ဝက်တစ်ကောင် ယွမ်နှစ်သိန်း! စက်မှုစွမ်းအားပြည့်စီးပွား! ၃
Vol. 53 Ch. 792
ကာယဗလဝက်က ဘယ်လောက်အံ့ဩစရာကောင်းကောင်း၊ အိမ်မွေးတိရစ္ဆာန်သာ။ ဝက်တစ်ကောင် ယွမ် ၂၀၀၀၀၀ ဆိုတာ ခေါင်ခိုက်အောင်မြင့်လှချည့်။ အမြဲတမ်းဒီစျေးဖြစ်နေရင် ရှေ့လျှောက် ဒီကာယဗလဝက်တွေကို လူချမ်းသာတွေပဲမွေးနိုင်လိမ့်မည်။
ယွမ် ၂၀၀၀၀၀ ကြောင့် တခြားခရီးများလည်း လက်လျှော့လိုက်သည်။
ဘာပဲဖြစ်ဖြစ် နှစ်ကောင်ကျန်သေးတယ်။ တန်ဖိုးကိုဂရုမစိုက်တဲ့ဒီအရူးနဲ့ပြိုင်ဖို့မတန်။
သို့သော် ထိုကြွက်သားနှင့်လူက 'လူပြောမသန်၊ လူသန်မပြော'ကို သက်သေပြသွားလေသည်။
ဝန်ထမ်းက ဒုတိယဝက်ကိုလေလံစဆွဲရန်ကြေညာသောအခါ ဗလကြီးကချက်ချင်းပင်_
"၂၀၀၀၀၀!''
“……”
“……”
“……”
လေလံဆွဲရန်အရှိန်ယူနေသူခရီးသည်တချို့ ကြောင်သွားသည်။
ပတ်လည်ဝိုင်းနေသောခရီးသည်များလည်း ဆူညံသွား၏။
ဝက်နှစ်ကောင်ကို ယွမ် ၂၀၀၀၀၀ ပေးဝယ်တာမျိုးမြင်ဖူးတာ ဒါပထမဆုံးပင်။
သို့ရာတွင် ဗလကြီးကနှစ်ကောင်နှင့်မလုံလောက်ကြောင်း အားလုံးကိုပြောသည်။ သူသုံးကောင်လိုချင်သည်။
တတိယလေလံစဆွဲသည်။ သူကအားလုံးတွန့်သွားအောင် ယွမ် ၂၀၀၀၀၀ ခေါ်ပြန်သည်။ နောက်ဆုံး ယွမ် ၆၀၀၀၀၀ သုံးပြီး ဝက်ပေါက်သုံးကောင်ဝယ်လိုက်လေသည်။
ထိုတန်ဖိုးကြောင့် ရန်သုံ့အလွန်ကျေနပ်နေသည်။ သူကပြုံးပြုံးနှင့် ချင်လင်အား_
"သူဌေး... ကြည့်ရတာ ကာယဗလဝက်ပထမလေလံပွဲက အရမ်းထိရောက်တာပဲ... တစ်ကောင်ကို အနည်းဆုံး ယွမ် ၂၀၀၀၀၀ တန်ဖိုးရှိတယ်... ပြီးတော့ ကျွန်တော်တို့ကြေညာရင်ကြေညာသလို ကာယဗလဝက်ရဲ့တန်ဖိုးငြိမ်အောင်လုပ်လို့ရတယ်''
"အင်း!''
ချင်လင်က ရန်သုံ့စကားကိုထောက်ခံလိုက်သည်_
"မာတီမီဒီယာဌာနက မန်နေဂျာလင်းကို ကူပြီးကြော်ငြာခိုင်းပါ''
ကာယဗလဝက်တန်ဖိုးတက်ရင် ချင်းလင်မွေးမြူရေးခြံအတွက် အနည်းနှင့်အများအကျိုးရှိသည်။
ကာယဗလဝက်ပွဲပြီးသောအခါ ချင်လင်ကချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။
ပန်းချီဆရာကြီးဝူခိုင်လာမလာလည်း သူသိချင်သည်။
ဗန်ဂိုးနဲ့ပီကာဆိုရဲ့ပန်းချီကားနှစ်ချပ်စစ်မစစ်ကိုအဖြေရှာဖို့ သူစောင့်နေဆဲ။
သူကရှာကြည့်လိုက်သည်။ ဗန်ဂိုးပန်းချီကားများ၏နောက်ဆုံးလေလံသတင်းက အမေရိကန်ဒေါ်လာ ၈၅ သန်းရှိပြီး ပင်လယ်ထဲမြှုပ်သွားသော 'ပင်လယ်ထဲမှနေကြာ'က ပိုတန်ဖိုးရှိကြောင်း ကောလာဟလရှိသည်။
ပီကာဆို၏ပန်းချီကားများက အမေရိကန်ဒေါ်လာ ၁၂၅ သန်းတန်သည်။ ပင်လယ်ထဲပျောက်သွားသော'ရွှေဗုံနှင့်အမျိုးသမီး'ကလည်း ပီကာဆို၏လက်ရာမြောက်ပန်းချီကားတစ်ချပ်ဖြစ်ပြီး တန်ဖိုးချင်းအတူတူလောက်ပင်။
ဒီပန်းချီကားနှစ်ချပ်သာ လက်တွေ့ဘဝမှာအစစ်ဆိုရင် လုံးဝအံ့ဩစရာ။
နောက်ပြီး ရှေ့လျှောက် ရေကန်သတ္တုတွင်းမှာရတနာသေတ္တာတွေ့တိုင်း ဒီလိုပစ္စည်းမျိုးထပ်ရတော့မည်။
ရေကန်သတ္တုတွင်းကလည်း ၂၅၅ ထပ်ရှိသည်။
နောက်ဆုံးကျ ပြတိုက်များဖြစ်သွားမလား? ပြီးတော့ ထူးထူးခြားခြားအဆင့်မြင့်တဲ့ပြတိုက်!
ချင်လင်နှင့်လူချင်းခွဲပြီးနောက် ရန်သုံ့ကလင်းလန်ဇီကိုသွားရှာပြီး ကြော်ငြာခိုင်းသည်။ သို့သော် လင်းလန်ဇီမလှုပ်ရှားရသေးခင် အင်တာနက်ပေါ်တွင် ကာယဗလဝက်ကရေပန်းစားရှာဖွေမှုထဲရောက်နေလေပြီ။
ဗလကြီးက ယွမ် ၆၀၀၀၀၀ သုံးပြီး ဝက်သုံးကောင်ဝယ်သောဗီဒီယိုကို အင်တာနက်ပေါ်တင်ထားကြသည်။
ယွမ် ၆၀၀၀၀၀ နှင့်ဝက်သုံးကောင်တွဲမြင်ပြီး လူစိတ်စားမှုအလွန်များသဖြင့် ရေပန်းစားစာရင်းထဲတန်းဝင်သွားသည်။
ချင်းလင်မွေးမြူရေးခြံ၏ကာယဗလဝက်လေလံစျေးကြောင့် ပြည်သူအတော်များများလန့်ကုန်သည်။
ဝက်: ငါ့ကိုယ်ငါ ဒီလောက်စျေးကြီးမှန်းမသိဘူး!
"သော*က်... အဆန်းပဲ... ဝက်တစ်ကောင် ယွမ် ၂၀၀၀၀၀ တဲ့... ဝက်တွေကြားမှာ မင်းသားပဲမလား?''
"ရိုးရိုးဝက်တွေပါ စျေးတက်ကုန်မလားမသိဘူး... ဝက်သားတောင် စားနိုင်ပါ့မလား''
“……”
လူတိုင်းက ဗလကြီးကိုအရူးဟုထင်ကြသည်။
ဝက်တစ်ကောင် ယွမ် ၂၀၀၀၀၀ တဲ့။ ကိုယ့်ဘာသာလေ့ကျင့်ခန်းလုပ်ချင်လို့ တစ်ကောင်ဝယ်ချင်ဝယ်လေ။ သုံးကောင်လုံးဝယ်တာကျ ပိုက်ဆံသုံးစရာနေရာမရှိသလိုပဲ။
မကြာမီ 'ဂျင်ပိုင်ရှင်က ကာယဗလဝက်သုံးကောင်ဝယ်ပြီး ဖောက်သည်များကိုဆွဲဆောင်ကာ သုံးရက်အတွင်း ဝင်ငွေသန်းချီရ'ဆိုသောခေါင်းစဉ်နှင့်သတင်းထွက်လာလေသည်။ ထိုသတင်းထွက်လာမှ လူများက 'အရူးက ငါတို့ပဲ' ဟုတွေးမိကြတော့သည်။
…
ရုံချန်း_
သန့်စင်မြက်နှင့်အသွင်ပြောင်းပြီးနောက် လေအရည်အသွေးက အလွန်မြင့်နေသည်။

တက္ကစီတစ်စီးပေါ်တွင် ဝူချန်က သူမအဘိုးလက်ကိုတွဲပြီး_
"အဘိုး... ရုံချန်းကလေအရမ်းကောင်းတယ်မလား?''
"အင်း... လေက လတ်ဆတ်လိုက်တာ''
ဝူခိုင်ခေါင်းညိမ့်လိုက်သည်_
"ဒါသန့်စင်မြက်ကြောင့်မလား?''
"အွန်း!''
ဝူချန်ကပြုံးပြုံးနှင့်_
"အဘိုး... ကျွန်မပြောပြမယ်... ချင်းလင်အပန်းဖြေစံအိမ်က လေအရည်အသွေးပိုတောင်ကောင်းသေးတယ်... အပန်းဖြေစံအိမ်ရဲ့လေအရည်အသွေးက AQI စက်ပေါ်မှာ ဂဏန်းတစ်လုံးပဲရှိတယ်တဲ့... ရှုခင်းလှလှတွေနဲ့ဆိုရင် နတ်ပြည်လိုပဲ''
လူကြီးဝူခိုင်လည်း မျှော်လင့်နေသည်။ သူ့နားကလေကိုရှုရှိုက်ရင်း ကားပြတင်းပေါက်အပြင်မှပျားပန်းခတ်နေသောမြင်ကွင်းကိုလှမ်းကြည့်ကာ သက်ပြင်းချ၍_
"ဒီချင်းလင်စံအိမ်ပိုင်ရှင်က တကယ်အံ့ဩစရာပဲ''
ချင်းလင်အပန်းဖြေစံအိမ်မှအပင်များကိုမြင်ပြီး အပန်းဖြေစံအိမ်ကိုလာရန်ဆုံးဖြတ်ခဲ့သည်။ ချင်းလင်အပန်းဖြေစံအိမ်အကြောင်းလည်း သိချင်သေးသည်။ အထူးသဖြင့် နောက်ကွယ်ကသူဌေးပင်။
ဘာပဲဖြစ်ဖြစ် ချင်းလင်အပန်းဖြေစံအိမ်ကအပင်တွေကိုသုံးချင်ရင် နောက်ကွယ်မှသူဌေး၏ခွင့်ပြုချက်ကိုယူရမည်။
ချင်းလင်စံအိမ်ပိုင်ရှင်ကသဘောမတူရင် သူပန်းချီဆွဲမည်မဟုတ်။ ထို့ကြောင့် ချင်းလင်စံအိမ်ပိုင်ရှင်ကိုတွေ့ပြီး ပုံဆွဲခွင့်ပေးစေချင်သည်။
ချင်လင်ကလည်း သူရောက်လာမှာစောင့်နေမှန်း သူမသိချေ။
ဝူခိုင်ကချင်းလင်စံအိမ်ပိုင်ရှင်အကြောင်းကြားပြီး လုံးဝအံ့ဩသွားသည်။
အင်တာနက်ပေါ်တွင် ချင်းလင်ကုမ္ပဏီသူဌေးအကြောင်း အချက်အလက်တိတိကျကျမရှိသော်လည်း ကုမ္ပဏီဖွံ့ဖြိုးလာသောလမ်းကြောင်းနှင့်သူလုပ်ခဲ့သမျှကိုတွေ့နိုင်သည်။
ချင်းလင်စံအိမ်ရှုမျှော်ခင်းတည်ဆောက်ရေးဖြစ်စေ၊ ချင်းလင်ဓာတ်ခွဲခန်းနှင့်ချင်းလင်အစားအသောက်ကုမ္ပဏီဖွံ့ဖြိုးရေးဖြစ်စေ၊ အားလုံး မယုံနိုင်သောအရှိန်နှင့်ဖွံ့ဖြိုးပြီး သူလုပ်သမျှတိုင်းကလည်း အံ့ဩစရာကောင်းနေသည်။
အထူးသဖြင့် လတ်တလောဆော့တိုက်ပွဲမှာ ရှင်းကျန့်တယ်ဘရန်းနှစ်ခုရှုံးသွားတာ ပန်းချီဆရာတစ်ဦးအနေနှင့်ကျေနပ်အားရသည်။
နောက်ပြီး ဒီလိုမယုံနိုင်လောက်အောင်ဖွံ့ဖြိုးတဲ့ကုမ္ပဏီမျိုး၊ အဲဒါထက် မယုံနိုင်လောက်အောင်ဖွံ့ဖြိုးတဲ့စက်မှုကုမ္ပဏီမျိုးမတွေ့တာကြာခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် အင်တာနက်ကုမ္ပဏီဖွံ့ဖြိုးမှုက ခြွင်းချက်ပင်။
အင်တာနက်သတင်းအချက်အလက်ခေတ်တွင် စီးပွားရေးလုပ်ရပိုပိုခက်လာသည်။
သို့ရာတွင် အင်တာနက်ကုမ္ပဏီများနှင့်ယှဉ်လျှင် စက်မှုစီးပွားက ပိုလေးစားစရာကောင်းသည်။ မှန်မှန်ကန်ကန်နှင့် မွေးရပ်မြေကိုစီးပွားရေးဖြစ်စေသော ချင်းလင်ကုမ္ပဏီလိုအခိုင်အမာလုပ်ငန်းမျိုးဆိုမပြောနှင့်တော့။
'စက်မှုစွမ်းအား ပြည့်စီးပွား'ဆိုသောစကားမှာ ချင်းလင်ကုမ္ပဏီလို ကုမ္ပဏီမျိုးကိုရည်ညွှန်းခြင်းဖြစ်မည်။
အင်တာနက်ကုမ္ပဏီများမှာမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးသော်လည်း ဂုဏ်သိက္ခာနှင့်အမှားအမှန်ကင်းမဲ့နေသေးသည်။
ခေါင်းပုံဖြတ်ခြင်းက လူသားဆန်သောအရာမဟုတ်ပေ။