အားလုံးဆွံ့အ! သူခိုးကလူပြန်ဟစ်! ၃
Vol. 53 Ch. 785
သူတို့အကျိုးအမြတ်မရရင် ဆုံးရှုံးကြလိမ့်မည်။
နောက်ပြီး စျေးကွက်ကို သူလုံးဝလက်ဝါးကြီးအုပ်မထားနိုင်။
အခုဟန်နှင့်ဟင်နရီကိုနိုင်သည့်အတွက် အားလုံးကသူ့ကိုအားပေးနေကြသည်။ သူသာလက်ဝါးကြီးအုပ်လိုက်ရင် သူများကိုအခွင့်အရေးမပေးဘဲအရင်းရှင်ဆန်သည်ဟု အပြောခံရဦးမည်။
ရှေးအခါက ပညာရှိစစ်သူကြီးတစ်ဦးသည် ရန်သူအားလုံးကိုမဖျက်ဆီးတတ်။ နယ်ခြားစောင့်တပ်နေရာနှင့်အင်အားပိုကောင်းလေလေ ဒီလိုလုပ်လေလေပင်။ အနိုင်ယူပြီးမဖျက်ဆီးလျှင် အန္တရာယ်အကြီးဆုံးဖြစ်သည်။
ဟင်နရီ၊ ဟန်နှင့် ဝေ့မန်လိုနိုင်ငံခြားဘရန်းများကြောင့် သူကပြည်တွင်းဘရန်းအဖြစ်အမြဲဂုဏ်ယူရမည်။ အရင်းရှင်လို ဘယ်တော့မှဆက်ဆံမည်မဟုတ်။
ဒီတော့ ချင်းလင်ဆော့က ဒီအခြေအနေကိုဆက်ထိန်းသိမ်းထားရမည်။ မဟုတ်ရင် နိုင်ငံခြားဘရန်းတွေ တဖန်ပြန်တက်လာဖို့အခွင့်အရေးရသွားလိမ့်မည်။
ချင်းလင်အစားအသောက်ကုမ္ပဏီက ဓာတ်ခွဲခန်းဆောက်ရမည်။ ပါဝင်ပစ္စည်းများမစိုက်ပျိုးနိုင်သော်လည်း ဆော့လုပ်နည်းနှင့်ဆော့ဘရန်းအမျိုးမျိုးဖန်တီးနိုင်သည်။
တစ်ဖက်တွင် ဟန်နှင့်ဟင်နရီကိုခြောက်နိုင်ပြီဖြစ်၍ သူအောင်မြင်ပြီးမြောက်သောခံစားမှုမျိုးရသည်။
ထို့နောက် ချင်လင်ကတန့်ကွမ်းကိုဖုန်းဆက်ပြီး စျေးပြန်မြှင့်ခိုင်းသည်။ တန့်ကွမ်းလည်းဖုန်းရပြီး ချန်ဟယ်တို့ကိုယ်စားလှယ်များကို ၁၅ ယွမ်ရောင်းစျေးပြန်ထားရန်အသိပေးသည်။
ဒီအချိန်မှာ ဟန်နှင့်ဟင်နရီကအကွက်ရွှေ့မှာ ချင်းလင်ဆော့မကြောက်တော့။ သူတို့ ၁၅ ယွမ်ပြန်တင်ရင် ဟိုဘက်ကလည်း ၁၅ ယွမ်ပြန်တင်လိမ့်မည်။

သူတို့ကတစ်ယွမ်လျော့ရင်တောင် သူတို့တင်မက၊ ရှင်းကျန့်တယ်ပါမျက်နှာပျက်ရလိမ့်မည်။
သို့သော် သူတို့ထုတ်ကုန်ကိုဒီစျေးနှင့်ရောင်းရတာ ပိုတောင်ခက်သေးသည်။ ပထမအချက်အနေနှင့် ချင်းလင်ဆော့မှာထုတ်ကုန်အသစ်ရှိသည်။ ဒုတိယအချက်အနေနှင့် လက်ရှိချင်းလင်ဆော့ကအကြီးအကျယ်အောင်မြင်ထားသောကြောင့် စားသုံးသူများကချင်းလင်ဆော့ဘက်ကိုပိုပြီးစိတ်ညွတ်နေကြသည်။
မင်စီရင်စုချင်းလင်ဆော့အရောင်းကိုယ်စားလှယ်ရုံးချုပ်တွင် ချန်ဟယ်မှာ တန့်ကွမ်းဆီမှဖုန်းရပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့ဘေးနားရှိသောသူ့သားချန်ရှီဘက်လှည့်ကာ_
"ငါတို့နိုင်ပြီ... စျေးက ၁၅ ယွမ်ပြန်ဖြစ်ပြီ... ထုတ်ကုန်အသစ်က ၂၅ ယွမ်အထက်မှာရှိတယ်... စျေးအတိအကျကိုဆွေးနွေးလို့ရတယ်''
သူ့သားချန်ရှီက အောက်ခြေမှစဖို့ဆုံးဖြတ်ထားသော်လည်း အချိန်နဲ့အမျှ သူ့ကိုခေါ်ပြီးသင်ပေးသည်။
"ဒီဥက္ကဌချင်ကို တကယ်လေးစားသွားပြီ''
ချန်ရှီက စိတ်လှုပ်ရှားသံနှင့်ဆိုသည်_
"ရှင်းကျန့်တယ်ဘရန်းကိုဒီလောက်အရှက်ကွဲအောင်လုပ်နိုင်တာ ဒါပထမဆုံးပဲ''
"အင်း.. ဟုတ်ပါ့!''
ချန်ဟယ်ကခေါင်းညိမ့်ပြီး_
"ဟန်နဲ့ဟင်နရီဆော့က ၁၅ ယွမ်ပြန်တင်လိမ့်မယ်... ငါတို့ဟန်နဲ့ဟင်နရီကရထားတဲ့အော်ဒါတွေလွှဲပေးလိုက်!''
ချန်ရှီခေါင်းညိမ့်လိုက်သည်။
တစ်ဖက်တွင် ကျွမ်စစ်ရှီးတို့ကလည်း ဖုန်းရသည်နှင့် ဒီအတိုင်းလုပ်ကြသည်။ အော်ဒါလွှဲပြောင်းပေးဖို့ကမခက်။
ဟန်နှင့်ဟင်နရီဆော့အမြတ်ထွက်ချင်ရင် အနည်းဆုံး ၁၁ ယွမ်နှင့်အထက်ကျမည်။ သူတို့သီးသန့်ကုန်သည်တွေဆီလွှဲပေးရင် အတော်များများကယူကြလိမ့်မည်။

ကျွမ်စစ်ရှီးက အော်ဒါအားလုံးကို သီးသန့်စီးပွားရေးကုမ္ပဏီတချို့ဆီလွှဲပေးလိုက်သည်။ ၆ ယွမ်အော်ဒါနှင့် ၈ ယွမ်အော်ဒါများလွှဲပေးပြီး အမြတ် ၅၀% ရသည်။
တစ်နည်းဆိုသော် သန်း ၁၀၀ အော်ဒါမှ သန်း ၅၀၊ သန်း ၂၀၀ အော်ဒါမှ သန်း ၁၀၀၊ သန်း ၄၀၀ အော်ဒါမှ သန်း ၂၀၀ စသဖြင့်မြတ်သည်။
နောက်ပြီး ဆုံးရှုံးမှုအားလုံးက ဟန်နဲ့ဟင်နရီသာခံရမည်။
ကျွမ်စစ်ရှီးက အော်ဒါများလွှဲပေးပြီးနောက် ချင်လင်ကိုဖုန်းဆက်ကာ ချီးမွှမ်းစကားဆိုသည်_
"ဥက္ကဌချင်... ခင်ဗျားကျေးဇူးနဲ့ငွေတချို့ရလိုက်ပြီ... ရှေ့လျှောက်ညွှန်ကြားစရာရှိရင် ဖုန်းသာဆက်လိုက်ပါ''
အခုနှစ်ဦးနှစ်ဖက်ပူးပေါင်းနေပြီဖြစ်၍ သူကဥက္ကဌချင်ဘက်တော်သားဖြစ်သွားပြီး သူ့သဘောထားကလည်း လေးလေးစားစားရှိနေသည်။
တခြားဆော့ဘရန်းများကလည်း လွှဲပြောင်းပြီးလျှင်ဖုန်းဆက်ပြီး လေးစားသမှုကိုဖော်ပြကြသည်။
ဒီလေးစားမှုက အသက်အရွယ်နှင့်မဆိုင်။ ဂုဏ်သက်သက်သာဖြစ်သည်။ နောက်ပြီး ဥက္ကဌချင်ကြောင့် အမှန်ပင်ဝင်ငွေရခဲ့၍ ရှေ့လျှောက်သူတို့ပူးပေါင်းမှုက ဝင်ငွေဖြောင့်လိမ့်မည်။
ဒီတစ်ကြိမ်တွင် ချင်းလင်ဆော့က ထိုပြည်တွင်းဆော့ဘရန်းများကိုလုံးဝသိမ်းသွင်းနိုင်ခဲ့လေသည်။
တိတိကျကျထုတ်လုပ်ရေးနှင့်ဘရန်းကိစ္စများကို ချင်လင်က တန့်ကွမ်းဆီလွှဲပေးထားသည်။
ကျွမ်စစ်ရှီးတို့နှင့်ယှဉ်လျှင် ဟန်နှင့်ဟင်နရီဆော့ကုမ္ပဏီမှသူဌေးများ၊ ဒါရိုက်တာများမှာ လုံးဝပြောစရာစကားမရှိတော့။
အော်ဒါများကို အရှုံးခံထုတ်ရသည်။
နောက်ပြီး အော်ဒါများဗြုန်းစားတက်ခြင်းကြောင့် စျေးကွက်ပုံမှန်ပြန်ဖြစ်ရန်အချိန်ယူရဦးမည်။ ဒီအတောအတွင်း သူတို့ထုတ်ကုန်များလည်းအကြပ်အတည်းနှင့်ကြုံရမည်။
သူတို့သောကပင်လယ်ဝေနေသည်ဟု ဆိုနိုင်ပေသည်။