အလုပ်ကြိုးစားခြင်း
Vol. 009 Ch. 886
“ငါ နောက်တစ်ခါမလုပ်တော့ပါဘူး” ဝူလင်းယူသည် နူးညံ့စွာ ပြော လေသည် “တကယ်..”
ရှီမာယူယူသည် သူ့ခေါင်းအားတွန်းပစ်ပြီး အိပ်ရာပေါ်မှဆင်းလိုက် သည်။ သူမ ခေါင်းပြန်လှည့်ပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည် “ကျွန်တော် ယုံရင်ပေါ့”
ဝူလင်းယူ ရယ်မောလိုက်သည်။ တကယ်တော့ ဖြစ်နိုင်သည်ဟု သူ လည်း မထင်ပေ။ သူမ အကြောင်းတွေးလိုက်သည်နှင့် ဘယ်လိုလုပ် သူ့ကိုယ် သူကို ဂရုစိုက်နိုင်မှာလဲ။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီးနောက် အင်္ကျိများခါကာ တံခါးဖွင့်ပြီး ထွက်သွားလေသည်။
ရှောင်ချီသည် သူတို့အိမ်မှ လှုပ်ရှားနေသော ပုရွက်ဆိတ်များကို ကြည့် နေလေသည်။ သူမ ထွက်လာသည်ကို မြင်သောအခါ သွားဖြဲပြီး မေးလေ သည် “ယူယူ မနေ့က ကောင်းကောင်းအိပ်ပျော်ရဲ့လား”
ရှီမာယူယူသည် အစပိုင်းက ဘာမှမခံစားရသော်လည်း ထိုမေးခွန်း မေး လိုက်သဖြင့် သူမ တစ်မျက်နှာလုံး မီးတောက်လာသည်။
“အဟွတ် အဟွတ် မနေ့က မင်းဘယ်ပြေးသွားလိုက်တာလဲ” သူမ စကားလမ်းကြောင်းလွှဲလိုက်သည်။
ရှောင်ချီ မတ်တပ်ရပ်ကာ သူမလက်ထဲမှ တုန်ကိုပစ်ရင်း နှုတ်ခမ်းတွန့် ကာ ပြောလိုက်သည် “ယူယူကတော့ စီနီယာအစ်ကိုကိုတွေ့တာနဲ့ ရှောင်ချီ့ ကိုမေ့သွားတာ အဲဒါကြောင့် ကိုယ့်ဘာသာ ပြန်လာတာ”
“….”
ဒီကောင်မလေးက ဒီလိုမရိုမသေလုပ်ဖို့ကို ဘယ်တုန်းကသင်လိုက်တာ လဲ။
“ဒါဆို ဘာလို့ဒီကိုလာတာလဲ”
“ရှီချူးရှောင်ကို ကုဖို့သွားသင့်တယ်ဆိုတာ လာသတိပေးတာ” ရှောင်ချီ ပြောလေသည် “မနေ့က ယူယူစိတ်လှုပ်ရှားနေတာကိုကြည့်ပြီး အရမ်း စိတ်အားထက်သန်ပြီး မေ့သွားမှာစိုးလို့”
စိတ်..စိတ်အားထက်သန်တယ်ဟုတ်လား….
ရှီမာယူယူသည် သူမ၏ မျက်နှာသေးသေးလေးကို ဆွဲဆိတ်ပြီး “ဒီလို အမှိုက်တွေကို ဘယ်သူက သင်ပေးတာလဲ”
“ဟီးဟီး အမှိုက်တွေမဟုတ်ပါဘူး” ရှောင်ချီသည် သူမ ဆွဲထားရာမှ မျက်နှာကိုရုန်းထွက်ကာ ပြောလေသည် “ရှီချူးရှောင်ရဲ့ နေရာကို ဘယ်တော့ သွားမှာလဲ”
“အခုပဲသွားမယ်” ရှီမာယူယူ ပြောလိုက်သည် “အခုသွားမယ်ဆို အရေ လဲပြီးတာ တစ်ရက်အတိအကျပဲ၊ ဆေးရည်စိမ်ဖို့လုပ်ရမယ်”
“ဘယ်သွားမလို့လဲ” ဝူလင်းယူသည် အိမ်ထဲမှထွက်လာသည်။ သူသည် အနည်းငယ်တက်ကြွလာသော်လည်း မျက်လုံးများမှာ ပင်ပန်းသည့် အရိပ် အရောင်ကျန်နေသေးသည်။
“ကျွန်တော် လုပ်စရာရှိသေးတယ် အိမ်ထဲမှာပဲစောင့်နေပါ”
“ငါလည်း လိုက်ချင်တယ်” ဝူလင်းယူ ပြောလိုက်သည်။
“ဘာလိုက်လုပ်မှာလဲ” ရှီမာယူယူသည် ချက်ချင်းပင် သူ့ကိုငြင်းဆန် လိုက်သည် “အစ်ကို့ခန္ဓာကိုယ်က အခုအားနည်းနေသေးတယ် အိမ်မှာပဲ နား သင့်တယ်”
“အများကြီးသက်သာလာပါပြီ မင်းနဲ့လိုက်ခွင့်ပေး” ဝူလင်းယူ ပြော လိုက်သည်။
“မရဘူး အိမ်မှာနားပြီး အားမွေးရမယ်” ရှီမာယူယူ ပြောလိုက်သည် “အစ်ကို့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ့မယ်လို့အခုပဲပြောထားတယ်လေ၊ ဘာလဲ အခုပဲ စကားကို ပြန်ရုတ်သိမ်းမလို့လား”
ကောင်းပြီ အခုတော့ သူ့စကားကိုပြန်ရုတ်သိမ်းလို့မရဘူး။ မဟုတ်ရင် သူမက သူ့ကိုထပ်ပြီးမယုံပဲနေလိမ့်မယ်။
“ဒါဆို ဘယ်အချိန်ပြန်လာမှာလဲ”
“ညပြန်ရောက်မယ် ဆေးရေစိမ်ဖို့ပဲသွားလုပ်ပေးရမှာ” ရှီမာယူယူ ပြော လိုက်သည် “အစ်ကို အမှတ်တရစားသောက်ဆိုင်သွားပြီး ကျွန်တော့်ကို စောင့်ခဲ့တာမလား၊ အဲဒီကို ကျွန်တော်ဘာသွားလုပ်တယ်ဆိုတာ ဘာလို့ မသိ ရတာလဲ”
“မင်းရဲ့ ရောင်ဝါကြောင့်အဲမှာရှိတယ်ဆိုတာ ငါသိလိုက်တာ၊ ဘာသွား လုပ်တာလဲဆိုတာတော့ ငါလဲမသိဘူး” ဝူလင်းယူ ပြောလိုက်သည် “ပြီးတော့ ငါရောက်ခါစရှိသေးတယ် မင်းထွက်လာတော့မယ်ပြောလို့ ငါမဝင်ခဲ့တာ”
အော် အဲလိုဖြစ်ခဲ့တာလား….
“နောက်ကျနေပြီ အိမ်ပြန်ရောက်မှ ထပ်ပြောကြမယ် ကျွန်တော် အဲမှာ ဘာလုပ်တယ်ဆိုတာကို” ရှီမာယူယူ ပြောလိုက်သည်။
“အင်း အဲဒါဆိုလည်း မင်းပြန်လာတာ ငါစောင့်နေမယ်”
“အင်း သွားပြီနော် အိမ်မှာနေတုန်း ခန္ဓာကိုယ်ကို အားဖြည့်ဖို့ သတိရဦး မနေ့က ဆေးတိုက်ထားတော့ အခုတော့ အကျိုးသက်ရောက်လောက်ပါပြီ”
“ငါသိပြီ” ဝူလင်းယူ အားရပါးရပြုံးလိုက်ရာ သူ့မျက်လုံးများသည် လခြမ်းသဖွယ်ဖြစ်သွားလေသည်။ ဒီကောင်မလေးကတော့…. သူကလည်း အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဆိုတာကို မေ့သွားတာလား… “ဟုတ်သားပဲ မင်းမှာ ရွှေမြွေအသီးရှိသေးလား”
“အင်း လိုလို့လား”
“အင်း ငါ့ရဲ့ချီလင်းလေး ဒဏ်ရာရထားတာ၊ ရွှေမြွေအသီးနဲ့ဆို မြန်မြန် သက်သာလာမှာ” ဝူလင်းယူ ပြောလေသည်။
ရှီမာယူယူ ခေါင်းညိမ့်ပြီးနောက် ဝိဉာဉ်စေတီမှ ရွှေမြွေအသီးကိုထုတ်ပြီး သူ့ကိုပေးပြီးသည်နှင့် ရှောင်ချီနှင့်အတူထွက်သွားလေသည်။
သူတို့ အမှတ်တရစားသောက်ဆိုင်သို့ရောက်သည်နှင့် ရှီချန်းကျိသည် အဆင်သင့်ဖြစ်ကာ စောင့်နေသည်ကိုတွေ့လိုက်ရသည်။
“မင်း ပြောထားတဲ့ ဆေးပစ္စည်းအများစုကိုတွေ့ထားတယ်၊ ဒါပေမဲ့ တချို့က ရှားတော့ ဘယ်လိုမှရှာမရဘူး” ရှီချန်းကျိ ပြောလေသည် “လိုတဲ့ ပစ္စည်းများရှိဦးမလားလို့ ကြည့်ပါဥိး”
ရှီချန်းကျိမှ ဆေးဖက်ဝင်ပစ္စည်းများကို ပြင်ဆင်ထားလိမ့်မည်ဟု သူမ မထင်ထားပေ။ သူမသည် မနေ့က ပြောရုံသာပြောခဲ့ကာ သူသည် အားလုံးကို မှတ်မိနေလေသည်။ သူသည် ပိုပိုသာသာပြင်ဆင်ထားခဲ့သည်။ ထိုအချက် တစ်ခုတည်းကိုသာကြည့်လျှင် သူ၏ စိတ်နေသဘောထားမှာ မဆိုးလှပေ။
သူမ ပစ္စည်းများကို စစ်ဆေးကြည့်ရာ ရှားပါးသောဆေးပစ္စည်းများ လိုနေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူမ ဝိဉာဉ်စေတီအတွင်းတွင် အားလုံးရှိသည်။ ထို့ကြောင့် ဒီနေ့ကုသမှုတွင် သက်ရောက်မှုမဖြစ်နိုင်ပေ။
သူမသည် ရှီချူးရှောင်၏ အိမ်သို့ ပစ္စည်းအားလုံးကို ရွေ့စေပြီး အားလုံး ကိုနှင်ထုတ်လေသည်။
“ရှီချန်းကျိ ခင်ဗျားလည်း အပြင်ထွက်နေပါ ဒီနားမှာ ယောင်လည်လည် လုပ်မနေနဲ့ နောက်ကျရင် ရလဒ်ထွက်လာလိမ့်မယ်”
သူမ ပြောပြီးသည်နှင့် ရှီချန်းကျကို နှင်ထုတ်လေသည်။
ရှီချန်းကျိသည် စိတ်မချကာ ရှီချူးရှောင်အားကြည့်ရာ သူမသည်လည်း နှင်ထုတ်လေသည်။
“စီနီယာအစ်ကို စိတ်ချပါ ယူယူဒီမှာရှိနေရင် အဆင်ပြေသွားမှာ”
“….”
ရှီချန်းကျိသည် သူမအား ဆွံ့အစွာကြည့်မိသည်။ သူမက ဘယ်လိုဖြစ် လို့ ဒီကောင်လေးအပေါ်မှာ ဒီလောက်ယုံကြည်နေတာလဲ။ သို့သော် သူမကပါ သူ့ကိုနှင်ထုတ်နေသဖြင့် သူ အပြင်ကိုသာထွက်ခဲ့ရသည်။
သူတို့သည် ဆေးရေစိမ်ရန်အတွက်ပြင်ဆင်ပြီးသားဖြစ်သည်။ ရှီမာ ယူယူသည် မှန်ကန်သည့် ပစ္စည်းပမာဏကို ထည့်ရုံသာထည့်သည်။ ထို့နောက် ဆေးရေမှာ အဆင်ပြေမပြေကြည့်သည်။ မပြေလျှင် ဆေးပစ္စုည်း တချို့ထပ်ထည့်သည်။
သူမသည် ဆေးရေကို အေးဆေးလုပ်ပြီးနောက် အိပ်ရာဘေးသို့လာ လိုက်သည်။ သူမသည် ရှီချူးရှောင်အား စတော့မည်ဟု ပြောပြီးသည်နှင့် သူမအား သယ်ပြီး သစ်သားပုံးထဲ ထည့်လိုက်သည်။
“ဆေးကိုသုံးရင် ခန္ဓာကိုယ်က ပိုနာလိမ့်မယ်၊ ကြိုးစားမှရမယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် အထဲထည့်လိုက်သည်။
ရှီချူးရှောင်သည် ဝင်သွားသည်နှင့် ရှီမာယူယူ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သွားသည်။ နာလိုက်တာ အရမ်းနာတယ်၊ သူမခန္ဓာကိုယ် အစိတ် အပိုင်းတိုင်း၏ နာကျင်မှုသည် အရိုးထိရောက်ကာ ဆေးရေစိမ်ခြင်းကို ချက်ချင်းပင် လက်လျော့ချင်မိသည်။
“ဘာကြောင့်ဒါကိုလုပ်ချင်လဲဆိုတာ ပြန်စဉ်းစားပါ” ရှီမာယူယူ သူမအား သတိပေးလိုက်သည်။
“ငါ လက်မလျော့ဘူး၊ ဘယ်လောက်နာနာ တောင့်ခံမှာ” ရှီချူးရှောင် အော်လေသည်။
“ကျွန်တော် ချူးရှောင်ကို ယုံတယ်” ရှီမာယူယူ ပြောလိုက်သည်။
ရှီချူးရှောင်သည် နာကျင်လွန်းသဖြင့် တုန်ယင်နေသည်။ ရှီမာယူယူ ပုံစံ မှာ သက်တောင့်သက်သာမဖြစ်လှသည်ကို သူမ သတိထားမိပြီး မေးလိုက် သည် “ဒီဆေးရေစိမ်တာကို အရင်ကလုပ်ဖူးလား”
“လုပ်ဖူးတယ် အစတုန်းက တစ်ရက်ကြာတယ်၊ နောက်တော့ ၁၀ရက် တစ်ခါ လုပ်ခဲ့တယ်၊ အခုတော့ တစ်လတစ်ခါပေါ့” ရှီမာယူယူ ပြောလိုက် သည် “ဆေးပစ္စည်းတွေဖော်စပ်တာကိုသိရင် ဆက်လုပ်လို့ရတယ် အဲဒါက ကျင့်စဉ်အတွက် အရမ်းအသုံးဝင်တယ်”
“…. ကောင်းပါပြီ”
အမည်းရောင်ရေသည် တဖြည်းဖြည်း ကြည်လင်လာသည်။ ရှီမာယူယူ သည် ထိုအချိန်အားစောင့်ကာ ဆေးပစ္စည်းများအသင့်ပြင်ထားသည်။ ရေ ကြည်သွားသည်နှင့် သူမအားလုံးကိုထည့်လိုက်သည်။
သုံးကြိမ်လည်ပတ်ပြီးနောက်တွင် ဆေးရေစိမ်ခြင်းမှာ ပြီးဆုံးသွားလေ သည်။
ရှီမာယူယူ အိမ်ပြန်ချိန်တွင် ကောင်းကင်တွင် လသာနေကာ ဝူလင်းယူ သည် ခေါင်မိုးတွင်ရှိနေကာ လရောင်ကိုစုပ်ယူနေသည်။ သူမ တံခါးကို ဖြတ်ကျော်လာသည့်အခိုက်အတန့်တွင် သူသိလိုက်သဖြင့် သူမ ဝင်လာသည် ကို စောင့်နေလိုက်သည်။
သူ ခေါင်မိုးပေါ်တွင်ထိုင်နေသည်မှာ အနည်းငယ်ထူးဆန်းသည်ကို ရှီမာယူယူတွေ့လိုက်သည်။ သူလက်ရမ်းပြသည်ကိုတွေ့သည်နှင့် သူ့ဘေး တွင် ဝင်ထိုင်လိုက်သည်။
“ခေါင်မိုးမှာဘာလုပ်နေတာလဲ”
“ငါ လိမ်လိမ်မာမာနဲ့ အားပြည့်အောင်လုပ်နေတာမဟုတ်ဘူးလား” ဝူလင်းယူ ပြောလိုက်သည် “မင်း မနေ့ကထက် ပိုကောင်းလာသလိုပဲ”
“မနေ့က အဆိပ်မိတဲ့လူတစ်ယောက်ကို ကူညီပေးနေတာ၊ အဲဒါကြောင့် စွမ်းအင်တွေ သုံးလို့ရတယ်၊ ဒီနေ့ကတော့ သူမအတွက် ဆေးရေစိမ်ရုံပဲလုပ် ပေးရတော့ ဘာမှအများကြီးမလိုဘူး၊ အစ်ကို့ရဲ့ခန္ဓာကိုယ်ရောဘယ်လိုလဲ စမ်းကြည့်မယ်”
သူမ ပြောပြီးသည်နှင့် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရန် လှုပ်ရှား လိုက်သော်လည်း သူမလက်သာ သူ့လက်ထဲပါသွားလေသည်။
***