တခြားသူတစ်ယောက်၏ ရင်ခွင်ထဲတွင် အိပ်စက်ခြင်း
Vol. 009 Ch. 885
သူရုတ်တရက် သူမရှေ့ပေါ်လာမည်ဟု ရှီမာယူယူ မထင်ထားသဖြင့် ခေတ္တမျှ မှင်တက်သွားလေသည်။
“စီနီယာအစ်ကိုလား ဒီမှာဘာလုပ်နေတာလဲ”
ဝူလင်းယူ လျှောက်လာကာ သူမ၏ သေးငယ်သောမျက်နှာလေးအား ထိတွေ့ပြီး အပြုံးဖြင့်ပြောလေသည် “ငါ့ကိုစိုးရိမ်ပြီး ငါ့သတင်းကိုစုံစမ်းနေတဲ့ လူတစ်ယောက်ရှိတယ်လို့ ကြားလို့ လာခဲ့လိုက်တာ”
ကိုယ် မင်းကိုလွမ်းလို့ လာတာပဲ….
သူ့ရင်ထဲတွင် ထိုစကားလုံးများရှိသော်လည်း သူ မပြောခဲ့ပေ…
ရှီမာယူယူသည် ရုတ်တရက်လန့်သွားရာမှ သတိပြန်ဝင်လာကာ သူ ပြောလိုက်သော စကားများကိုကြားသောအခါ သူ့ကိုမြင်ရသည်ကို ပျော်ရွှင်မိ သည်။ သူမ သူနှင့် မတိုက်ခိုက်သည်မှာ ရှားပါးသည်လေ။
“အစ်ကိုအဆင်ပြေရဲ့လား” သူမသည် တံခါးပိတ်ကျင့်ကြံခြင်းကဲ့သို့ ရိုးရှင်းသည်မျိုးမဟုတ်သည့် တစ်စုံတစ်ရာအပေါ် ခံစားမိသည်။
“အဆင်ပြေပါတယ်” ဝူလင်းယူသည် ပြုံးပြီးပြောလေသည်။ သူမ မျက်လုံးထဲမှ စိုးရိမ်မှုများကို သူမြင်သောအခါ နူးညံ့စွာပြုံးပြီး ပြောလေသည် “တစ်ခုခုအဆင်မပြေခဲ့တယ်ဆိုရင်တောင် အခုကောင်းသွားပြီ”
သူပြောလိုက်သည်ကို ရှီမာယူယူ ကြားသောအခါ အရင်က တစ်ခုခု ဖြစ်ခဲ့သည်ကို သိလိုက်ရပြီ။ အဲဒါကြောင့် သူ ပင်ပန်းတဲ့ပုံစံပေါက်နေတာကိုး။
“ဘယ်တုန်းကရောက်တာလဲ အခုရောဘယ်မှာနေတာလဲ”
“ငါအခုပဲ မြို့ကိုရောက်တယ် နေဖို့နေရာရှာမတွေ့သေးဘူး”
“ဒါဆို ဒီမှာပဲနေလိုက်ပါ”
ဝူလင်းယူသည် ခေါင်းရမ်းကာ ပြောလေသည် “ငါ ဂျူနီယာညီလေးနဲ့ နေချင်တယ်၊ မင်းနေရာမှာပဲနေရအောင်”
“ကျွန်တော့်နေရာ…” အိမ်တွင် ဘယ်သူမှမရှိဟု ရှီမာယူယူ ပြောချင် သော်လည်း သူပင်ပန်းနေသည့်ပုံစံကိုကြည့်ပြီး တိတ်ဆိတ်သောနေရာတွင် နေသည်မှာ သူ့အတွက်ကောင်းမည်ဟု တွေးမိသည်။ သူမ ခေါင်းညိမ့်ကာ ပြောလိုက်သည် “ကျွန်တော်အဲဒီကိုခေါ်သွားမယ်လေ”
သူ သူမနေရာသို့ရောက်သောအခါ ရှီမာလိုင်နှင့် တခြားသူများမရှိသည် ကို ဝူလင်းယူသိသည်။ ရှီမာယူယူ သူ့အတွက် အိမ်တစ်အိမ် လျင်မြန်စွာ ဆောက်ပြီး အလုပ်များနေသည်ကို သူကြည့်နေလိုက်သည်။
“စီနီယာအစ်ကို အခုသန့်ရှင်းသွားပြီ” ရှီမာယူယူသည် အိပ်ရာခင်းများ ကို လဲပြီးနောက် တံခါးတွင်ရှိနေသော ဝူလင်းယူဘက်လှည့်ကာ ပြော လိုက်သည် “အိပ်ယာခင်းတွေက အသစ်တွေ ခဏလောက်တော့ နားလိုက်ပါ”
ဝူလင်းယူ လျှောက်လာလေသည်။ သူ အိပ်ရာပေါ်တွင် ခဏလောက် နားမည်ဟု ယူယူထင်ခဲ့သည်။ သို့သော် သူသည် သူမဘေးတွင်ရပ်သွားကာ လက်များကိုဆန့်ထုတ်ပြီး သူမကိုဖက်လေသည်။
“ယူယူ ငါမင်းကို တကယ်လွမ်းနေတာ၊ မင်းကို ဘယ်တော့မှမတွေ့ရ တော့ဘူးလို့ ထင်ခဲ့တာ”
သူ့အသံမှာ တည်ငြိမ်နေသော်လည်း တောင့်တမှုနှင့် ကြောက်ရွံ့မှုများ စွက်နေသည်။
ရှီမာယူယူသည် လက်များကို ပင့်လိုက်သော်လည်း သူပြောလိုက်သော စကားကိုကြားလိုက်သောအခါ ပြန်ချလိုက်သည်။ သူ သူမကို ဖက်ပြီ်းနောက် တွင် သူ့ခေါင်းကို သူမလည်ပင်းဘေးတွင် နေရာချလိုက်သည်။
“အစ်ကို…” သူမသည် ဘာဖြစ်ခဲ့သလဲဟု မေးချင်သော်လည်း စကား များကို မြိုသိပ်ကာ လက်ဆန့်ထုတ်ပြီး သူ့ကိုဖက်ထားလိုက်သည်။
ဝူလင်းယူသည် မှင်တက်သွားကာ သူ၏ပင်ပန်းနေသော မျက်လုံးများ သည် ပျော်ရွှင်မှုနှင့် အံ့သြမှုများ အရောင်တောက်သွားသည်။
“တောင်းပန်ပါတယ် စီနီယာအစ်ကို အစ်ကို့မှာ ကိစ္စတွေဖြစ်တဲ့အချိန်ကို ကျွန်တော် အစ်ကို့ဘေးမှာမရှိပေးနိုင်ဘူး” ရှီမာယူယူသည် အပြစ်မကင်းစွာ ပြောလေသည်။
သူမ မိသားစုမှလွဲပြီး သူသည် သူမကို အကောင်းဆုံးဆက်ဆံပေးခဲ့ သည်။ သို့သော် သူမ ငယ်စဉ်ကဖြစ်ခဲ့သည့် အဖြစ်အပျက်ကြောင့် သူ့ကို ခွင့်လွှတ်ခဲ့သော်လည်း ဂရုမစိုက်ခဲ့ပေ။ သူ အန္တရာယ်ကျနေသည်ဟု ခံစားရ ချိန်တောင်မှ အတွေးတစ်ခုသာဖြစ်ခဲ့သည်။ သူ၏ အခြေအနေမှာ အနည်းငယ်စိုးရိမ်ဖွယ်ဖြစ်သည်ကို သိသော်လည်း သူ့တွင်တစ်ခုခုဖြစ်နေချိန် တွင် ခြေရာခံ၍မရခဲ့ပေ။
သူမ စဉ်းစားလေ အပြစ်ရှိသလိုခံစားရလေဖြစ်သည်။
ဝူလင်းယူသည် သူမ ခံစားချက်ကို ခံစားမိသဖြင့် သူမ ပါးပြင်အား ပေါ့ပါးသော အနမ်းတစ်ချက်ပေးလိုက်သည်။
“မင်းအပြစ်လိုခံစားဖို့မလိုပါဘူး” သူသည် သူမနားသို့ ညင်သာစွာ ပြော လိုက်သည် “မင်းကို မြင်ရပြီးဖက်ရမယ်ဆိုရင် ငါ့အတွက် လုံလောက်တာ ထက်ကိုပိုနေပြီ”
သူမသည် သူ့အပေါ် သဘောထားပြောင်းသွားသည်။ သူသည် မာန ထောင်လွှားကာ သူမကိုလာရှာခြင်းမဟုတ်ပေ။
ရှီမာယူယူသည် သူမ၏ နားရွက်များ နီရဲလာသည်ကို ခံစားမိသည်။ သူတို့က တစ်ယောက်တည်းဖြစ်နေတာကို ဘယ်လိုဖြစ်ပြီး ဝိဉာဉ်တစ်ဝက်က အေးစက်ပြီး နောက်တစ်ဝက်က စိတ်ကူးယဉ်ဆန်နေတာလဲ။
“အင် အစ်ကို ပင်ပန်းနေတဲ့ပုံပဲ အနားယူလိုက်ပါ” သူမ လွန့်လူးလိုက် သည်။
သူ့ကို အခန်းထဲမှာအိပ်ခိုင်းမှာလား။
ဝူလင်းယူသည် နှုတ်ခမ်းတွန့်ပြုံးလိုက်ကာ သူမအားဖက်ရင်းနှစ်ပတ် ပတ်လိုက်ရာ အိပ်ရာပေါ် ကျရက်သားဖြစ်သွားလေသည်။ သူသည် သူမအား ရင်ခွင်ထဲတွင် ဖက်ရက်သားပင်။
“မင်းလည်း ပင်ပန်းနေတဲ့ပုံပဲ အတူတူနားကြတာပေါ့”
“အစ်ကို….”
ရှီမာယူယူသည် သူဖက်ထားသည်မှ လွတ်မြောက်လိုသော်လည်း သူ၏ လက်နှစ်ဖက်သည် ချုပ်ထားရာ သူမ ကြားရုံလောက်အောင် ရေရွှတ်လိုက် သည် “ယူယူ မလှုပ်နဲ့ ခဏလောက်တော့ ဖက်ထားပါရစေ”
ထို့နောက်တွင် သူမ နားရွက်ဆီသို့ တိုးဝင်လာသော သူ၏ အသက်ရှု သံပြင်းပြင်းကို ခံစားမိလိုက်သည်။
သူမ အံ့သြသွားသည်။ သူ ဒီလောက်မြန်မြန်အိပ်ပျော်သွားတာလား။
သူမသည် သူ့လက်များကို ဖယ်ထုတ်ချင်သော်လည်း သူမ၏ သေးငယ် သော လှုပ်ရှားမှုသည် သူ့ကိုနိုးသွားစေကာ သူမကို ပိုတင်းကြပ်စွာ ဖက်လေ သည်။
“ယူယူ မလှုပ်နဲ့….”
သူ ရေရွတ်ပြီးနောက် ပြန်အိပ်ပျော်သွားလေသည်။
မိနစ်အနည်းငယ်ကျော်လွန်ပြီးနောက်တွင် သူမ ထပ်ကြိုးစားကြည့် သော်လည်း ရလဒ်မှာ ထိုနည်း၎င်းပင်။
သူမ ထွက်သွားရန်ကြိုးစားသည်နှင့် သူနိုးလာကာ စကားတစ်ခွန်း ရေရွတ်ပြီးနောက် ပြန်အိပ်ပျော်သွားသည်။
ဟူး….
သူမ သက်ပြင်းချလိုက်သည်။ သူမ မတတ်သာတော့ပဲ ထိုအတိုင်းသာ နေလိုက်ရသည်။
သူမ၏ ညာဘက်လက်သည် သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ပေါ် ရှိနေသောကြောင့် သူ့သွေးကြောကိုစမ်းပြီး လက်ရှိအခြေအနေကို စမ်းသပ် လိုက်သည်။
စမ်းသပ်ပြီးနောက်တွင် သူမ အလွန်ဒေါသထွက်ကာ မီးတောက်မည့် အနေအထားပင်။
သူရဲ့ လက်ရှိအခြေအနေက ဆိုးရွားလာတာကို သူ သိရဲ့လား။ သူ့ စိတ်အခြေအနေက ဘယ်လောက်ပျက်ဆီးနေလဲဆိုတာ သူသိရဲ့လား။ ဘယ်လိုအနားယူပြီး အားပြန်မွေးရသလဲဆိုတာကိုရော သူ သိရဲ့လား။
သူ…
ဒါပေါ့ သူသိတာပေါ့။ သို့သော် သူမ သူ့သတင်းကိုစုံစမ်းနေကာ စိတ်ပူနေသည်ဟု သိလိုက်သည်နှင့် အမြန်ပြေးလာခဲ့သည်။
…. သူမကို အမြန်တွေ့လိုဇောနှင့်
ဟူး…
သူမသည် ဒေါသထွက်သည်နှင့် တစ်ချိန်တည်းမှာပင် ရင်နာမိသည်။ သူမ သူ့ကိုလှည့်ကြည့်ပြီးနောက် ဆေးထုတ်ကာ တိုက်လိုက်သည်။ ထို့နောက် သူမသည် သူ့မျက်နှာအားကြည့်ပြီး ငေးနေမိသည်။
သူမသည် နှုတ်ခမ်းစေ့ကာချောင်းဟန့်ရင်း သူဘာကြောင့် သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံသည်ကို သိချင်မိသည်။
သူမသည် ဒီနေ့ ရှီချူးရှောင်အား ကုသရာတွင် စိတ်စွမ်းအင်များ များစွာ အသုံးပြုခဲ့သည်။ အခုချိန်တွင် ပင်ပန်းနေရာမှ စိတ်အေးသွားရသည်။ သူ့ ရင်ခွင်ထဲတွင်မှီရင်း နှစ်ခြိုက်စွာအိပ်ပျော်သွားလေသည်။
သူမ အိပ်ပျော်သွားချိန်တွင် ဝူလင်းယူသည် မျက်လုံးဖွင့်ကြည့်ရာ သူ့ မျက်လုံးမှာ အောင်နိုင်သူတစ်ယောက်၏ အကြည့်နှင့်ဖြစ်သည်။ သူသည် သူမ နဖူးအားညင်သာစွာနမ်းရှိုက်ပြီးနောက် မျက်လုံးပိတ်ကာ ပြန်အိပ်ပျော် သွားလေသည်။
သူတို့နှစ်ယောက်သည် ထိုနေရာတွင် နောက်နေ့ နေ့လည်အထိ အိပ် သွားလေသည်။
ရှောင်ချီ အိမ်သို့လာချိန်တွင် ရှီမာယူယူ နိုးနေလေပြီ။
သူမ ခေါင်းမော့ကြည့်ရာ ပထမဆုံးမြင်လိုက်ရသည်မှာ သူ၏ ပြည့်စုံ သော မေးရိုးဖြစ်သည်။ အပေါ်ထပ်တက်ကြည့်ရာ သူ၏ တောက်ပသော မျက်လုံးများကို တွေ့လိုက်ရသည်။
“မောနင်း” သူ၏ သာယာသောအသံသည် အသံပိုင်ရှင်၏ ခံစားချက် ကောင်းမွန်မှုကို ဖော်ပြနေသည်။
“အခုဘယ်အချိန်လဲ” နိုးလာခါစဖြစ်သဖြင့် သူမ၏အသံသည် ပျင်းရိသံ ပေါက်နေသည်။ ထိုသည်မှာလည်း ဆွဲဆောင်မှုတစ်မျိုးပင်။
“နေ့လည်ရောက်နေပြီ” ဝူလင်းယူ ပြောလိုက်သည်။
“ဘာ”
ရှီမာယူယူ အော်ကာထထိုင်လိုက်သည်။
နောက်တစ်နေ့ နေ့လည်လား။ သူတို့က တစ်နေ့လုံး အတူတူအိပ်ခဲ့တာ လား။ ဘယ်လိုလုပ် အဲလောက်ကောင်းကောင်း အိပ်ပျော်သွားတာလဲ။
“နားလို့ပြီးပြီလား” ဝူလင်းယူသည် သူမခေါင်းပေါ်လက်တင်ပြီး ပြုံးကာ ကြည့်လေသည်။
“အင်း” ရှီမာယူယူ ခေါင်းညိမ့်လေသည်။
သူသည် အခုချိန်တွင် အားပြည့်သွားသည့်ပုံပေါက်သည်။ မနေ့က သူ၏ သွေးကြောကိုစမ်းခဲ့သည်ကို ပြန်တွေးရင် ဒေါသပြန်ထွက်လာသည်။
“မနေ့က ကျွန်တော် အစ်ကို့ရဲ့သွေးကြောကိုစမ်းခဲ့တယ်” သူမ ပြော လိုက်သည်။
“အင်း” သူ ပျာယာခတ်မသွားပဲ လက်ဆန့်ထုတ်ကာ သူမ၏ ဆံပင်များ ဖြင့် ဆော့ကစားနေသည်။
“အခု အစ်ကို့ရဲ့ခန္ဓာကိုယ်အခြေအနေကဘယ်လိုလဲဆိုတာ သိရဲ့လား” သူမသည် စိတ်ဆိုးစွာဖြင့် ဆံပင်ကိုနောက်ပြန်ပို့ကာ ငေါက်လေသည် “အစ်ကို့ရဲ့ ဝိဉာဉ်စွမ်းအင်က ခြောက်တော့မလိုဖြစ်နေတာ စိတ်စွမ်းအင် လည်း ပင်ပန်းနေပြီ၊ သေချာအနားယူရမယ်ဆိုတာ မသိဘူးလား၊ ကိုယ့်ကိုယ် ကို သံနဲ့လုပ်ထားတယ်ထင်နေတာလား၊ ကိုယ့်ကျန်းမာရေးထက် ပိုအရေး ကြီးတာ ဘာများရှိလို့လဲ”
သူ သူမကို ကြည့်နေသည့်ပုံကို ကြည့်ပြီး သူမ ဒေါသပိုထွက်လာသည် “ကျွန်တော် အစ်ကို့ကိုစိုးရိမ်တယ်ဆိုရင် နောက်ရက်နည်းနည်းလောက်မှ တွေ့ရလည်း ကျွန်တော်သေမသွားဘူး”
“ငါ မင်းကိုတွေ့ချင်တာလေ၊ မင်းက ငါ့ကိုရှာနေတယ်လို့ကြားတော့ ထိုင်နေလို့မှမရတာ” ဝူလင်းယူ ပြောလိုက်သည် “စိတ်မဆိုးပါနဲ့ ငါ့ခန္ဓာကိုယ် အခြေအနေအကြောင်းကို ငါသိပါတယ်၊ ငါလုပ်ရမယ့်ဟာကိုသိလို့ အတင်း အကြပ်လုပ်လိုက်တာပါ”
ရှီမာယူယူသည် နှာမှုတ်ရင်း လှည့်သွားသည်။
သူမ အမှန်တကယ်ပင် ဒေါသထွက်နေသည်ကို ဝူလင်းယူ တွေ့ သောအခါ မတ်တပ်ရပ်ပြီး လျှောက်လာသည်။ သူသည် သူမပခုံးပေါ် မှီရင်း “ငါ အဲလိုထပ်မလုပ်တော့ပါဘူး”
“အရင်တစ်ခေါက်ကလည်း အဲလိုပဲပြောတာပဲ” ရှီမာယူယူ ပြောလိုက် သည်။
ပြီးခဲ့တဲ့တစ်ခေါက်က ဟုတ်လား။
“ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော့်အတွက် တည်ဆောက်မှုစာအုပ် သွား ရှာတာလေ၊ ၂နှစ်လောက် ပိတ်မိနေတာ၊ အဲတုန်းကလည်း ဒီလိုပဲပြောခဲ့တာ ပဲ၊ အစ်ကိုက ပြောတဲ့စကားတွေမယုံရတဲ့ ယောက်ျားတစ်ယောက်ပဲ” သူမ သူ့ကို ငေါက်ငမ်းလေသည်။
***