ဝက်တစ်ကောင် ယွမ်နှစ်သိန်း! စက်မှုစွမ်းအားပြည့်စီးပွား! ၂
Vol. 53 Ch. 791
နောက်ပြီး ခရီးသည်များပြုံနေလိမ့်မည်။ ရှုခင်းနေရာကောင်းတစ်ခုမှာ ခရီးသည်များပြုံကျတတ်သည်။ တစ်ခေါက်ရောက်ဖူးလျှင် ထပ်ထပ်လာချင်ကြသည်။
ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံတွင် ဒီလိုရှုခင်းမျိုးရှိသည်။
တစ်ကြိမ်လာဖူးသောခရီးသည်တိုင်း စိတ်ထဲစွဲသွားပြီး အချိန်ရလျှင် နောက်တစ်ခေါက်လာချင်ကြသည်။
ထို့ကြောင့် ချင်းလင်စံအိမ်တွင်ခရီးသည်များခြင်းမှာ ပြန်လာသောခရီးသည်များခြင်းကြောင့်ပင်။
ဒီနေ့ ချင်လင်က ကာယဗလဝက်များရှိသောနေရာရောက်လာသည်။ သူ့ဘေးနားတွင် မွေးမြူရေးဌာနမန်နေဂျာအဖြစ်ရာထူးတိုးခံရသောရန်သုံ့ရှိသည်။
ကာယဗလဝက်များမှာ ချင်းလင်မွေးမြူရေး၏ထူးခြားချက်တစ်ခုဖြစ်ပြီး မွေးမြူရေးခြံလာသောခရီးသည်တိုင်းလိုလို လာကြည့်ကြသည်။
ဒီတစ်ကြိမ် ခါတိုင်းထက်ပိုပြီး ခရီးသည်များနေသည်။
ဒီနေ့ ကာယဗလဝက်များတွင် ထူးထူးခြားခြားပွဲရှိသောကြောင့်ပင်။
မွေးမြူရေးခြံကာယဗလဝက်များမှာ ကွင်းထဲပတ်ပြေးနေကြသည်။
အကြိမ်ကြိမ်ကွင်းချဲ့ပြီးနောက် အခင်းအကျင်းနေရာပိုကြီးလာပြီး အထောက်အကူပြုပစ္စည်းများပြည့်စုံလာသောကြောင့် ကာယဗလဝက်များကပိုကြည့်ကောင်းလာသည်။
နောက်ပြီး စွမ်းအင် +၂ ၊ သက်လုံနှင့်ခံနိုင်ရည် +၂ အရည်အသွေးများကြောင့် လေ့ကျင့်ရေးဆင်းနေသောဝက်များမှာ အမောအပန်းမရှိသလိုဖြစ်နေသည်။
ထို့ကြောင့် အမျိုးသားခရီးသည်အတော်များများက ကာယဗလဝက်များ၏ကြံ့ခိုင်မှုကိုသဘောကျနေကြသည်။
သူတို့မှာသာ ဒီလိုကြံ့ခိုင်မှုမျိုးရှိရင်...
ဒီကာယဗလဝက်တွေပေါ်မှစာတန်းတွေက ရင်နာစရာအမှတ်အသားတွေ။
"တို့ဝက်တွေတောင်ဒီလောက်ကြိုးစားနေရင် မင်းဘာလို့ပျင်းနေမလဲ?''
"မင်းတို့ကောင်တွေက တို့ဝက်တွေလောက်မတော်လို့လား?''
"တို့ဝက်တွေတောင် ကြွက်သားတွေထွက်နေတာ မင်းတို့မရှက်ဘူးလား?''
"တို့ဝက်တွေလောက်မှမကြံ့ခိုင်ရင် မင်းကောင်မလေးပျော်ရပါ့မလား?''
ထိုစကားကြောင့် အမျိုးသမီးခရီးသည်များကလည်း ဘေးနားကအမျိုးသားကိုရှက်အောင်ဆိတ်ဆွဲကြသည်။ ကာယဗလဝက်များပြေးလွှားနေသလို မွေးမြူရေးခြံအလုပ်သမားများကလည်း စင်ဆောက်နေကြသည်။
အတွင်းရုံးခန်း_
ရန်သုံ့က ချင်လင်ဘက်လှည့်ပြီး_
"သူဌေး... ဒီတစ်ခါ ကာယဗလဝက် ၁၂ ကောင်ထုတ်ထားတယ်... ၉ ကောင်ကိုအဖော်ပေးပြီး မွေးမြူရေးခြံအားကစားဝက်ဆက်တိုးအောင်ထိန်းထားတယ်... ၃ ကောင်ကိုတော့ လေလံဆွဲဖို့ချန်ထားတယ်... အဲဒီကောင်တွေကိုသင်းကွပ်ထားလို့ မျိုးမပေါက်နိုင်ပါဘူး''
"ပြုပြင်ပြီးတော့ ကာယဗလဝက်ရဲ့အင်အားနဲ့ကြံ့ခိုင်မှုက ကျဆင်းသွားပါတယ်... ဒါပေမဲ့ အိမ်အတွက်သီးသန့်ကပိုကောင်းပါတယ်... ဘယ်နေရာပဲဖြစ်ဖြစ် ကာယဗလဝက်တွေပြေးဖို့ ကျွန်တော်တို့လိုကွင်းပြင်ကျယ်ကြီးမရှိပါဘူး''
"အင်း!''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ဒါကလည်း ဒီနေ့ရောက်လာရတဲ့ရည်ရွယ်ချက်။
ဘာပဲဖြစ်ဖြစ် ကာယဗလဝက်တွေက ဂိမ်းထဲကထုတ်လာတဲ့ထူးခြားတိရစ္ဆာန်တွေ။ ဒီတစ်သုတ်ရဖို့ ဒီလောက်အချိန်ယူပြီးပျိုးထောင်လာခဲ့ရတာ။
အခု ကာယဗလဝက်တွေကို ခရီးသည်တွေဘယ်လောက်စိတ်ဝင်စားလဲကြည့်ရတော့မည်။
ခရီးသည်တွေအားတက်သရောရှိမရှိက ကာယဗလဝက်၏တန်ဖိုးကိုအဆုံးအဖြတ်ပေးနိုင်သည်။
ထိုအချိန်တွင် မွေးမြူရေးခြံဝန်ထမ်းတစ်ဦးက မိုက်ကရိုဖုန်းနှင့်လျှောက်လာပြီး_
"အားလုံးပဲ ချင်းလင်မွေးမြူရေးခြံကကြိုဆိုပါတယ်... ကျွန်တော်တို့မွေးမြူရေးခြံကကာယဗလဝက်တွေကိုသဘောကျတဲ့အတွက်ကျေးဇူးတင်ပါတယ်''
"အားလုံးသိတဲ့အတိုင်း ဒီနေ့အထူးအစီအစဉ်ရှိပါတယ်... အဲဒါကတော့ လေလံပွဲပါ... လေလံအတွက် ကာယဗလဝက်သုံးကောင်ရှိပါတယ်''
"ကျွန်တော်တို့မွေးမြူရေးခြံရဲ့ကာယဗလဝက်တွေက အရမ်းသန်တယ်ဆိုတာ အားလုံးသိပြီးသားပါ... သူတို့ကြွက်သားတွေက လေ့ကျင့်ယူလို့ရပါတယ်... သူတို့ရဲ့ပိုင်ရှင်လေ့ကျင့်ရေးဆင်းတဲ့အခါ သေချာပေါက်အဖော်ကောင်းတွေဖြစ်မှာပါ''
"အထူးသဖြင့် ကာယဗလဝက်တွေက ဉာဏ်လည်းကောင်းပါတယ်... အိမ်မွေးခွေးလေးတွေထက် မှတ်ဉာဏ်မနည်းပါဘူး''
ထိုစကားကြောင့် ခရီးသည်များစိတ်ဝင်စားပြီး စုရုံးလာကြသည်။
ကာယဗလဝက်မှာ အရင်ကတည်းက အင်တာနက်ပေါ်နာမည်ကြီးသည်။
သို့သော် ချင်းလင်မွေးမြူရေးခြံက ကာယဗလဝက်ရောင်းမည့်သတင်း လုံးဝမကြားပေ။ ဒီနေ့ ကာယဗလဝက်သုံးကောင်ကိုလေလံဆွဲတော့မည်ဖြစ်၍ မစပ်စုဘဲမနေနိုင်ကြ။
မြန်မြန်ဆန်ဆန်ပင်_
ဝက်သုံးကောင်ကိုထုတ်လာပြီး နံပါတ် ၁၊၂၊၃ တပ်ထားသည်။
ဝက်ပေါက်လေးများက ဝက်ကြီးများထက်ပိုတစ်ပြီး ပိုချစ်စရာကောင်းသည်။ အထူးသဖြင့် ဝက်ပေါက်အရွယ်ကတည်းက ကြွက်သားတက်နေခြင်းပင်။
မိုက်ကရိုဖုန်းနှင့်ဝန်ထမ်းကစအော်သည်_
"အားလုံးမြင်တဲ့အတိုင်းပဲ... ကျွန်တော်တို့မွေးမြူရေးခြံကကာယဗလဝက်တွေ အရမ်းချစ်စရာကောင်းတယ်မလား? ပြီးတော့ ဒီတစ်နှစ်လုံးမှာ ဒီသုံးကောင်တည်းပါ''
"နောက်တစ်ဆင့်.. ကျွန်တော်တို့ ကာယဗလဝက်ပေါက်နံပါတ်တစ်ကို လေလံဆွဲပါမယ်... ကြမ်းခင်းစျေးမရှိပါဘူး... အားလုံးလေလံစဆွဲနိုင်ပါပြီ''
ကာယဗလဝက်မှာ အင်တာနက်ပေါ်တွင်နာမည်ကြီးဖြစ်၍ လေလံဆွဲသူမရှိမှာမပူရ။
ဝန်ထမ်းကပြောပြီးပြီးချင်း ခပ်ဝဝတစ်ယောက်ကလှမ်းအော်သည်_
"ယွမ် ၅၀၀!''
ကာယဗလဝက်ဝယ်ပြီး လေ့ကျင့်ခန်းလုပ်ချင်သော်လည်း စောစောကပဲသူ့ကောင်မလေးအထင်သေးတာခံလိုက်ရသည်။
သို့သော် ယွမ် ၅၀၀ နှင့်လေလံဆွဲလိုက်မှ သူ့ကောင်မလေးကပိုပြီးအထင်သေးသွားကြောင်း၊ သူနှင့်ပိုပြီးခပ်ခွာခွာဖြစ်သွားကြောင်း သူမသိလိုက်။
နောက်ခဏတွင် ရုတ်တရက်အမျိုးသမီးတစ်ဦးအသံထွက်လာသည်_
"၅၀၀၀!''
အမျိုးသမီးခရီးသည်ပင်။ ရွပ်ရွပ်ချွံချွံနှင့် အားကစားလုပ်သောပုံပေါက်သည်။
"၁၀၀၀၀!''
ခရီးသည်တစ်ဦးက ကပ်လိုက်လာသည်။
တစ်ကိုယ်လုံးကြွက်သားများနှင့် အသားညိုညိုလူတစ်ယောက်ဖြစ်သည်။ သူ့ကြည့်ရတာ လေ့ကျင့်ခန်းလုပ်ထားပုံရ၏။
"၁၅၀၀၀!''
နောက်ထပ်အမျိုးသမီးအသံကြားရပြန်သည်။
ထိုအမျိုးသမီးခရီးသည်က အားကစားဝတ်စုံဝတ်ထား၍ အားကစားချစ်သူဖြစ်ကြောင်းပြောစရာမလို။
"၅၀၀၀၀!''
စောစောကကြွက်သားနှင့်လူက ထပ်အော်ပြန်သည်။
ထိုစျေးကြောင့် ယွမ် ၅၀၀ ဟုအော်သောဖက်တီး နည်းနည်းရှက်သွားသည်။ သူကမျက်နှာပျက်သွားပြီး 'ဒီလူတွေရူးနေပြီလား.. ဝက်လေးတစ်ကောင်ပဲလေ... ဘာလို့ဒီလောက်တောင်ပိုက်ဆံသုံးရတာလဲ?'
"၆၀၀၀၀!''
အစပိုင်းကလေလံဆွဲသော ကျားကျားလျားလျားအမျိုးသမီးက အော်ပြန်သည်။
သို့သော် ချက်ချင်းပင် ကြွက်သားနှင့်လူက_
"၂၀၀၀၀၀!''
တစ်ခါတည်း ယွမ် ၂၀၀၀၀၀ ထိတက်သွားသောကြောင့် အားလုံးပွက်လောညံသွားလေသည်။