သတင်းစာခေါင်းစည်းပေါ်က ဝါ့ဇ်
Vol. 12 Ch. 27
အိမ်စေဝတ်စုံနဲ့ ညိုချောအလှလေးက လန်ဒန်နာရီစင်ပေါ်က ချက်ချင်းခုန်ပျံပြီး ဆင်းလာပါတယ်။ အဲဒီနောက်မှာတော့ နောက်ဖေးလမ်းကြားထဲမှာ စောင့်နေတဲ့ မက်ဒါနာ ၊ ဖရာလီတာနဲ့ လင်ဒါတို့နှစ်ယောက်ကို ခေါင်းခါပြလိုက်ပါတယ်။
“ဝါ့ဇ်နဲ့နောက်ထပ်ဖရာလီတာတို့နှစ်ယောက်ကို မြို့ထဲမှာ မတွေ့ရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရောက်နေတာက ဝါ့ဇ် ပြောတဲ့ မှော်ပညာကမ္ဘာဖြစ်တဲ့ပုံပါပဲ။”
မက်ဒါနာနဲ့ဖရာလီတာက ပြိုင်တူသက်ပြင်း ချလိုက်မိတယ်။ သူတို့ဒီကိုလာတုန်းက ပေါ်တယ်မှာ မဆိုသလောက် ပြဿနာ အသေးလေးဖြစ်သွားခဲ့ပြီး လိုဏ်ခေါင်းက အချိန်မတိုင်ခင် ပိတ်သွားခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးကနေလိုက်လာတဲ့ ဝါ့ဇ်နဲ့ဖရာလီတာတို့ လူကွဲသွားတာ။
“ဖြစ်နိုင်တာတော့ ကျပန်းအပြိုင်ကမ္ဘာတစ်ခုထဲ သူတို့ ပြုတ်ကျသွားတာများလား။” ဖရာလီတာက စဥ်းစားရင်း ပြောလိုက်တယ်။ အေမီက ဖြစ်နိုင်တယ်လို့ အတည်ပြုတဲ့ အနေနဲ့ ခေါင်းညိတ်ပြတယ်။
“တစ်နည်းအားဖြင့် ငါတို့မှာ လမ်းပြမရှိတော့ဘူးပေါ့။” လင်ဒါနှစ်ယောက်က စိတ်ပျက်သွားတဲ့လေသံနဲ့ ပြိုင်တူ ပြောလိုက်ကြလေရဲ့။
သူတို့က ဝါ့ဇ်နဲ့ဖရာလီတာနောက်တစ်ယောက် ပျောက်သွားတဲ့အတွက် သိပ်ပြီးစိတ်မပူကြပါဘူး။ ဘာပဲပြောပြော ဝါ့ဇ်မှာက သူ့နည်းလမ်းနဲ့သူ အပြိုင်ကမ္ဘာတွေကြားထဲ ခရီးသွားနိုင်စွမ်းရှိတာမလို့ တခြားကမ္ဘာတစ်ခုမှာ ပိတ်မိသွားမှာမျိုးကို သူတို့ စိုးရိမ်စရာ မရှိပါဘူး။
“လောလောဆယ်တော့ မြို့ထဲလျှောက်သွားရင်းနဲ့ သတင်းလေးဘာလေး လိုက်စုဆောင်းကြတာပေါ့။” မက်ဒါနာက ပြောလိုက်တယ်။ အဲဲဒီနောက် သူတို့တွေက လန်ဒန်နာရီစင်ကို ဆုံမှတ်အဖြစ်သတ်မှတ်ကာ လူစုခွဲပြီး သတင်းတွေစုဆောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
....
မက်ဒါနာနဲ့ဖရာလီတာက နှစ်ယောက်တွဲအဖွဲ့ဖွဲ့လိုက်ပြီး သမရိုးကျ သတင်းရနိုင်မယ့်နေရာတွေကို လိုက်ရှာတယ်။ သတင်းစာတွေ၊ ရုပ်မြင်သံကြားလိုင်းတွေ နားထောင်ရင်း ဖတ်ရှုရင်းနဲ့ ဒီကမ္ဘာကြီးအကြောင်းကို နားလည်အောင် ကြိုးစားကြတယ်။
တစ်စုံတစ်ယောက်က လန်ဒန်မြို့လမ်းမတွေပေါ် အပေါ်စီးကနေ သေချာကြည့်မယ်ဆိုရင်တော့ ပုံစံတူ သတ္တုလက်အိတ်ဝတ်ထားတဲ့ ကောင်မလေးနှစ်ယောက်က လက်တွဲထားကြပြီး လမ်းမကြီးပေါ်မှာ ပြေးလွှားနေတယ်။ သတင်းစာဆိုင်လေးတွေတွေ့တိုင်း သတင်းစာတွေကို မဝယ်ဘဲ ဝယ်ဖတ်နေတဲ့အတွက် ဆိုင်ရှင်ဦးလေးကြီးတွေ နှင်ထုတ်တာလည်း ခံရတတ်တယ်။
အေမီဆိုတဲ့အိမ်စေမလေးကတော့ တိုက်တွေတစ်ခုနဲ့တစ်ခု ခုန်ပျံကူးသန်းသွားလာရင်းနဲ့ သူ့ရဲ့စက်ရုပ်မျက်လုံးတွေကို အသုံးပြုကာ တစ်မြို့လုံးကို လိုက်လံစောင့်ကြည့်နေလေရဲ့။ သူ့ပုံစံက အတော်လေးထူးဆန်းနေပေမဲ့ ကျွမ်းကျင်တဲ့ နောက်ယောင်ခံပညာတွေကို ပိုင်ဆိုင်ထားတဲ့အတွက် လူတွေက သူ့ကိုတော်ရုံသတိမထားမိကြဘူး။
လင်ဒါတို့နှစ်ယောက်ကတော့ စုံထောက်တွေအတွက် ပိုပြီး သမရိုးကျတဲ့နည်းကို သုံးကြတယ်။ သူတို့နှစ်ယောက်က ဘုံဆိုင်တွေကိုသွားပြီး ရပ်ကွက်ထဲက ဦးလေးကြီးတွေဆီက သတင်းနှိုက်တယ်။ နောက်တော့ ဦးလေးကြီးတွေက အမွှာ မိန်းမလှလေးနှစ်ယောက်ကို သဘောကျလွန်းလို့ ရမ်အရက် အလကားတိုက်တာမျိုးနဲ့ကြုံရရော။
နှစ်ယောက်လုံး အမူးသောက်ပြီးတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် လက်ချိတ်ပြီးတော့ စကော့တလန် စုံတွဲအက ကတော့တာပဲ။ ဦးလေးကြီးတွေကတော့ လက်ခုပ်ဝိုင်းတီးပြီး အားပေးကြတာပေါ့။
နေဝင်ချိန်မှာတော့ သုံးဖွဲ့လုံးက လန်ဒန်နာရီစင်ကြီးအောက် ပြန်စုဖြစ်ကြတယ်။ သူတို့တွေက သူတို့သိခဲ့ရတဲ့ ကိစ္စတွေ မှန်သမျှကို ပြောပြကြတယ်။
ပထမဆုံးအနေနဲ့ အရပ်သားတွေကို သွားစကားပြောခဲ့တဲ့ လင်ဒါတို့က သူတို့သိခဲ့တာတွေကို တင်ပြကြပါတယ်။ “အရပ်သားတွေက လွန်ခဲ့တဲ့တစ်ပတ်လောက်က ဖြစ်ခဲ့တဲ့ ဆေလာမက်ဒါနာ စိန်ခေါ်ခံရတဲ့ ကိစ္စကို ပြောနေကြဆဲပဲ။ ရန်သူက တော်တော်အားကောင်းပြီး ဆေလာမက်ဒါနာက နောက်ပြန်ဆုတ်သွားရတယ် ဆိုပြီးတော့ပေါ့။ အဲဒီရန်သူထဲ ဆေလာမက်ဒါနာနောက်တစ်ယောက်လည်း ပါနေတယ် ဆိုပြီးတော့ ပြောနေကြသေးတယ်။”
မက်ဒါနာတို့အုပ်စုကတော့ ခေါင်းကိုခါယမ်းလိုက်တယ်။ ဒီကိစ္စက သတင်းကြီးတော့ မဟုတ်ပါဘူး။ သူတို့တွေ သိထားခဲ့ပြီးသား ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ လင်ဒါတို့ အုပ်စုက စကားမဆုံးသေးဘူး။
“စိတ်ဝင်စားစရာတစ်ခုကတော့ နှစ်ပတ်လုံးလုံး အဲဒီဗီလိန် အုပ်စုသစ်က ဆေလာမက်ဒါနာကို စိန်ခေါ်နေခဲ့ပေမဲ့ ဆေလာမက်ဒါနာက မပေါ်လာတော့ဘူးတဲ့လေ။ သူ့ပရိသတ် တော်တော်များများက အရင်တိုက်ပွဲမှာ ဒဏ်ရာရထားတယ် ထင်ပြီးတော့ စိုးရိမ်နေကြတာ။”
ဒီတစ်ခါတော့ မက်ဒါနာတို့အုပ်စုက လေးနက်သွားတယ်။ ဒါကတော့ သူတို့အသစ်သိရတဲ့ သတင်းအချက်အလက်ပါ။ လင်ဒါနှစ်ယောက် သူတို့သိထားတာတွေ ပြောခဲ့ပြီးနောက်မှာ မက်ဒါနာတို့က အေမီဘက်ကို လှည့်လိုက်တယ်။ အေမီကလည်း ပြုံးလိုက်ပြီးတော့ မက်ဒါနာရဲ့ဘေးမှာ ရှိနေတဲ့ ခုံတန်းရှည်တစ်ခုပေါ် ဘေးတစ်စောင်းထိုင်ရင်းနဲ့
“ကျွန်မကတော့ ဒီနေ့ အတော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့ မြင်ကွင်းကို မြင်ခဲ့ရပါတယ်။” သူ့မျက်လုံးကို ထိလိုက်တယ်။
အေမီရဲ့မျက်လုံးကနေ ပရိုဂျက်တာပုံရိပ်တစ်ခု ထွက်လာပြီး သုံးယောက်အဖွဲ့တစ်ဖွဲ့ရဲ့ပုံရိပ်ကို ပြသနေပါတယ်။ တစ်ယောက်က ခါးမှာထူးဆန်းတဲ့ နည်းပညာခါးပတ်ကို ပတ်ထားပြီး မက်ဒါနာလိုပဲ အဖြူရောင်ဆံပင်တွေ ပိုင်ထားတယ်။ မက်ဒါနာနဲ့မတူတာက အဲဒီဆံပင်တွေက ခါးအထိရှည်တာပါ။ ပြီးတော့ ပိုနူးညံ့တဲ့ပုံစံမျိုးလည်း ရှိပါတယ်။
အဲဒီမိန်းကလေးရဲ့ဘေးမှာတော့ ဆံပင်အတိုနဲ့ညိုချော မိန်းကလေးတစ်ယောက်ရှိနေပြီး အေမီဖြစ်မှန်း လူတိုင်း သတိထားမိကြတယ်။ အေမီနဲ့မတူတာဆိုလို့ အေမီလို ဆံပင် အရည်ကြီးမရှိတာရယ်၊ မျက်လုံးအနီရောင်မရှိတာရယ်နဲ့ အိမ်စေဝတ်စုံအစား ရေကူးဝတ်စုံလို ကိုယ်ကျပ်သားရေ အင်္ကျီမျိုးကို ဝတ်ထားတာရယ်ပါ။ တတိယတစ်ယောက်က မက်ဒါနာတို့မမြင်ဖူးတဲ့ မျက်နှာတစ်ခြမ်း ပျက်စီးနေတဲ့ လူတစ်ယောက်ဖြစ်ပြီး ဓားကြီးတစ်လက်ကို ကျောပိုး ထားပါတယ်။
“ သေချာပေါက်၊ ခါးပတ်နဲ့မက်ဒါနာတို့အုပ်စုပဲ။ ဒါပေမဲ့ တတိယလူက ဘယ်သူလဲ။ သူ့ကြည့်ရတာ မက်ဒါနာလည်း ဟုတ်ပုံမပေါ်ပါဘူး။”
မက်ဒါနာကိုယ်တိုင်လည်း ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီ လူက မက်ဒါနာမူကွဲမဟုတ်မှန်း သိနေတယ်။ ဒါပေမဲ့ သူ့ကျောနောက်မှာသယ်ထားတဲ့ ဓားကိုမြင်တော့ နားမလည်နိုင် ဖြစ်သွားခဲ့လေရဲ့။
“အဲဒီဓားက ငါ့ရဲ့မြေဆွဲအားဓားအဟောင်းပဲ။ ဘာလို့ သူ့ဆီမှာ အဲဒါရှိနေတာလဲ။”
အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ သူတို့တွေမှာ အဲဒီလူက ဘယ်သူဖြစ်တယ်ဆိုတဲ့ သဲလွန်စ ရှိမနေပါဘူး။ ဒါပေမဲ့ အေမီရလာတဲ့ သတင်းအချက်အလက်က တန်ဖိုး ရှိနေဆဲပဲ။ အနည်းဆုံးတော့ တစ်ဖက်ရန်သူမှာ လူအင်အား အပြောင်းအလဲမရှိတာကို သူတို့သိနိုင်ခဲ့ပါတယ်။
“မမလေးတို့ရော ဘာသိခဲ့လဲ။” အေမီက ပရိုဂျက်တာ ပုံရိပ်ကို ပြန်သိမ်းလိုက်ပြီး မက်ဒါနာကို မေးလိုက်တယ်။ မက်ဒါနာက ခေါင်းကုပ်လိုက်ရင်း...
“ ထွေထွေထူးထူးရယ်တော့မရှိပါဘူး။ လန်ဒန်မှော်ပညာ ကျောင်းမှာတက်နေတဲ့ နာမည်ကြီး သူကောင်းမျိုး ကျောင်းသူလေးကို ခပ်ပိန်းပိန်း ကျောင်းသားတစ်ယောက်က ခိုးပြေးသွားတယ်ဆိုတဲ့ သတင်းတွေချည်း သတင်းစာမျက်နှာဖုံးမှာ နေရာယူထားကြတာ။”
မက်ဒါနာက ထူးမခြားနားပုံစံမျိုးနဲ့ သတင်းစာတစ်စောင်ကို အားလုံးရှေ့မှာ ထုတ်ပြလိုက်တယ်။ သတင်းစာ မျက်နှာဖုံးမှာ ဖရာလီတာနဲ့တူတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံနဲ့ ဝါ့ဇ်ရဲ့ပုံလို့ ယူဆရတဲ့ ပုံနှစ်ပုံကို ယှဥ်တွဲပြထားတယ်။ ဖရာလီတာရဲ့ပုံက လိုလီတာဂါဝန်လှလှလေးနဲ့ဖြစ်ပြီး ရှိရင်းစွဲအသက်ထက်တောင် အများကြီးပိုငယ်တယ်လို့ ထင်ရတယ်။ ဝါ့ဇ်ရဲ့ပုံကျတော့ မှုခင်းဂျာနယ်တွေထဲက တရားခံပြေးပုံလိုမျိုး မျက်နှာမှာ မျက်လုံးကိုပဲကွက်ပြီး အမည်းတန်းကြီးနဲ့ ဆင်ဆာဖျက်ထားတယ်။
“ သူတို့ ဒီကမ္ဘာကနေ ပျောက်သွားတာ တစ်ပတ်လောက် ရှိနေပြီဆိုတော့ ဝါ့ဇ်က လိုလီလေးကို ခိုးပြေးသွားတယ်လို့ လူတွေထင်နေကြပုံပဲ။ အဲဒီကောင် ပြန်ရောက်လာရင်တောင် ဒီပြဿနာက တော်တော်ရှင်းယူရမယ့်ကိစ္စမျိုး။”
မက်ဒါနာက ဝါ့ဇ်တစ်ယောက် ပြန်လာရင် အဖမ်းခံရပြီး တစ်သက်တစ်ကျွန်းပဲ ထောင်ချခံရမလား သေဒဏ်ပဲ အပေးခံရမလားဆိုပြီး တွေးကြည့်တယ်။ သတင်းစာထဲ ဖတ်ကြည့်ရသလောက် ချစ်စရာကောင်းတဲ့ Tsudere ဖရာလီတာလေးက အင်ပါယာရဲ့အားအကောင်းဆုံး မှော်ဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ စောင့်ရှောက်သူ အော်သာရီယာရဲ့မြေးမလေး ဖြစ်နေတယ်လေ။ ဒီတော့ အဖွားကြီးက ကိုယ်တိုင်လာဖမ်းပြီး မီးတင်ရှို့တာမျိုးတောင် ဖြစ်နိုင်သေးတယ်။
“ဆေလာမက်ဒါနာအဖြစ် ပြောင်းထားရင်တောင်မှ ကောင်းကောင်းအကင်ခံရမယ့်ပုံပဲ။” မက်ဒါနာက အချိုးလုံးဝမပြေတဲ့ဝါ့ဇ် အကင်ခံရမှာကို တွေးကြည့်ရင်း ပြုံးမိလာတယ်။
“ဒီတော့ ဘာဆက်လုပ်မယ်လို့ စဥ်းစားထားလဲ။” လင်ဒါ နံပါတ်တစ်က မေးလိုက်တယ်။ မက်ဒါနာကတော့ ပေါ့ပေါ့ ပါးပါးနဲ့ပဲ...
“အချက်အလက်တွေ လိုသလောက်ရပြီဆိုတော့ အစီအစဥ် ဆွဲရအောင်။ နေ့တိုင်းရန်သူအုပ်စုက ဆေလာမက်ဒါနာကို စိန်ခေါ်နေကျဆိုတော့ ငါတို့တွေ သူတို့ကို အထူးတလည် သွားရှာစရာမလိုဘူး။ စိန်ခေါ်တဲ့အချိန် သွားပြီးတော့ တိုက်ခိုက်ရုံပဲ။”
အားလုံးလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ ဒီကိစ္စက အကျိုးအကြောင်းသင့်တယ်လို့ သူတို့ယူဆကြတယ်။ ပြီးတော့ ဒီနေရာမှာရှိနေတဲ့ လူအများစုက သူတို့ရဲ့ကိုယ်ပိုင် စွမ်းအားတွေကိုသူတို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အေမီက ပိုအသေးစိတ်ကျမယ့် အချက်တစ်ခုကို ထောက်ပြတယ်။
“ဒါပေမဲ့ မမလေး၊ ရန်သူက မမလေးရဲ့မူကွဲတွေကို စုပ်ယူပြီး စွမ်းအားအဖြစ်သုံးနိုင်တာကိုလည်း မမေ့နဲ့ဦး။”
ဒီတော့ မက်ဒါနာရဲ့အမူအရာက တည်ကြည်လေးနက် သွားတယ်။ ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရတဲ့ လင်ဒါနံပါတ်နှစ်ကတော့...
“ သူတို့လက်ထဲမှာ ရှိနေတဲ့ လက်နက်တွေက ဒီလိုလုပ်နိုင်စွမ်းရဲ့အချက်အချာ ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်။”
အေမီက ဗျူဟာကိုပါ တစ်ခါတည်းချပေးလိုက်တယ်။ “မမလေးကို ရန်သူတွေက စုပ်ယူပြီး ကျွန်မတို့ကို တန်ပြန် တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့အတွက် ကျွန်မ စဥ်းစားမိထားတာ တစ်ခုရှိတယ်။
အခုနေရာမှာ အားအနည်းဆုံးဖြစ်တဲ့ လင်ဒါနှစ်ယောက်က နောက်ထပ်အေမီကို စိန်ခေါ်သင့်တယ်လို့ မြင်တယ်။ ရည်မှန်းချက်က အနိုင်ရဖို့မဟုတ်ဘဲ အလုံအလောက် အချိန်ဆွဲထားနိုင်ဖို့ပဲ။
လင်ဒါနံပါတ်နှစ်က ခေါင်းညိတ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ ပြည့်နှက်နေတဲ့ ကလဲ့စားချေချင်စိတ်ကို အတိုင်းသား မြင်နေရပါတယ်။ သူက အဲဒီအေမီနဲ့ တိုက်ခိုက်ပြီး ရှုံးခဲ့တဲ့သူပါ။
“ကျွန်မကတော့ နောက်ထပ်မမလေးကို ရင်ဆိုင်ပါမယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့အပြုအမူတွေကို သုံးသပ်ပါမယ်။”
မက်ဒါနာကတော့ မျက်မှောင်ကြုတ်လိုက်ပါတယ်။ “ဆိုလိုတာက ငါက အဲဒီဓားအဟောင်းကြီးကိုင်ထားတဲ့ ဘာမှန်းမသိတဲ့ကောင်ကို ရင်ဆိုင်ရမယ်ပေါ့။”
ကျန်တဲ့သူတွေအားလုံးက ဒါလေးတောင် မသိဘူးလား ဆိုတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြကြတယ်။ မက်ဒါနာကတော့ စိတ်ပျက်ပျက်နဲ့...
“ကြည့်ရတာ ဒီတိုက်ပွဲကလည်း ပျင်းဖို့ကောင်းဦးမယ့်ပုံပဲ။” အီမီဂါအဆင့် ဖြစ်လာပြီးကတည်းက မက်ဒါနာက သူ့ကို ယှဥ်နိုင်တဲ့ ပြိုင်ဘက်မျိုးနဲ့ မတွေ့ရသေးဘူး။ ဒါကြောင့် ပြိုင်ဘက်က အားနည်းပုံရတာမလို့ စိတ်ပျက်နေတာ။
ဒါပေမဲ့ ပိုးကောင်းတဲ့ အကြံဉာဏ်မျိုး တွေးမရတဲ့အတွက် မက်ဒါနာမှာ သဘောတူရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။ “ထားပါလေ၊ ရန်သူက တအား အားနည်းနေတယ်ဆိုရင်လည်း သားရဲအစွမ်းတွေ မသုံးရုံပဲပေါ့။”
...
နောက်တစ်နေ့မနက်ရောက်တော့ နံရံတစ်ခုကိုမှီပြီး အနားယူနေတဲ့ မက်ဒါနာကို အေမီက လာနှိုးပါတယ်။ “မမလေး၊ မမလေး။ ထတော့။ ကိစ္စအကြီးကြီးတစ်ခု ဖြစ်နေပြီ။”
ဒါကြောင့် မက်ဒါနာလည်း သန်းဝေရင်း ထလိုက်တယ်။ ကျန်တဲ့သူတွေလည်း အသင့်ဖြစ်နေပါပြီ။ အေမီက လန်ဒန်နာရီစင်ပေါ်ကို ခုန်တက်သွားပြီး ကျန်တဲ့သူတွေလည်း သူ့နောက်ကနေ လိုက်လာပါတယ်။
အမြင့်ပေါ်ကိုရောက်တော့ မီတာခြောက်ဆယ်နီးပါးမြင့်တဲ့ ခါးပတ်နဲ့မက်ဒါနာရဲ့ဟော်လိုဂရမ် ပုံရိပ်ကြီးကို သူတို့တွေ မြင်လိုက်ရပါတယ်။
“အဲဒီပုံရိပ်က လန်ဒန်မှော်ပညာသင်ကျောင်းကနေပြီးတော့ ထွက်နေတာလား။” မက်ဒါနာလည်း ပခုံးပင့်လိုက်တယ်။
“ဆေလာမက်ဒါနာ၊ နင်က ငါအခုထိ မျှမျှတတတိုက်ဖို့ စိန်ခေါ်နေတာကို မပေါ်လာသေးဘူးပေါ့။ ဒီလိုဆိုတော့လည်း ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး။ အခုကနေစပြီး ငါနဲ့ ငါ့ရဲ့အဖွဲ့က လန်ဒန်မှော်ပညာသင်ကျောင်းကို ဝင်စီး ထားလိုက်ပြီ။ နောက်နှစ်နာရီကြာလို့မှ ျှတမလာရင် ဒီကျောင်းက ကျောင်းသားတွေရဲ့အသက်ကို အာမမခံဘူး။”
အဲဒီနောက်တော့ ခါးပတ်နဲ့မက်ဒါနာက လည်ချောင်းရှင်းတဲ့ အနေနဲ့ ချောင်းဟန့်လိုက်ပြီး ဗီလိန်တစ်ယောက်လိုမျိုး အတင်းဖျစ်ညှစ်လုပ်ထားတဲ့ လေသံနဲ့ရယ်တယ်။
“အိုးဟားဟားဟား....”
မက်ဒါနာက အဲဒီမြင်ကွင်းကို ငါးသေမျက်လုံးကြီးတွေနဲ့ ကြည့်လိုက်ရင်း သေချင်စော်နံနေဟန်နဲ့ ပြောလိုက်တယ်။ “ဒီတစ်သက် ငါ့ကိုယ်ငါ ကြောင်တောင်တောင် ဗီလိန်ပုံစံနဲ့ ပြန်မြင်ရမယ်လို့ မျှော်လင့်မထားခဲ့ဘူး။”
အဲဒီစကားကြောင့် ကျန်တဲ့သူတွေအားလုံး ပြုံးစိစိ ဖြစ်ကုန်ကြတယ်။