← Chapters

တံဆိပ်ရိုက် အပ်နှင်းခြင်း- နဂါးဘုရင်မင်ကျန်း

Vol. 12 Ch. 169

တံဆိပ်ရိုက် အပ်နှင်းခြင်း- နဂါးဘုရင်မင်ကျန်း

Vol. 12 Ch. 169

အဘွားရှားနဲ့ မုတ်ဆိတ်မွေးတို့မှာ နတ်ဆိုးတစ်ကောင်နဲ့ ဘယ်လိုလုပ် ကစားနိုင်မှာလဲလို့ တွေးနေမိကြသည်။

ဒီကောင်တွေ လက်ထဲကနေ အပြင်ကို လွတ်သွားမှာကို တကယ် မကြောက်ဘူးလား။

မုတ်ဆိတ်မွေး ဟူရှောင်လျောင်က ချီတုံချတုံနဲ့ ဆက်ပြောလာသည်။

"ဒီနတ်ဆိုးကြီး ရင့်လာတဲ့အခါ မနှိမ်နင်းနိုင်ဘူးဆိုရင် အဲ့စန့်ရန်တွေ တော်တော်များများလည်း သေရလိမ့်မယ်လို့ ဆိုလိုတာပဲ မဟုတ်ဘူးလား... စန့်ရန်တွေက ဒီလိုမိုက်မဲတဲ့အရာတွေကို လုပ်မှာလား?"

ချင်းယန်က အေးစက်စွာ ပြန်ပြောသည်။

"ငါတို့ မိတ်ဆွေကြီး ချန်ယင်တု အကြောင်း မင်းစဉ်းစားကြည့်လေ... စန့်ရန်တွေရဲ့ စရိုက်ကို မင်းသိလိမ့်မယ်"

မုတ်ဆိတ်မွေးလည်း ချန်ယင်တု လုပ်ခဲ့တာတွေကို ပြန်သတိရသွား၏။

"အဘွားကြီးလည်း စန့်ရန် ဆိုပေမယ့် သူမက ပိုနူးညံ့တယ်"

ဒါပေမဲ့ သူ့သားကို​တောင် သေသွား​စေတဲ့ အဘွားရှားရဲ့ စွဲလမ်းမှုကို တွေးမိပြန်တော့ သူ့မှတ်ချက်ကို ပယ်ချခဲ့ရပြန်သည်။ အဘွားရှားက သူ့သားရဲ့ဝိညာဉ်ကို ရှာဖွေဖို့ ဘာမဆိုလုပ်လိမ့်မည်။

လက်ဖက်ရည်ဆိုင်တွင်တော့ အစိမ်းရောင်အဝတ်အစား ဝတ်ထားသော ဂီတပညာရှင်သည် ထိုင်နေသော ရွှေဗုဒ္ဓကို ကြည့်ရင်း ထူးဆန်းသလို ခံစားလာရတာကြောင့် တိုးတိုးလေး ပြောလိုက်သည်။

“နတ်ဆိုးက ရက်ငါးဆယ်​တောင် ကြိုရင့်လာတာလား... သူအရင်က တစ်နှစ်တစ်ခါ ရင့်လာဖူးလို့ ဖြစ်နိုင်တယ်”

မင်မင်းဆက် စစ်သားများ အနောက်နွားရှင်းကျိုးကို ပထမဆုံး ဆင်းသက်သည့်အချိန်ကို ရည်ညွှန်းပြီး တည်ဆောက်ထားသော တပေါက်ဖာ ဘုရားကျောင်းမှ ဘုန်းတော်ကြီးများသည် ယနေ့ခေတ် ရွှေဘုရားကိုးဆယ့်ကိုးနတ်ဘုရားများထဲမှ တစ်ဆူတည်းသော နတ်ဆိုးနတ်ဘုရားများကို နှိမ်နင်းခဲ့​ကြသည်။

ဤနတ်ဆိုးနတ်ဘုရားကို နှိမ်နင်းပြီးနောက် ၎င်းသည် နှစ်ပေါင်းထောင်ချီသော ဗုဒ္ဓဘာသာရဲ့ လေ့ကျင့်မှုကို ကြုံတွေ့ခဲ့ရသဖြင့် အလွန်အားနည်းသွားသောကြောင့် ဆရာတော်ဝါးခါးက ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့သော် ၎င်းသည် နတ်ဆိုးနတ်ဘုရားဖြစ်ရန် တစ်ကြိမ် အတွေ့အကြုံ ရှိထားပြီးသား ဖြစ်ပြီး ဒုတိယနတ်ဆိုးအသွင်ပြောင်းမှုသည် သာမန်ရက်တစ်ရာ ပိုမိုမြန်ဆန်သွားမှာ သေချာပါသည်။

သခင်မဟွာလီက ပြုံးပြီး :"လူကြီးမင်း ဂီတပညာရှင်မှာ အဲဒါနဲ့ ပတ်သက်ပြီး အကြံဥာဏ်တွေ ရှိသေးလား"

ဂီတပညာရှင်: "တပေါက်ဖာဘုံကျောင်းက ဘုန်းကြီးတွေက ဗုဒ္ဓရဲ့ သဘာဝကို မညစ်ညမ်းအောင် နေ့ရောညပါ ဂါထာတွေ ရွတ်ဆိုကြတယ်... နတ်ဆိုးလည်း မဖြစ်၊ ဗုဒ္ဓမဖြစ်အောင် လုပ်ထားတာ....တခြားလူတွေမှာ အကြံဥာဏ်တွေ အများကြီးရှိလိမ့်မယ်... ကျုပ် ထွက်လှုပ်ရှားရင် မအောင်မြင်လောက်ဘူး..."

သူက ဧရာမဗုဒ္ဓ၏ ရင်ဘတ်ကို စိုက်ကြည့်ကာ ဆက်ပြောသည်။

"သူ့ခန္ဓာကိုယ်က ဝါးခါးပဲ.... မင်ဧကရာဇ်ရွှေကိုယ်ထည်ကို ကျင့်ကြံထားတာ အဆုံးစွန်အဆင့်ကို ရောက်နေပြီ... ဒီခန္ဓာကိုယ်မှာ ဦးခေါင်းမရှိပေမယ့် ကမ္ဘာပေါ်မှာ ထင်ရှားပြီးသား သူ့ကို ပြိုင်နိုင်တဲ့သူ သိပ်မရှိသေးဘူး... ဒါပေမဲ့ ဝါးခါးရဲ့ ရွှေရောင်ကိုယ်ထည်က အရင်တုန်းက တခြားသူကြောင့် ကွဲအက်မှုတွေ ဖြစ်ခဲ့ဖူးတယ်..."

သူက စူးရှတဲ့မျက်လုံးနဲ့ စိုက်ကြည့်နေသည်။

“အဲဒီအပြစ်အနာအဆာက ဒီနေ့ထိ ရှိနေတုန်းပဲ”

သခင်မဟွာလီသည်လည်း သူ့အကြည့်နောက်သို့လိုက်ကာ ရွှေဘုရား၏ ရင်ဘတ်ပေါ်ရှိ ထန်ကျုံးအမှတ်တွင် အပေါက်တစ်ပေါက် ရှိနေတာ မြင်လိုက်ရသည်။ ထိုအပေါက်ကနေ အပြင်ဘက်ကို ပိုးမွှားများ ပတ်ဖြန်းနေတာ တွေ့လိုက်ရသည်။

သူမ အနည်းငယ် ထိတ်လန့်သွားသည်။

"အဲဒီနေရာက ဆရာတော်ဝါးခါးရဲ့ ချို့ယွင်းချက်ပဲ... ဒီလို အကြီးအကဲ တစ်ယောက်က သူ မ​ပြု​ပြင်နိုင်တဲ့ နေရာတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"

တစ်ချိန်တည်းမှာပင် မြို့သူမြို့သား အများကြီးကလည်း ရွှေဘုရားကြီးကို ကြည့်ရှုနေကြသည်။ ရှောင်ဝမ်စွင်းသည် သူ့ဓားရှည်ကို သုတ်လိုက်ပြီး ပေါ်လောင်ဓားကလည့း ရွှင်မြူးနေသော ငှက်တစ်ကောင်လို သူ့ပတ်ဝန်းကျင်တွင် ပျံဝဲနေသည်။

"နတ်ဆိုးမျိုးစိတ်က ကြိုပြီးရင့်လာတယ်... ရက်ပေါင်းတစ်ရာ နတ်ဆိုးအသွင် ပြောင်းတာက နတ်ဘုရားအစစ်ရဲ့ အာရုံကို ဆွဲဆောင်နိုင်မယ် ဆိုတာကို ဒီနတ်ဆိုးက သိထားတာကြောင့် ဖြစ်နိုင်တယ်..."

ရှောင်ဝမ်စွင်းသည် ဓားရှည်ကို သုတ်လိုက်ပြီးနောက် ဘေးဖယ်ထားကာ ဓားမြှောင်ကို ထပ်သုတ်လိုက်သည်။

"မြို့ထဲက တခြားခြိမ်းခြောက်မှုတွေကိုလည်း ခံစားမိလို့ ဖြစ်နိုင်တယ်... ဥပမာ စန့်ရန်! သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် စောစော မွေးရမယ်လေ... ဒါဖြစ်နိုင်တယ်လို့ မင်းတို့​ရော ထင်လား"

ဓားနှစ်ချောင်းက သူ့ပတ်ဝန်းကျင်မှာ ပျံဝဲလာပြီး အော်ဟစ်သံတွေ ပေးနေသည်။ သူတောင်းစားကြီးသည် အပေါ်ထပ်မှ ဓားသွားသံကို ကြားသောအခါ အသက်ရှုကြပ်သွားပြီး သူ့ခြေထောက်ကို ငုံ့လိုက်သည်။

သူသည် ရွှေဗုဒ္ဓကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ အနှီ ရွှေရောင်ဗုဒ္ဓကို ကောင်းမိသားစု အိမ်အနီးတစ်ဝိုက်သို့ ခေါ်ဆောင်လာခဲ့မှ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ သေချာ ကုသနေခဲ့လို့ ဒဏ်ရာတချို့ အနည်းငယ် သက်သာလာခဲ့သည်။

"အပေါ်ထပ်က ဓားစွမ်းအင်က အရမ်းထက်မြက်တယ်"

သူတောင်းစားအိုကြီး ရေရွတ်လိုက်သည်။

"ရှောင်ဝမ်စွင်းက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကထက် ပိုအားကောင်းလာတယ်... လူငယ်တွေက မြန်မြန်ဆန်ဆန် တိုးတက်နေကြတာပဲ... ကံမကောင်းစွာနဲ့ မဟာယာနနယ်ပယ်က အဆုံးစွန်ဆုံးတဲ့လေ..."

သူသည် နောက်ထပ် ရုန်းကန်လှုပ်ရှားသူအချို့နှင့် တွေ့ဆုံခဲ့သော်လည်း ၎င်းတို့ကို မချဉ်းကပ်ခဲ့ပေ။ တစ်ခါတစ်ရံ စန့်ရန်များက နတ်ဆိုးများထက် ပို၍အန္တရာယ် ရှိတတ်သည်လေ။ အခု သူ ဒဏ်ရာ ရနေပြီ ဆိုတော့ အဲဒီလူတွေနဲ့ ထိပ်တိုက်တွေ့ဖို့ မသင့်တော်ချေ။

"ဒီနတ်ဆိုးက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ... တကယ်ကြီး ရက်ငါးဆယ်လောက်စောပြီး ရင့်လာတာပဲ"

သူတောင်းစားကြီးသည်လည်း ရွှေဘုရားကို စိုက်ကြည့်နေ၏။

"လူတော်တော်များများ ဒီနတ်ဆိုးရဲ့ သဘောတရားတွေကို နားလည်ဖို့ အလုအယက် လေ့လာချင်နေကြမှာ ကြောက်ရတယ်"

မြို့တွင်းရှိ အရာရှိများသည် ၎င်းတို့၏ မိသားစုများနှင့်အတူ အသည်းအသန် ပုန်းအောင်းနေကြသော်လည်း စန့်ရန်များကတော့ နတ်ဆိုးနယ်မြေကို ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး စိတ်အေးလက်အေးနှင့် ကျေနပ်ပျော်ရွှင်​နေ​ကြကာ လေထဲတွင် ပိုးမွှားများ ပိုမိုထူထပ်လာတာကိုပင် ဂရုမစိုက်ဘဲ ပြင်းထန်စွာ မျက်လုံးပြူး​ကြည့်​နေကြသည်။

ရွှေဘုရားသည် ပိုးမွှားများကို နှစ်ရက်ဆက်တိုက် ဖျန်းပေးကာ ကုံကျိုးမြို့ အတွင်းနှင့် အပြင်ဘက်တွင် ပိုးမွှားများ ပြည့်သွားကာ လေထုသည်လည်း အရောင်အသွေး အစုံဖြင့် ညစ်ညမ်းလာသည်။ အသက်ရှုမိရင် ဘယ်နေရာမှာမဆို ပုန်းအောင်းမနေဘူးဆိုရင် မှိုတွေအများကြီးကို ရှူရှိုက်မိပါလိမ့်မည်။

ယနေ့အထိ အသက်ရှင်နိုင်သူများမှာ အဆင့်မြင့် ကျင့်ကြံသူများသာ ဖြစ်ပေသည်။ တချို့က ငတ်ပြတ်ကုန်ပြီ သို့မဟုတ် မှိုအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။ သို့သော် ကျွမ်းကျင်သူ သခင်တစ်ဦးဦးပင်လျှင် သူ့လည်ချောင်းနှင့် အဆုတ်များ ပူလောင်နေတာကို ခံစားရနိုင်ပြီး သေးငယ်သော အရာများစွာက လည်ချောင်းထဲတွင် အမြစ်တွယ်၍ အညှောက်ပေါက်ကာ ဖြည်းညှင်းစွာ ကြီးထွားနေတာကို မတားဆီးနိုင်ချေ။

ဒါမှမဟုတ် အဆုတ်ထဲမှာ သေးငယ်တဲ့အရာတွေ အများကြီး ပေါက်နေတာကြောင့် အဆုတ်ကို မည်းလာ​စေပြီး၊ စိုစွတ်စေပြီး တစ်ချိန်လုံး ချောင်းဆိုးချင်နေတာမျိုး ဖြစ်လာစေသည်။ ချောင်းဆိုးပြီးနောက် မှိုခေါင်းတစ်ပိုင်းကို ပါးစပ်ထဲမှ ထွေးထုတ်နေလိမ့်မည်။

လူများစွာသည် ၎င်းတို့၏ ရွှေအမြုတေ ဆေးလုံးလေးကို ခန္ဓာကိုယ်အနှံ့ ပြေးလွှားစေခြင်း သို့မဟုတ် အခြေတည်ဝိညာဥ်ကို အသုံးပြုကြပြီး ထိုမှိုများကို သေသည်အထိ သန့်စင်ပေးကြသည်။ သို့သော် အချို့သော ပိုးမွှားများသည် အသက်ရှုမိရာမှ သွေးကြောများထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး နှလုံးအတွင်း အမြစ်တွယ်သွားတာကြောင့် ဖယ်ရှားရန် ခက်ခဲလာစေ၏။

တချို့သူများဆို ခန္ဓာကိုယ်အောက်ပိုင်းသို့ စိမ့်ဝင်သွားကာ ရိုးတွင်းခြင်ဆီတဲ့အထိ ဝင်၍ ဖြည်းညှင်းစွာ ကြီးထွားလာမည် ဖြစ်သည်။ တချို့က နှာခေါင်း၊ နား၊ ခေါင်းထဲကို ရောက်သွားလိမ့်မည်။ ဒါမှမဟုတ် မျက်လုံးအိမ်အောက်ကို ရောက်ကာ ဖြည်းဖြည်းချင်း ပေါက်လာပြီး မျက်လုံးကို ဘယ်ညာ ရွှေ့ရခက်သွားစေနိုင်ပါ၏။

မျက်လုံးများ သို့မဟုတ် ဦးခေါင်းတွင် ပေါက်ပွားပါက ၎င်းသည် လူတစ်​ယောက်အတွက် အံ့ဩစရာများစွာ ဖန်တီးပေးကာ မှော်ပညာနှင့် လက်တွေ့ဘဝအကြား ခွဲခြားရခက်ခဲလာစေသည်။

မကြာသေးမီက မြို့တော်ထဲတွင် အရူးတစ်အုပ် ပေါ်လာသေး၏။ ကမ္ဘာ့မိသားစုကြီးက သားသမီးများနှင့် မိသားစုဝင်များသည်လည်း မကြာခဏဆိုသလို မှိုများကြောင့် အမြင်မှားခြင်း၊ အော်ဟစ်ခြင်း၊ ရယ်မောခြင်းနှင့် ဆော့ကစားခြင်းတို့ကြောင့် ၎င်းတို့ကို မျိုးနွယ်စုများက စွန့်ပစ်ထားခဲ့ကြရသည်။

ထိုသို့သော လူများကတော့ အသက်မရှည်ကြပေ။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ မှိုခြေထောက်များနှင့် မှိုခေါင်းများ ပေါက်ထွက်လာကာ "မသေမျိုးနယ်မြေကို ငါနဲ့အတူ လိုက်ခဲ့ပါ" ဟု အော်ကာ အမြန် ပြေးလာကြတော့၏။

ဦးခေါင်းမရှိသော ခန္ဓာကိုယ်က ပြေးနေလိမ့်မည်။ ဦးခေါင်းကတော့ ၎င်း၏လည်ပင်းမှ ကျွတ်ထွက်ကာ လူသားဦးခေါင်းထက် များစွာကြီးမားသော မှိုဦးထုပ်ကို ဖွင့်ကာ ၎င်းနှင့်အတူ ပြေးသွားလိမ့်မည်ဖြစ်သည်။

သူတို့သည် ရွှေဘုရားထံသို့ ပြေးသွားကာ လက်ခြေဖြင့် ဗုဒ္ဓရုပ်တုပေါ်သို့ တွယ်တက်သွားသည်။ ထို့နောက် လေထဲသို့ လွင့်ပျံကာ ဧရာမ မှိုဘီးကြီးထဲသို့ ပေါင်းစပ်လိုက်ကြသည်။

"ငါတို့အ​နောက်​ဖက်ကို သွား​​ကြမယ်​!"

၎င်းတို့က ဝမ်းသာအားရ အော်ကြ၏။ မှိုအသွင်ပြောင်းပြီး ဧရာမ မှိုသင်္ဘောကြီးသို့ လိုက်ပါသွားသူတွေအပြင် ၎င်းတို့၏ မျိုးနွယ်စုများမှ စွန့်ပစ်သွားသောကြောင့် ပြေးပုန်းနေရသော လူများလည်း ရှိနေပါ​သေးသည်။

မလှုပ်မယှက် ပုန်းအောင်းရာကနေ ထွက်လာပြီး ပါးစပ်နဲ့ နှာခေါင်းကို တင်းတင်းကြပ်ကြပ် အုပ်ထားကြသည်။ အုပ်ထားတဲ့ အဝတ်ကို ရေလောင်းပြီး အစာရှာကြပေမယ့် အရေပြားပေါ်မှာ မှိုတွေ မပေါက်အောင် တားဆီးလို့ မရဘူးဖြစ်နေ၏။

အရေပြားတွေ ကွဲအက်ကာ အရေပြား ချွေးပေါက်များထဲမှ မှိုများ ပေါက်ထွက်လာကြသည်။ အစပိုင်းမှာတော့ တချို့လူတွေက ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်ကို ဆွဲထုတ်ဖို့ ဒါမှမဟုတ် မှိုပိုးမွှားတွေကို သန့်စင်ဖို့ လုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ငြီးငွေ့လာကြ၏။

အခုလို ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ ကိုက်စားဖို့နေနေသာသာ ခန္ဓာကိုယ်မှာ မှိုတွေ ပေါက်နေတာမို့ လူသတ်ရတာကလည်း လွယ်လာသည်။

"ဟားဟား ငါကိုယ်တိုင် စိုက်ထားတဲ့ မှိုကို စားတာက လူသားစားတယ်လို့ မတွက်ဘူးမလား!"

မြို့ထဲမှာ နေထိုင်သူတွေ နည်းသထက်နည်းလာသည်။

ဒီလို ကြောက်စရာကောင်းတဲ့ ဖိနှိပ်မှုကို မခံမရပ်နိုင် ဖြစ်လာသူတွေကလည်း ကာထားတဲ့ အဝတ်တွေကို ဖယ်ကာ အသက်ပြင်းပြင်းရှူရင်း ရွှေဗုဒ္ဓထံ ပြေးသွားကြသည်။

"မှိုတွေနဲ့ ရောနှောနေရရင်တောင် ဘာဖြစ်လဲ... မှိုပရဒိသုဟာ ပရဒိသုဘုံပဲ မဟုတ်ဘူးလား... ဟားဟား!"

ဖုန်း!

လူ့ဦးခေါင်းသည် ကိုယ်ခန္ဓာမှ ခွဲထွက်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်။

"လွတ်လပ်မှုကို ခံစားရပြီကွ!"

"ဟားဟား...မေမေ... မြန်မြန်လာ ဒီမှာ အရမ်းပျော်ဖို့ ကောင်းတယ်"

မှိုလိုဖြစ်သွားတဲ့ အမျိုးသားက :"အခြားသူတွေရဲ့ အတွေးတွေနဲ့ အသိစိတ်တွေကို ခံစားရတယ်... ငါ့ပတ်ဝန်းကျင်မှာ လူတွေ အများကြီးရှိတယ် သူတို့အားလုံးက သက်ရှိလူသားတွေပဲ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းနေလို့ ရတယ် တစ်ယောက်နဲ့တစ်ယောက် မျှဝေခံစားနိုင်တယ်... ရွှေရောင်အလင်းတန်း​ကြားမှာ ထိုင်နေကြတာက ပျော်စရာ ကောင်းမယ့်ပုံပဲ"

သုံးရက်တိတိ ရွှေဘုရားကြီးက ထိုင်နေတော်မူ၏။ ကြီးမားသော မှိုစက်ဝန်းကြီးထဲက အရွယ်စုံမှိုများက ညှိုးနွမ်းစပြုလာသည်။ ပိတ်မိနေသော လူ့ဦးခေါင်းများဆီက အော်သံများ ထွက်လာပြီး ပုပ်ပွသွားကာ အနက်ရောင် အရည်များ စီးကျလာပြီး အနက်ရောင် မြစ်တစ်စင်း ဖြစ်ပေါ်လာသည်။

ဧရာမ မှိုဘီးကြီးကနေ ရုန်းထွက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြပေမယ့် ရွေ့လျားလိုက်တဲ့အခါမှာတော့ အနက်ရောင် ပုပ်ပွနေတဲ့ အတုံးအခဲကြီးတွေကသာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲကနေ ပြုတ်ကျသွားပါတော့၏။ များမကြာမီ သူတို့အရိုးများ ပုပ်ပွသွားကုန်သည်။ သို့သော်လည်း အသက်ရှင်ဆဲ ဖြစ်သည်။

ပိုကြောက်စရာကောင်းတာက သူတို့ရဲ့ အယူဝါဒတွေ ဆက်စပ်နေပြီး နာကျင်မှုက တခြားလူတွေဆီကနေ ကူးစက်လာနေသည်။ နာကျင်မှုက အကြိမ်ပေါင်း သောင်းနဲ့ချီ၊ ရာနဲ့ချီပြီး ချဲ့ထွင်လာတာတောင် မသေနိုင်သေးဘူး။

"နတ်ဆိုးမျိုးစေ့က အာဟာရဓာတ်​တွေကို စတင်စုပ်ယူနေပြီ..."

အစိမ်းရောင်ဝတ် ဂီတပညာရှင်သည် လက်ဖက်ရည် စားပွဲကို ညင်သာစွာ ပွတ်သပ်နေ၏။ အော်ဟစ်သံများက သူ့နားထဲတွင် အလွန်သာယာနေသကဲ့သို့ မျက်လုံးများကိုပါ မှိတ်ထားလိုက်​သေးသည်။

"နတ်ဆိုးမျိုးစေ့က အာဟာရဓာတ်ကို စုပ်ယူပြီးရင် ရိတ်သိမ်းလို့ရပြီ.... ဒီနတ်ဆိုးဗုဒ္ဓ ချန်ခဲ့တဲ့ဟာက ဘယ်တာအိုမိတ်ဆွေရဲ့ လက်ထဲ ရောက်သွားမှန်းတော့ မသိရသေးဘူး"

ချန်ရှီ၊ လီထျန်းချင်နဲ့ ဟေးကော်တို့သည် မြို့အပြင်ဘက်တွင် ဖုန်မှုန့်များကို သန့်စင်ထားသော အဆောင်လက်ဖွဲ့တွေ သုံးထားတာကြောင့် မှိုအဖြစ်သို့ မပြောင်းထားသော်လည်း ဗိုက်ဆာနေသဖြင့် အားလုံးသည် အစာလိုအပ်နေသည်။

သူတို့ရခဲ့တဲ့ ငါးနှင့် အသားများကို စားပြီးသော်လည်း လယ်ကွင်းများတွင် စိုက်ခင်းများ၊ ရေထဲတွင် ကူးခတ်နေသော ငါးများ၊ တောင်ပေါ်ရှိ တိရိစ္ဆာန်များ အားလုံး အပါအဝင် ရှင်ကျန်းကြွက်များပင်လျှင် အဆိပ်သင့်ရတဲ့ ကံကြမ္မာကို မလွတ်မြောက်နိုင်ခဲ့ပေ။

ချန်ရှီသည် အလွန်ဆာလောင်နေသဖြင့် နေရာတိုင်းတွင် အစာရှာရင်း ကန်စွန်းဥများကို ရနိုင်မလားဟူ၍ မြေကြီးထဲသို့ သုံးပေခန့် တူးခဲ့သော်လည်း နောက်ဆုံးတွင်တော့ ၎င်းတို့က ကျောက်ခဲများအဖြစ် ပြောင်းလဲသွားလေပြီ။

ချန်ရှီ ဒေါသအရမ်းထွက်ပြီး ကျောက်တုံးကန်စွန်းဥများကို သုံးကြိမ် ထိုးပစ်ခဲ့သည်။ ထိုစဥ် လီထျန်းချင်က အားလျော့စွာ ပြောလာသည်။

"စွမ်းအင်နည်းနည်း ချွေတာထားဦး...အနက်ကြီး တူးလိုက်ရင်တော့ အဆိပ်မမိတဲ့ အကောင်ကို ရှာတွေ့နိုင်မှာပါ"

သူတို့နှစ်ဦး၏ မျက်နှာတွင် အမူအရာအသီးသီး ရှိ​နေပြီး မျက်လုံးများက စိမ်းလန်းနေသည်။ ကန်စွန်းဥစိုက်ခင်းထဲ အပင်တွေက နေရာအနှံ့မှာ ပေါက်နေပေမယ့် အထဲက ကန်စွန်းဥတွေအထိ ကျောက်ဖြစ်ကုန်ရင်တော့ အဆင်မပြေတော့ပေ။

ချန်ရှီနဲ့ လီထျန်းချင်သည် ငါးမိစ္ဆာတစ်ကောင်ကို အမဲလိုက်ဖို့ ရေစပ်သို့ တစ်ဖန်ရောက်လာခဲ့ပြန်သည်။ မင်ကျန်းမြစ်၏ အထက်ပိုင်းနှင့် အောက်ပိုင်း နတ်ဆိုးနယ်မြေထဲသို့ ကူးခတ်နိုင်သော မျက်လုံးမရှိ ငါးဘီလူးတစ်ကောင် ရှိနေနိုင်​လောက်သည်။

သူတို့နှစ်​​ယောက်​ စိတ်​အားထက်​သန်​စွာ ​စောင့်​ကြည့်​​နေသည်​မှာ အ​တော်​ကြာ​သော်​ မိုက်​မဲ​သော ငါး​တစ်ကောင်တစ်လေမှ မထွက်​လာခဲ့ချေ။ ချန်ရှီ သက်ပြင်းသာ ချလိုက်သည်။ လီထျန်းချင်သည် ကမ်းစပ်က လက်သီးဆုပ်အရွယ် ခရုတစ်ကောင်ကို ကောက်ယူလိုက်ပြီး ဆို၏။

"ပြန်သွားပြီး ဟေးကော်ကို ပြုတ်ခိုင်းလိုက်ရအောင်... အသားဟင်းချို သောက်နိုင်မလားတော့ မသိဘူး"

ချန်ရှီ: "ခရုခွံတွေကလည်း ကျောက်တုံးတွေ.."

လီထျန်းချင် မလွှင့်ပစ်သေးချေ။

သူတို့နှစ်ယောက် ရွာပြန်ရောက်သောအခါ ချန်ရှီ ရုတ်တရက် အေးခဲသွားပြီး ကျယ်လောင်စွာအော်ကာ သစ်သားတွန်းလှည်းထဲသို့ ခုန်တက်သွားသည်။ တစ်ခုခုကို ရှာဖွေပြီးနောက်တွင် စာအုပ်ပုံးထောင့်တွင် ပစ်ထည့်ထားသော အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို ထုတ်လိုက်သည်။

"ငါ့မှာ အစာရှာဖို့ နည်းလမ်းရှိပြီ!"

ချန်ရှီသည် အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို သူ့လက်ထဲတွင် ကိုင်ထားပြီး ကျောက်စိမ်းတံဆိပ်ကို အကြိမ်အနည်းငယ် နမ်းရင်း ရှိုက်ရှိုက်ကာ အော်တော့သည်။

"ငါတို့ ကယ်တင်ခံရပြီ... ထျန်းချင် ငါတို့တော့ စားစရာ တစ်ခုခု ရတော့မယ်!"

လီထျန်းချင်ကတော့ ခရုခွံကို ကိုင်ထားပြီး ဟေးကော်ကို ခရုဟင်းရည်အိုးရအောင် ချက်ခိုင်းနေ၏။ ဟေးကော်ခမျာ အလွန် စိတ်ညစ်သွားသည်။ ဒီအရာဟာ ကျောက်ခဲဖြစ်ပြီး မစား​ကောင်းဘူးလို့လည်း ပြောချင်ခဲ့သည်။

ချန်ရှီသည် အဘွားမင်ကျန်းကို ထည့်ထားသော ပန်းကန်လုံးကို ကောက်ယူပြီး မင်ကျန်းမြစ်ဆီသို့ ပြေးထွက်သွားခဲ့သည်။

"မစားနိုင်​တော့ဘူး!"

တောင်နီမယ်မယ်သည် သူ့ခြေသလုံးတိုတိုနှင့် အမှီလိုက်ရန် အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွား၏။

"ပညာရှင်​​လေး... ငါစားမဝင်​တော့ဘူး! ဝက်သားပြုတ်​​​လေး ရမလားလို့"

ချန်ရှီသည် ငါးကြင်းနက်ကြီးကို သွန်ချလိုက်တာနဲ့ ငါးကြင်းနဂါးက ချက်ချင်း ခုန်တက်ကာ မြစ်ထဲသို့ ခုန်ဆင်းသွား​လေသည်။ ရုတ်တရက် လှိုင်းလုံးကြီး တက်လာပြီး အနက်ရောင် အကြေးခွံများ ဖုံးအုပ်ထားသည့် ကျွန်းငယ်လေးတစ်ကျွန်းကဲ့သို့ ကြီးမားသော ငါးကြင်းနက်ကြီးသည် ရေထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

အဘွားမင်ကျန်းက လမ်းလျှောက်တုတ်ကို မှီပြီး ငါးကြင်းနက်နဂါးကြီးရဲ့ ဦးခေါင်းပေါ်မှာ ရပ်လိုက်သည်။

"ရှို့ချိုင်လေး ဘာအမိန့်များရှိပါလဲ"

ချန်ရှီ သူ့လက်ကို မြှောက်လိုက်တာနဲ့ အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံးက လွင့်တက်လာသည်။

"အဘွားမင်ကျန်း ဒီနေ့ ခင်ဗျားကို မင်ကျန်းမြစ်ရဲ့ နဂါးဘုရင်အဖြစ် သတ်မှတ်လိုက်ပြီ... မင်ကျန်းမြစ်ရဲ့ မိုင် ၁၂၀၀ ရေပြင်ဧရိယာကို စီမံခန့်ခွဲရမယ် ရေနေသတ္တဝါအားလုံး ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိလိမ့်မယ်... မင်ကျန်းမြစ်ရဲ့ ကမ်းပါးနှစ်ဘက်စလုံးမှာ ရေကြီးတာတွေ၊ အသားစား ငါးတွေလည်း ရှိမှာ မဟုတ်ဘူး... လူတွေက ငြိမ်း​ငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်လုပ်ကိုင် စားသောက်နိုင်ကြလိမ့်မယ်”

အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးသည် အလင်းရောင်နှင့်အတူ ပေါက်ထွက်လာပြီး ကုံကျိုး၏ ပထဝီဝင်မြေပုံကို ရောင်ပြန်ဟပ်ပြလာသည်။ မိုင်ပေါင်း ၁၂၀၀ ဝေးသော မင်ကျန်းမြစ်၏ ပထဝီဝင်မြေပုံ ပေါ်ထွက်လာတာနဲ့ ငါး​ကြင်း​နဂါးနက်ကြီး၏ ခေါင်းအနောက်ဘက်တွင် နဂါးအကြေးခွံများ ဖုံးအုပ်လာသည်။

မိုင်ပေါင်း ၁၂၀၀ ရှည်လျားသော မင်ကျန်းမြစ်၏ ပိုင်နက်နယ်မြေကို အုပ်ချုပ်တဲ့ ရာထူးက ဤမြစ်အတွင်းရှိ ရေသတ္တဝါအားလုံးကို မျက်ဝါးထင်ထင် မြင်လိုက်ရ​စေသောကြောင့် အဘွားမင်ကျန်း အံ့အားသင့်သွားခဲ့သည်။

ဒါတင်မကဘူး။ သူမ ထိန်းချုပ်မှုအောက်၌ ရေထဲမှ ငါးဘီလူးတွေနဲ့ ရေသတ္တဝါတွေရဲ့ လှုပ်ရှားမှု အားလုံးကိုလည်း ခံစားမိလေသည်။ သူမသည် မင်ကျန်းမြစ်၏ နတ်ဆိုးတစ်ကောင်အဖြစ် အချိန်အတော်ကြာအောင် ရွာသားများက ကိုးကွယ်ခဲ့ကြသော်လည်း အခြားလူများက သူမကို မြင်သောအခါ ရိုက်နှက်သတ်ဖြတ်ရန် အော်ဟစ်ဆဲဖြစ်သည်။

ထို့အပြင် သူမသည် မင်ကျန်းမြစ်ထဲက တစ်​ကောင်တည်းသော နတ်ဆိုးမဟုတ်ပေ။ အခြားသော နတ်ဆိုးများလည်း ရှိနေပြီး ၎င်းတို့ကလည်း အလွန်အစွမ်းထက်ပါသည်။

ဒါပေမယ့် ချန်ရှီက သူမကို မင်ကျန်းမြစ်ရဲ့ နဂါးဘုရင်လို့ တင်စားခေါ်ဝေါ်ခဲ့ပြီးနောက် သူမရဲ့ အသက်ရှုလမ်းကြောင်းဟာ မင်ကျန်းမြစ်နဲ့ ဆက်စပ်သွားခဲ့သည်။ မြစ်ရေထဲက တခြားနတ်ဆိုးတွေက သူမအတွက် ​ပြိုင်ဘက်မဟုတ်တော့မှာတောင် ကြောက်ရ၏။

အဘွားမင်ကျန်းသည် ချိုင်းထောက်ကို အလျင်အမြန် ချလိုက်ပြီး နဂါးခေါင်းပေါ်မှ ဒူးထောက်ကာ ဦးညွတ်ချလိုက်သည်။

"ကျေးဇူးပါပဲ တံဆိပ်သခင်... ဆုလာဘ်အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်!"

ချန်ရှီ: "ထပြီး မြန်မြန်စားဖို့ ရှာတော့!"

"အမိန့်ကို လေးစားလိုက်နာပါ့မယ်"

သူမက မတ်တပ်ထရပ်ပြီး ငါးရှာဖို့ တွေးတောလိုက်တာနဲ့ ရုတ်တရက် သူမအသိစိတ်က မင်ကျန်းမြစ်ထဲက ငါးများနဲ့ ချိတ်ဆက်မိသွားသည်။ သူမ အနည်းငယ် ထိတ်လန့်သွားသည်။

"တံဆိပ်သခင်... သခင်က အရမ်း တန်ခိုးကြီးတာပဲ...ကျွန်မ တကယ် နဂါးဘုရင် ဖြစ်သွားပြီ!"

တောင်နီမယ်မယ်၊ လီထျန်းချင်နဲ့ ဟေးကော်တို့ အပြေး ရောက်လာသောအခါ မင်ကျန်းမြစ်ထဲတွင် ငါးများ ရုတ်တရက် ပေါ်လာပြီး ကမ်းစပ်ဆီသို့ ခုန်ကူးလာကြတာ တွေ့လိုက်ရသည်။ လူတိုင်းက အံ့သြပျော်ရွှင်သွားကြပြီး ငါး​တွေကို အလျင်အမြန် လိုက်ဖမ်းကြသည်။

ခဏကြာတော့ ငါးကြီးတွေကို ရွာပြန်သယ်လာရင်း ချက်ပြုတ်ဖို့ မီးမွှေးကြသည်။ မကြာခင်မှာ သူတို့ရဲ့ ဗိုက်တွေအကုန် ပြည့်တင်းသွားလေရာ ကျောခင်းကာ လဲလျောင်းရတဲ့အထိ ဖြစ်သွားလေ၏။

တောင်နီမယ်မယ်က နောက်ပြန်လှည့်ပြီး ချန်ရှီရဲ့ ဗိုက်ကို တစ်ချက်ရိုက်ကာ သူ့ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်နေ​တော့သည်။

"ရှို့ချိုင်လေး... မင်းဘာလို့ အဖွားကို ဘွဲ့ပေးတာလဲ... ငါ့ကိုရော ဘွဲ့ပေးလို့ရမလား"

"ရတယ်...မယ်မယ် ဘယ်လို အရာရှိမျိုး ဖြစ်ချင်လဲ"

တောင်နီမယ်မယ် စကားပြောခါနီးမှာပဲ ဟေးကော်က ရုတ်တရက် နားရွက်ကို မြှောက်လိုက်ပြီး ချန်ရှီကို တိတ်တဆိတ် ပုတ်လိုက်သည်။

ရွာအပြင်ဘက်တွင်တော့ ကောင်းကင်အဘွားရဲ့ ခေါင်းက လေထဲတွင် လွင့်နေပြီး လေကို ပြင်းပြင်းထန်ထန် ရှူရှိုက်နေ၏။

"ငါးကင် အနံ့သင်းနေတယ်... ဒီမှာ သက်ရှိတွေ ရှိတယ်... ​​စားစရာလည်း ရှိတယ်!"

ချန်ရှီလည်း လန့်သွားပြီး အလျင်စလို မတ်တပ်ထရပ်လိုက်သည်။

"ကောင်းကင်အဘွားအဖွဲ့အစည်းက လူတွေ! မြန်မြန်ပုန်း!"

အဖွဲ့အစည်း ခေါင်းဆောင် ဝူတောက်ကျန့်ရဲ့ အသံကလည်း တစ်ဆက်တည်း ထွက်ပေါ်လာ၏။

"သခင်ဖေ့နဲ့ လူကြီးမင်းယန်တို့... သူတို့ဆီမှာစားစရာ တစ်ခုခုရှိတယ်!"

ခြေသံများက လျင်မြန်စွာ နီးကပ်လာသည်။

ဝူတောက်ကျန့်သည် ချန်ရှီနှင့် အခြားသူများနေထိုင်ရာ ခြံထဲသို့ ကောင်းကင်အဘွားအဖွဲ့အစည်းထဲက သင်တန်းပို့ချသူ ခြောက်ဦး သို့မဟုတ် ခုနစ်ဦးကို ဦးဆောင်ကာ ဝင်လာခဲ့သည်။ ဘယ်သူ့ကိုမှ မတွေ့ရဘဲ ချန်ရှီနဲ့ အခြားသူများ စားပြီး ကျန်ခဲ့သော ဟင်းပွဲများနှင့် ငါးအရိုးများကိုသာ တွေ့ရလေ၏။

ဝူတောက်ကျန့်: "ပူနေသေးတယ် သူတို့ အဝေးကြီးကို မရောက်သေးဘူး! မြန်မြန်ရှာစမ်း!"

အားလုံးက ချက်ချင်းပဲ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ကောင်းကင်အဘွားရဲ့ ကြီးမားသော ဦးခေါင်းကြီးက ကောင်းကင်သို့ ပျံတက်သွားပြီး။

"အဘွား​ကြီးမင်ကျန်းရဲ့ ငါးညှီနံ့ကို ငါရနေတယ်!"

ဘုရင်ခံ ဖေ့ထျန်းကျန့်၊ စစ်ဦးစီးချုပ် ရှချူးလီနဲ့ ကုံကျိုးမြို့မှ အခြားအရာရှိများ ဝင်လာကြသည်။ ကောင်းကင်အဘွားအဖွဲ့အစည်းရဲ့ ခန်းမသခင် ဝူ​တောက်ကျန့်သည် ပန်းကန်များကို စားပွဲပေါ်မှ အမြန်သုတ်ချလိုက်ပြီး။

"အားလုံး ကျေးဇူးပြုပြီး ထိုင်ကြပါ..."

ခရုခွံကလည်း ဘေးကို ပြုတ်ကျသွားရာ အပတ်​ပေါင်းများစွာ လှည့်ပတ်နေခဲ့သည်။ ခရုခွံထဲက ချန်ရှီနှင့် အခြားသူများလည်း အပြန်ပြန်အလှန်လှန် လှည့်ပတ်သွားခဲ့ကာ အတော်ကြာတော့မှ ၎င်းတို့၏ ဟန်ချက်အား ပြန်လည်ရရှိခဲ့သည်။

ချန်ရှီသည် နှုတ်ဆိတ်နေသော အမူအရာပြရင်း အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာများကို ဂရုတစိုက် နားထောင်​ကြည့်​နေသည်။

ပြေးဖို့ နောက်ကျနေပြီဆိုတာ သိလိုက်ရသဖြင့် ခရုခွံကို အဆောင် စာလုံးပေါင်းနဲ့ အသက်သွင်းကာ တောက်တျယ်ကောင်းကင်မျို အဆောင်လက်ဖွဲ့ကို သုံးလိုက်သည်။ ထို့နောက် လူတိုင်းနဲ့ သစ်သားလှည်းဟာ ခရုခွံထဲ ဝင်ပုန်းနေလိုက်ကြ၏။

All Chapters