပေါ့။

သို့သော် သူမ အမေးကိုပင် သူမစောင့်ပဲ လက်ရမ်းကာ ပြောလိုက် သည် “မင်း မနက်ဖြန်ပြိုင်ပွဲအတွက် ပြန်သွားပြီးပြင်ဆင်သင့်တယ်၊ ငါ မင်းကို အများကြီးမျှော်လင့်ထားတယ်၊ မှတ်ထားပါ ရှောင်ချီ့ကိုတစ်ယောက်တည်း မသွားစေနဲ့”

“သိပါပြီ” ရှီမာယူယူ ခေါင်းညိမ့်ကာ ထွက်လာလိုက်သည်။

“ဘယ်လိုလဲ” ရှောင်ချီသည် သူမကိုရုံးခန်းအောက်တွင် စောင့်နေကာ သူမ ထွက်လာသည်ကိုမြင်သည်နှင့် မျှော်လင့်တကြီးမေးလေသည်။

သူမသည် ရှောင်ချီ့ကိုခေါ်မသွားရခြင်းမှာ သူ့ကိုမြင်သည်နှင့် ရိုက်မည် ကိုစိုးသောကြောင့်ပင်။

“ဂိုဏ်းက အစကတည်းကသိပြီးသားထင်တယ်၊ သူတို့ မလှုပ်ရှားသေး တာပဲရှိတာ၊ သူတို့ တစ်ခုခုကိုစောင့်နေတာဖြစ်မယ်” ရှီမာယူယူ ပြောလိုက် သည် “မင်း တောင်ရဲ့အနောက်ဘက်ကို တစ်ယောက်တည်းမသွားနဲ့လို့ ဒါရိုက်တာမုန့်က မှာလိုက်တယ်၊ ဂိုဏ်းမြေထဲမှာ မင်းတစ်ယောက်ထဲ လျှောက်မသွားတာ ပိုကောင်းမယ်”

“ဒါဆို သူတို့က ရှောင်ချီ့ကြောင့် ဒီကိုလာကြတာပေါ့” ဝမ်စီမြောင် ပြော လိုက်သည်။

“ခင်ဗျားလည်းသိတာလား” ရှီမာယူယူသည် သတိချပ်ထားကာ သူ့ကို ကြည့်လိုက်သည်။

“စိတ်အေးအေးထား” ဝမ်စီမြောင် ပြောလိုက်သည် “ငါ ဘာလှုပ်ရှားမှုမှ လုပ်မထားဘူး”

“ဘာလှုပ်ရှားမှုမှမလုပ်ဘူး ဟုတ်လား” ရှီမာယူယူသည် သူ့ကိုကြည့် လိုက်သည်။ သူသာ ရှောင်ချီ့ကိုဇာတ်လမ်းဆင်ရဲပါက ဘာလုပ်ရမည်ကို သူမ သေချာစဉ်းစားရတော့မည်။

“ဟုတ်တယ်” ဝမ်စီမြောင်သည် သူမ၏ တည်ငြိမ်မှုကိုကြည့်ပြီး “ရှောင်ချီက ကမ္ဘာမြေကြီးမျက်လုံးဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ငါဒီသတင်းကို ဘယ်သူ့ကိုမှာ ပြောဖို့အစီအစဉ်မရှိခဲ့ဘူး၊ ငါကိုယ်တိုင်လည်း ဖမ်းဖို့အစီအစဉ် မရှိဘူး ပြီးတော့ ငါ့မှာလည်း အဲလိုလုပ်နိုင်စွမ်းမရှိဘူး”

“ဘယ်လိုသိသွားတာလဲ”

“ရှောင်ချီ့ရဲ့စွမ်းရည်က လူသားရဲ့လုပ်နိုင်စွမ်းထက်သာလွန်နေတယ်၊ ဒါကိုက ပုံမှန်မဟုတ်ဘူး၊ ရှောင်ချီက ငယ်ငယ်ကတည်းက အရမ်း အားကောင်းတယ်၊ အဲဒါကြောင့် အဲတုန်းကတည်းက ငါတို့သံသယဝင်နေပြီ” ဝမ်စီမြောင် ပြောလိုက်သည် “အဲတုန်းက ရှောင်ချီ့ကို အသွင်ပြောင်းထားတဲ့ မိစ္ဆာလို့ထင်နေကြတာ၊ ဒါပေမဲ့ ငါတို့ဆရာတွေကိုမေးကြည့်တော့ ဂိုဏ်းမှာက အသွင်ပြောင်းမိစ္ဆာတစ်ကောင်မှမရှိဘူးလို့ပြောကြတယ်၊ အဲတုန်းက ရှောင်ချီ က ကမ္ဘာမြေကြီးမျက်လုံးဆိုတာကို ငါတို့ခန့်မှန်းခဲ့ကြတယ်”

ရှီမာယူယူသည် သူပြောတာမှန်လားမမှန်လားဆိုသည်ကို တွက်ချက် ရင်း သူ့ကိုကြည့်လိုက်သည်။

“နောက်တော့ ရှောင်ချီနဲ့ငါက နည်းနည်းအပြန်အလှန်အတုန့်အပြန် လေးတွေရှိခဲ့ပေမယ့် အဲဒါကိုအများကြီးမစဉ်းစားခဲ့ဘူး၊ နောက်မှ သူမရဲ့ ဆင့်ကဲဖြစ်စဉ်ကိုတွေ့လိုက်တော့ သူမရဲ့ သရုပ်မှန်ကို ပိုထင်ရှားသွားတယ်” ဝမ်စီမြောင် ပြောလိုက်သည် “ဒါပေမဲ့ ငါဘယ်သူ့ကိုမှမပြောဖူးဘူး”

“အဲဒါကြောင့် ခင်ဗျားခန့်မှန်းမိတယ်ဆိုကတည်းက ပန်ကျားနန်လည်း ခန့်မှန်းမိမှာပဲ၊ ဒါမှမဟုတ် ခင်ဗျားတို့တစ်ဖွဲ့လုံးလည်းဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“အဲလိုမဟုတ်ပါဘူး” ဝမ်စီမြောင် ပြောလိုက်သည် “ပန်ကျားနန်သိတယ် ဆိုတာက သူက ရှောင်ချီ့ကိုရဖို့အတွက် ဒီကိုတမင်လာခဲ့တာကြောင့်ပဲ၊ ငါက ရှောင်ချီနဲ့ နည်းနည်းအပြန်အလှန်လေးတွေရှိတော့ ခန့်မှန်းမိတာ၊ အဲဒါ ကြောင့်ပဲ အားလုံးက ဆက်သွယ်မှုတွေမလုပ်ကြတာပဲ၊ တခြားသူတွေက ဒါကို အာရုံမစိုက်ရင်တော့ မသိကြပါဘူး”

“ယူယူ သူက ရှောင်ချီ့ကိုထိခိုက်အောင်မလုပ်ပါဘူး” ရှောင်ချီ ပြောလေ သည်။

သူမသည် ဝမ်စီမြောင်အပေါ် ယုံကြည်ချက်ရှိနေသည်ကို ရှီမာယူယူ မြင်သောအခါ သူ့ကိုအဆိပ်ဖြေဆေးပေးခဲ့သည်ကို သတိသွားရသည်။ ဆိုလို သည်မှာ ရှောင်ချီသည် သူ့ကိုယုံကြည်သည်။

ရှောင်ချီဘာမှမပြောသဖြင့် သူမလည်း မပြောတော့ပေ။ သူမသည် သူ့အပေါ် အနည်းငယ်အာရုံစိုက်ရတော့မည်။

“ဟင်” သူမသည် သတင်းအသစ်သိလိုက်ရသောအခါ သူမ၏ အမူအရာပြောင်းသွားသည်။

“ဘာလဲ ယူယူ” ရှောင်ချီ မေးလိုက်သည်။

ရှီမာယူယူသည် ဝမ်စီမြောင်အားကြည့်ပြီး ပြောလိုက်သည် “ပန်ကျားနန်က အဲဒီဝတ်ရုံလူနဲ့ တွေ့တယ်လို့ နီရဲပျားတွေ သတင်းပို့တယ်”

“သူတို့ဘယ်မှာလဲ” ဝမ်စီမြောင် မေးလိုက်သည်။

“အနောက်ဘက်တောင်မှာ”

ရှီမာယူယူ အနောက်ဘက်တောင်များဆီသို့သွားခဲ့စဉ်က ရှည်လျား ကျယ်ပြန့်သော တောင်များကို တွေ့သောအခါ သက်ပြင်းချမိသည်။ ထို အနောက်ဘက်တောင်များသည် မကောင်းမှုများပြုလုပ်ရာတွင် စံထားရ လောက်သောနေရာဖြစ်သည်။ မကောင်းမှုပြုလုပ်ရန် ထိုနေရာတွင်ပုန်း အောင်းနေသည်မှာ ထို့ထက် အမြော်အမြင်မရှိနိုင်တော့ပေ။

သူမသည် ရှောင်ချီနှင့် ဝမ်စီမြောင်တို့အား တောင်အရှေ့ဘက်သို့ ခေါ် သွားကာ ပြောလိုက်သည် “တစ်ဖက်က အားမကောင်းဘူး ခင်ဗျားရဲ့ ရောင်ဝါ ကိုသိမ်းထားလို့ရမလား”

ဝမ်စီမြောင်ခေါင်းညိမ့်ကာ သိုင်းတစ်ကွက်သုံးလိုက်သည်။ သူ၏ ရောင်ဝါခပ်ဖျော့ဖျော့သည် ချက်ချင်းပင် သိမ်းပြီးသားဖြစ်သွားသည်။ သူမ ရှေ့တွင် သူရပ်မနေပါက သူ့ကိုသတိထားမိတော့မည်မဟုတ်ပေ။

အားကောင်းလိုက်တဲ့ ပုန်းကွယ်သိုင်းပါလား။ သူမသိုင်းထက် ပို၍ အားကောင်းသည်။

သူမသာ ထိုသိုင်းကိုသင်လိုက်ပြီးနောက် သူမ၏ အင်အားစုမှ လူများကို လက်ဆင့်ကမ်းလိုက်ပါက သူမသည် ပိုအားကောင်းလာမည်။

ဒီလူသည် သူမနှင့် သဘောတူညီချက်လုပ်ပါ့မလားဆိုသည်ကို သူမ မသိနိုင်ပေ။

ဝမ်စီမြောင်သည် ရှီမာယူယူ သူ့ကိုစိုက်ကြည့်နေသည်ကို သတိထားမိ ပြီး မကောင်းသောခံစားချက်မြင့်တက်လာသည်။ သူသည် ကြောင်တစ် ကောင်က ချောင်ပိတ်ထားသော ကြွက်ကဲ့သို့ဖြစ်နေသည်။

“ဘာလဲ”

“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူသည် သူ့အားသွားဖြဲပြလိုက်သည် “ခင်ဗျားက ရောင်ဝါကိုသေချာဖျောက်ထားမှတော့ သွားလို့ရပြီလေ”

သူတို့သုံးယောက်သည် ပိုနီးအောင် တိတ်တဆိတ်သွားရာ လျှို့ဝှက် သောနေရာတစ်ခုအရောက်တွင် ပုန်းပြီး ပန်ကျားနန်နှင့် ဝတ်ရုံဝတ်လူတို့ ပြောနေသည်များကို ချောင်းနားထောင်လိုက်သည်။

“ငါပြောတာ မှတ်မိလား” ပန်ကျားနန်ပြောလိုက်သည်။

“မင်းပြောတဲ့လူတွေကို ငါမှတ်ပြီးပြီ၊ ဒါပေမဲ့ ဈေးက…” ဝတ်ရုံဝတ်လူ၏ အသံမှာ ကွဲအက်အက်ဖြစ်သည်။ ထိုအသံသည် သူ၏မူရင်းအသံလား လုပ်ကြံထားသလားဆိုသည်ကို သူတို့မသိကြပေ။

“လူတစ်ယောက်ကို အလယ်အလတ်အဆင့်ကျောက်၁သိန်း” ပန်ကျား နန် ပြောလိုက်သည် “ဒါကသင့်တော်တဲ့ဈေးပဲ”

“အလယ်အလတ်ကျောက်၁သိန်းဟုတ်လား၊ အဲဒါက အဆင်ပြေတယ် ဆိုရုံလောက်ပဲ” အနက်ဝတ်လူသည် ပြန်ဖြေလေသည် “ငါတို့ အရင်စည်းမျဉ်း အတိုင်းသွားရမှာပဲ တစ်ဝက်ပေးပြီး ကျန်တစ်ဝက်ကို သူတို့ခေါင်းမြင်တာနဲ့ ချေရမယ်”

ပန်ကျားနန်သည် ကျောက်ကတ်ကိုထုတ်ကာ သူ့ဆီပစ်ပေးရင်း ပြော လိုက်သည် “မင်း မြန်နိုင်သလောက်မြန်မြန်လုပ်ဖို့ မျှော်လင့်တယ်”

“မင်းမြန်မြန်လုပ်ချင်ရင်တောင် အဲလောက်မြန်ဖို့ကမဖြစ်နိုင်ဘူး၊ ငါတို့ ဂိုဏ်းနယ်မြေမှာ ဘာလှုပ်ရှားမှုမှလုပ်မရဘူး၊ သူတို့အပြင်သွားတာနဲ့ သေချာ စီစဉ်ထားလိုက်မယ်” အနက်ဝတ်လူ ပြောလေသည်။

“ကောင်းပြီ ငါသိပြီ” ပန်ကျားနန် ပြောလိုက်သည် “ပြန်လို့ရပြီ”

သို့သော် အနက်ဝတ်လူသည် မလှုပ်ပေ။

“ဘာဖြစ်လို့လဲ” ပန်ကျားနန်သည် စိတ်မရှည်စွာ ပြောလိုက်သည်။

“အရင်ကအခြေအနေကိုပြောတာ၊ မင်းက ဝမ်စီမြောင်ရဲ့ သရုပ်မှန်ကို ဖွက်ထားတာပဲ” အနက်ဝတ်လူပြောလိုက်သည် “မင်းက သူ့ကိုသတ်ဖို့ အတွက် အချစ်လုဖက်လို့ဆင်ခြေပေးခဲ့တာ၊ ဒါပေမဲ့ အခုငါတို့ကြားတဲ့ သတင်းက အဲလိုမဟုတ်ဘူး”

“ဘာသတင်းလဲ”

“ဝမ်စီမြောင်က ဝမ်မျိုးနွယ်ကပဲ၊ မင်းတို့ပန်မျိုးနွယ်လိုပဲ လွှမ်းမိုးမှုအား ကောင်းတဲ့ မျိုးနွယ်ပဲ၊ မင်းတို့ မျိုးနွယ်နှစ်ခုကြားကို မင်းကပြိုင်ဘက်မဖြစ်ချင် ဘူး၊ ဒါပေမဲ့ မင်းက ငါတို့ကိုတကယ့်အခြေအနေမှန်ကို ဖုံးကွယ်ထားတာပဲ အဲဒါကြောင့် ငါတို့်ရဲဘော်ရဲဘက်တွေ အများကြီးဆုံးရှုံးခဲ့တယ်၊ မင်းငါတို့ကို နစ်နာမှုအတွက် ပြန်ပေးသင့်တယ်မထင်ဘူးလား” အနက်ဝတ်လူပြောလိုက် သည်။

“ဝမ်စီမြောင်ရဲ့ အခြေအနေက သူ့သရုပ်မှန်နဲ့ဘာမှမဆိုင်ဘူးလေ၊ သူ ကံကြမ္မာကန္တာရကနေထွက်မသွားခင် ရှီမာယူယူ သူ့ကိုပေးလိုက်တဲ့ အဆိပ် ကြောင့်ပဲ၊ မင်းလူတွေကျသွားတာက အဆိပ်မိလို့ပဲ သူတို့က ဝမ်စီမြောင် သတ်တာခံလိုက်ရတာ၊ အဲဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး၊ မင်း သူ့ကိုပဲသွားအပြစ်တင်လိုက်” ပန်ကျားနန် ပခုံးတွန့်ကာ စိုးရိမ်မှုမရှိ ပြော လိုက်သည်။

“ရှီမာယူယူ….”

“ဟုတ်တယ် မင်းလူတွေအသတ်ခံရတာ ငါ့ကြောင့်မဟုတ်ဘူး၊ သူက ငါတို့ဘာလုပ်မယ်ဆိုတာ သိနေလို့ပဲ မင်းသူ့ကိုမသတ်ရင် မင်းရဲ့လျှို့ဝှက် ချက်ကို ကိုယ့်ဘာသာထိန်းထားပေတော့” ပန်ကျားနန်ပြောလိုက်သည် “မင်း မသွားရင် ငါသွားမယ်၊ တစ်ယောက်ယောက်က ငါတို့ကိုမြင်သွားရင် ပြဿနာ ဖြစ်မယ်”

ပြောပြီးနောက်တွင် သူပျံသွားရာ အနက်ဝတ်လူ နောက်တွင် ကျန်ခဲ့ လေသည်။

“ဒါက ဂိုဏ်းနယ်မြေမှာပုန်းနေတဲ့ လူသတ်ဂိုဏ်းကလား” ရှီမာယူယူ သည် ဝမ်စီမြောင်အား ပဟေဠိဆန်စွာ ကြည့်လိုက်သည်။

ဝမ်စီမြောင် ခေါင်းရမ်းလိုက်သည် “ငါလည်းမသိဘူး၊ ဒါကိုပထမဆုံး ကြားဖူးတာပဲ”

“အဲလူကထွက်သွားပြီ ငါတို့ဘာလုပ်ကြမလဲ” ရှောင်ချီသည် ရှီမာယူယူ ၏ အင်္ကျိလက်ကိုဆွဲပြီးပြောလေသည်။

“ဘာလုပ်ရမှာလဲ သူ့ကိုဖမ်းပြီးတော့ စကားပြောရမှာပေါ့” ရှီမာယူယူူ ပြောပြီးနောက်တွင် ပုန်းနေရာမှပျံထွက်လိုက်သည်။

***

All Chapters