အိမ်ပြန်ခြင်း
Vol. 9 Ch. 122
"ဒီနေရာလား"
ကျန်းဟောင် အတွေးထဲမျောနေစဥ် ဟုန်ယွီယဲ့၏ အသံပေါ်လာသည်။
သူတို့က တည်းခိုခန်းတခုရှေ့ရပ်နေ၏။
တိမ်တိုက်တည်းခိုခန်း
သူ ခေါင်းညိတ်သည်။
ဤနေရာသို့ လာရောက်စားသောက်ချင်ခဲ့သည်ကို အမှတ်ရမိသည်။ ထိုအချိန်က သူ့တွင် ပိုက်ဆံမရှိခဲ့ပေ။
သူတို့နှစ်ဦး ကောင်တာရှေ့ရောက်သွားကြသည်။
"အခန်းနှစ်ခန်းလား" တည်းခိုခန်းပိုင်ရှင် သက်လတ်ပိုင်းလူက မေးသည်။
ကျန်းဟောင် အံ့သြသွား၏။ ဟုန်ယွီယဲ့ကို မည်သူမှမမြင်နိုင်ဟုထင်ထားခဲ့သော်လည်း ကြည့်ရတာ သူမက လုံးလုံးကိုယ်ပျောက်နေဟန်မရပေ။
"ဒါမှမဟုတ် တစ်ခန်းပဲယူမှာလား"
ကျန်းဟောင်က ဟုန်ယွီယဲ့ကိုကြည့်သည်။ သူမက တည်ငြိမ်နေ၏။။
သူမက သူ့အကြည့်ကို ခံစားမိပြီး ပြန်ကြည့်လာ၏။ ကျန်းဟောင်လည်း ကြောက်ရွံ့စွာဖြင့် အခန်းနှစ်ခန်းသာယူလိုက်ရသည်။
တိမ်တိုက်တည်းခိုခန်းက ခြောက်ထပ်ရှိ၍ ပထမထပ်က စားသောက်ဆိုင်ဖြစ်သည်။
ဒုတိယနှင့် တတိယက သာမန်အခန်းများဖြစ်ပြီး စတုတ္ထနှင့် ပဉ္စမမှာ အလယ်အလတ်အခန်းများဖြစ်၍ ဆဌမမှာမူ အဆင့်မြင့်အခန်းဖြစ်လေသည်။
ကျန်းဟောင်က ဆဌမထပ်တွင် နှစ်ခန်းယူလိုက်၏။ သူ တယောက်တည်းဆို သာမန်အခန်းသာယူမည်ဖြစ်သည်။ ဒါပေမဲ့ ဟုန်ယွီယဲ့ရှိနေသည့်အတွက် တွန့်တို၍ မရပါချေ။
သော့များယူပြီးနောက် အပေါ်တက်လာခဲ့ကြသည်။
ကျွီ
တံခါးဖွင့်လိုက်သောအခါ သင်းပျံ့သည့်ရနံ့တခုပေါ်လာ၏။
ခမ်းနားသည့်အခန်းတခုဖြစ်ပြီး ကုတင်၊ စားပွဲ၊ ကုလားထိုင်များ ပြည့်ပြည့်စုံစုံရှိသည်။ တဖက်တွင် ပန်းချီဆွဲထားသည့် အကာပါးရှိပြီး အနောက်တွင် ရေချိုးသစ်သားစည်ပါသည်။
စားပွဲနှင့် ကုလားထိုင်များကိုမူ မြို့မြင်ကွင်းအား ရှုစားရန် ပြတင်းပေါက်နားတွင် ထားရှိသည်။
ကျန်းဟောင် ပြတင်းပေါက်နားသွား၍ကြည့်လိုက်ရာ လမ်းမကြီးကိုမြင်ရသည်။ ဟုန်ယွီယဲ့က ကုလားထိုင်တွင် ဝင်ထိုင်၍ လက်ဖက်ရည်အိုးကို ညွှန်ပြသည်။
ကျန်းဟောင်လည်း ဝယ်ထားသည့် နှင်းဘုရင်မနွေဦးလက်ဖက်ခြောက်ကိုထုတ်သည်။ ထို့နောက် လက်ဖက်ရည်ကျို၍ ခွက်ထဲငှဲ့ပေးလိုက်သည်။
ဟုန်ယွီယဲ့က ခွက်ကိုကြည့်ပြီး သူ့ကိုကြည့်သည်။
သူမက လက်ဖက်ရည်ကို စိတ်တိုင်းမကျပြန်ဘူးလား
"စီနီယာ ဒီမြို့မှာ ဘာလုပ်စရာများရှိလို့ပါလဲ" သူ ခေါင်းစဉ် ပြောင်းလိုက်၏။
"ဒီဟာကြောင့်ပဲ" သူမက ကျောက်ပြားတစ်ချပ်ကို စားပွဲပေါ်တင်၏။" ဒီဟာက လျှို့ဝှက်စာပို့နိုင်တယ် စာထဲမှာပါတာအရ သုံးရက်ကြာရင် ဒီမြို့မှာ လျှို့ဝှက်တွေ့ဆုံပွဲရှိလိမ့်မယ်"
"ဘယ်သူက စာပို့တာလဲ"
"မသိဘူး ရှာရမှာပေါ့" ဟုန်ယွီယဲ့က ကျောက်ပြားကို သူ့ဆီ တွန်းပို့ပေး၏။ "ဝှက်စာ ဘယ်လိုဖော်ရမလဲဆိုတာ ငါသင်ပေးမယ်"
ကျန်းဟောင်လည်း ရွေးစရာမရှိပဲ ကျောက်ပြားအား လက်ခံလိုက်ရသည်။ အဘယ်ကြောင့် ကျောက်ပြားနှင့် လျှို့ဝှက်စာအား ဂရုစိုက်နေသည်ကိုမသိပါချေ။
နေမင်းက အပြင်တွင် ပူပြင်းတောက်လောင်နေ၏။
"ငါ့အတွက် ထီးသွားဝယ်ပေး" သူမက ဆိုလာသည်။
ကျန်းဟောင် ခေါင်းညိတ်၍ အပြင်ထွက်သွားသည်။
တည်းခိုခန်းအပြင်ရောက်သောအခါ အိမ်ကိုသွားကြည့်ရန် စဥ်းစားလိုက်သည်။
သူ့အိမ်က ဤနေရာနှင့်မဝေးပေ။ သူပြန်မရောက်တာ ၁၇ နှစ်ကြာပြီဖြစ်၍ မိသားစုက မည်သို့ဖြစ်နေမှန်းမသိတော့ပေ။
မည်သို့ခံစားနေရသည်အား ကျန်းဟောင် နားမလည်နိုင်ပေ။ ဒီတိုင်း သွားကြည့်ချင်နေ၏။ ဒါပေမဲ့ သူတို့ အဆင်ပြေနေတာကိုမြင်ချင်လို့လား ဒါမှမဟုတ် သူ့ကို စွန့်ပစ်ပြီး ဒုက္ခရောက်နေတာကို တွေ့ချင်လို့လား။
သူတို့ကိုမြင်မှသာ နားလည်နိုင်ပေမည်။
ငါ့ကိုတွေ့ရင် ဘယ်လိုဖြစ်သွားကြမလဲ။ ရှော့ရသွားမလား ဝမ်းသာနေကြမလား။
စိတ်ထဲ အဖြေမရှိသည့်မေးခွန်းများစွာဖြစ်နေသည်။
အိမ်ကိုသွားရင်းဖြင့် ဆီစိမ်စက္ကူထီးများရောင်းသည့်နေရာတွင် အနီရောင်ထီးတစ်လက်အား ဝယ်ယူခဲ့သည်။
ဟုန်ယွီယဲ့က အနီရောင်ကိုဝတ်ဆင်လေ့ရှိသည့်အတွက် ကြိုက်နှစ်သက်ပုံရသည်။
ထီးကိုသိမ်းပြီး ဆက်လျှောက်လာခဲ့သည်။
ခဏကြာသော် လမ်းမကြီးကိုကျော်၍ အိမ်တန်းအချို့ကိုဖြတ်လာခဲ့သည်။ ထိုနေရာက ယခင်လို မစည်ကားတော့ပေ။။
ကျန်းဟောင် လမ်းထောင့်ချိုးတနေရာတွင်ရပ်လိုက်၏။ ရှေ့ မလှမ်းမကမ်းတွင် အိမ်တစ်လုံးရှိနေ၏။
သူ တုံ့ဆိုင်းလျက် ဒီတိုင်းကြည့်နေမိသည်။
လူရိပ်လူခြေမြင်ရရန် မျှော်လင့်နေသော်လည်း အတော်ကြာသည့်တိုင် အပြင်ကို မည်သူမှထွက်မလာကြပေ။
"သူတို့ ငါ့ကိုမှတ်မိမှာမဟုတ်ဘူး ငါ ထွက်သွားတုန်းက ငါးနှစ်၊ အခုငါက ၂၂ နှစ်ဖြစ်နေပြီ"
သူ အိမ်ကိုလျှောက်သွားပြီး အသက်ပြင်းပြင်းရှူ၍ တံခါးခေါက်လိုက်သည်။ ခဏကြာသော် ခြေသံများထွက်ပေါ်လာ၏။
"ဘယ်သူများလဲ" တံခါးမှာ ဖြည်းညင်းစွာပွင့်သွားပြီး အဘွားအိုတဦးပေါ်လာ၏။
"ဘယ်သူလဲ" သူ ကြောင်သွား၏။
"မင်းက ရယ်ရတာပဲ" အဘွားအိုက ပြောသည်။ "အိမ်တံခါးလာခေါက်ပြီး ဘယ်သူလဲပြန်မေးနေတယ်"
"တောင်းပန်ပါတယ် ဒါက ကျန်းမိသားစုအိမ်တော်မဟုတ်ဘူးလား"
"ကျန်းမိသားစု" အဘွားအိုက စဥ်းစားပြီး" ဟုတ်လောက်မယ် ဝင်ခဲ့ ကလေး ငါ့ယောကျာ်းက ပိုပြီးသိလောက်တယ်"
"ကျေးဇူးတင်ပါတယ်" သူ အရိုအသေပေးလိုက်၏။
အထဲဝင်သောအခါ မပြောင်းလဲသေးသည့် ခြံဝန်းအား မြင်ရသည်။
သူက နောက်ဖေးမှာ အဘွားအိုက တံခါးပြန်ပိတ်ပြီး ခေါ်သွား၏။
ကျန်းဟောင် လျှောက်ကြည့်နေ၏။ ကျောက်စားပွဲတခုကိုမြင်သောအခါ ဤနေရာတွင် စားစရာခိုးစားခဲ့သည်အား မှတ်မိသည်။
အိမ်ဆောင်များကိုကျော်လာသောအခါ သူ့မိထွေး၏ စကားသံများအား ပြန်ကြားယောင်လာ၏။ "နင်သိတာ စားဖို့ပဲ မြန်မြန်စား ပြီးရင် အလုပ်လုပ်ရဦးမယ်"
နောက်ဖေးက ထင်းပုံကြီးကိုမြင်သောအခါ သူ တနေ့လုံး ထင်းခုတ်၍ ပင်ပန်းပြီးအိပ်ပျော်သွားသည်ကို သတိရသည်။
အမှတ်တရများမှ ခါးသက်ချိုမြိန်မှုအား ခံစားမိနေ၏။
"ဒီကလေးက ကျန်းမိသားစုအကြောင်းမေးနေတယ် ပြောပြလိုက်ပါဦး" အဘွားအိုက လူအိုကြီးတဦးကိုပြော၍ ထွက်သွား၏။
ထိုလူကြီးက ထင်းခွဲနေရင်းမှ ကျန်းဟောင်ကို အံ့အားသင့်စွာကြည့်၏။ "ကျန်းမိသားစုလား"
"ဟုတ်ပါတယ် သိထားတာရှိရင် ပြောပြပေးနိုင်မလား"
"နှစ်တောင် အတော်ကြာခဲ့ပြီ" လူအိုကြီးက တွေးသည်။
ကျန်းဟောင်က သူ့လက်ထဲမှ ပုဆိန်ကိုယူလိုက်ပြီး "အဘ အချိန်ယူစဥ်းစားပါ ကျနော် ထင်းခွဲပေးပါမယ်"
"ကြင်နာတတ်လိုက်တာ မင်းဝတ်စုံအရ သာမန်လူတော့မဖြစ်နိုင်ဘူး ထင်းရောခွဲတက်ရဲ့လား"
အဘိုးအိုပြောတာမှန်၏။ သူက နှိမ့်ချနေသော်လည်း ပုံစံက သာမန်လူနှင့်မတူပါချေ။